"ကျွန်တော်တို့ နိုင်ငံရဲ့ အားနည်းချို့တဲ့မှုတွေကို ကူညီဖြည့်ဆည်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ကြတဲ့ ပရဟိတအဖွဲ့တွေအနေနဲ့ လိုအပ်မှုတွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးရေးဆိုတဲ့ လိမ်းဆေးတွေကို အသုံးပြုလုပ်ဆောင်ကြတဲ့ တစ်ချိန်တည်းမှာ အဲဒီအားနည်းချို့တဲ့မှုအားလုံးရဲ့ ရေသောက်မြစ်ဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး၊ ငြိမ်းချမ်းရေးရရှိစေမယ့် သောက်ဆေး တစ်ဖုံ ဖော်စပ်ရေးမှာ ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ပြည်သူတိုင်းက မိမိတတ်နိုင်တဲ့နေရာက ပါဝင်ကူညီကြဖို့လိုအပ်တယ်လို့ ... "
မကြာသေးမီ လအနည်းငယ်အတွင်း ကျွန်တော်တို့နိုင်ငံမှာ ပရဟိတလုပ်ငန်း လုပ်ဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းထူထောင်တဲ့ (အထူးသဖြင့် လူငယ်တွေ အဓိကပါဝင်လှုပ်ရှားကြတဲ့) အဖွဲ့ကလေးတွေ ဟောတစ်ခု ဟောတစ်ခု ပေါ်ပေါက်လာနေတဲ့အကြောင်း သစ္စာ ဂျာနယ်မှာ ဆောင်းပါးတစ်ပုဒ် ကျွန်တော် ရေးသားတင်ပြခဲ့ဖူးတာ မှတ်မိကြမယ်ထင်ပါတယ်။
မကြာသေးခင်က မြတ်မင်္ဂလာဘာသာရေးစာစောင်ရဲ့ အယ်ဒီတာ အာဘော်မှာလည်း ပရဟိတလုပ်ငန်းတွေ မြန်မာပြည်မှာ အရှိန်အဟုန်နဲ့ ထွန်းကားပြန့်ပွားလာနေတဲ့အကြောင်း ရေးသားဖော်ပြထားတာကို ဖတ်လိုက်ရတယ်ဗျ။ ၂၀၁၁ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့ထုတ် လျှပ်တစ်ပြက် ဂျာနယ်တစ်စောင်ထဲမှာကို ပရဟိတလုပ်ငန်းနဲ့ ပရဟိတအလှူရှင်တွေ အကြောင်းရေးထားတဲ့ သတင်းဆောင်းပါး ၁၀ ပုဒ်တောင်ပါရှိတဲ့အကြောင်း ဖော်ပြထားပြီး ပရဟိတ အများအကျိုးဆောင်တဲ့လုပ်ငန်းဆိုတာ ဂေါတမဗုဒ္ဓ ဘုရားရှင်ကိုယ်တော်တိုင် ဦးဆောင် ဦးရွက်ပြုလုပ်ဆောင်တော်မူခဲ့ပြီး အထူးအားပေးတော်မူခဲ့တဲ့ အလွန်မွန်မြတ်တဲ့ ကောင်းမှုကုသိုလ်ထူးဖြစ်ကြောင်း၊ ဒါကြောင့် မိမိတို့ အနေနဲ့လည်း ပရဟိတ လုပ်ငန်းကို နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်နေတဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်ကိုမဆို ချီးကျူးဂုဏ်ပြု ဦးညွတ်ကြောင်း အယ်ဒီတာက ရေးသားထားတာဖြစ်တယ်ဗျ။
မှားရင်လည်း ပြင်ပေးကြပါဗျာ။ ကျွန်တော်တို့နိုင်ငံဟာ ပရဟိတယဉ်ကျေးမှု အားမနည်းလှတဲ့ နိုင်ငံတစ်ခုဖြစ်ပေမယ့် ကျွန်တော့်အထင် နာဂစ်မုန်တိုင်း နောက်ပိုင်းမှာကျမှ ပရဟိတစိတ်ဓာတ်ဟာ အရှိန်အဟုန်နဲ့ တစ်ဟုန်ထိုး ဖွံ့ဖြိုးလာခဲ့တာ ဖြစ်တယ်ဗျ။ ကျွန်တော်ဆိုလိုတာက အဆိုးထဲက အကောင်းဆိုတာလို နာဂစ်က ကျွန်တော်တို့နိုင်ငံသားတွေ အထူးသဖြင့် လူငယ်တွေရင်ထဲက ပရဟိတနှလုံးသားကို လှုပ်နှိုးပေးခဲ့တာလို့ ပြောချင်တယ်ဗျာ။ မကြာသေးခင်လပိုင်းတွေအတွင်း တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတဲ့ ပရဟိတအဖွဲ့ကလေးတွေမှာ ဦးဆောင် ပါဝင်လှုပ်ရှားကြသူ အများစုဟာ နာဂစ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ အိုးပစ်အိမ်ပစ် အလုပ်ပစ်အကိုင်ပစ် ကိုယ်ရောစိတ်ပါ ပါဝင်ခဲ့ကြတဲ့ လူငယ်တွေ ဖြစ်နေကြတာကိုကြည့်ရင် ကျွန်တော့်ဆိုလိုချက်ကို သဘောပေါက်မှာ ဖြစ်တယ်ဗျ။
အလှူ နှစ်မျိုး
အလှူဒါနပြုကြတဲ့ကိစ္စမှာ နှစ်မျိုးရှိတာကို တွေ့ရတယ်။ တစ်မျိုးက အလှူရှင်တစ်ဦးတည်းက ကျောင်းဆောက်၊ သိမ်ဆောက်၊ ဆေးရုံဆောက်၊ သောက်ရေကန်တူးဖို့ လှူဒါန်းတာမျိုး ဖြစ်ပါတယ်။
နောက်တစ်မျိုးဟာ စိတ်တူသဘောတူသူချင်း စုစည်းပြီးဖွဲ့ထားတဲ့ ပရဟိတအဖွဲ့ကလေးတွေက လှူဒါန်းတာမျိုး ဖြစ်တယ်ဗျ။ ငွေလှူတာမျိုးမဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်လုပ်ငန်းတွေ လုပ်ဆောင်ဖို့ဖွဲ့တဲ့ အဖွဲ့ကလေးတွေလည်း ရှိတယ်ဗျ။
အဲဒီ ပရဟိတအဖွဲ့ကလေးတွေရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာကြည့်လိုက်တဲ့အခါ အများစုက မိဘမဲ့ကလေးတွေကို ကူညီထောက်ပံ့တာ၊ မရှိနွမ်းပါးတဲ့ကလေးတွေရဲ့ ပညာရေးအတွက် ကူညီတာ၊ မရှိနွမ်းပါးသူတွေရဲ့ ကျန်းမာရေးအတွက် ကူညီတာ၊ မရှိနွမ်းပါးသူတွေရဲ့ နာရေးကိစ္စအတွက် ကူညီတာတွေ ဖြစ်တယ်ဗျ။
သေနတ်သံ မစဲသေးတဲ့နိုင်ငံ
အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံဟာ လွတ်လပ်ရေးရချိန်ကစလို့ နှစ်ပေါင်း ၆၀ ကျော်လာတဲ့ ဒီကနေ့အထိ သေနတ်သံ တစ်ရက်မှ မစဲသေးတဲ့နိုင်ငံ ဖြစ်ပါတယ်ဗျ။ တစ်နည်းပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်ကတည်းက ပြိုကွဲခဲ့တဲ့ အမျိုးသားညီညွတ်ရေးကို အခုအထိ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးတဲ့နိုင်ငံ ဖြစ်တယ်ဗျ။ အဲဒီအခြေအနေရဲ့ အကျိုးဆက်အဖြစ် ကျွန်တော်တို့နိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ ကျော်တက်သွားခြင်းခံခဲ့ရတာကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့ရဲ့ မိန့်ခွန်းတစ်ခုထဲမှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်တယ်ဗျ။
လေထဲဆောက်တဲ့ တိုက်အိမ်
အမျိုးသားညီညွတ်ရေး မတည်ဆောက်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံအတွက် ငြိမ်းချမ်းရေးဆိုတာ လေထဲဆောက်တဲ့ တိုက်အိမ် ဖြစ်တယ်။ ငြိမ်းချမ်းရေး မရှိတဲ့နိုင်ငံတစ်နိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်စည်ပင်သာယာဝပြောမှုဆိုတာ တံလျှပ်သာဖြစ်တယ် ဆိုတာ အလွယ်တကူ သဘောပေါက်နားလည်နိုင်တဲ့ ကိစ္စပါဗျာ။ ဒါကြောင့် ဒီကနေ့ ပရဟိတအဖွဲ့ကလေးတွေ ဝိုင်းဝန်းကူညီ ဖြေရှင်းပေးဖို့ ကြိုးစားနေကြတဲ့ ပြဿနာတွေရဲ့ဇာစ်မြစ်ဟာ ကျွန်တော်တို့ နိုင်ငံမှာ အမျိုးသားညီညွတ်ရေး လိုအပ်နေမှုပဲ ဖြစ်တယ်ဗျ။ အမျိုးသားညီညွတ်ရေးကို မတည်ဆောက်နိုင်သမျှ အဲဒီပရဟိတအဖွဲ့တွေရဲ့ ကူညီပံ့ပိုးမှုဟာ ဘယ်လောက်ပဲ ကျယ်ပြန့် ကျယ်ပြန့် ၊ ပလိုင်းပေါက်နဲ့ ဖားကောက်၊ ခြင်းကြားနဲ့ ရေသယ်တာမျိုးလို့ မဆိုနိုင်သည့်တိုင်အောင် ထိရောက်မှုအားနည်းနေမှာပဲ ဖြစ်တယ်ဗျ။
လိမ်းဆေးနဲ့ သောက်ဆေး
ကျွန်တော်တို့ရဲ့ ရှင်တော်ဗုဒ္ဓက “လောကမှာ အကြောင်းနဲ့ကင်းတဲ့ အကျိုး မရှိ” လို့ ဟောမြွက်ခဲ့ပါတယ်ဗျာ။ ဒါကြောင့် အကျိုးကိုမလိုချင်ရင် အကြောင်းကို သတ်ရမှာဖြစ်တယ်ဗျ။ အရေပြားပေါ်မှာ အနာတစ်ခုပေါက်လို့ ဆရာဝန်ဆီ သွားပြတဲ့အခါမှာလည်း ဆရာဝန်က လိမ်းဆေးချည်းပေးတာ မဟုတ်ဘူးဗျာ။ အဲဒီအနာကိုဖြစ်စေတဲ့ ခန္ဓာကိုယ်အတွင်းက ချွတ်ယွင်းချက်ကို ဖယ်ရှားဖြိုခွင်းနိုင်ဖို့ သောက်ဆေးကိုပါ တွဲပေးတာပဲဗျ။ တစ်နည်းပြောရရင် အနာဆိုတဲ့ ‘အကျိုး’ ကို သတ်ဖို့က လိမ်းဆေး၊ ခန္ဓာကိုယ်တွင်းက ရောဂါ သို့မဟုတ် ချွတ်ယွင်းချက်ဆိုတဲ့ ‘အကြောင်း’ ကို သတ်ဖို့က သောက်ဆေးဆိုပြီး ဆေးနှစ်မျိုး တစ်တွဲတည်းပေးတာဖြစ်တယ်ဗျ။
ပြည်သူအားလုံး ပါဝင်ကြ
အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရဲ့ အားနည်းချို့တဲ့မှုတွေကို ကူညီဖြည့်ဆည်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းတည်ထောင်ကြတဲ့ ပရဟိတအဖွဲ့တွေအနေနဲ့ လိုအပ်မှုတွေကို ကူညီပံ့ပိုးဖြည့်ဆည်းပေးရေးဆိုတဲ့ လိမ်းဆေးတွေကို အသုံးပြုလုပ်ဆောင်ကြတဲ့ တစ်ချိန်တည်းမှာ အဲဒီအားနည်းချို့တဲ့မှုအားလုံးရဲ့ ရေသောက်မြစ်ဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး၊ ငြိမ်းချမ်းရေးရရှိစေမယ့် သောက်ဆေး တစ်ဖုံ ဖော်စပ်ရေးမှာ ငြိမ်းချမ်းရေးမြတ်နိုးတဲ့ ပြည်သူတိုင်းက မိမိတတ်နိုင်တဲ့နေရာက ပါဝင်ကူညီကြဖို့လိုအပ်တယ်လို့ ကျွန်တော် ယူဆမိကြောင်းပါဗျာ။
၀၉၊ ၁၁၊ ၁၁
No comments:
Post a Comment