ထိန်လင်း
လူတစ်ယောက်ရဲ့ ရပ်တည်ချက်၊ ခံယူချက်တွေဟာ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီးသိနိုင်သလို သူပြောတဲ့ စကားရပ်တွေမှာလည်း အဲဒီလို ရပ်တည်ချက်တွေ ခံယူချက်တွေ ပါဝင်နေတတ်ပါတယ်။ အဲဒီလို ပြောစကားတွေထဲမှာ တချို့သော ထင်ရှားတဲ့ပုဂ္ဂိုလ်များရဲ့စကားရပ်တွေက သမိုင်းတွင်ပြီး ကျန်ရစ်လောက်အောင်ကို အရှိန်အဝါ ရှိလှပါတယ်။ အဲဒီထဲမှာ ဆရာဗန်းမော်တင်အောင်ရဲ့ စကားတစ်ခွန်းလည်း ပါဝင်ပါတယ်။
ဆရာ ဗန်းမော်တင်အောင်က “လူတစ်ယောက်ရဲ့တန်ဖိုးဟာ သူဖြတ်သန်းကျော်လွှားနေတဲ့ ခေတ်ကြီးက သူ့ပခုံးပေါ် တင်ပေးလိုက်တဲ့ သမိုင်းတာဝန်ကို သူ ဘယ်လောက်သယ်ပိုးထမ်းဆောင်ခဲ့တယ် ဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ” လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီစကားဟာ သူ့အကြောင်းပြောတိုင်း ထည့်ပြောလေ့ရှိတဲ့ ကိုးကားစရာစကားရပ် ဖြစ်လောက်အောင်ကို ခေတ်အဆက်ဆက် သယ်ဆောင်ခြင်းခံရတဲ့ စကားရပ်ဖြစ်ပါတယ်။ ဒါကလည်း ဆရာ့ရဲ့ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး စတဲ့ ကြိုးပမ်းရပ်တည်မှုတွေကြောင့် သူ့စကားက ပိုပြီး လေးနက်လာတာလို့ ယူဆရပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်တဲ့အခါ ဆရာက လူကိုယ်တိုင် လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ဆောင်ရွက်ခဲ့သလို စာပေနဲ့လည်း တာဝန်ကျေအောင် ဆောင်ရွက်ခဲ့ပါတယ်။ အထူးသဖြင့် လင်းယုန်ဂျာနယ်ကနေ သူ့ရဲ့အမြင်တွေကို ပွင့်ပွင့်လင်းလင်းရေးသားခဲ့ပြီး အစိုးရကိုပါ ဝေဖန်ခဲ့ပါတယ်။ ဖဆပလ အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ လုပ်ဆောင်တဲ့နေရာမှာ အထက်စီးကနေ မနေဖို့ ဆရာက တိုက်တွန်းခဲ့ပါတယ်။
၁၉၅၇ ခုနှစ် မေလ ၁၆ ရက်နေ့ထုတ် လင်းယုန်ဂျာနယ် အုပ်တွဲ (၁)၊ အမှတ် (၄)မှာ
“ယခုကဲ့သို့ တိုင်းပြည်နှင့်လူမျိုး၏ သာယာဝပြောရေးအတွက် မရှိမဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးတွင်မှ ‘ထွက်ပြီးသည့်ဆင်စွယ် ဝင်တယ်လို့ မရှိ’ဟူသော စကားအရ ‘ရာဇအိနြေ္ဒ’ကို ငဲ့လွန်းနေပါမူ ပြည်တွင်းငြိမ်းချမ်းရေးသည် နီးလျက် ဝေးနေကြရမည်ပင် ဖြစ်လေသည်” လို့ ရေးသားခဲ့ပါတယ်။
အဲဒီကာလမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဦးဆောင်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီးက ‘သူမနာ ကိုယ်မနာ သင်ပုန်းခြေရေးမူ’ ကို ကိုင်စွဲသင့်တယ်လို့ အဆိုပြုထားပြီး ဆရာ ဗန်းမော်တင်အောင်ကလည်း အဲဒီ အချက်ကို ၂ ဖက်စလုံးက စဉ်းစားသင့်တဲ့အကြောင်း ရေးသားခဲ့ပါတယ်။ အစိုးရက တချိန်လုံးအသုံးပြုခဲ့တဲ့ သူပုန်က လက်နက်ချရေး လမ်းစဉ်အပေါ်မှာလည်း “‘လက်နက်ချ၍ ဝင်လာခဲ့ကြပါ’ ဟူသော ဖိတ်ခေါ်ချက်ကို သူပုန်များက ယုံယုံကြည်ကြည်နှင့် လက်ခံကြပါမည်လား၊ ခေါင်းအေးအေးနှင့် စဉ်းစားပါ” လို့ ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ဖဆပလဝန်ကြီးတစ်ဦးဖြစ်တဲ့ သခင်ချစ်မောင်ရဲ့ စကားနဲ့ပတ်သက်လို့လည်း အခုလို ဝေဖန်ထားပါတယ်။
“ဝန်ကြီး သခင်ချစ်မောင်၏ စကားအရ ‘အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို လိုချင်တဲ့နေရာမှာ တခြားသူတွေထက် ပိုရင်သာ ပိုရမယ် မလျော့ပါဘူး’ ဟူသောအချက်သည် တကယ့်မှန်ကန်သော သစ္စာတရားသာ ဖြစ်ပါက ပြည်တွင်းစစ် မီးတောက်မီးလျှံများအကြားတွင် ၉ နှစ်ကျော် ၁ဝ နှစ်နီးပါးမျှ အလူးအလှိမ့်ခံခဲ့ကြရသော၊ ယခုတိုင် မရှုမလှခံနေကြရဆဲဖြစ်သော ရဟန်းရှင်လူ ပြည်သူအားလုံး၏အကျိုးအတွက် မိမိတို့အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်ကို မပြောင်းလွဲနိုင်စရာ မရှိပေ”
တိုင်းပြည်တစ်ခုရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတွေကို ထိန်းသိမ်းဖို့တာဝန်ဟာ သက်ဆိုင်ရာတိုင်းပြည်မှာ နေထိုင်သူ ပြည်သူပြည်သား အားလုံးမှာရှိတယ်လို့ အကြမ်းဖျင်းပြောနိုင်ပေမယ့် တကယ်တမ်း တာဝန်အရှိဆုံးနဲ့ လုပ်ဆောင်နိုင်စွမ်းအရှိဆုံးက အစိုးရ အာဏာပိုင်အဖွဲ့အစည်းသာ ဖြစ်ပါတယ်။ ဒီအယူအဆမျိုးကို ဆရာဗန်းမော်တင်အောင်က ၁၉၅၇ ခုနှစ် ဇွန်လ ၁ ရက်နေ့ထုတ် လင်းယုန်ဂျာနယ်ရဲ့ ခေါင်းကြီးမှာ ‘ငြိမ်းချမ်းရေးတံခါးကို ဖွင့်လော့’ ဆိုတဲ့ ခေါင်းစဉ်နဲ့ အခုလို ရေးသားခဲ့ပါတယ်။
“ယနေ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ နိုင်ငံတော်အစိုးရနှင့် သစ္စာခံ လက်နက်ကိုင်တပ်များက တဖက်၊ နိုင်ငံရေးပါတီများနှင့် လူမျိုးစု အဖွဲ့အစည်းများ၏ လက်နက်ကိုင်တပ်များက တဖက် စစ်မက်ယှဉ်ပြိုင် တိုက်ခိုက်လျက်ရှိကြသည်မှာ ၁ဝ နှစ်အတွင်းသို့ ဝင်ရောက်လာခဲ့ပေပြီ။ ဤသို့ ၁ဝ နှစ်နီးပါးမျှ ဖြစ်ပွားလျက်ရှိသော ပြည်တွင်း စစ်မက်အရေးနှင့်ပတ်သက်၍ တိုင်းပြည်၏ ငြိမ်သက်မှုနှင့် လုံခြုံမှုတို့အတွက် ကြီးစွာသောတာဝန်ကို ခံယူထားရသော ဖဆပလ အဖွဲ့သည်လည်း တာဝန်မရှိဟု ပြောနိုင်လိမ့်မည် ထင်ပါသလော။ သားသမီးမကောင်း မိဘခေါင်းဆိုသော မြန်မာ့ယဉ်ကျေးမှုစကားပုံရှိသည့်အတိုင်း တိုင်းပြည်၌ မကောင်းသမျှတို့သည်လည်း နိုင်ငံရေးအာဏာကို ကြိုးကိုင်ထားသော ဖဆပလ အဖွဲ့၌ တာဝန်ရှိသလောက် ရှိပေသည်။ မိမိတာဝန်ကို သိသော မည်သည့် အာဏာလက်ရှိ နိုင်ငံရေးပါတီအဖွဲ့အစည်းမဆို မိမိတို့၏တာဝန်ကို ရဲရဲဝံ့ဝံ့ ထမ်းဆောင် ခံယူကြရမည်သာ ဖြစ်ပေသည်။
ယခုအခါတွင် တိုင်းပြည်၏ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ၉ နှစ်ကျော်ကျော် ၁ဝ နှစ်နီးပါးခန့်မျှ လက်နက်အားကိုး ဝါဒဖြင့် ထိန်းသိမ်းရယူရာ၌ အောင်မြင်ခြင်းမရှိခဲ့သော ဖဆပလအဖွဲ့သည် နိုင်ငံရေးအရ နည်းလမ်းများ ပွင့်လာပြန်သောအခါ၌လည်း ထိန်းသိမ်းရယူခြင်းပြုရန် တင်းတင်းမာမာ ပြုလုပ်နေပြန်ပေသည်။ ဤသို့ ပြုလုပ်နေခြင်းအား နားမလည်နိုင်စရာ ဖြစ်နေပေသည်”
ဒီသုံးသပ်ချက်တွေ တိုက်တွန်းချက်တွေကို ကြည့်ရင် ဆရာ ဗန်းမော်တင်အောင်ရဲ့စိတ်ဓာတ်နဲ့ ရပ်တည်ချက်တွေအကြောင်း ခန့်မှန်းနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။
ဆရာ ဗန်းမော်တင်အောင်က သူကွယ်လွန်ရင် မီးသင်္ဂြိုဟ်ပစ်လိုက်ဖို့ သားဖြစ်သူကို မှာသွားတဲ့အကြောင်း၊ သူ့စာတွေကို အုတ်ဂူထက် အမှတ်တရဖြစ်မယ့်အကြောင်း၊ ပြည်သူ့ဘက်က ရပ်ပြီး ပြည်သူ့အကျိုးပြုစာတွေ ရေးသားပြုစုသွားခဲ့သူတစ်ဦးအတွက် အုတ်ဂူမလိုပါဘူး။ သူ့စာတွေက ပြည်သူရဲ့ နှလုံးအိမ်ထဲမှာ အုတ်ဂူအဖြစ် တည်ရှိနေပါလိမ့်မယ်လို့ ဆရာပါရဂူက ရေးသားဖူးပါတယ်။ ဆရာ့ကို ဂူသွင်းမြှုပ်နှံခဲ့တဲ့နေရာဖြစ်တဲ့ ကြံတောသုသာန်ကြီးတစ်ခုလုံးကိုလည်း လက်ရှိ စစ်အစိုးရလက်ထက်မှာ ဖျက်ဆီးပျက်လိုက်ပါပြီ။ ဒါပေမယ့်လည်း သူ့အကြောင်း သူ့စာပေတွေကတော့ လုံးဝ ပျောက်ပျက်သွားမှာ မဟုတ်ပါဘူး။
ကွယ်လွန်သူ သတင်းစာဆရာ စာရေးဆရာမကြီး လူထုဒေါ်အမာကလည်း ဆရာဗန်းမော်တင်အောင်ရဲ့ စာပေတွေကို ပြန်လည်ပုံနှိပ်ထုတ်ဝေစေချင်တဲ့အကြောင်း ‘ဗန်းမော်တင်အောင်ဋီကာ’ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားခဲ့ဖူးပါတယ်။ ဒါကြောင့် နိုင်ငံရေးအစဉ်အလာ၊ သမိုင်းအစဉ်အလာ ကြီးမားခဲ့သူတွေရဲ့ စာပေတွေကို ဝိုင်းဝန်း ထိန်းသိမ်းစေချင်ပါတယ်။ ဒါမှသာ လွတ်လပ်ပွင့်လင်းတဲ့အခါ တိုင်းပြည်အတွက် ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုနိုင်မယ် မဟုတ်ပါလား။ ။
၁ဝ၊ ၁၁၊ ၂ဝဝ၈
No comments:
Post a Comment