Sunday, December 4, 2011

ကမ္ဘာကြီးကို ခါးစောင်းတင်ထားနိုင်မှ တော်ကာကျတယ် (လူထုစိန်ဝင်း)

“အသက်ငယ်ပေမယ့် သတင်းထောက်ဟာ သတင်းထောက်လုပ်နိုင်တဲ့ အရည်အချင်း အပြည့်အဝရှိဖို့ လိုပါတယ်။ အယ်ဒီတာလုပ်ရင် အယ်ဒီတာလုပ်နိုင်တဲ့ အရည်အချင်း အပြည့်အဝ ရှိရမယ်။ မပြည့်သေးရင် ပြည့်အောင် အဆက်မပြတ် ဖြည့်နေရမယ်။ သတင်းထောက်တို့၊ အယ်ဒီတာတို့ဆိုတာက ကမ္ဘာကြီးကို ခါးစောင်းတင်ထားနိုင်မှ တော်ကာကျတဲ့ အလုပ်မျိုးဖြစ်တယ် . . .” 

အလဲဗင်းကို ဆူပေးပါခင်ဗျ

တစ်မနက် ဂျာနယ်တွေဖတ်နေတုန်း နယ်စာဖတ်ပရိသတ်တစ်ယောက်ဆီက ဖုန်းဆိုလို့ ကောက်နားထောင်လိုက်တော့ အရင်ဆုံးကြားလိုက်ရတဲ့ စကားဖြစ်တယ်။ အဆက်အစပ်မရှိ ကြားလိုက်ရတာကြောင့် ဘုမသိ၊ ဘ မသိဖြစ်ပြီး ကြောင်သွားလို့ ‘ခင်ဗျာ’ လို့ပဲ အာမေဋိတ်ပြုလိုက်တယ်။

သည်းခြေခိုက်တွေ နောက်မလိုက်တော့

အဲဒီတော့မှ ဖုန်းဆက်သူက “ဒီမနက်ထွက်တဲ့ Bi-Weekly Eleven ဖတ်ပြီးပြီ မဟုတ်လားခင်ဗျ။ ဆရာကတော့ ဘယ်လို မြင်သလဲ မသိဘူး။ ကျွန်တော်တော့ တော်တော်စိတ်ပျက်သွားတယ်။ ကျွန်တော် သိပ်အထင်ကြီးထားတဲ့ Eleven က ဒီလိုသတင်းမျိုးထည့်တယ်ဆိုတာ ယုံတောင် မယုံနိုင်ဘူး။ Eleven က လူငယ်တွေကို ဆူပေးဦးမှဖြစ်မယ်ထင်လို့ ဆရာ့ဆီ ဖုန်းဆက်လိုက်တာပါ” လို့ အကျိုးအကြောင်း ရှင်းပြတယ်။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီသတင်းဖတ်ပြီး အုန်းအုန်းကျွက်ကျွက်တော့ ဖြစ်သွားဦးမှာပဲလို့ တွေးတောနေချိန်မှာ ဒီဖုန်းဝင်လာတာဖြစ်တယ်။ ဒီနေ့ မြန်မာစာဖတ်ပရိသတ်ဟာ ‘သည်းခြေခိုက်’ (Sensational) သတင်းတွေနောက်ကို မလိုက်ကြတော့ဘူး။ တော်တော် အဆင့်အတန်းမြင့်နေပြီလို့ ဖော်ပြနေတာဖြစ်လို့ ဝမ်းသာရသေးတယ်။

ကောင်းကောင်းချီးကျူး

ပဏာမအနေနဲ့ အကျိုးအကြောင်း ရှင်းပြပြီးတော့ သူက ဆက်ပြောပါတယ်။ “ကျွန်တော်က Eleven စထွက်ကတည်းက မပြတ်တမ်းဖတ်လာတဲ့ အမာခံပရိသတ်ပါ။ မူတစ်ခု အခိုင်အမာ ကိုင်စွဲထားတဲ့ဂျာနယ်မို့ နှစ်သက်တယ်။ အဝါရောင်သတင်းဆောင်းပါးမျိုးတွေနဲ့ ဟုတ်ပါ့ဘုရား၊ မှန်ပါ့ဘုရား စာမျိုးတွေကင်းရှင်းလို့ သဘောကျတယ်။ Eleven ၁၁ ပြည့်မြောက် အခမ်းအနားအခွေကိုကြည့်ပြီး Eleven စီအီးအိုပြောသွားတဲ့ စကားတွေကို သိပ်အားရတယ်။ ကိုယ့်အပေါ်ကျရောက်လာနိုင်တဲ့ အန္တရာယ်တွေကို ရဲရဲရင့်ရင့်ရင်ဆိုင်ပြီး တိုင်းပြည်အတွက် ပြောသင့်ပြောထိုက်တာတွေကို ပြောသွားတာဖြစ်လို့ အလွန်လေးစားသွားတယ်။ ဧရာဝတီ မြစ်ဆုံရေကာတာ ကိစ္စကတော့ မြန်မာစာနယ်ဇင်းလောကမှာ မှတ်တိုင်တစ်ခုအဖြစ် မှတ်တမ်းတင်ရလိမ့်မယ်လို့ သတ်မှတ်လိုက်တယ်။ သတင်းစာမှာပါတဲ့ အစိုးရရဲ့ ပေါ်လစီဆောင်းပါးတစ်ပုဒ်ကို ပြတ်ပြတ်သားသား ဝေဖန်ရေးသားတာ ဒါ ပထမဆုံးတွေ့ဖူးတာပဲ။ အရင်က ဘယ်သူမှ မရေးဖူးဘူး။

ကောင်းကောင်းဝေဖန်

သူက ချီးကျူးစကားတွေအားရ ပါးရပြောပါတယ်။ ပြီးတော့မှ သူ မကြိုက်တာကို ဘွင်းဘွင်းရှင်းရှင်းဆက် ပြောတယ်။ Bi-Weekly Eleven ရဲ့ရေးသားချက်ကြောင့် အဲဒီနေ့က တစ်နိုင်ငံလုံး ရေသန့်ဘူးတွေ ရောင်းမလောက်အောင် ဖြစ်သွားပါတယ် တဲ့။ ဒီလို ‘သည်းခြေခိုက်’ သတင်းတွေ ရေးနေကျဂျာနယ်တွေမှာပါရင် ပရိသတ်က ဒါလောက် အုန်းအုန်းကျွက်ကျွက် ဖြစ်ချင်မှဖြစ်မှာပါ။ သူတို့အထင်ကြီးလေးစားတဲ့ ဂျာနယ်မှာပါတာဆိုတော့ စိတ်ချယုံကြည်စွာနဲ့ အများလုပ်သလို လိုက်လုပ်ရုံသာမက၊ နီးစပ်ရာတွေဆီ ဖုန်းဆက်ပြီးတောင် သတင်းပေးမိကြတယ်။ နောက်ဆုံး မဟုတ်ဘူးဆိုတာသိရတော့ သတင်းက တစ်ပြည်လုံးသာမကဘူး နိုင်ငံခြားရောက် မြန်မာလူမျိုးတွေအထိပါ ပျံ့နှံ့နေပြီ။ ဒါကိုကြည့်ပြီး ဂျာနယ်သမားတွေ ကောင်းကောင်းဆင်ခြင်ကြဖို့ လူကြီးတွေက ဆုံးမပေးပါ။ သတင်းမီဒီယာဆိုတာ အင်မတန် တာဝန်ကြီးပါတယ်။ ကောင်းသတင်းကိုသာပြန့်စေပြီး အဆိပ်အတောက် အညှီအဟောက်တွေကို မဖြန့်မိစေဖို့ ကြပ်ကြပ်နှိုးဆော်ပေးပါ။ ဆရာက Eleven စထွက်ကတည်းက ရေးလာတာဆိုတော့ အယ်ဒီတာတွေနဲ့ ရင်းနှီးနေမှာပါ။ အယ်ဒီတာ လူငယ်လေးတွေကို ကောင်းကောင်းဆူပေးပါ ခင်ဗျား။

ကိုရီးယားကားထဲကလို

သူပြောတာတွေကို ဂရုစိုက်နားထောင်ပါတယ်။ အားလုံးမှန်ပါတယ်။ ပါးစပ် ၁၀ ပေါက်ပါရင်တောင် ပြန်ပြောစရာစကား မရှိပါဘူးဆိုတဲ့ ကိုရီးယားကားထဲကလို ပြောရမှာပါပဲ။ မှားသွားပါတယ်။ တောင်းပန်ပါတယ်ဆိုတာကလွဲပြီး တခြား ပြောစရာမှ မရှိတာ။ အဲဒီတော့ သူကျေနပ်အောင် “ဟုတ်ကဲ့ ဟုတ်ကဲ့ ဆူပေးပါ့မယ်” လို့ အာမဘန္တေခံလိုက်ရတာပေါ့။ ဒီခေတ်ဂျာနယ်လောကမှာ အသက်နှစ်ဆယ်နဲ့ သုံးဆယ်ကြား ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေ များသလို Eleven ဂျာနယ်တွေမှာလည်း လူငယ်တွေချည်းပါပဲ။ ပေါ်လစီမူဝါဒ ခိုင်ခိုင်မာမာချထားတဲ့ ဂျာနယ်တစ်စောင်ဖြစ်တာကြောင့် ဂျာနယ်တွေရဲ့လားရာလမ်းကြောင်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာတွေမှာ အပြည့်အဝ စိတ်ချယုံကြည်နိုင်ပေမယ့် အလုပ်ပိုင်းဆိုင်ရာတွေမှာတော့ ‘ဒေါင်ဒေါင်မြည် သတင်းသမား’ တွေလို့ခေါ်ခံရဖို့ အဝေးကြီး လိုပါသေးတယ်။ အများကြီး ကြိုးစားကြရပါဦးမယ်။

ပိုက်ဆံမနှမြောဘူး

သတင်းနဲ့ပတ်သက်ရင် Eleven က ပိုက်ဆံမနှမြောပါဘူး။ နှစ်စဉ် အာဆီယံထိပ်သီးအစည်းအဝေးတိုင်းကို ကိုယ့်စရိတ်နဲ့ကိုယ် သတင်းထောက်လွှတ်ပြီး သတင်းယူခိုင်းတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံက သတင်းမီဒီယာ လုပ်ငန်းတွေကို လေ့လာဖို့ သတင်းထောက်လေး၊ ငါးယောက်ကို ကိုယ့်စရိတ်နဲ့ကိုယ် လွှတ်ပေးတယ်။ တောင်အာဖရိကနိုင်ငံမှာကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲကိုလည်း ကိုယ့်စရိတ်နဲ့ကိုယ် သတင်းထောက်လွှတ်ပြီး သတင်းယူခိုင်းတယ်။ အဲဒါကြောင့် သတင်းတွေကို ပြည့်ပြည့်စုံစုံ ဦးဦးဖျားဖျား ဖတ်ကြ၊ သိကြရတယ်။ ဒါပေမယ့် ပြည်တွင်းသတင်းတွေမှာတော့ အများကြီး ကြိုးစားဖို့လိုနေတာ တွေ့ရတယ်။ ပါသင့်ပါထိုက်တဲ့သတင်းတွေ တခြားဂျာနယ်တွေမှာပါပြီး Eleven ဂျာနယ်တွေမှာ မပါတာမျိုးတွေ ရှိတယ်။ ဒါ့အပြင် သတ်ပုံအမှားနဲ့ စာအကျအပေါက်တွေလည်း အပတ်စဉ် တွေ့နေရတယ်။ Eleven လို ဂျာနယ်ကြီးမှာ ဒါမျိုးတွေ လုံးဝမ ရှိသင့်ဘူး။

အပတ်စဉ် သတင်းစာ

Weekly Eleven နဲ့ Bi Weekly Eleven တို့ဟာ အပတ်စဉ်ထုတ် ဂျာနယ်တွေလို့ ခေါ်နေကြပေမယ့် အမှန်ကတော့ သတင်းစာအလုပ်တွေ လုပ်နေကြတာဖြစ်လို့ အပတ်စဉ်ထုတ် သတင်းစာလို့ခေါ်မယ်ဆို ခေါ်နိုင်တယ်။ အနောက်နိုင်ငံတွေမှာလည်း ‘ဆန်းဒေးတိုင်း’ တို့ ‘ဆန်းဒေးပို့စ်’ တို့လို တစ်ပတ်တစ်ကြိမ်ထုတ် သတင်းစာတွေ ရှိတာပါပဲ။ ဒီနေ့ ဂျာနယ်ဖတ်ပရိသတ်က သတင်းတွေသိချင်လို့ ဖတ်နေကြတာဖြစ်တယ်။ သတင်းစာသမားတစ်ယောက်ရဲ့ မျက်စိနဲ့ ပြောရရင်တော့ Eleven က သတင်းတွေနဲ့ ဆောင်းပါးတွေဟာ သတင်းစာရဲ့အင်္ဂါရပ်တစ်ခုဖြစ်တဲ့ “လိုတိုရှင်း” ပုံစံ ကျစ်လျစ်သိပ်သည်းမှု သိပ်မရှိဘူး။ ရှည်လျားထွေပြားပြီး ပွယောင်းယောင်းဖြစ်နေတယ်လို့ မြင်တယ်။ စာမျက်နှာအပြင်အဆင် လေးအောက်ဒီဇိုင်းကလည်း ဆွဲဆောင်မှု သိပ်မရှိဘူး။ ရောင်စုံရိုက်နှိပ်နိုင်တာကို အပြည့်အဝ အသုံးမချနိုင်သေးပါဘူး။ သတင်းဓာတ်ပုံပညာ (ဖိုတိုဂျာနယ်လစ်ဇင်) နဲ့ ရောင်စုံပုံနှိပ်ပညာပေါင်းစပ်ပြီး သွက်လက်လှပတဲ့ စာစောင်တစ်ခုဖြစ်အောင်လုပ်ဖို့ ကြိုးစားကြစေချင်ပါတယ်။

မျက်စိပသာဒလှပဖို့

သတင်းစာတစ်စောင်ရဲ့အသက်ဟာ အဲဒီသတင်းစာက ကျင့်သုံးတဲ့ ပေါ်လစီမူဝါဒပေါ်မှာ မူတည်တာမှန်တယ်။ ဒါပေမယ့် သတင်းစာတွေအများကြီး ဖြန့်ခင်းရောင်းချနေတဲ့ထဲက ကောက်ယူဆွဲလှန်ကြည့်ချင်လောက်အောင် မျက်စိပသာဒလှပနေဖို့လည်း လိုတယ်။ လှဖို့ဆိုရာမှာ ခံ့ညားလှပတာကို ပြောတာပါ။ ကလက်တက်တက်နဲ့ လှတာကို ပြောတာ မဟုတ်ပါဘူး။ စာနယ်ဇင်းမိတ်ကပ်ပညာ ကျွမ်းကျင်သူတစ်ယောက်ဟာ ခံ့ညားလှပအောင် စာမျက်နှာ ဖွဲ့တတ်ရပါတယ်။ မျက်နှာဖုံးတစ်ခုတည်း လှနေလို့မဖြစ်ဘူး။ အတွင်းကစာမျက်နှာတိုင်း လှနေဖို့လိုတယ်။

ကိုယ့်ဟာကိုယ်ခန့်တဲ့ မော်နီတာ

နိုင်ငံကြီးတွေက သတင်းစာတိုက်ကြီးတွေမှာ စာဖတ်ပရိသတ်ရဲ့ တိုင်တန်းမှုတွေကို စိစစ်ဖို့နဲ့ တိုက်တွင်း သတင်းစာကျင့်ဝတ် မြဲမြံစေဖို့အတွက် အခါမလပ် စောင့်ကြည့်စည်းကြပ်ပေးဖို့အတွက်၊ အများယုံကြည်လေးစားတဲ့ အယ်ဒီတာတစ်ဦးကို အလွယ်တကူ Watch dog လို့ခေါ်တဲ့ Chmbudsman အဖြစ် ခန့်ထားလေ့ရှိပါတယ်။ စာသင်ကျောင်းတွေမှာ အတန်းလိုက် မော်နီတာတွေ ခန့်ထားတဲ့သဘောပေါ့။ အခုလည်း Eleven ရဲ့ မော်နီတာအဖြစ် ကိုယ့်ဟာကိုယ်ခန့်ပြီး အမြင်မတော်ဘူးထင်တာလေးတွေ ရေးလိုက်တယ်။ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဆိုပါတော့။ သူများက လာထောင်းရင် ပိုနာမယ်မဟုတ်လား။ ဒါလောက်ဆိုရင် “Eleven ကို ဆူပေးပါ ခင်ဗျ” လို့ ပြောတဲ့ စာဖတ်ပရိသတ်လည်း ကျေနပ်သွားလိမ့်မယ် ထင်ပါတယ်။

ဝေဖန်တာ ကြိုဆိုတယ်

လက်တွေ့လုပ်ကိုင်နေတဲ့ လူငယ်တွေအနေနဲ့လည်း ‘ဆရာက ဒို့ (တို့) ကိုခေါ်ပြီး ဆူရင်ရလျက်သားနဲ့ ခုလို ဂျာနယ်ကနေရေးတာတော့ မကောင်းပါဘူး’ ဆိုပြီး စိတ်မကွက်ကြစေချင်ဘူး။ Eleven ဟာ သူများတွေကိုသာ ဝေဖန်တာ မဟုတ်ဘူး။ ကိုယ့်ကို ဝေဖန်တာကိုလည်း အမြဲကြိုဆိုတယ်ဆိုတဲ့အကြောင်း ပရိသတ်သိအောင်ပြလိုက်တာလို့ သဘောထားစေချင်တယ်။ ပြီးပြည့်စုံသူဆိုတာ မရှိပါဘူး။ လူတိုင်း မှားတတ်တာပဲ။ မှားတာက အပြစ်မဟုတ်ဘူး။ ရှက်စရာလည်း မဟုတ်ဘူး။ မှားတာကိုမှားတယ်လို့ ဝန်မခံချင်ဘဲ ဆင်ခြေဆင်လက် အမျိုးမျိုးပေးပြီး မိုးကြိုးပစ်တာကို ထန်းလက်နဲ့ကာသလိုလုပ်ရင်သာ အပြစ်ဖြစ်တာပါ။ မှားသွားပါတယ်။ တောင်းပန်ပါတယ်။ နောင်မမှားအောင် သတိထားဆင်ခြင်ပါ့မယ်လို့ ပြောလိုက်ရင် စာဖတ်ပရိသတ်က ကျေနပ်ခွင့်လွှတ်နိုင်ပါတယ်။

အရည်အချင်းပြည့်ဝဖို့ လို

လူငယ်တွေမို့ မှားသွားတာ ခွင့်လွှတ်ပါဆိုတာမျိုး မပြောစေချင်ဘူး။ အသက်ငယ်တာကြီးတာကို စာဖတ်ပရိသတ်က မကြည့်ဘူး။ ကြည့်စရာလည်း မလိုဘူး။ ဂျာနယ်မှာ “ဂျာနယ်လစ်” ဆိုပြီး လုပ်တယ်ဆိုကတည်းက ဂျာနယ်လစ် အရည်အချင်း အပြည့်အဝရှိသူတွေလို့ သူတို့ယူဆထားမှာပဲ။ အသက်ငယ်ပေမယ့် သတင်းထောက်ဟာ သတင်းထောက်လုပ်နိုင်တဲ့ အရည်အချင်းအပြည့် အဝရှိဖို့လိုတယ်။ အယ်ဒီတာလုပ်ရင် အယ်ဒီတာ လုပ်နိုင်တဲ့ အရည်အချင်း အပြည့်အဝရှိရမယ်။ မပြည့်သေးရင်ပြည့်အောင် အဆက်မပြတ်ဖြည့်နေရမယ်။ သတင်းထောက်တို့၊ အယ်ဒီတာတို့ဆိုတာက ကမ္ဘာကြီးကို ခါးစောင်းတင်ထားနိုင်မှ တော်ကာကျတဲ့အလုပ်မျိုး ဖြစ်တယ်။ ဒါကြောင့် စဉ်ဆက်မပြတ် လေ့လာဖြည့်ဆည်းနေကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


No comments: