Friday, November 18, 2011

NLD၊ လွှတ်တော်နိုင်ငံရေး နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ - ၁

အခုအခါမှာ လမ်းကြောင်းတခုကို သူတို့ ထွင်လို့ရနေပြီ၊ အဲဒီအချိန်တုန်းကလည်းပဲ NLD မှာ အရေးပါတဲ့ အစိတ်အပိုင်းတွေအနေနဲ့ ဦးသိန်းညွန့်တို့လည်းပဲ ပါဝင်ခဲ့တာပဲ မဟုတ်လား။ 

“ကျနော်တို့ကတော့ NLD မှာ ပါတဲ့အချိန်ကတည်းက တရားဥပဒေဘောင်အတွင်းက ငြိမ်းချမ်းစွာ ဖြေရှင်းမှု၊ တဖက်သူရဲ့အကြောင်းကိုလည်း လေ့လာပြီးတော့ ကိုယ့်အားရော သူ့အားကိုရော လေ့လာပြီးတော့ လက်တွေ့ကျတဲ့ ရလဒ်တွေရနိုင်ဖို့အတွက် ကျနော်တို့ရောက်တဲ့နေရာက ကျနော်တို့သဘောထားတွေကို အဖွဲ့ချုပ် ဥက္ကဋ္ဌကြီး ဦးအောင်ရွှေ သိပါတယ်။ ကျနော်တို့ တင်ပြခဲ့တာပဲ။ ကျနော်တို့ ရပ်တည်ချက်က မအောင်မြင်ခဲ့ဘူးလေ။”


နိုင်ငံရေးအလှည့်အပြောင်းမှာ အခု အခင်းအကျင်းအသစ်တွေ ဖြစ်လာပြီ။ လက်တွေ့သွားနေတာက နိုင်ငံတကာကလည်း ပြောနေတာက တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံရဲ့ပြဿနာကို စည်းလုံးညီညွတ်စွာ အဖြေရှာကြပါ၊ All Inclusive နိုင်ငံရေး အင်အားစု အားလုံးပါဖို့ ကြိုးစားကြပါလို့ ပြောတယ်။ ဒီအပေါ်မှာလည်း လမ်းကြောင်းတခု ချပြတယ်။ ဒါနဲ့ပတ်သက်လို့ ဦးခွန်ဥက္ကာရော အဲဒီဟာက တကယ်တမ်း လမ်းကြောင်းမှန်ကို ဦးတည်နေတယ်လို့ နိုင်ငံရေးရှုဒေါင့်အရ ပြောနိုင်လား။ 

“အခု ကျနော်တို့အတွင်းမှာလုပ်နေတဲ့ လွှတ်တော်တွင်းကနေ တိုက်ပွဲဝင်တဲ့ ခေါင်းဆောင်တွေရဲ့ အနေအထားနဲ့ ချဉ်းကပ်မှုကိုလည်းပဲ ကျနော်တို့ တစုံတရာ လေးစားပါတယ်။ သို့သော်လည်းပဲ အဲဒီချဉ်းကပ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ အမျိုးသားရင်ကြားစေ့ရေး ပြန်လည်သင့်မြတ်ရေး လမ်းကြောင်းက ကိုယ်လိုတဲ့ရည်မှန်းချက်ကို မရောက်ဘဲနဲ့ ဖုံးကွယ်ထားတဲ့ စစ်အာဏာရှင်စနစ်ကိုပဲ တဖက်လှည့်နဲ့ အားပေးနေသလိုဖြစ်မှာကို ကျနော်တို့က စိုးရိမ်တာပါ။ 

ဘာကြောင့် အဲဒီလို စိုးရိမ်တာလဲဆိုတာ အချက် ၂ ခု ကျနော်ပြောတာက သမ္မတလောင်းရွေးတဲ့နေရာမှာ လွှတ်တော် ၂ ရပ်ရှိတော့ လွှတ်တော် ၂ ရပ်ရဲ့အာဏာအတိုင်း သမ္မတလောင်း ၂ ဦးကို လွှတ်တော်က အဆိုပြုတယ်ဆိုတာကို လက်ခံတယ်။ သို့သော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်ဆိုတာ သက်သက်လွှတ်တော်တရပ်ရဲ့ အာဏာကို ရယူပြီးတော့ သမ္မတလောင်းတဦးကို သက်သက်ရွေးခွင့်ပေးတယ်ဆိုတာက တပ်မတော်သား ကိုယ်စားလှယ်တွေဟာ တပ်မတော်လွှတ်တော်ဆိုတဲ့ဟာမျိုး အာဏာပေးထားတယ်ဆိုတာ သွားပေါ်နေတယ်။ အဲဒါကို မျက်ခြည်ပြတ်သွားမှာ စိုးရိမ်တယ်။

နောက်တခုက လွန်ခဲ့တဲ့လကလား မသိဘူး။ ကာချုပ်၊ ဗိုလ်ချုပ်ကြီးကနေပြီးတော့ တပ်မတော်သား ပြည်သူ့လွှတ်တော်အမတ်တွေနဲ့ တွေ့တဲ့အခါကျတော့ သူ့ရဲ့မိန့်ခွန်းကို တစွန်းတစ ဖတ်လိုက်ရတာက လွှတ်တော်ထဲမှာ တက်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာ၊ တပ်မတော်ရဲ့နာမည်ကို ထိန်းသိမ်းဖို့၊ မြှင့်တင်ဖို့ ဖြစ်တယ်လို့ လမ်းညွှန်တယ်။ အဲဒီလို လမ်းညွှန်တဲ့အခါကျတော့ ဖွဲ့စည်းပုံထဲမှာပါတဲ့ တပ်မတော် အာဏာခိုင်မြဲဖို့အတွက် အခိုင်အမာ ပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်တွေကို အကာအကွယ်ပေးဖို့လိုတယ်လို့ ညွှန်းဆိုတာ ဖြစ်တယ်ဗျ။ 

ဒါကြောင့် တိုင်းသူပြည်သားအားလုံးအတွက် အကျိုးစီးပွားကို လိုအပ်တဲ့နေရာမှာ ပြင်ဆင်ဖို့ တပ်မတော်သား ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ပါလာလိမ့်မယ်လို့ အမတ်ကြီး ဦးသိန်းညွန့် တွက်ချက်တာကတော့ ကျနော် ထင်တယ်၊ ရင်းနှီးရာ ရင်းနှီးရာ တွက်တာမျိုးဖြစ်သွားလို့ရှိရင် ဖွဲ့စည်းပုံမှာ စစ်အာဏာရှင်စနစ်အတွက် အသက်သွေးကြော ပုဒ်မကြီးတွေ၊ ပြဋ္ဌာန်းချက်ကြီးတွေကို ပြင်မယ်ဆိုတဲ့အခါကျတော့ သူ့နေရာ ကိုယ့်နေရာ၊ သူ့အလုပ် ကိုယ့်အလုပ် ပြန်ကွဲသွားလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းပြောရဲပါတယ် ခင်ဗျ။”

ဦးသိန်းညွန့်ရေ အခုနိုင်ငံရေးမှာ အတိတ်ကဖြစ်ခဲ့တာလည်း ဖြစ်ခဲ့ပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်းပဲ အစိုးရနဲ့ ပူးတွဲဆောင်ရွက်လို့ တိုင်းပြည် ကောင်းကျိုးရှိမယ်ဆိုလို့ရှိရင် သူတို့လည်း လက်တွဲဖို့အဆင်သင့်ပဲလို့ ပြောတယ်လေ၊ အဲတော့ အဲဒီလိုလုပ်ရင် လွှတ်တော်တွင်းမှာ တကယ်လို့ NLD ကနေပြီးတော့ ပူးပေါင်းပါဝင်လာရင်ကော အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ ဘာတွေ တိုးတက်မှုရလာနိုင်လဲ။ 

“ဒေါ်အောင်ဆန်းစုကြည်ဆိုတာက ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီးရဲ့ သမီးပဲ။ အားလုံးရဲ့လေးစားမှုရတဲ့ ပုဂ္ဂိုလ်တယောက် လွှတ်တော်ထဲပါလာတယ်ဆိုကတည်းက ဗမာပြည်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို ပိုပြီးတော့ အရှိန်မြှင့်နိုင်တာပေါ့။ ဒုတိယတချက်ကလည်း အခုမပြင်သေးပေမယ့် ဒီအခြေခံဥပဒေက ဘုရားသခင်က ရေးထားတဲ့ ကျမ်းစာမှ မဟုတ်ဘဲ၊ လူတွေလုပ်တဲ့ ဥပဒေပဲ။ လူတွေရဲ့ စွမ်းဆောင်မှုနဲ့ ပြင်နိုင်တဲ့အချိန်ရောက်လာမှာပေါ့။ ပြင်နိုင်ဖို့ အခွင့်အလမ်းဆိုတာကလည်း ခုန ကျနော်ပြောတဲ့ အမျိုးသားအင်အားစု အင်အားရဲ့ဘောင်အတွင်းကပဲ ဖြေရှင်းရမယ်။ တပ်မတော်ရယ်၊ နိုင်ငံရေးပါတီတွေရယ်၊ တိုင်းရင်းသားခေါင်းဆောင်တွေရယ်။ ဒီအမျိုးသားအင်အားစုတွေမှာ နားလည်မှုနဲ့ ယုံကြည်မှုရလာရင် အခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတာ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ဖြစ်ပေါ်လာမှာပဲ။”

ဦးအောင်ထူးတို့ကော အဲဒီအချက်တွေနဲ့ပတ်သက်လို့ ဘယ်လိုဆွေးနွေးချင်လဲ ခင်ဗျ။

“ဒီလိုပါ၊ အဲဒါကို မဆွေးနွေးခင်မှာ ခုန ဦးသိန်းညွန့်ပြောတဲ့ ပြည်ပက လူတွေဆိုတာနဲ့ပတ်သက်ပြီးတော့ နည်းနည်း ပြန်ရှင်းပြပါရစေ။ ကျနော်တို့ ပြည်ပမှာနေတယ်ဆိုတာက ပြည်တွင်းမှာ မနေရဲလို့ မဟုတ်ဘူး။ ၁၉၇၄ ကျောင်းသား အရေးအခင်းတွေကနေ တောက်လျောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခဲ့တာ ဖြစ်တယ်။ နှစ်ပေါင်းများစွာ တိုက်ခဲ့တာ ဖြစ်တယ်။ နေလို့မရတဲ့အတွက် ပြည်ပမှာ လာနေရတာ။ ပြည်ပမှာ လာနေ ဆက်လုပ်တာကိုက ကျနော်တို့အတွက် ချိုးနှိမ်စရာကြီးဖြစ်တဲ့ အနေအထားမျိုး မဖြစ်သင့်ပါဘူး။ 

ဒုတိယအချက်က လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပါတဲ့ စစ်အာဏာရှင်စနစ်ကို သက်ဇိုးရှည်စေမယ့် ပြဋ္ဌာန်းချက်တွေ အပါအဝင် မတရားတဲ့ ဥပဒေတွေ မရှိဘူးဆိုရင် ပြည်တွင်း ပြန်ပြီးလုပ်မှာပါ။ စိတ်ချပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ နိုင်ငံရေးဖြစ်စဉ် နိုင်ငံရေးဆွေးနွေးပွဲတွေက ဆက်စပ်စဉ်းစားရတာ ဖြစ်တယ်။ တောင်အာဖရိကကို သာဓက ကြည့်ပါ။ တောင်အာဖရိကနိုင်ငံမှာ ညှိနှိုင်းဆွေးနွေးပွဲတွေ ဖြစ်တဲ့အခါမှာ ပထမဦးဆုံး စဆွေးနွေးရတာ ဘာလဲဆိုတော့ လက်ရှိ ရှိနေတဲ့ တောင်အာဖရိကမှာ လူဖြူ လူမည်း ခွဲခြား အုပ်ချုပ်နေတဲ့စနစ်ကို အသက်သွင်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင် ဖျက်လိုက်ရတာ ဖြစ်တယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရှိသမျှကာလပတ်လုံး ဘယ်တော့မှ အမျိုးသားပြန်လည်သင့်မြတ်ရေး မရနိုင်ဘူး။ 

ယနေ့ မြန်မာနိုင်ငံမှာ ဒါနဲ့ ပြောင်းပြန် ဖြစ်နေတယ်။ စစ်အာဏာရှင်စနစ်ကို သက်ဇိုးရှည်စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို အခိုင်အမာ ပြဋ္ဌာန်းပြီးတော့မှ နိုင်ငံရေး ဆွေးနွေးကြရအောင်လို့ ပြောနေတယ်။ ဒီမိုကရေစီရေးသမားတွေ၊ လူ့အခွင့်အရေးသမားတွေ မျက်လှည့်ပြပြီးတော့မှ စစ်အာဏာရှင်စနစ် သက်ဇိုးရှည်ရေးလမ်းကြောင်းကို ဆက်သွားစေမှာဖြစ်တယ်လို့ ဒီအတိုင်း ကျနော်တို့ ပြောလိုပါတယ်။”

တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့လမ်းစဉ်အရ ရွေးကောက်ပွဲ ပါတီမှတ်ပုံတင်တဲ့ဥပဒေတွေ ပြင်လိုက်ပြီ၊ ဒီကနေတဆင့် NLD ဟာ လွှတ်တော်ထဲကိုသွားမယ့်လမ်းကြောင်းကို ရွေးခဲ့သည်ရှိသော် အခြေခံဥပဒေကို တကယ်ပဲ ပြင်နိုင်မလား၊ မပြင်နိုင်ဘူးလား။ အဲဒါနဲ့ပတ်သက်လို့ ဦးသိန်းညွန့်ကနေပြီးတော့ စပြောပါခင်ဗျ။

“အချုပ်အခြာအာဏာဟာ ပြည်သူ့လက်ဝယ်မှာရှိတဲ့အတွက် ဒါကို တနေ့ လွှတ်တော်ထဲမှာ လူထုက ရွေးချယ်တဲ့ ပုဂ္ဂိုလ်တွေချည်းပဲ လွှတ်တော်ရဲ့အခွင့်အာဏာကို သုံးနိုင်အောင် NLD ပါ ပါဝင်လာပြီဆိုရင်တော့ အဲဒီတာဝန်ကို ဆောင်ရွက်တဲ့နေရာမှာ မူလခန့်မှန်းတဲ့ နှစ်တွေထက်ကို ပိုပြီးတော့ မြန်ဆန်လာလိမ့်မယ်လို့ ကျနော်ကတော့ အဲဒီအတိုင်း ယူဆပါတယ်။”

ဦးအောင်ထူး ပြောပြပေးပါခင်ဗျ။

“၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုတဲ့ကာလအတောအတွင်းမှာ အလံနီ ကွန်မြူနစ်ပါတီက သခင်စိုးကြီး လက်နက်ချလာခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတော့ အလောင်းထမ်း ညီညွတ်ရေးလုပ်ကြမယ်ဆိုပြီးတော့ ဝင်လာခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ အင်မတန် နိုင်ငံရေးအစဉ်အလာကြီးမားတဲ့ သခင်စိုးကြီးကိုယ်တိုင် ဘာမှမလုပ်နိုင်ဘဲနဲ့ မြုတ်သွားခဲ့ရတာဖြစ်တယ်။ ဒါကြောင့် နိဂုံးချုပ်ပြောရမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေထက်ကို အဆ ၁၀၀ ဆိုးပါတယ်။ အဲဒါကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းပြီးတော့မှ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာဟာ လုံးဝ လက်တွေ့မကျဘဲ တိုင်းပြည် ချောက်ထဲကျစေမယ့် နိုင်ငံရေးလမ်းကြောင်းဖြစ်တယ်လို့ ကျနော်တို့ ပြောလိုပါတယ်။”

ဗိုလ်မှူးကြီးခွန်ဥက္ကာက တိုင်းရင်းသားရှုဒေါင့်ကနေပြီးတော့ အကျဉ်းချုပ်ပြီးတော့ သုံးသပ်ပေးပါခင်ဗျ။

“ကျနော်တို့ တိုင်းရင်းသားတွေကလည်းပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တောင်းဆိုတဲ့အချိန်မှာ NLD အနေနဲ့ ၂၀၀၈ ဘောင်ထဲမှာသွားပြီးတော့ ပြင်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က ဒီမိုကရေစီအင်အားစု မဟာမိတ်တယောက် ဆုံးရှုံးသွားတဲ့ သဘောမျိုးလို့ပဲခံယူတယ်လို့ နောက်ဆုံးတင်ပြချင်ပါတယ် ခင်ဗျာ။”
သောတရှင်များ ခင်ဗျား၊ NLD ပါတီအနေနဲ့ လက်ရှိသွားနေတဲ့ လွှတ်တော်နိုင်ငံရေးမှာ ပါဝင်ဖို့ ပထမခြေလှမ်းဖြစ်တဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်ပြီးတော့ မှတ်ပုံတင်မလား မတင်ဘူးလားဆိုတာကတော့ ယတိပြတ် မပြောနိုင်သေးပါဘူး။ ပြောနိုင်တာကတော့ တကယ့်တကယ် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ၂၀၀၈ ခု အခြေခံဥပဒေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွှားဖို့ လွယ်ပါ့မလားဆိုတဲ့ အချက်ပဲဖြစ်တဲ့အကြောင်း မြန်မာ့အရေး၊ ကမ္ဘာ့အရေး အစီအစဉ်ကနေ စီစဉ်တင်ဆက်လိုက်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၁ နေ့က ဘီဘီစီ (မြန်မာပိုင်း) ကထုတ်လွှင့်ခဲ့တဲ့ ဦးမောင်မောင်သန်းရဲ့ မြန်မာ့အရေး ကမ္ဘာ့အရေး အစီအစဉ်ကို ပြန်လည်ကူးယူ ဖော်ပြပါတယ်။


 

No comments: