Saturday, November 12, 2011

အလှအပ ခံစားတတ်တဲ့ ကိုပေါ် (မောင်ဝံသ)

ဒီနေ့ ၁၂ နိုဝင်ဘာ ၂၀၁၁ စနေနေ့ ၊ ၁၂၊ ၁၁၊ ၁၁။

မနေ့ညက အလဲဗင်းမီဒီယာအုပ်စုက ကမကထပြုကျင်းပတဲ့ ၁ ခြောက်လုံးပွဲ၊ ကျွန်တော့်အခေါ် ၁၁ သုံးလုံး ဂုဏ်ပြုပွဲကအပြန် ကျွန်တော့်မှာ အတွေးရေလျဉ်ကြော မျောလို့မဆုံးနိုင် ဖြစ်ခဲ့ရပါတယ်။

တွေးမိသလောက် ရေးချရရင်လဲ အခန်းဆက် ဝတ္ထုရှည်ကြီးတစ်ပုဒ်လောက် ရေးစရာတွေရှိတယ်။ သို့သော် ကျွန်တော့်မှာ လတ်တလော ရေးရမယ့်တာဝန်တွေက တစ်ပတ်ပြီးတစ်ပတ် ဖိစီးနေလေတော့ အတိတ်အကြောင်းချင်းရာတွေကို ခဏ ရွှေ့ဆိုင်းထားရပါတယ်။

သို့ပေမယ့် ၁ ခြောက်လုံးပွဲမှာ မင်းကိုနိုင်ရဲ့မိခင် ဒေါ်လှကြည်နဲ့ အစ်မဖြစ်သူကို ပြန်ဆုံမိပြီး ခဏတဖြုတ် စကားပြောဖြစ်ခဲ့တဲ့နောက် ကျွန်တော်တို့က ကိုပေါ် လို့ခေါ်တဲ့ မင်းကိုနိုင်အကြောင်း သတိရစရာလေးတွေ တွေးနေမိတယ်။ ကိုပေါ်ပြန်ထွက်လာရင် မိန်းမပေးစားဖို့ NLD ဦးဝင်းထိန်က တိုက်တွန်းတော့ အစ်မကြီး ဒေါ်လှကြည်က ပြုံးနေတယ်။ ကျွန်တော်က ကိုပေါ်မှာ ရည်ရွယ်ထားသူရှိပြီလားမေးပေမယ့် ဘေးပတ်ဝန်းကျင်က အသံဗလံတွေနဲ့မို့ မကြားတာလား မသိ၊ ပြန်မဖြေကြဘူး။

ကျွန်တော်က ၁၉၈၉ တုန်းက အထူးတိုက်မှာ ကိုပေါ်က ကျွန်တော့်ကို ပြောပြဖူးတဲ့ အတွေ့အကြုံလေးကို ပြန်ပြောပြတယ်။ အရင်ကလည်း ပြောပြဖူးတယ်။ အခု ထပ်ပြောတော့လည်း ရယ်ရတာပါပဲ။ ကျွန်တော်က ဘေးအခန်းကို လှမ်းအော်မေးတယ်။ “ကိုပေါ်ရေ - မင်း ရည်းစားတွေ ဘာတွေရှိလား၊ ရှိရင် romance ဇာတ်လမ်းလေးတွေ ပြောစမ်းကွာ” ဆိုတော့ “ရှိတာပေါ့ ဆရာရယ်” ဆိုပြီး သူ စဉ်းစားထားတဲ့ ဝတ္ထုဇာတ်လမ်းတွေ လျှောက်ပြောတယ်။

ကျွန်တော်က ဒါလောက်တော့ ပါးတာပေါ့။ “မင်း စိတ်ကူးယဉ်ဇာတ်တွေ ပြောမနေနဲ့၊ တကယ့်ကိုယ်တွေ့ပြောကွာ” ဆိုတော့ သူဟာ ရည်းစားတောင် မထားဖူးတဲ့အကြောင်း၊ ဒါပေမယ့် အမေတို့က မိန်းမပေးစားဖို့ မုဒုံကိုခေါ်သွားဖူးကြောင်း စီကာပတ်ကုံး ပြောပြတယ်။ 

ရန်ကုန် သင်္ကန်းကျွန်းအိမ်ကနေ မော်လမြိုင်ကို ရထားနဲ့သွား၊ အဲဒီကနေ မုဒုံကို ကားနဲ့သွား၊ သူနဲ့ပေးစားဖို့ စပ်ဟပ်ထားတဲ့ မိန်းကလေးအိမ်ကို ရောက်၊ လူချင်းရင်းနှီးအောင် စကားတွေ ဘာတွေ ပြောကြပြီး နောက်တစ်နေ့မှာ ကောင်မလေးက သူ့ချစ်သူနောက် ခိုးရာလိုက်သွားလို့ သူတို့သားအမိ ခေါင်းငိုက်စိုက်ချပြီး ရန်ကုန် ပြန်လာရတယ်လို့ ပြောတယ်။ ယုတ္တိယုတ္တာနဲ့ အပြောကောင်းကောင်းနဲ့ပြောတော့ ကျွန်တော်ကလည်း ယုံတာပေါ့။ စိတ်မကောင်းလည်း ဖြစ်မိတယ်။

နောက်တစ်ခါ သူတို့ရပ်ကွက်နားက နွားနို့ရောင်းတဲ့ ကုလားကြီးတစ်ယောက်ရဲ့သမီး၊ အသက် ၁၈ နှစ်လောက် ဟင်ဒူကုလားမလေး နွားနို့လိုက်ပို့တဲ့ မြင်ကွင်းကို ပြောပြတယ်။ ညနေ ဆည်းဆာအချိန် နေရောင်က ဘယ်လိုရှိချိန်မှာ ဆာရီမီးခိုးပြာလေးနဲ့ ကုလားမလေး နွားနို့ပုံးကို ခေါင်းပေါ်ရွက်ပြီး လမ်းလျှောက်လာရင် ကိုပေါ်က လက်ဖက်ရည်ဆိုင်က ထိုင်ငေးနေတတ်တယ်ဆိုကိုး။ ကုလားမလေးရဲ့ နို့နှစ်ရောင် ဖြူဝင်းနေတဲ့ အသားအရည်အလှကို ဖွဲ့နွဲ့ပြောပြသေးတယ်။

လမ်းလျှောက်လာတဲ့ ကုလားမလေးကိုကြည့်ရတာ ရေလှိုင်းလေးတွေ စည်းချက်ကျကျ လှုပ်ခါပြီး ပြေးလာသလိုပဲဆိုတဲ့ တင်စားချက်လေးတွေလည်း ထည့်ပြောတတ်တယ်။ ကျွန်တော်က “ကိုပေါ် အဲဒီကုလားမလေးကို မင်း ကြိုက်နေတာလား” ဆိုတော့ “မဟုတ်ပါဘူး” တဲ့။ အလှအပကို ခံစားခဲ့တာပါလို့ ပြောတယ်။ 

၁၉၉၀ မေလ ရွေးကောက်ပွဲမတိုင်ခင် တစ်လအလိုမှာ ကျွန်တော့်ကို ပြန်လွှတ်တယ်။ ရွေးကောက်ပွဲဝင်ဖို့ ပုံစံတွေကို အဖွဲ့ချုပ်က ထောင်ထဲကို ပို့ပေးတယ်။ ကျွန်တော်က ဝင်မယ်ဆိုပြီး လက်မှတ်ထိုးပေးလိုက်တော့ လမ်းနှစ်လမ်းပဲ ရှိတယ်။ ၁၀(က)နဲ့ ထားနေရာက ထောင်ချချင် ချမယ်၊ လွှတ်ပေးရင် ပေးမယ်။ နောက်ဆုံးတော့ ပြန်လွှတ်ပေးလို့ ရွေးကောက်ပွဲ ဝင်နိုင်ခဲ့တယ်။

ကျွန်တော် ရွေးကောက်ပွဲ မတိုင်မီလွတ်နိုင်တယ်လို့ မှန်းလို့ရတဲ့အချိန်ကစပြီး ကိုပေါ်က သူ့ အဖေ အမေနဲ့ အစ်မတွေကို မှာစရာရှိတာတွေ မှာတယ်။

၁၉၉၀ ဧပြီ ၂၉ မှာ ကျွန်တော်လွတ်တော့ အမြန်ဆုံးဆက်သွယ်ပြီး ကိုပေါ့်မိသားစုနဲ့ တွေ့တယ်။ ကိုပေါ့်မိခင်ကြီး ဒေါ်လှကြည်ဟာ အဲဒီကတည်းက ယောဂီလုံချည်ပဲဝတ်တယ်။ သားပြန်မလွတ်မချင်း မြန်မာပြည် ဒီမိုကရေစီနိုင်ငံ မဖြစ်မချင်း ယောဂီဝတ်နဲ့ပဲနေမယ်လို့ သန္နိဋ္ဌာန်ချထားတာလို့ ပြောပါတယ်။ (၁ ခြောက်လုံးညမှာ ပြန်ဆုံတော့လည်း ဒေါ်လှကြည်ကို ယောဂီလုံချည်နဲ့ပဲ တွေ့ရပါတယ်။)

ကိုပေါ့်မိသားစုနဲ့ ကျွန်တော် ခင်ခင်မင်မင် စကားတွေပြောကြရင်း ကိုပေါ်ရဲ့ ချစ်ရေးချစ်ရာပုံပြင်တွေကို သူပြောတဲ့အတိုင်း ပြောပြတော့ သူတို့တွေ ရယ်လိုက်ကြတာ။ အဲဒါတွေ တစ်ခုမှ မဟုတ်ဘူး တဲ့။ မုဒုံက ကောင်မလေးဆိုတာလဲ ဘယ်ကလာ ကြံကြံဖန်ဖန်တဲ့။ သူတို့ရပ်ကွက်ထဲ နွားနို့ပို့တဲ့ ကောင်မလေးလည်း မရှိပါဘူး တဲ့၊ နှုတ်ခမ်းမွေးကားကားနဲ့ ဟင်ဒူကုလားတွေပဲ ရှိတယ် တဲ့။ ကျွန်တော်လည်း ရယ်လိုက်ရတာပဲပေါ့။ တကယ်ကတော့ ကိုပေါ်ဟာ ကျွန်တော့်ကို ခုတုံးလုပ်ပြီး သူ့အနုပညာဈာန်ကို ကွန့်မြူးနေတာ။ ဝတ္ထုရေးဖို့စိတ်ကူးတွေကို သူ့ဇာတ်ကြောင်းသဖွယ် ကျွန်တော့်ကို ပြောပြောပြီး လေ့ကျင့်နေတာကိုး။

ကျွန်တော် အပြင်မှာ ၆ လပဲ နေလိုက်ရပါတယ်။ ၁၉၉၀ အောက်တိုဘာမှာ ပြန်ဖမ်း၊ စစ်ကြောရေးတွေ ပြီးတော့ အင်းစိန်ထောင်ပို့၊ ဟိုရောက် ဒီရောက်နဲ့ နောက်ဆုံး အထူးတိုက်ထဲ ပြန်ရောက်၊ ကိုပေါ့်ဘေးအခန်းကို ပြန်ရောက်သွားပါလေရော။ ဦးဝင်းထိန်က ၁ ခန်း၊ ကျွန်တော်က ၂ ခန်း၊ ကိုပေါ်က ၃ ခန်း။ ကျွန်တော် ပြန်လာပြီဆိုတာလည်း ကြားရော၊ ၁၀ ခန်းရှိတဲ့ အထူးတိုက်တစ်တိုက်လုံး ဝက်ဝက်ကွဲအောင် ရယ်လိုက်ကြတာ၊ ဟားလိုက်ကြတာ။ တစ်ခန်းနဲ့တစ်ခန်း စကားလက်ဆင့်ကမ်းပြီး ပြောကြတာက “ဝေါ အမတ်ကြီးကို အင်းစိန်ထောင် အထူးတိုက်က ကြိုဆိုပါ၏” 

ကြိုဆိုပွဲပြီးပြီးချင်း ကျွန်တော်က ကိုပေါ်ကို လှမ်းပြောတယ်။ “ဟေ့ ကိုပေါ် … မင်း နွားနို့သည် ကုလားမလေးနဲ့ ငါ တွေ့ခဲ့တယ်။ နေကောင်းပါတယ်ကွာ၊ မင်းလွတ်လာသည်အထိ စောင့်ပါမယ်လို့ မှာလိုက်တယ်” လို့ပြောလိုက်တော့ ကိုပေါ် အော်အော်ပြီး ရယ်လိုက်တာများ၊ တော်တော်နဲ့ မရပ်နိုင်ဘူး။ 


ပုံနှိပ်ဖော်ပြခြင်း မပြုပါ။ ကျွန်တော့်ရဲ့ Facebook မိတ်ဆွေများအတွက် သီးသန့် စာလက်ဆောင်


 

No comments: