Monday, October 10, 2011

မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်ကို သွား၊ မြစ်ဆုံကိစ္စ ထပ်ဆွေးနွေးဖို့ သဘောတူ

မြန်မာဘက်က ရပ်ဆိုင်းထားတဲ့ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းအရေးနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ အကျေအလည် ညှိနှိုင်းဖြေရှင်းသွားမယ်လို့ တရုတ်နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အထူးသံတမန်အဖြစ် တရုတ်နိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ဆန္ဒအရဆိုပြီး သမ္မတ ဦးသိန်းစိန်က မြစ်ဆုံစီမံကိန်းကို အနည်းဆုံး လက်ရှိအစိုးရ သက်တမ်းမှာ ဆက်မလုပ်တော့ဘူးလို့ သမ္မတ ဦးသိန်းစိန်က ကြေညာခဲ့ပြီးတဲ့နောက် တရုတ်အစိုးရဘက်က သူတို့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို အကာအကွယ်ပေးဖို့ သတိပေးခဲ့ပါတယ်။

 
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးဟောင်းဖြစ်တဲ့ မစ္စတာ ချန်ရွေးရှန် (Cheng Rui-Sheng) ကတော့ မြစ်ဆုံ စီမံကိန်းကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်စရာမရှိဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် မြန်မာဘက်က နိုင်ငံခြားရေးဝန်ကြီးကို အရေးပေါ်စေလွှတ်ရတာကိုကြည့်ရင်တော့ တရုတ်နိုင်ငံဘက်က ဒီကိစ္စနဲ့ ပတ်သက်ပြီး တစုံတရာ ဖိအားပေးတယ်လို့ ယူဆစရာအကြောင်းတော့ ရှိနေပါတယ်။

တရုတ်ဘက်က စာရင်းဇယားတွေအရ မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ဒေါ်လာ ၁၂.၃ ဘီလျံရှိပြီး မြစ်ဆုံစီမံကိန်းတခုတည်းရဲ့ ရင်းနှီးမှုပမာဏဟာ ၃.၆ ဘီလျံဒေါ်လာ ရှိပါတယ်။

မြစ်ဆုံကိစ္စ တရုတ်နဲ့ မြန်မာ အစိုးရကြား ထပ်ပြီးဆွေးနွေးဖို့ သဘောတူ

 
မြန်မာသမ္မတ ဦးသိန်းစိန်က သူတို့ကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဆိုင်းထားခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး နောက်ထပ် ဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ မြန်မာအစိုးရဘက်က သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ရန်ဂျီချားနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ မနေ့က တနင်္လာနေ့တုန်းက ဘေဂျင်းမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာပါ။

တရုတ်အစိုးရအာဘော် ဆင်ဟွာသတင်းမှာ ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေ ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံအနေနဲ့ ဒီကိစ္စအပေါ် သင့်တင့်လျောက်ပတ်အောင် ညှိနှိုင်းကြဖို့ သဘောတူခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃ဝ ရက်နေ့တုန်းက သမ္မတ ဦးသိန်းစိန်က ဒေါ်လာ သန်း သုံးထောင်ကျော် ကုန်ကျမယ့် မြစ်ဆုံ စီမံကိန်းကို ရပ်ဆိုင်းထားဖို့ ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် ဒီစီမံကိန်းကို အကောင်အထည်ဖော်တဲ့ တရုတ်ကုမ္ပဏီက အကြီးအကျယ်ဝေဖန်တာကို ခံခဲ့ရပါတယ်။

ဒါပေမယ့် ဒီ မြစ်ဆုံစီမံကိန်းဟာ ဧရာဝတီမြစ်ရဲ့ ဂေဟစံနစ်ကိုပျက်စီးစေပြီး ဒေသခံ ရွာသားတွေရဲ့ အိုးအိမ်၊ ယာမြေတွေ ပြောင်းရွေ့ အခြေအနေမဲ့ဖြစ်စေတာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူတွေက ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။

သတင်း ဘီဘီစီ
ဓာတ်ပုံ - အေပီ


 

No comments: