"ချီးပင့်မြှောက်စားမှုကတစ်ဆင့်တက်ရင် ပုဂ္ဂိုလ်ကိုးကွယ်မှု ဖြစ်သွားတတ်ပါတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှု လွန်ကဲလွန်းရင်၊ ကိုးကွယ်ခံရသူမှာ ငါမှငါဆိုတဲ့ အတ္တစိတ်ကြီးထွားလာလေ့ရှိတယ်။ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်း ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို ရှောင်ရှားနိုင်အောင် အထူးသတိထားကြဖို့ လိုအပ်ကြောင်း ..."
‘မိကျောင်းမင်း ရေခင်းပြသလို’ ဖြစ်မှာတော့ စိုးတယ်။ ဒါပေမယ့် ‘ပညာရှိ သတိဖြစ်ခဲ’ မဖြစ်ဖို့အတွက် ရေးသင့်ရေးထိုက်တာလေးတွေတော့ ရေးပါရစေ။ ဒီလိုရေးဖို့အတွက် စာနယ်ဇင်းသမားဆိုတာ ရှိနေရတာ မဟုတ်လား။
ရာထူးကြီးလေ ဇိမ်မရှိလေ
ခေါင်းဆောင်တွေဆိုတာက နေ့စဉ်နဲ့အမျှ စားချိန်၊ အိပ်ချိန်မှာတောင် တိုင်းရေးပြည်ရေးတွေ စဉ်းစားရင်းနဲ့ စားကြအိပ်ကြရတာပါ။ ရာထူးကြီးလေ ဇိမ်မရှိလေလို့တောင် ဆိုနိုင်တယ်။ အရေးကြီးကိစ္စမှန်သမျှ ကိုယ်တိုင်ဆုံးဖြတ်ရတာဖြစ်လေတော့ တာဝန်သိပ်ကြီးပြီး စိုးရိမ်ကြောင့်ကြရတာတွေ သိပ်များတယ်။ ကိစ္စကြီးတွေကို ခေါင်းထဲမှာထည့်ထားပြီး စက္ကန့်နဲ့အမျှ စဉ်းစားခန်းထုတ်နေရတာကြောင့် တော်ရုံကိစ္စလေးတွေကို ‘သတိမမူ ဂူမမြင်’ ဖြစ်နေတတ်တယ်။ အဲဒီလိုအခါမျိုးမှာ သတင်းစာတွေကို အားကိုးအားထားပြုရတယ်။ စဉ်းစားရလွန်းလို့ ခေါင်းတွေပူလာတဲ့အခါ သတင်းစာတွေကို လှန်လှောကြည့်ရင်း ခေါင်းအေးအောင် လုပ်ကြရတယ်။
သတင်းစာဆိုတာက လူ့လောကအတွင်း ဖြစ်ပျက်သမျှ ကိစ္စကြီးငယ်မျှသမျှ ရေးသားဖော်ပြကြတာဖြစ်လေတော့ သာမန်အချိန်တွေမှာ သတိမထားမိတဲ့ ကိစ္စလေးတွေကို သတိထားမိသွားတတ်တယ်။ အဲဒါကြောင့် တိုင်းရေးပြည်ရေး ဆောင်ရွက်တဲ့ ပုဂ္ဂိုလ်မှန်သမျှ သတင်းစာတွေကို နေ့စဉ်ထမင်းစားရေသောက်တဲ့ အလုပ်တွေလုပ်သလို တာဝန်တစ်ရပ်အဖြစ် သဘောထားပြီး မဖြစ်မနေဖတ်ဖို့ လိုအပ်တယ်။ သတင်းစာမဖတ်သူဟာ ဘယ်နည်းနဲ့မှ တာဝန်ကျေတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် မဖြစ်နိုင်ဘူး။
ခွဲခြမ်းစိတ်ဖြာပေးရ
သတင်းစာတွေကလည်း စတုတ္ထမဏ္ဍိုင်ပီသဖို့အတွက် ခေါင်းဆောင်တွေအပါအဝင် တိုင်းသူပြည်သားအားလုံး သိရှိသင့်တဲ့၊ လုပ်ကိုင်ဆောင်ရွက်သင့်တဲ့ ကိစ္စမှန်သမျှကို ကိစ္စကြီး ကိစ္စငယ် မခွဲခြားဘဲ ဖော်ထုတ်ရေးသားကြဖို့ လိုအပ်တယ်။ အကြောင်းအရာအလိုက် ဆစ်ပိုင်းပြီး ခွဲခြမ်းစိတ်ဖြာ ပြသင့်တဲ့အခါလည်း ပြရတယ်။ သတင်းစာဖတ်သူတိုင်းဟာ အားလပ်နေကြသူတွေ မဟုတ်ကြဘူး။ သတင်းစာက ခွဲခြမ်းစိတ်ဖြာပြတဲ့အတွက် အချိန်ကုန်သက်သာပြီး အများကြီး အထောက်အကူဖြစ်စေတယ်။ ဒါကြောင့် တာဝန်သိ သတင်းစာသမားတိုင်း ဒီကိစ္စကို အထူးအလေးထား လုပ်ဆောင်ကြရတယ်။
ကျန်နေတဲ့ အားအင်ကလေးနဲ့
အသက်ခုနစ်ဆယ်ကျော်ဆိုတာ မြန်မာလူမျိုးတို့ရဲ့ သက်တမ်းအရပြောရရင် နောက်ဆုံးဆယ်စုနှစ်ထဲ ရောက်နေပြီလို့ပြောရမှာပါ။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီ အချိန်မရွေး ဖြုတ်ခနဲ ကြွေကျသွားနိုင်တယ်။ ဒီအချိန်မှာ ပိုက်ဆံရဖို့တို့၊ နာမည်ကြီးဖို့တို့ မလိုတော့ပါဘူး။ ကျန်ရှိနေသေးတဲ့ အားအင်ကလေးနဲ့ တိုင်းကျိုးပြည်ကျိုး အများအကျိုးကို သယ်ပိုးထမ်းရွက်လိုတဲ့စိတ်ပဲ ရှိပါတော့တယ်။ ဒီစိတ်ကလေးနဲ့ပဲ ရေးသင့်တယ်ထင်တာလေးတွေ ရေးနေပါတယ်။ အခု ရေးမယ့်ကိစ္စကလည်း ဘယ်သူ့အပေါ်မှာမှ အမြင်မကြည်လင်လို့ မဟုတ်ပါဘူး။ ‘ပညာရှိ သတိဖြစ်ခဲ’ မဖြစ်စေချင်လို့ပါ။
အာဏာရှင်စော်နံ
သတင်းမီဒီယာတွေ နားထောင်၊ ဂျာနယ်တွေဖတ်လုပ်တဲ့အခါတိုင်း သမ္မတကြီး ဦးသိန်းစိန် အပါအဝင် နိုင်ငံခေါင်းဆောင်တွေ နေ့စဉ်နဲ့အမျှ ပြောကြားနေတဲ့ ဒီမိုကရေစီဆိုတဲ့ စကားသံတွေနဲ့ မအပ်စပ်တဲ့စကားသံတွေလည်း ကြားကြားနေရတဲ့ အတွက် ရေးဖြစ်တာပါ။ အဲဒီစကားသံတွေကတော့
“သမ္မတကြီး ညွှန်ကြားတဲ့အတိုင်း”
“သမ္မတကြီး ပြောကြားတဲ့အတိုင်း”
“သမ္မတကြီး ဆုံးဖြတ်တဲ့အတိုင်း” ဆိုတဲ့ အသံတွေဖြစ်တယ်။ ဒီစကားတွေက အရာရာကို သမ္မတကြီး တစ်ယောက်တည်းရဲ့သဘောနဲ့ ဆုံးဖြတ်လုပ်ကိုင်နေတယ်ဆိုတဲ့ အဓိပ္ပာယ်သက်ရောက်ပါတယ်။ အစိုးရအဖွဲ့၊ အထူးသဖြင့် ဒီမိုကရေစီလမ်းကြောင်းလိုက်နေတဲ့ အစိုးရအဖွဲ့ကို ဂုဏ်သိက္ခာကျဆင်းစေတယ်။ အာဏာရှင်စနစ်အောက်မှာဆိုရင်တော့ နားလည်နိုင်တယ်။ ဒါပေမယ့် ဦးသိန်းစိန်အစိုးရဟာ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆိုတော့ အာဏာရှင်စော်နံတဲ့ ဒီစကားမျိုးတွေ မသုံးသင့်တော့ဘူး။
အမြော်အမြင်ရှိသူ
သမ္မတကြီးဦးသိန်းစိန်ဟာ အမြော်အမြင်ရှိပြီး စိတ်နေသဘောထား ပြည့်ဝသူဖြစ်တယ်လို့ သိရှိထားပါတယ်။ ဒီမိုကရေစီစနစ်ကို လိုလားသူလို့လည်း ယုံကြည်ပါတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှုဆန်လွန်းပြီး အာဏာရှင်အနံ့အသက်မကင်းတဲ့ ဒီလို ချီးပင့်မြှောက်စားပြောစကားမျိုးကို နှစ်သက်လိမ့်မယ်လို့ မထင်ဘူး။ အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်တို့၊ ပြည်သူ့လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်တို့ဆိုတဲ့ အသုံးအနှုန်းမျိုးကိုသာ ကျင့်သားရအောင် သုံးသင့်တယ်။
အပ်ကြောင်းထပ်အောင် သုံး
အစိုးရဘက်ကတင် ဒီစကားမျိုး သုံးနေတာမဟုတ်ဘူး။ နိုင်ငံရေးပါတီတွေဘက်ကလည်း ဒီစကားမျိုးကို အပ်ကြောင်းထပ်အောင် သုံးနေကြတယ်။ ဆေးခန်းဖွင့်ပွဲလုပ်တာလည်း “အန်တီစု ညွှန်ကြားချက်အရ”၊ ပရဟိတကျောင်းဖွင့် စာသင်တာလည်း “အမေစု တာဝန်ပေးချက်အရ”၊ စာကြည့်တိုက်ဖွင့်တာလည်း “အန်တီစု လမ်းညွှန်ချက်အရ” ဆိုတာမျိုးချည်း ကြားနေရတယ်။ ဒီစကားတွေကြားရတော့ တစ်ခေတ်တစ်ခါက ဘောလုံးပွဲနိုင်တာလည်း “ဥက္ကဋ္ဌ မော်ခေါင်းဆောင်မှုကြောင့်”၊ ရေနံတွင်းတွေ့တာလည်း “ဥက္ကဋ္ဌမော်ကြောင့်”၊ မီးရထားလမ်းဖောက်နိုင်တာလည်း “ဥက္ကဋ္ဌမော်ကြောင့်” ဆိုတဲ့ အသံတွေညံနေအောင် ကြားခဲ့ရတာကို ပြန်အမှတ်ရမိတယ်။
အရိယာ မဟုတ်
ဒေါ်အောင်ဆန်းစုကြည်လည်း ဉာဏ်ပညာကြီးသူ၊ စိတ်နှလုံးဖြူစင် သန့်ရှင်းသူ၊ တရားရှိသူဖြစ်တယ်ဆိုတာ နည်းနည်းလေးမှ ယုံမှားသံသယ မရှိပါဘူး။ တိုင်းပြည်နဲ့လူမျိုးအတွက် ကိုယ်ကျိုးစွန့်လွှတ်တဲ့နေရာမှာလည်း အံ့မခန်းလောက်အောင်ကို ဖြစ်ပါတယ်။ ဒါပေမယ့် သမ္မတဦးသိန်းစိန်တို့ ဒေါ်အောင်ဆန်းစုကြည်တို့ဆိုတာ အရိယာတွေ မဟုတ်ကြဘူး။ ပုထုဇဉ်တွေသာ ဖြစ်ကြတယ်။ ပုထုဇဉ်လူသားမှန်သမျှ ချီးပင့်မြှောက်စားမှုမှာ သာယာတတ်တယ်။ ကောင်းတဲ့စကားကို ကြားလိုတယ်။ ဂုဏ်ပြုခံရရင် ဝမ်းသာပီတိဖြစ်တတ်တယ်။ ဒါ သဘာဝဖြစ်တယ်။
ငါမှငါ
ချီးပင့်မြှောက်စားမှုကတစ်ဆင့်တက်ရင် ပုဂ္ဂိုလ်ကိုးကွယ်မှု ဖြစ်သွားတတ်ပါတယ်။ ပုဂ္ဂိုလ်ကိုးကွယ်မှု လွန်ကဲလွန်းရင်၊ ကိုးကွယ်ခံရသူမှာ ငါမှငါဆိုတဲ့ အတ္တစိတ်ကြီးထွားလာလေ့ရှိတယ်။ ဒီမိုကရေစီကို ချစ်မြတ်နိုးသူတိုင်း ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုကို ရှောင်ရှားနိုင်အောင် အထူးသတိထားကြဖို့ လိုအပ်ကြောင်း သတိပေးရေးသားလိုက်ပါတယ်။
Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment