နိုင်ငံရေးဆိုတာ နိုင်ငံတွေအတွင်းမှာ နေထိုင်သူတွေရဲ့ နိစ္စဓူဝ လုပ်ငန်းဆောင်တာတွေနဲ့ ဒီလူတွေနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေဖြစ်တယ်ဆိုရင် နိုင်ငံရေးဆိုတဲ့အရာက ပြည်သူတွေကြားမှာပဲရှိနေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တိုင်းပြည်တိုင်းရဲ့ ပကတိအခြေအနေတွေ၊ ဖြစ်ရပ်မှန်တွေက ပြည်သူလူထုရဲ့ ရပ်တည်ရှင်သန်နေရတဲ့ အခြေအနေတွေနဲ့ ထပ်တူဖြစ်နေပါတယ်။ ဒါကြောင့် ပြည်သူထဲက အကြောင်းအရာ အဖြစ်အပျက်တွေဟာ နိုင်ငံရေးအခြေအနေတွေပဲ ဖြစ်ပါတယ်။
မြန်မာပြည်မှာ အုပ်စိုးခဲ့သူအဆက်ဆက်က သူတို့အုပ်ချုပ်မှုအောက်မှာ တိုင်းပြည် တိုးတက်သည်ဖြစ်စေ ဆုတ်ယုတ်သည်ဖြစ်စေ၊ ဒါမှမဟုတ် ပြည်သူလူထု ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ သူတို့ကတော့ တိုင်းပြည်ကြီးကို သူတို့ ထူထောင်နေတယ်၊ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို သူတို့ကာကွယ်နေတယ်၊ ပြည်သူလူထု ကောင်းစားရေးကို ရှေးရှုပြီး ဦးဆောင်နေတယ်လို့ ပြောကြတာပါပဲ။ ဒီလိုပဲ နောက်အစိုးရတရပ်က ပြောင်းလဲအုပ်ချုပ်လိုက်ပြီ၊ အရင်အစိုးရရဲ့ အာဏာပိုင်မှု မရှိတော့ဘူးဆိုရင်လည်း လက်ရှိအစိုးရကသာ တိုင်းပြည် ကောင်းစားရေးကို လုပ်ဆောင်နေတယ်၊ ဘယ်ခေတ် ဘယ်အခါကမှ မရှိဖူးတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်နေပြီ စသဖြင့် ပြောလေ့ရှိပါတယ်။
ဒီလိုပဲ ဘယ်လက်ထက်မှာ ပြည်သူတွေ ဘယ်လို ပြည့်စုံမှုရှိတယ်၊ ဘယ်လက်ထက်မှာတော့ ဘယ်လို ချို့ငဲ့ရတယ် ဆိုတာတွေကို ချိန်ထိုးကြည့်ရင်လည်း ဘယ်အစိုးရလက်ထက်က အကောင်းဆုံးဖြစ်ပြီး ဘယ်အစိုးရလက်ထက်မှာ အဆိုးဆုံးဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါဟာ ကိန်းဂဏန်းတွေနဲ့ ဖော်ပြနေစရာမလိုဘဲ အလွယ်တကူသိနိုင်တဲ့ တွက်နည်းလည်းဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးဟာ ပြည်သူတွေရဲ့အရေးကိစ္စဖြစ်တယ် ဆိုတဲ့အတိုင်း ပြည်သူတွေကို ကြည့်လိုက်တာနဲ့ သက်ဆိုင်ရာ ခေတ်စနစ်ရဲ့ သရုပ်သကန်နဲ့ ပြည်စုံမှု လိုအပ်မှုတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။
ဒီအကြောင်း စဉ်းစားမိတဲ့အခါ နိုင်ငံရေးသမား၊ စာရေးဆရာ သိန်းဖေမြင့်ရဲ့ ‘ပြည်သူ့ကြားမှာ အမှန်ရှာ’ ဆိုတဲ့ ခရီးသွားဆောင်းပါးတွေကို သတိရမိပါတယ်။ အဲဒီစာအုပ်ထဲမှာ ခရီးသွားဆောင်းပါး ၆ ပုဒ် စုစည်းထားပြီး ၁၉၆၄ ခုနှစ်မှာ ပထမအကြိမ် ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဆောင်းပါးဆိုပေမယ့် တချို့ဆောင်းပါးတွေက မဂ္ဂဇင်းမှာ ၈ လ ကနေ ၁ဝ အထိ ခွဲပြီး ဖော်ပြရလောက်အောင် ရှည်ပါတယ်။ ဆောင်းပါးတွေထဲမှာ နေရာဒေသ တော်တော်များများကို သွားရောက်ရင်း အဲဒီဒေသတွေက လူတွေနဲ့ တွေ့ဆုံခဲ့ပုံတွေ၊ တွေ့ဆုံခဲ့သူတွေရဲ့ နေမှုထိုင်မှုတွေကို သမိုင်းဖြစ်ရပ်တချို့နဲ့အတူ ရောနှောရေးသားထားတာ ဖြစ်ပါတယ်။
‘ပြည်သူ့ကြားမှာ အမှန်ရှာ’ ဆောင်းပါးများဟာ ပါလီမန်ဒီမိုကရေစီခေတ်နဲ့ တော်လှန်ရေးကောင်စီ ခေတ်ဦးမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေဖြစ်ပါတယ်။ ဒါကြောင့် အဲဒီခေတ်အခါက ကျေးလက်လူတန်းစား ပုံရိပ်တွေ၊ အဲဒီခေတ်အခါက နိုင်ငံရေး အခြေအနေတွေနဲ့အတူ စာရေးသူရဲ့ အယူအဆတွေကိုပါ ထင်ဟပ်စေတဲ့ ဆောင်းပါးများ ဖြစ်ပါတယ်။
ဖဆပလခေတ်မှာ အမတ်ဖြစ်ခဲ့တဲ့ ဆရာသိန်းဖေမြင့်က သူ့ခေတ်သူ့အခါက လူထုရဲ့ အနေအထားတွေနဲ့ အောင်မြင်တဲ့ နိုင်ငံရေးအကြောင်းကို ‘အရှုံးထဲမှ အပြုံး’ဆိုတဲ့ ဆောင်းပါးမှာ အခုလိုရေးသားခဲ့ပါတယ်။
“ဆွေမျိုးသားချင်းတွေထဲတွင် ကျနော်တစ်ယောက် ထွန်းထွန်းပေါက်ပေါက် ပညာတတ်မြောက်ခဲ့ရသည်။ ကျနော်ကား ဆင်းရဲသော ဆွေမျိုးသားချင်းများအား မထောက်ပံ့ မကူညီနိုင်။ ထို့ကြောင့် ကျနော် ရင်ဖိုခြင်း ဖြစ်ရလေသည်။ သို့ရာတွင် ဆင်းရဲကျပ်တည်းခြင်းမှာ ကျနော့်ဆွေမျိုးသားချင်းများ၏ ထူးခြားချက် ကွက်ကွက်မဟုတ်ပါ။ သူတို့သည် သန်းပေါင်းများစွာသော လူထုနှင့်အတူ ကျေးရွာထောင်ပေါင်းများစွာတွင် ဆင်းရဲခြင်း၊ ရောဂါထူခြင်း၊ အသိပညာကင်းမဲ့ခြင်းတို့၌ တဝဲလည်လည် နေကြရ၏။ နိုင်ငံရေးလုပ်ခြင်းသည် တနိုင်ငံလုံးရှိ ထိုလူထုအား ထိုဝဲသြဃထဲမှ လွတ်မြောက်အောင် လုပ်မပေးနိုင်သမျှ အောင်မြင်သော နိုင်ငံရေးဟု မခေါ်နိုင်ချေ။ တစ်ယောက်တည်း ဝန်ကြီးဖြစ်ရုံ သို့မဟုတ် ဝန်ကြီးချုပ်ဖြစ်ရုံဖြင့် အောင်မြင်သော နိုင်ငံရေးဟု မခေါ်နိုင်။ မိတ်ဆွေတစု၊ ဆွေမျိုးသားချင်းတစု ကြီးပွားအောင် လုပ်ပေးနိုင်ကာမျှဖြင့်လည်း အောင်မြင်သောနိုင်ငံရေးဟု မခေါ်နိုင်ပါချေ။”
ဆင်းရဲတဲ့ပြည်သူတွေ ဒီလိုရှိနေပေမယ့် လွတ်လပ်မှုနဲ့ပတ်သက်လို့တော့ တိုးတက်ခဲ့ပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ဆရာသိန်းဖေမြင့်က
“လူထုသည် လွန်ခဲ့သော နှစ်ပေါင်းများစွာအတွင်း တုံးအောက်က ဖားလို ပိပြားစွာနေခဲ့ရသည်။ ဘာသာရေး ပွဲလမ်းသဘင်များ ရံဖန်ရံခါ ရှိလျှင်သာ မြူးထူးခုန်ပေါက်နိုင်ကြ၏။ နိုင်ငံရေးလှုပ်ရှားမှုကား အီနေသော ရေမျက်နှာပြင်အောက်မှ ရေစီးသလိုသာ နေခဲ့ရသည်။ ယခုမူ နိုင်ငံရေးလှုပ်ရှားမှုသည် မျက်နှာပြင်သို့ တက်လာခဲ့ပေပြီ။ ယခင်ကမူ နိုင်ငံရေးတရားကို နေ့ခင်းနာဖို့ပင် တထိတ်ထိတ် တလန့်လန့် ဖြစ်ခဲ့ရသည်။ ယခုမူ ညတရားပွဲများပင် လုပ်လာကြလေပြီ။ လူထုရင်တွင်းမှာ ငုပ်လျှိုးခဲ့သော နိုင်ငံရေးစိတ်ဓာတ်သည် ယခုအခါ ပွင့်လင်းစွာ မြူးထူးခုန်ပေါက်လာပေသည်။” လို့ ဖော်ပြခဲ့ပါတယ်။
ဆင်းရဲသားဆိုတာ ခေတ်တိုင်း စနစ်တိုင်းမှာ ရှိနေနိုင်ပေမယ့် ခေတ်စနစ်တွေ ဘယ်လိုပြောင်းပြောင်း တိုးတက်မှုမရှိတဲ့ သဘောကတော့ မကောင်းပါဘူး။ ဥပမာအားဖြင့် ‘တော်လှန်ရေးအစိုးရလက်ထက် ဘုတလင်ကို ဤသို့ တွေ့ခဲ့ရ၏’ ဆိုတဲ့ဆောင်းပါးမှာ ဆရာသိန်းဖေမြင့်က ဦးသူတော်ဆိုတဲ့ လူတစ်ယောက်အကြောင်း ရေးထားပါတယ်။ ဦးသူတော်ဟာ လွန်းပျံ ရက်ကန်းသမဝါယမရဲ့ ဥက္ကဋ္ဌအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သူ ဖြစ်တဲ့အကြောင်း ရှင်းပြပြီးတဲ့နောက်
“ဦးသူတော်ကား ယခင်ကလည်း ဥက္ကဋ္ဌ၊ ယခုလည်း ဥက္ကဋ္ဌ။ ထို့အတူ ယခင်ကလည်း ဆင်းရဲချည့်နဲ့သော အိမ်ကုပ်ကလေးဖြင့် နေရ၍ ယခုလည်း ထိုအိမ်ကုပ်ကလေးဖြင့်ပင် နေရလေသည်။” လို့ သူ့ရဲ့သုံးသပ်ချက်ကို ရေးသားထားပါတယ်။ ဒါက ဥပမာတစ်ခုပါ။
နောက်တစ်ခုကတော့ ယာလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေရဲ့ ချို့တဲ့လှတဲ့ ထမင်းဝိုင်းပါ။ အလုပ်နားချိန်မှာ ထမင်းဝိုင်းဖွဲ့စားဖို့တောင် ဘာဟင်းမှ မပါလို့ ထမင်းထုပ် ဖြေမပြရဲတဲ့ ဖြစ်ရပ်ကလေးပါ။ အဲဒါနဲ့ဆက်စပ်ပြီး ဆရာသိန်းဖေမြင့်က သူ့အတွေ့အကြုံတချို့ကို အခုလို ရေးပြပါတယ်။
“သူတို့စားရပုံ သောက်ရပုံကိုကြည့်ရင်း ဒုတိယကမ္ဘာစစ်ကြီး မဖြစ်မီက ကိစ္စတစ်ခု သွားသတိရလေသည်။ ချင်းတွင်းမြစ်အနောက်ဘက် ဆားလင်းကြီးရွာမှာ ဖြစ်လေသည်။ ရွာတွင်းလျှောက်လည်ရာ ဆင်းရဲနွမ်းပါးလှသော အမယ်အိုတစ်ဦး ထမင်းချက်နေသည်ကို တွေ့ရ၍ ဝင်ကြည့်သည်။ ထမင်းအိုးကို လှန်လိုက်ရာ ဆန်ကွဲတွေ ကျိုနေသည်ကို တွေ့ရသဖြင့် ကျနော်က ‘ဘာလုပ်ဖို့လဲ’ ဟု မေးလိုက်၏။ အမယ်ကြီးက ‘ခွေးကျွေးဖို့ပါ’ ဟု ဖြေခဲ့၏။ နောက်အမှန်သိရသည်မှာ အမယ်ကြီးသည် ခွေးကျွေးဖို့မဟုတ်ဘဲ၊ သူသောက်ဖို့ ကျိုနေခြင်းဖြစ်ကြောင်းတည်း။ မြန်မာ့အလင်းမှာ ဆားလင်းကြီးသွား ဆောင်းပါးရေးရာ စာမူကြမ်းတွင် ကိုနု (ဝန်ကြီးချုပ်ဟောင်း ဦးနု)က ဤကိစ္စအကြောင်း ရေးထားသော စာပိုဒ်ကို မျဉ်းသားကာ လက်ဝဲဘေးမှ စာရေးဆရာ ချဲ့ကားသည်ဟု မှတ်ချက် ရေးသားလိုက်လေသည်။
ယခုလည်း ကျနော်က ချဲ့ကားသည်ဟု ထင်သူ ရှိကောင်းရှိပေလိမ့်မည်။ ထင်သူအား အပြစ်မတင်ပါ။ လူတွေ၏ ဆင်းရဲမှုမှာ ယုံနိုင်ဖွယ်ရာ မရှိပါချေ။”
ဒီကနေ့မှာလည်း ဒီလို ယုံနိုင်ဖွယ်မရှိတဲ့အရာတွေက ကျနော်တို့တိုင်းပြည်ရဲ့ နေရာအနှံ့အပြားမှာ ရှိနေပါတယ်။ ပြည်သူကြားက နိုင်ငံရေး ဘယ်လိုရှိနေတယ်ဆိုတာ အုပ်စိုးသူတွေ သိရှိ စာနာနိုင်မှ၊ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်မှ တိုင်းပြည်ရဲ့ နိုင်ငံရေး ကောင်းစားမှာဖြစ်ပါတယ်။
မြန်မာပြည်သူများ အေးချမ်းတဲ့အရိပ်အောက်မှာ နေထိုင်ခွင့် ရရှိပါစေ။ ။
ထိန်လင်း
၂၇၊ ၇၊ ၂ဝဝ၉
No comments:
Post a Comment