အခုပြင်ဆင်လိုက်တဲ့ ရွေးကောက်ပွဲဥပဒေအရ အဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်မယ့်ကိစ္စနဲ့ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရေး မဝင်ရေး ကိစ္စတွေကို ပါတီဗဟိုကော်မီတီဝင်တွေ သောကြာနေ့မှာ ဆွေးနွေး ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။
ဒေါ်စုကိုယ်တိုင် ရွေးကောက်ပွဲ ဝင်မဝင်ဆိုတာကိုတော့ ဘီဘီစီသတင်းထောက်ကို အသေအချာ မပြောခဲ့ပေမယ့် သူကိုယ်တိုင် ဝင်ရောက် ယှဉ်ပြိုင်မယ်လို့ သံတမန် အသိုင်းအဝိုင်းကတဆင့် သိရကြောင်း David Loyn ကပြောပါတယ်။
သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အကြား ဆွေးနွေးပြီးတဲ့နောက် ရွေးကောက်ပွဲနဲ့ ပါတီမှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေပြင်ဆင်ချက်တွေ ထွက်လာတာဖြစ်ပါတယ်။
ရွေးကောက်ပွဲဝင်ဖို့ သပိတ်မှောက်ခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ပါတီမှတ်ပုံတင်တဲ့ကိစ္စကို အထူးမဝေဖန်လိုပေမယ့် အဖွဲ့ချုပ်ရဲ့ ရည်မှန်းချက်တွေကို လွှတ်တော်အပြင်ဘက်ကလည်း ဆောင်ရွက်နိုင်မယ်လို့ထင်ကြောင်း SNLD ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်မလွှတ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေး မရဘဲ NLD အနေနဲ့ ရွေးကောက်ပွဲ မဝင်သင့်ဘူးလို့ ဦးစိုင်းလိတ်က ဘီဘီစီကို ပြောပါတယ်။
လန်ဒန်စီးပွားရေးနဲ့ နိုင်ငံရေးသိပ္ပံမှ သုတေသန ပညာရှင် ဒေါက်တာဇာနည်ကတော့ NLD အနေနဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်ရပ်တည်ဖို့ဆိုရင် တခြားရွေးစရာလမ်းမရှိတော့ကြောင်း ဒါပေမယ့် လွှတ်တော်မှာ ပါတီနိုင်ငံရေး ခေါင်းဆောင်အနေနဲ့ ဒေါ်စုက ပါဝင်ရင်တော့ လက်ရှိ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ်အမတ်တွေလွှမ်းမိုးနေလို့ ဘာမှ ထိရောက်အောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ဝေဖန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီခေါင်းဆောင်အစား လူထုခေါင်းဆောင်အဖြစ်နေတာက တိုင်းပြည်အတွက် ပိုအကျိုးရှိနိုင်တယ်လို့ ဒေါက်တာဇာနည်က သုံးသပ်သွားပါတယ်။
(ဓာတ်ပုံတွေက ရန်ကုန် လှိုင်သာယာက အမေ့အိမ် ပညာဒါနကျောင်းမှာတွ့ရတဲ့ လူထု၊ ဒေါ်စုနဲ့ ဗြိတိန်ဝန်ကြီး အင်ဒရူးမစ်ချယ်တို့ရဲ့ပုံတွေပါ)
သတင်း - ဘီဘီစီ
Photos: AP, Reuters, Getty Images











No comments:
Post a Comment