ခုတလောမှာ ကဗျာတွေ ရေးဖြစ်နေတယ်။ အက်ဆေးလည်း ကြိုကြား ရေးဖြစ်ပါတယ်။ ဘဝကို တဆစ်ချိုးကွေ့ခဲ့တာ ၂၃ နှစ် ပြည့်ခဲ့ပြီ။ ဇာတိရပ်ရွာကိုလည်း သေတောင်ပြန်ရောက်ချင်မှရောက်မယ့် ယုံကြည်ရာလမ်းကို လျှောက်ခဲ့တယ်။
ခုတလော အပြောင်းအလဲတွေအကြောင်း လူတွေ အတော်ပြောပြောနေကြတယ်။ ထင်မှတ်မထားတဲ့ ပြောင်းလဲမှုတွေကို ကြုံရတဲ့အခါ အလွယ်တကူ လက်ခံနိုင်ဖို့ ခက်နေကြတယ်ပေါ့။ ပြောင်းတာကတော့ ပြောင်းလဲသွားတာပါပဲ။ အကောင်းဘက်ကိုလား၊ အဆိုးဘက်ကိုလား။ လက်ခံနိုင်သလား၊ လက်မခံနိုင်ဘူးလား။ ကိုယ့်အတ္တ၊ ကိုယ့်အမြင်နဲ့ ဆင်ခြင်ဆုံးဖြတ်နေကြတယ်။ ဆုံးဖြတ်နေကြရမှာလည်း ဖြစ်ပါတယ်။ အများအတွက်၊ ပြည်သူအတွက် ကောင်းသလား၊ ဆိုးသလား။ အကျိုးလား၊ အပြစ်လား ဆိုတာကတော့ သမိုင်းက ဒီအတိုင်း လက်ပိုက်ထိုင်ကြည့်နေမှာ မဟုတ်ဘူးပေါ့။
သမိုင်းက နေလိုက်ဦး။ ပစ္စုပ္ပန်တည့်တည့်မှာ ထူးခြားစွာပြောင်းလဲသွားတဲ့ အရွေ့ရဲ့ သက်ရောက်မှုကို ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်က ရိုက်ခတ်ခံရမှာပါပဲ။ ဒီတော့ သူပြောင်းသလို ကိုယ်ကလည်း ပြင်ရ၊ ဆင်ရ၊ တည်ရ၊ ဆောက်ရတာတွေ ရှိမယ်။ `ယုန်နှင့် အတူပြေး၊ ခွေးနှင့် အတူလိုက်´တဲ့ စာရေးဆရာတဦးရဲ့ ဝတ္ထုခေါင်းစဉ်ကို အမှတ်ရမိတယ်။ ယုန်နှင့် အတူပြေးရင်း သားကောင်ဘဝကို သက်ဆင်းရလေမလား။ ခွေးနှင့်အတူလိုက်ရင်း တောချောက်ခံရတဲ့ လမ်းမှား မုဆိုးဖြစ်လေမလား။ အင်းပါလေ ... ကိုယ်က ဘယ်လောက်တားတား သမိုင်းဆိုတာမျိုးက ရပ်နေမှာမှ မဟုတ်တာ။
လေရူးသုန်သုန် ဝတ္ထုကြီးထဲက စကားလက်လို အမေရိကန်ပြည်တွင်းစစ်ကို စိတ်က လက်မခံချင်ပေမယ့် စစ်ကြီးက သူ့အိမ်ထဲထိ မဖိတ်ခေါ်ဘဲ ဝင်ရောက်လာခဲ့တယ်။ ဆရာပါရဂူ ဘာသာပြန်ခဲ့တဲ့ ပန်းပုဆရာ ဝတ္ထုထဲကလို သူရောက်စက လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံခဲ့တဲ့မြို့ကြီးက သူ့ကို မလိုတော့တဲ့အခါ ခဲတွေ၊ တုတ်တွေနဲ့ ပစ်ခတ်လို့ ပစ်ပစ်ခါခါ နှင်ထုတ်လိုက်သလိုမျိုး ...။
ထားပါလေ။ အဓိက ပြောချင်တာက ရုပ်ရှင်ကားကလေးတကား အကြောင်းကိုပါ။ နေ့ခင်းဘက် အားအားလျားလျား အချိန်ကလေးရတုန်း ရုံးက တီဗွီမှာ ဟိုလျှောက်နှိပ်၊ ဒီလျှောက်နှိပ်နဲ့ မှတ်မထင်ကြည့်ဖြစ်လိုက်တဲ့ ရုပ်ရှင်ကားကလေး တကားရယ်ပါ။ ဇာတ်ကောင်က ကြီးကောင်စိတ် မဝင်သေးတဲ့ ဆယ်ကျော်သက်ကလေး။ ကောင်လေးတယောက်ပေါ့။ သူနဲ့တွဲပြီး သရုပ်ဆောင်တာက ခွေးကလေး တကောင်။ ခွေးဇာတ်လိုက် ရုပ်ရှင်ကားတွေ တော်တော်များများ ကြည့်ခဲ့ဖူးပေမယ့် ဒီဇာတ်ကားကတော့ သိပ်ကို ထူးခြားလှပါတယ်။
ပြောခဲ့သလို ဇာတ်လိုက်ကောင်လေးဟာ တောလမ်းလေးအတိုင်း လေသေနတ်ကလေးထမ်းပြီး လမ်းမှာ ခွေးကလေး တကောင်နဲ့ မှတ်မထင် ဆုံခဲ့တယ်။ ခွေးကလေးက လည်ပတ်နဲ့ဆိုတော့ ပိုင်ရှင်ရှိပြီးသား။ ဒီတော့ ကောင်လေးက သူ့နောက်လိုက်နေတဲ့ ခွေးကလေးကို အမှုမဲ့အမှတ်မဲ့ပါပဲ။ ခွေးကလေးကို သူ့နောက် တကောက်ကောက်လိုက်နေလို့ မောင်းတောင်ထုတ်ခဲ့တယ်။ ဒါပေမယ့် ခွေးက စိတ်မလျှော့ဘူး။ လိုက်မြဲလိုက်နေတော့ ကောင်လေးက အိမ်ခေါ်သွားခဲ့တယ်။ အိမ်ရောက်တော့ အစာကျွေး။ ခွေးကလေးနဲ့ ပွတ်သတ်ကစားတယ်။ ကလေးမိဘတွေက မေးတော့ ကလေးက အမှန်အတိုင်းပဲ ဖြေလိုက်တယ်။
နောက်တော့ သူ့သခင်လိုက်လာပါတယ်။ သူ့သခင်က ခွေးတွေအများကြီးမွေးပြီး တောကောင် လိုက်ဖမ်းနေတဲ့ အဖိုးကြီး။ အဖိုးကြီးက သူ့ခွေးလေး ခေါ်ထားရပါမလားဆိုပြီး ကလေးကို မိဘတွေရှေ့တင် ပြစ်တင်ကြိမ်းမောင်းတယ်။ ကလေးကလည်း ခွေးကလေးကို သူခေါ်လာတာမဟုတ်ကြောင်း ပြောပြီး ခွေးကို အဖိုးကြီးနဲ့ ပြန်ထည့်ပေးလိုက်တယ်။ အဲဒီမှာ ပြကွက်ကလေးတခုက ခွေးကလေးကို ခြေထောက်နဲ့ ကန်လိုက်တဲ့ အခန်းပဲ။ ပိုင်ရှင်အဖိုးကြီးက ကောင်လေးနဲ့ သူ့မိဘတွေရှေ့မှာ ကန်တာ။ ဒါ့ကြောင့် ခွေးကလေးခမျာ သခင်နဲ့ မနေချင်ရတဲ့အကြောင်းကို ခံစားလိုက်ရတယ်။
ညရောက်တော့ ကောင်လေး အိပ်မပျော်တော့ဘူး။ ခွေးကလေးကို လွမ်းစိတ်နဲ့။ ခွေးကလေးကလည်း မခေလှဘူး။ သူ့ကောင်လေးဆီ လှောင်အိမ်ကို တိုးထွက်ပြီး ထွက်ပြေးလာခဲ့တယ်။ ခွေးကလေးခမျာ ကောင်လေးရဲ့ အိမ်ကလေးကို ရောက်တော့ ပထမ ကောင်လေးရဲ့ ညီမလေးတွေ အိပ်ယာဆီသွားပြီး မှားနှိုးမိတယ်။ မဟုတ်တော့ နောက် တကုတင်။ မိဘနှစ်ပါး ဖြစ်နေတယ်။ နောက်ဆုံးကျမှ သူ့ရဲ့ တရားမဝင် သခင်စစ်စစ် ကောင်လေးအိပ်ယာဆီကို ရောက်တော့တယ်။ ကောင်လေးခမျာ ပျော်လို့ မဆုံးလိုက်တာလေ။
ညတွင်းချင်းပဲ ကောင်လေးက သူ့တို့ခြံထဲမှာရှိနေတဲ့ စတိုဟောင်းလေးဆီ ခွေးကလေးကို ခေါ်သွားတယ်။ နောက်တနေ့မှာ ခွေးကလေးအတွက် စတိုဟောင်းကလေးကို ပြန်ပြင်ပေးတယ်။ သူ့ သူငယ်ချင်းမကလေးက သူ့ကို ဝိုင်းကူတယ်။ အဆောက်အဦလေး စိတ်ချလုံခြုံသွားတဲ့အခါ ခွေးကလေးကို ထည့်ပြီးနေစေတယ်။ သံမရိုက်တတ် ရိုက်တတ်နဲ့ အဆောက်အဦလေးကို ပြင်နေတာ ရပ်သပ်ရှုမောပဲ။ ကောင်လေးဆီ ခွေးကလေးက လွမ်းလို့ ညည ခိုးခိုးလာတွေ့တယ်။ ကောင်လေးက လူတွေသိရင် ဒုက္ခရောက်မစိုးလို့ ပြန်ပြန်ပို့တယ်။ အစားတွေလည်း ယူယူသွားတယ်။ မိဘတွေနဲ့ ညီမလေး နှစ်ယောက်ကလည်း ဒါကို သိနေတယ်။ အဖေနဲ့ အမေကတော့ ကောင်လေးကို သတိပေးရှာပါတယ်။
တညမှာ ခွေးကလေးဆီကို ခွေးလေ ခွေးလွင့်ကြီးတကောင် ရောက်လာတယ်။ ယိုင်နဲ့နေတဲ့ တံခါးလေးကို ကိုယ်လုံးနဲ့ ဝင်တိုက်ဖျက်ဆီး၊ ခွေးကလေးက ထွက်ပြေး၊ ကောင်လေးရဲ့အိမ်နားမှာမိ၊ ကိုက်ဖြတ် အနိုင်ကျင့်တယ်။ အသံကြားလို့ ကောင်လေးနဲ့ သူ့အဖေ ဓာတ်မီးကိုယ်စီနဲ့ ထွက်လာကြည့်တော့ ခွေးကလေး လဲနေပြီ။ အမြန်ပဲ ခွေးကလေးကို ဆရာဝန်ဆီခေါ်သွား ကုသပေးတယ်။ အနာသက်သာလာတော့ အိမ်ပြန်ခေါ်လာ။ အိမ်မှာ တမိသားစုလုံးက ဝိုင်းချစ်၊ နောက်တော့ သူ့သခင် လိုက်လာပါတယ်။ အဖြစ်အပျက်အကြောင်းစုံကို ပြောပြတော့ ခွေးသခင်က ခွေးကို ကောင်လေးနဲ့ အနာပျောက်တဲ့အထိ နေခွင့်ပြုတယ်။
ကောင်လေးဟာ အဖိုးကြီးနဲ့ ခွေးကလေးကိစ္စကို ဒိုင်ယာလော့ ပါတယ်။ အဖိုးကြီးရဲ့ သားကောင်လိုက် အလုပ်မှာ ခွေးကလေးအဖို့ အသုံးမတည့်နိုင်ကြောင်းကိုလည်း နားချတယ်။ ခွေးကလေးကို သူ့ကိုပေးဖို့ စည်းရုံးတယ်။ ရောင်းဆိုတော့လည်း အဖိုးကြီးက သိက္ခာကျမှာစိုးလို့ မရောင်းဘူး။ ဒီတော့ အဖိုးကြီးနဲ့ကောင်လေး သဘောတူညီချက်တခု ရတယ်။ အဖိုးကြီးရဲ့အိမ်မှာ ကောင်လေးက အဖိုးကြီးခိုင်းတဲ့ အလုပ်တွေကို နာရီ ၂၀ လုပ်ပေးရမယ်။ လုပ်နိုင်ရင် ခွေးကလေးကို ကောင်လေး ပိုင်ပြီ။ သူတို့နှစ်ယောက် စာရွက်တရွက်မှာ သဘောတူ လက်မှတ်ထိုးတယ်။
ကောင်လေးက မိဘတွေဆီ ခွင့်ပန်ပြီး အဖိုးကြီးခိုင်းတဲ့ အလုပ်တွေကို သွားလုပ်ရတယ်။ နာရီ ၂၀ ပြည့်အောင် နေ့တိုင်း သွားလုပ်ပေးရတာ။ အဲဒီအခန်းတွေဟာ အသက်ရှုမှားမတတ် ခံစားလိုက်ရတယ်။ ကိုယ်တိုင် ကောင်လေးနေရာကို ရောက်နေသလိုပဲ။ အဖိုးကြီးခိုင်းတဲ့အလုပ်တွေကလည်း ကောင်လေးနဲ့ ဘယ်လိုမှကို မမျှတာ။ ကောင်လေး ဖျားသွားတယ်။ ဒါပေမယ့် ကောင်လေးက သူ့ ဇွဲကို မလျှော့ဘူး။ သူ့ကတိကို မပျက်စေရဘူး။ ဆေးထိုး ဆေးသောက်ပြီး သွားလုပ်တယ်။ နာရီ ၂၀ ပြည့်သွားတယ်။ ကောင်လေးဟာ ခွေးကလေးရဲ့သခင် ဖြစ်သွားပြီပေါ့ .... ။ အဲဒီလို မဟုတ်ခဲ့ဘူး ...။
ခွေးသခင် လိုက်လာတယ်။ သူ့ခွေးကို အဓမ္မပြန်ခေါ်တယ်။ ကောင်လေးက မနိုင်ပေမယ့် မခံချင်စိတ်နဲ့ အဖိုးကြီးကို ဝင်လုံးတယ်။ အဖေဖြစ်သူပါ ပါလာတယ်။ သားကို ချော့တယ်။ အဖိုးကြီးကို ခွေးကလေးခေါ်ပြီး ပြန်ခိုင်းတယ်။ အဖိုးကြီးဟာ ကလေးတယောက်လောက်တောင်မှ ကတိအပေါ်မှာ သစ္စာမမြဲဘူး။ လူကြီး လူကောင်း မဆန်ဘူး။ ကောင်လေးက အဖိုးကြီးကို နာနာကျင်ကျင်ပြောလိုက်ပြီး သူ့ခွေးကလေးရဲ့ အပြန်လမ်းကို ကြေကွဲစွာကြည့်နေတယ်။ အဖေကပါ ကြည့်နေတာ။ နောက်တော့ မောင်းထွက်သွားတဲ့ အဖိုးကြီးရဲ့ကားဟာ ရုတ်တရက် မီးတွေ နီသွားတယ်။ ရပ်လိုက်တယ်။ ခွေးကလေးကို တံခါး ဖွင့်ပေးလိုက်တယ်။ သွားတော့ .... ရှိုင်းလော့ခ်ျ ... ။
ခွေးကလေးဟာ သူ့သခင် ကောင်လေးဆီ အပြေးကလေး ...။ ကောင်လေးလည်း ခွေးကလေးကို ရင်နဲ့ ဆီးကြိုပွေ့ .... မြေနီလမ်းပေါ် အပျော်နဲ့ လူးလှိမ့်ရင်း ... ရုပ်ရှင်ကားကလေး ဇာတ်သိမ်းသွားတယ်။ ဒါပေမယ့် ကျနော့်ခံစားမှုကတော့ ဇာတ်မသိမ်းနိုင်ခဲ့ပါဘူး။ ပီတိများ ... ကြည်နူးမှုများ ...အတွေးများ ... အပြောင်းအလဲများ ....။ ။
ဒီဇင်ဘာ ၁ ရက်၊ ၂၀၁၁။
(ရုပ်ရှင်ကလေးရဲ့ လင့် = http://www.imdb.com/title/tt0120118/)
(ဇာတ်ကောင် ကောင်လေး ဘလိတ်ဟီရွန်၏ နောက်ကြောင်းအကျဉ်း = Blake Heron
Actor
Blake Heron was born in Sherman Oaks, California on January 11, 1982. After his parents divorced, Blake moved with his mother to Atlanta, Georgia, then to New York, New York and then finally they resided in Burbank, California where Blake started his acting career. At the age of 13 he made his film-debut in the Disney film Tom and Huck... See full bio »
Born: January 11, 1982 in Sherman Oaks, California, USA
No comments:
Post a Comment