Wednesday, December 21, 2011

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၂)


“ဟေ့ တူလေး နင် ဘယ်လိုဖြစ်တာလဲ”

“မုဟား (အဒေါ်)ရယ် ငါ မတတ်နိုင်တော့ဘူး။ ကျောင်းနေတာ ဘုန်းကြီးရိုက်တာလေ။ မတတ်နိုင်တော့ဘူး။ ကျနော် ကျောင်းမနေချင်တော့ဘူး။ ကျနော် ထွက်ပြေးလာတာ။ ဒီမှာ ကြည့်စမ်းပါဦး။ ကျနော့် ကျောကုန်းကို” အဖိုးက အဒေါ်ကို ပြောလည်းပြော။ အဖိုးကျောကုန်းက ဒဏ်ရာတွေကိုလည်း ပြပေါ့။

“ဟာ ဒီဘုန်းကြီးက တယ်ဆိုးပါလား။ တယ်ရိုက်ပါလား ငါ့တူကို” အဒေါ်လည်း တော်တော် စိတ်မကောင်းဖြစ်သွားတယ်။ နောက်တော့ နနွင်းမှုန့်ယူပြီး အဖိုးဒဏ်ရာတွေကို လိမ်းပေးတယ်။ နာလည်းနာ၊ စပ်လည်းစပ်တော့ အဖိုးက မျက်ရည်တွေကျတယ်။ အဖိုး မျက်ရည်ကျတော့ …

“နင် ဘာဖြစ်လို့ မျက်ရည်ရတာလဲ”

“ကျနော် အမေ့ကို အားကြီး သတိရတယ်။ အမေရှိရင် ငါ ဒီလိုဖြစ်မှာ မဟုတ်ဘူး” လို့ပြောပြီး ဝမ်းနည်းပြီး အဖိုး ငိုတာပေါ့။

အဖိုးငိုတော့ အဒေါ်က အဖိုးကို ချော့တယ်။

“မငိုနဲ့။ မငိုနဲ့တော့ အဒေါ်ဆီကို ရောက်နေပြီပဲ”

အဒေါ် နနွင်းမှုန့်လိမ်းပေးနေတဲ့အချိန်မှာပဲ ဦးလေးလည်း ရောက်လာတယ်။

“ဟေ့ကောင် မင်းရောက်နေပါလား။ မျက်ရည်တွေနဲ့ ဘာဖြစ်လို့လဲ”

အဒေါ်က “နင့်တူကို ဘုန်းကြီးရိုက်လို့ မင်္ဂလသုတ် မပီလို့ရိုက်တာတဲ့။ ရိုက်ခံရတာ သူတယောက်ထဲ မဟုတ်ဘူး။ ဟိုမှာ နင့်တူတွေလည်း အရိုက်ခံနေရတယ်”

ဦးလေးက “ဘုန်းကြီးက ဘာဘုန်းကြီးလဲကွာ။ ဒီလောက်တောင်ရိုက်တာ” ဦးလေးလည်း အဖိုးကို ကြည့်ပြီး စိတ်မကောင်းဘူး။

“မင်း အိမ်မပြန်ချင်ရင် ဒီမှာပဲနေ။ မင်းအဘွားကို အကြောင်းကြားပေးမယ်” ဦးလေးက ဒီလိုပြောတော့ အဖိုးလည်း အဘွားအိမ်ကို မပြန်တော့ဘူး။

အဘွားကတော့ ကျောင်းလွှတ်ချိန် အဖိုးပြန်မလာတော့ စိတ်ပူပြီးရှာတာပေါ့။ နောက်တော့မှ ဘယ်က ဘယ်လို သတင်းရသွားလဲ မသိဘူး။ အဒေါ်အိမ်ကို ရောက်ချလာတယ်။ အဖိုးကိုလည်း ပြန်ခေါ်တာပေါ့။

“ဟာ မပြန်ဘူး။ ပြန်ရင် ဘုန်းကြီးကျောင်းပဲ ပြန်ထားမှာ။ အရိုက်ခံရဦးမှာပဲ”

အဘွားက “ကျောင်းမနေလို့ရှိရင် နင် စာတတ်မလား”

“မတတ်ရင် နေပါစေ” အဘွားက အမျိုးမျိုးချော့ခေါ်တယ်။ အဖိုးက မလိုက်ဘူး။

ဒါနဲ့ အဒေါ်က သူ ဒီမှာနေပါစေဦး။ ဒီမှာ ဘုန်းကြီးကျောင်းလည်း ရှိတယ်။ စာသင်ကျောင်းလည်း ရှိတယ်။ သူပျော်တဲ့ကျောင်းတက်ပါစေလို့ ပြောတော့မှ အဘွားက ပြန်သွားတယ်။

အဒေါ်အိမ်မှာ အဖိုးနေတာပေါ့။ ကျောင်းတော့မတက်သေးဘူး။ နောက်တော့ အဒေါ်က ပြောတယ်။

“ငါ့တူ နင် ဒီလိုနေရင် စာတတ်မှာ မဟုတ်ဘူး” တဲ့။

“ဟာ မနေချင်ဘူး။ အရိုက်ခံရမှာ” အဖိုးက ဒီလိုပြောတော့။

အဒေါ်က “အခုကျောင်းက ဘုန်းကြီးကျောင်း မဟုတ်ဘူး။ နင့်အစ်မတွေနေတဲ့ ခရစ်ယာန်ကျောင်းမှာ ထားမှာ။ ဒီကျောင်းက ဆရာ၊ ဆရာမတွေက သိပ်စည်းကမ်းကောင်းတယ်။ ကလေးတွေကို တခါမှ မရိုက်ဘူး”

အဖိုးက မယုံဘူး။ အဒေါ် အဖိုးကို ချော့မော့ပြောနေတာပဲလို့ ထင်တယ်။ အဖိုးကတော့ ဘူးပဲ ခံနေတာပဲ။ ဦးလေးကလည်း ပြောတယ်။

“မင်း နေပါကွာ။ မင်းဟိုမှာ မပြန်ရင် ဒီမှာကျောင်းနေ။ ဒီကျောင်းက ရိုက်လည်း မရိုက်ဘူး။ ကလေးတွေလည်း အမြဲပျော်နေတာပဲ” လို့ ပြောတယ်။

“ဒါဆို ကျနော် ကြည့်ဦးမယ်”လို့ အဖိုးကပြောပြီး အဒေါ်တို့ ဦးလေးတို့ပြောတဲ့ကျောင်းကို မယောင်မလည်နဲ့ သွားသွား ချောင်းတာပေါ့။ ကျောင်းနဲ့အိမ်က သိပ်မဝေးဘူး။ အဒေါ်သမီးတွေ ကျောင်းသွားရင် အဖိုးက မယောင်မလည်နဲ့ လိုက်လိုက်သွားပြီး နားထောင်ကြည့်တယ်။ ရိုက်များရိုက်လားလို့။ နှစ်ရက်သုံးရက်သွား နားထောင်ကြည့်တယ်။ ဆူသံလည်း မကြားဘူး။ ရိုက်သံလည်း မကြားဘူး။

ဒီတော့မှ အဖိုးက ဒီကျောင်းကတော့ ကောင်းမယ်ထင်တယ်။ ဒီကျောင်းမှာနေရင်တော့ အရိုက်ခံရမှာ မဟုတ်ဘူးလို့ တွေးလိုက်တယ်။ အိမ်ရောက်တော့ အဒေါ်က အဖိုးကို ဆီးပြီးမေးတယ်။

“ငါ့တူ ဘယ်က ပြန်လာတာလဲ။

“စာသင်ကျောင်း သွားကြည့်တာ”

“ရိုက်တာတွေ့လား”

“ရိုက်တာ မတွေ့ဘူး။ ကလေးတွေလည်း ပျော်နေတာပဲ”

“အေးလေ။ နင့်ကို ငါပြောတယ် မဟုတ်လား။ ဒီကျောင်းက မရိုက်ပါဘူးလို့။ ဘယ်လိုလဲ။ နင်ကျောင်းနေမယ် မဟုတ်လား”

“ဟုတ်ကဲ့”

အဲဒါနဲ့ အဒေါ်တို့ရွာက ခရစ်ယာန်ကျောင်းမှာ နေဖြစ်သွားတယ်။ အတန်းကျောင်းဆိုတော့ စာအုပ်လေးတွေထုတ်ပြီး အဖိုးကို ပေးတာပေါ့။ သူငယ်တန်းစာအုပ်၊ ပထမတန်းစာအုပ်၊ ဒုတိယတန်းစာအုပ်တွေ အဖိုး ဖတ်ကြည့်တော့ ဖတ်တတ်တာပေါ့။ ဟိုမှာက မင်္ဂလသုတ်တောင် ရောက်နေတာပဲ။ ဆရာတွေက အဖိုးကို စာတွေ ဖတ်ခိုင်းတယ်။ အဖိုးကလည်း ဖတ်ပြတာပဲ။ သူတို့ဖတ်ခိုင်းတာ အဖိုး အကုန်ဖတ်တတ်တယ်။ ဒါနဲ့ ဆရာတွေက အဖိုးကို ပထမတန်းကစပြီး တက်ခိုင်းတယ်။

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: