“အချုပ်အခြာအာဏာဟာ ပြည်သူ့လက်ဝယ်မှာရှိတဲ့အတွက် ဒါကို တနေ့ လွှတ်တော်ထဲမှာ လူထုက ရွေးချယ်တဲ့ ပုဂ္ဂိုလ်တွေချည်းပဲ လွှတ်တော်ရဲ့အခွင့်အာဏာကို သုံးနိုင်အောင် NLD ပါ ပါဝင်လာပြီဆိုရင်တော့ အဲဒီတာဝန်ကို ဆောင်ရွက်တဲ့နေရာမှာ မူလခန့်မှန်းတဲ့ နှစ်တွေထက်ကို ပိုပြီးတော့ မြန်ဆန်လာလိမ့်မယ်လို့ ကျနော်ကတော့ အဲဒီအတိုင်း ယူဆပါတယ်။”
“၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုတဲ့ကာလအတောအတွင်းမှာ အလံနီ ကွန်မြူနစ်ပါတီက သခင်စိုးကြီး လက်နက်ချလာခဲ့ပါတယ်။ အဲဒါကဘာလဲဆိုတော့ အလောင်းထမ်း ညီညွတ်ရေးလုပ်ကြမယ်ဆိုပြီးတော့ ဝင်လာခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် ၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ အင်မတန် နိုင်ငံရေးအစဉ်အလာကြီးမားတဲ့ သခင်စိုးကြီးကိုယ်တိုင် ဘာမှမလုပ်နိုင်ဘဲနဲ့ မြုတ်သွားခဲ့ရတာဖြစ်တယ်။ ဒါကြောင့် နိဂုံးချုပ်ပြောရမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေထက်ကို အဆ ၁၀၀ ဆိုးပါတယ်။ အဲဒါကြောင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို အသက်သွင်းပြီးတော့မှ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာဟာ လုံးဝ လက်တွေ့မကျဘဲ တိုင်းပြည် ချောက်ထဲကျစေမယ့် နိုင်ငံရေးလမ်းကြောင်းဖြစ်တယ်လို့ ကျနော်တို့ ပြောလိုပါတယ်။”
“ကျနော်တို့ တိုင်းရင်းသားတွေကလည်းပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တောင်းဆိုတဲ့အချိန်မှာ NLD အနေနဲ့ ၂၀၀၈ ဘောင်ထဲမှာသွားပြီးတော့ ပြင်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့က ဒီမိုကရေစီအင်အားစု မဟာမိတ်တယောက် ဆုံးရှုံးသွားတဲ့ သဘောမျိုးလို့ပဲခံယူတယ်လို့ နောက်ဆုံးတင်ပြချင်ပါတယ် ခင်ဗျာ။”
သောတရှင်များ ခင်ဗျား၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ဥပဒေကို သမ္မတ ဦးသိန်းစိန်က ပြင်ဆင် ပြဋ္ဌာန်းလိုက်တဲ့အတွက် အတိုက်အခံအင်အားစုတခုဖြစ်တဲ့ NLD ပါတီဟာ ဆက်လက်ပြီးတော့ နိုင်ငံရေးအရ မှတ်ပုံတင် မတင် ဆိုတာကို လာမယ့် နိုဝင်ဘာလ ၁၈ ရက်နေ့ကျလို့ရှိရင် CC ဗဟိုကော်မတီအဖွဲ့ဝင် ၁၀၀ ကျော်တို့က ဆုံးဖြတ်ကြတော့မှာဖြစ်ပါတယ်။
NLD ဟာ ရွေးကောက်ပွဲကတဆင့် လွှတ်တော်နိုင်ငံရေးမှာပါဝင်ဖို့ ကြိုဆိုထောက်ခံမှုတွေ ရှိသလို ဝေဖန်ကန့်ကွက်မှုတွေကိုလည်း ကြားနေရပါတယ်။ အမှန်ကတော့ မူလ ၂၀၀၈ အခြေခံဥပဒေမှာပါရှိတဲ့ ဒီမိုကရေစီ နည်းမကျတဲ့အချက်တွေကို လက်မခံနိုင်လို့ NLD ပါတီဟာ ရွေးကောက်ပွဲမဝင်ခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ လွှတ်တော်နိုင်ငံရေးအရ ခရီးဆက်မယ်ဆိုရင်ကော ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ ဘယ်လောက် လက်တွေ့ ဖြစ်နိုင်မလဲ။ ဘယ်လို အခွင့်အလမ်းတွေ ရှိပါသလဲ။ ဒီအကြောင်းဆွေးနွေးဖို့အတွက် အမျိုးသားဒီမိုကရေစီသစ်ပါတီရဲ့ သင်္ကန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်၊ BLC မြန်မာနိုင်ငံရှေ့နေများကောင်စီရဲ့ အတွင်းရေးမှူးချုပ် ဦးအောင်ထူးနဲ့ PNLO ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ဥက္ကာတို့ကို ကျနော် ဖိတ်ခေါ်ထားပါတယ်။
အဲတော့ ဦးအောင်ထူးရေ ဒီလို အခုပြောနေသံကြားတာကတော့ လက်ရှိအခြေအနေအရ ညှိနှိုင်းအဖြေရှာရင်တော့ ပြင်ဆင်လို့ရမှာပါဆိုပြီးတော့ NLD ဒုတိယ ဥက္ကဋ္ဌက တနေ့က ဘီဘီစီကို ပြောသွားတယ်၊ ဦးအောင်ထူးကော ဘယ်လို သဘောရလဲ။
“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ပြင်ဆင်ခြင်းဆိုင်ရာ အခန်း ပုဒ်မ ၄၃၆ ပါ ပြဌာန်းချက်အရ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ ကျောရိုးကျတဲ့ ပြဋ္ဌာန်းချက်ကို လုံးဝပြင်လို့မရနိုင်ပါဘူး။ ဥပမာဆိုရင် သမ္မတ ရွေးချယ်တင်မြှောက်ပုံစနစ်၊ လွှတ်တော်ထဲမှာ တပ်မတော်သားတွေ ပါဝင်တဲ့ကိစ္စ၊ လုံးဝ ပြင်လို့မရနိုင်ဘူး။ နောက် အရေးအကြီးဆုံးဖြစ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီလို့ခေါ်တဲ့ (အကလက) ပြင်လို့မရနိုင်ဘူး။ ဆိုတော့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ လွှတ်တော်ဥက္ကဋ္ဌတွေကော၊ ကာကွယ်ရေးဦးစီးချုပ်ကော အရေးကြီးတဲ့ ဝန်ကြီးတွေရောပါတဲ့အတွက်ကြောင့် ဒီအဖွဲ့က အာဏာကြီး ၃ ရပ်ရဲ့အထက်မှာ ရှိတယ်။ ဒီပြဌာန်းချက်ကို ပြင်လို့မရနိုင်ဘူး။”
ဦးအောင်ထူးကတော့ ကာ/လုံ လို့ ခေါ်တဲ့အဖွဲ့နဲ့ ကျောရိုးကျတဲ့အချက်တွေကို မပြင်နိုင်အောင်ကို ပြဋ္ဌာန်းထားတယ်လို့ ပြောတယ်။ ဦးသိန်းညွန့်ကော အဲဒါကို ဘယ်လိုပြောမလဲခင်ဗျ။
“အခြေခံဥပဒေပြင်ဖို့ဆိုတာ လွှတ်တော်ထဲမှာ ကျနော်တို့က ၂၀% ရ ရမယ်။ သို့သော် အားလုံးသိတဲ့အတိုင်းပဲ နိုဝင်ဘာလ ၇ ရက်နေ့ ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ရုံတင်မက ရွေးကောက်ပွဲဝင်တဲ့သူတွေကို ဒို့မပါရင် မဲမပေးနဲ့ဆိုတဲ့ လှုပ်ရှားမှုတွေကြောင့် လက်တွေ့ရလဒ်ကတော့ လွှတ်တော်အတွင်းမှာ ရာနှုန်း ၂၀ ကျော်မရှိတဲ့အတွက် အခြေခံဥပဒေ ပြင်နိုင်ခွင့်မရှိတာကတော့ အမှန်ပါပဲ။ ဒါပေမယ့် အခြေခံဥပဒေစာအုပ်ကို အစွဲအလမ်းကင်းကင်းနဲ့ လေ့လာကြည့်ရင် ဒီအခြေခံဥပဒေဟာ နိုင်ငံတကာမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာဥပဒေမှာပါတဲ့အတိုင်း အခြေခံဥပဒေကိုပြင်ဖို့တော့ ခက်ခဲတဲ့ ပြဋ္ဌာန်းချက်ဖြစ်တယ်ဆိုတာလည်း အမှန်ပါပဲ။
ဒါပေမယ့် ဒီအခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ် ၂၀ % က ဥပဒေကြမ်းတင်သွင်းပြီးတော့ ဘယ်အပိုဒ်တွေကတော့ ၇၅ % ရလည်း ရမယ်။ ရပြီးတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပြီးတော့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူရဲ့ ထက်ဝက်ကျော်ဖြင့် ပယ်ဖျက်ရမယ်။ ဒါကတော့ ၉၀ ကျော် ရှိပါတယ်။ အခု တိုင်းပြည်ရဲ့ပြဿနာကို ပြည်တွင်းက ဆင်းရဲနေတဲ့ ပြည်သူလူထု၊ ဆင်းရဲနေတဲ့ နိုင်ငံအတွက် ကျနော်တို့ တိုင်းပြည်ကို ဖွံ့ဖြိုးရေးလမ်းကြောင်းကို ရောက်စေချင်ရင် အဆိုးမြင် ရပ်တည်ချက်တခုတည်းနဲ့ သုံးသပ်နေရင်တော့ အဖြေရမှာ မဟုတ်ဘူးလို့ ကျနော် ပြောချင်ပါတယ်။”
ဒါပေမယ့်လို့ အခု တွေ့ဆုံဆွေးနွေးအဖြေရှာတဲ့ လမ်းစတွေအရ NLD ဟာ ပါတီအဖြစ် ဆက်လက်ရပ်တည်မလားဆိုတာကို သူတို့ မဲခွဲကြမှာလေ၊ တကယ်လို့ အင်အားတောင့်လာပြီဆိုရင်ကော လွှတ်တော်ထဲမှာ အခြေခံကျကျ လက်တွေ့ကျကျ ပြင်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းကို ကျနော် မေးတာ။ ဦးသိန်းညွန့် အဲဒါကို ဘယ်လိုပြောမလဲခင်ဗျ။
“ပြင်ဆင်ရန်ခက်ခဲတဲ့ ပြဌာန်းချက်ရှိပေမယ့် လွှတ်တော်ထဲမှာ သတ်မှတ်တဲ့အင်အားထက် ကျော်လာရင် အခြေခံဥပဒေ ပြင်ဖို့အတွက် ကြိုးပမ်းခွင့်ရလာမယ်။ ဒီထက်အရေးကြီးတာကတော့ ကျနော်တို့ အမျိုးသားအင်အားစုအချင်းချင်း လွှတ်တော်နိုင်ငံရေးမှာ ပူးပေါင်းနေတာ။ အဲဒီလို ပူးပေါင်းနေတဲ့အခါမှာ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားတွေပါမက တပ်မတော်ခေါင်းဆောင်တွေလည်း ပါတယ်။
အဲဒီတော့ တယောက်နဲ့တယောက် အတူတွဲလုပ်ရင်းနဲ့ ယုံကြည်မှုရလာရင် ဒီအခြေခံဥပဒေဟာ ပြင်ဆင်ရန် ဘာမှမခက်ခဲဘူးလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီး သူရ ဦးရွှေမန်းကိုယ်တိုင်က ကျနော့်ကို အလွတ်သဘောပြောခဲ့တာကိုလည်း ကြုံတုန်း ဆွေးနွေးပြတာပါ။”
ဦးခွန်ဥက္ကာ ခင်ဗျား၊ ခုနက ပြောသလို အားလုံး စစ်တပ်ကော၊ တိုင်းရင်းသားတွေကော ညီညွတ်လို့ရှိရင် တကယ်တမ်းကျတော့ ဒီမိုကရေစီမကျဘူးလို့ တချို့ယူဆနေတဲ့အချက်တွေ ပြင်နိုင်မှာပါ တဲ့။
“ဖွဲ့စည်းပုံအခြေခံဥပဒေအဆင့်ကို မရောက်ဘဲနဲ့ အဲဒီလက်အောက်ခံ ရွေးကောက်ပွဲ ဥပဒေထဲက စာပိုဒ်တချို့ကို ပြင်တဲ့ဟာက ဒါ ကြီးကြီးကျယ်ကျယ်တော့ မဟုတ်ဘူး။ ဒါလောက် ဒီ ရွေးကောက်ပွဲ ဥပဒေလောက် အပေါ်ယံပြင်တာနဲ့ ၂၀၀၈ ဘောင်ထဲမှာ ဝင်ပြီးတော့ အလုပ်လုပ်မယ်ဆိုတဲ့အချက်ကတော့ အများကြီး Precondition မှာ သိပ်ပြီးတော့ လိုသေးတယ်လို့ ကျနော် ထင်တယ်။
အထူးသဖြင့် ရွေးကောက်ပွဲဥပဒေကိုလည်း ပြင်ဆင်မယ်၊ ၂၀၀၈ ထဲမှာ အရေးကြီးတဲ့ ဒီမိုကရေစီမကျတဲ့ ဥပဒေတွေလည်းပြင်ခွင့်ရမယ်ဆိုတဲ့ အာမခံချက်သဘောမျိုးရှိတယ်ဆိုရင်တော့ တဆင့်တိုးပြီးလုပ်တာ မှန်တာပေါ့ဗျာ။ အဲဒီလို အာမခံချက်မရှိဘဲနဲ့ ရွေးကောက်ပွဲဥပဒေဆိုတာက အောက်ခြေလောက် ဥပဒေပါ။ အဲဒါကို ပြင်ရုံမျှနဲ့ ၂၀၀၈ ဘောင်ထဲမှာ ဝင်မယ်ဆိုရင်တော့ ၂၀၀၈ ဘောင်ရဲ့ စည်းကမ်းသတ်မှတ်ချက်အတိုင်း ၂၅% ကျော်မှ ပြင်လို့ရတဲ့ ပုဒ်မနဲ့ လုံးဝ ပြင်လို့မရတာ ၂ မျိုးရှိတယ်။ ဒါကြောင့် အင်မတန် ရိဂျစ်ဖြစ်တဲ့ ဒီဖွဲ့စည်းပုံကို သူ့အောက် သူ့ဘောင်ထဲကနေ ဝင်ပြင်မယ်ဆိုတာကတော့ ကျနော် ထင်တယ်၊ ဒါကတော့ ကိုယ့်ဘက်ကပဲ ပါသွားပြီးတော့ သူ့ဘက်ကတော့ ဘာမှပြန်ထွက်လာဖို့ အလားအလာ မရှိဘူးလို့ ကျနော် ယုံကြည်တယ်ခင်ဗျ။”
ဦးအောင်ထူးကော ဒါနဲ့ပတ်သက်လို့ ဘာဆက်ဆွေးနွေးချင်လဲ။
“ကျနော် အဲဒါကို လက်ခံပါတယ်။ ကျနော်တို့က အဆိုးမြင်တာ မဟုတ်ပါဘူး။ ကျနော်တို့ အင်မတန်ကို အကောင်း မြင်တယ်။ အကောင်းမြင်နိုင်ဖို့ရန်အတွက် ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကြည့်ရတာဖြစ်တယ်။ အကောင်းမြင်နိုင်ဖို့ရန်အတွက် လက်ရှိလွှတ်တော်ရဲ့ ပကတိအခြေအနေကို ကြည့်ရတာဖြစ်တယ်။
အဲတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ကျောရိုးကျတဲ့ ပင်မကျတဲ့ ဒီမိုကရေစီအခြေခံ အုတ်မြစ်အဖြစ် တည်ဆောက်နိုင်တဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်လို့မရနိုင်အောင်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ မှာ အပြီးအပိုင် ပြဌာန်းထားတယ်။ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတောင်မှ ၂၅ % အထိရရင် ပြင်လို့ရတယ်။ အခုက ၇၅ % ကျော်မှဆိုတာ ဘာကိုပြလဲဆိုတော့ လက်ရှိလွှတ်တော်ရဲ့ဖွဲ့စည်းပုံက ၂၅ % က လုံးဝ တပ်မတော်သား ကိုယ်စားလှယ်တွေဖြစ်တာကြောင့်မို့လို့ လက်ရှိ လွှတ်တော်ထဲမှာပါတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့က လွှတ်တော်အမတ်တွေ အကုန်လုံးက သဘောတူအုံးတော့ ကျန်တဲ့ ၂၅ % တပ်ကိုယ်စားတွေက သဘောမတူရင် ဒီဖွဲ့စည်းပုံက ဘယ်လို့မှ ပြင်လို့မရဘူး။ အဲဒါကြောင့် ဒီဖွဲ့စည်းပုံဟာ ပထမအဆင့်မှာထဲကိုက လုံးဝ ပြင်လို့မရနိုင်ဘူး။ ဒုတိယအဆင့်ကို ဆက်သွားရအောင်။
အဲဒါဘာလဲဆိုတော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ခေါ်ရအုံးမယ်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ခေါ်တယ်ဆိုရင်လည်းပဲ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလို စစ်အာဏာရှင်လက်ထဲမှာပဲ ချယ်လှယ်ပြီးလုပ်သွားအုံးမှာပဲ ဖြစ်တယ်။”
ဦးအောင်ထူးရေ ဒါပေမယ့် အခု သူတို့ပြောနေတာက အရပ်သားလို့ နာမည်ခံထားတာပေါ့နော်၊ စစ်အာဏာရှင်တော့ မဟုတ်တော့ဘူး။ တဖက်ကလည်း တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ အခု ပြည်သူ့လွှတ်တော်မှာ တချို့အရေးကြီးတဲ့ အဆိုပြုချက်တွေ၊ အကျဉ်းသားကိစ္စတွေမှာ ပြောနေတဲ့အခါမှာလည်းပဲ တချို့နေရာတွေမှာ အများပြည်သူနဲ့ ဆိုင်တဲ့နေရာတွေမှာ သူတို့ကန့်ကွက်တာမတွေ့ရဘူးလေ၊ ဦးသိန်းညွန့်တို့ရော ဒီ ၂၅ % သော တပ်မတော်သားတွေဟာ အထက်က အမိန့်ကိုပဲ နာခံတာလား၊ အများဆန္ဒကိုရော နားထောင်လား၊ ဦးသိန်းညွန့် အတွေ့အကြုံကို နည်းနည်း ပြောပြပါအုံး။
“ဒါကတော့ဗျာ၊ စစ်သားဆိုတာကတော့ အထက်အမိန့် နာခံရမှာပေါ့။ သို့သော် အထက်အမိန့် နာခံရပေမယ့် သူတို့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေ ဖတ်ကြည့်လိုက်ရင် အားလုံးက ဘွဲ့ရတွေချည်းပဲ။ ကျနော်တို့ရဲ့ နိုင်ငံရေး ရပ်တည်ချက်တွေ ဘာတွေကို လေ့လာထားရုံတင် မကဘူး၊ တချို့နိုင်ငံရေးသမားကြီးတွေရေးခဲ့တဲ့ နိုင်ငံရေးအတွေ့အကြုံ စာအုပ်တွေကို လေ့လာပြီးတော့ ကျနော်တို့နဲ့ နားချိန်တွေမှာ လာပြီးဆွေးနွေးမေးမြန်းတာတွေ ရှိပါတယ်။ ဒါက တပိုင်းထားလိုက်ပါ။
ဒီထက်အရေးကြီးတာက အခုလို အခြေခံဥပဒေကြီးမှာ ပြန်ရခက်တဲ့အချက်တွေပါလာတာက ဘာကြောင့်လဲ၊ အဲဒါကို အရင်ဆုံးကြည့်ဖို့ လိုတယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲပြီးတုန်းက တဖက်က ၁/၉၀ ကို ထုတ်ပြန်တယ်။ အဲဒီတုန်းက အဲဒီအတိုင်း လိုက်လိုက်ရင် ကျနော်တို့က တိုင်းပြုပြည်ပြု လွှတ်တော်အနေနဲ့ အခြေခံဥပဒေကို ရေးဆွဲခွင့်ရမှာပေါ့။ အဲဒီအခွင့်အရေး အားလုံးတွေကိုလည်း ခုန ကျနော်ပြောတဲ့ အဆိုးမြင်တဲ့၊ ရာနှုန်း ၁၀၀ ရချင်တဲ့ အယူအဆတွေကြောင့် ကျနော်တို့ လက်လွတ်ခဲ့ရတာ။
ဒါတွေ ပြန်စဉ်းစားကြည့်ရင်တော့ ပြည်တွင်းမှာ ကျနော်တို့က လက်တွေ့လုပ်နေတဲ့ ဘဝတွေလည်း ရင်းနှီးပေးဆက်ခဲ့ရတာပါ။ အဲဒီလူတွေအနေနဲ့ ပြောရရင်တော့ အဝေးကနေ သုံးသပ် ပြောဆိုနေတဲ့သူတွေကို ပြည်တွင်းမှာပြန်ပြီးတော့ နိုင်ငံရေးပြန်လုပ်ပါလို့ ကျနော် ပြောချင်ပါတယ်။”
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment