Sunday, August 28, 2011

နိုင်ငံရေးလုပ်တယ်ဆိုတာ လွယ်တယ် ထင်သလား (လူထု စိန်ဝင်း)


 

သင်္ကြန်ပြီးစ တရက်မှာ ကျောင်းသားဟောင်း သုံးလေးဦး ရောက်လာပြီး ထူးထူးဆန်းဆန်း စကားဆိုပါတယ်။ ၂၀၁၀ ခုနှစ်မှာ ကျင်းပဖို့ကြေညာထားတဲ့ ရွေးကောက်ပွဲအတွက် သူတို့ ပါတီထူထောင်ပြီး ရွေးကောက်ပွဲဝင်မှာဖြစ်လို့ သူတို့ပါတီရဲ့ နာယက အဖြစ် တင်မြှောက်တာကို လက်ခံပေးပါဆိုတဲ့ စကားဖြစ်တယ်။ ကြားကြားချင်း အံ့အားသင့်သွားပေမယ့် နောက်တော့ ပြုံးလိုက်မိပါတယ်။

နိုင်ငံရေးဆိုတာ

နိုင်ငံရေးလုပ်တယ်ဆိုတာ လွယ်လွယ်လေး ထင်မှတ်နေကြတာကိုးလို့ တွေးမိပြီး ပြုံးမိတာပါ။ သူတို့အားလုံးကို သင်တန်း လာတက်စဉ်ကတည်းက လက်ပွန်းတတီး ရှိခဲတာကြောင့် ကောင်းကောင်းကြီး ရင်းနှီးပါတယ်။ သင်တန်း မတက်ကြတော့တဲ့အခါမှာ စီးပွားရေးနယ်ထဲ ရောက်သွားကြပေမယ့်လည်း ပညာဒါနကိစ္စတွေမှာ အတူတူ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြတာကြောင့် သူတို့တတွေမှာ စိတ်ကောင်းစေတနာရှိကြတယ်ဆိုတာ ကောင်းကောင်း သိပါတယ်။

ဒါပေမယ်လို့ နိုင်ငံရေးလုပ်တယ်ဆိုတာက ပရဟိတလုပ်ငန်းလုပ်သလို စိတ်ကောင်းစေတနာ တခုတည်းနဲ့ လုပ်လို့ရတာ မဟုတ်ဘူးလေ။ စီးပွား ကုန်သွယ်ရေးတို့၊ ဖွံ့ဖြိုးတိုးတက်ရေးတို့၊ စက်မှုလုပ်ငန်းတို့၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းတို့ဆိုတာတွေ နှံ့နှံ့စပ်စပ် လေ့လာသိရှိထားဖို့လိုတယ်။
ဒါတင်မက နိုင်ငံတကာရေးရာတို့၊ တရားဥပဒေအရေးတို့ဆိုတာလည်း တီးမိခေါက်မိဖို့ လိုသေးတယ်။


ဒါတွေ အားလုံးထက် ပိုပြီး အရေးကြီးတဲ့ အချက်ကတော့ အသင်းအပင်း အဖွဲ့အစည်းနဲ့ လုပ်တတ်ကိုင်တတ်ဖို့ ဖြစ်တယ်။ နိုင်ငံရေး လုပ်တယ် ဆိုတာက တဦးကောင်း တယောက်ကောင်း လုပ်လို့ရတာမျိုး မဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ စုစည်းပြီး လုပ်ရတာ ဖြစ်တယ်။ အဖွဲ့အစည်းဆိုတာ လူပေါင်းစုံ ပါဝင်နေတာဖြစ်တဲ့အတွက် “လူအမျိုးမျိုး စိတ်အထွေထွေ” ဆိုတဲ့ စကားလို အတွေးအခေါ် အယူအဆ အမျိုးမျိုး၊ စရိုက်အမျိုးမျိုး၊ အကြိုက်အမျိုးမျိုးတွေ ရောထွေးနေကြမှာပဲ ဖြစ်တယ်။

အနည်းစုက အများစုကိုနာခံ

မတူခြားနားတဲ့ အတွေးအခေါ် အယူအဆမျိုးစုံကြားမှာ ကိုယ့်အယူအဆကို လူအများ လက်ခံအောင်လုပ်ဖို့ အင်မတန် ခက်သလို၊ အများစုရဲ့အယူအဆကို ကိုယ်က လက်ခံနိုင်အောင် လုပ်ရတာလည်း အင်မတန်မှကို မလွယ်ကူတဲ့ကိစ္စ ဖြစ်တယ်။ အဖွဲ့အစည်းနဲ့လုပ်တဲ့အခါမှာ ကိုယ့်အယူအဆနဲ့မတူလို့ မနာခံဘူး၊ လိုက်မလုပ်ဘူးလို့ နေလို့မရဘူးလေ။ ကိုယ်နဲ့ မတူပေမယ့် အများစုရဲ့ဆုံးဖြတ်မှုကို အနည်းစုက နာခံရတာဟာ ဒီမိုကရေစီ ကျင့်စဉ် ဖြစ်တယ်။

နိုင်ငံရေး လုပ်တယ် ဆိုတာ မိမိယုံကြည်ရာ ဝါဒသဘောတရားတွေကို အသင်းအပင်း အဖွဲ့အစည်းနဲ့ စုပေါင်းလုပ်ကြတာ ဖြစ်တယ်။ ဒီအတွက် ဝါဒ သဘောတရားတွေကို ကောင်းကောင်း နားလည်ဖို့လိုသလို အသင်းအပင်း အဖွဲ့အစည်းနဲ့ လုပ်ပုံ လုပ်နည်းတွေကိုလည်း သဘောပေါက် နားလည်ထားဖို့ လိုပါတယ်။ စံနစ်တကျ လေ့လာသင်ယူမှု မပြုဘဲနဲ့တော့ လုပ်နိုင်ဖို့ မလွယ်ပါဘူး။ အဲဒါကြောင့်လည်း ‘နိုင်ငံရေးသိပ္ပံ’ ကို ပညာရပ်တခုအဖြစ် လေ့လာသင်ယူနေကြရတာ ဖြစ်တယ်။ ကျောင်းတွေမှာ မသင်ခဲ့ရရင်တောင် ကိုယ်တိုင် လေ့လာအားထုတ်မှုတော့ အများကြီး ပြုထားမှ ဖြစ်ပါလိမ့်မယ်။ ဘာလေ့လာမှုမှ မရှိဘဲနဲ့ ပါတီတခုဝင်လိုက်တာနဲ့ နိုင်ငံရေးသမား ဖြစ်သွားနိုင်တာ မဟုတ်ပါဘူး။

အဲဒါကြောင့် ကျောင်းသားဟောင်းတွေ ပါတီထောင်မယ်ဆိုတာကို ပြုံးမိတာဖြစ်တယ်။

သတင်းသမားအစွဲမထား

သူတို့ပါတီမှာ နာယက တင်မြှောက်ပါရစေ ဆိုကိုတော့ အပြတ်ငြင်းလိုက်ပါတယ်။ သူတို့ပါတီ ထောင်မှာကို မကန့်ကွက်ပါဘူး၊ တတ်နိုင်တာရှိရင်လည်း ဘေးက ကူပါမယ်။ ဒါပေမယ့် ပါတီနာယက မဆိုထားနဲ့ ပါတီဝင်တောင် မလုပ်ပါရစေနဲ့လို့ ပြောလိုက်ရပါတယ်။ “ဘာ့ကြောင့်လဲ၊ ဆရာတို့မှ မလုပ်ရင် ဘယ်သူလုပ်မှာလဲ” မေးခွန်းတွေ တယောက်ပြီးတယောက် ကျွက်ကျွက်ညံအောင် မေးကြတာပေါ့။

“တသက်လုံး သတင်းစာသမားလုပ်လာခဲ့တာ ဖြစ်သလို မသေမချင်းလည်း သတင်းစာသမားပဲ လုပ်နေမှာမို့ ဘယ်ပါတီမှ ဝင်လို့မဖြစ်ပါဘူး” လို့ ဖြေလိုက်ပြီး သတင်းမီဒီယာသမား ဆိုတာ ကိုယ်ပိုင်ယုံကြည်ချက်ကို စိတ်ထဲမှာပဲထားပြီး အလုပ်ထဲမှာ ပါတီစွဲ၊ ဝါဒစွဲ မထားရတဲ့အကြောင်း ရှင်းပြရပါတယ်။ သူတို့ကို ရှင်းပြရင်းနဲ့ စိတ်က အတိတ်ကို ပြန်ရောက်သွားပါတယ်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း အတူတကွ လုပ်ခဲ့ကိုင်ခဲ့ကြတဲ့ စာရေးဆရာ၊ သတင်းစာဆရာတွေ အကုန်လောက်နီးပါး ပါတီတွေထောင်ကြ၊ ပါတီဝင်တွေလုပ်ကြ ဖြစ်ကုန်ကြပါတယ်။ အဲဒီတုန်းကလည်း ပါတီဝင်ဖို့ ဝိုင်းပြောခဲ့ကြလို့ ငြင်းခဲ့ရတာပါပဲ။ “လွတ်လပ်တဲ့ သတင်းသမားပဲ ဆက်လုပ်ချင်လို့ပါ” ဆိုပြီး ငြင်းခဲ့တာပါ။

ရေးသင့်ရေးထိုက်တာ ရေးမှာပဲ

အဲဒီလိုငြင်းတော့ ရင်နှီးတဲ့မိတ်ဆွေတချို့က နောက်ပြောင်ပြီး “ကျုပ်တို့ အစိုးရဖြစ်ရင်ရော ဝင်မပါဘူးလား” လို့ ပြောကြတယ်။ အဲဒီတော့ ... “ခင်ဗျားတို့အစိုးရဖြစ်ရင် ကျုပ်တို့ကိုတော့ အင်္ဂလိပ်ခေတ်ကလို ဘီကလပ်လေးတော့ ပေးပါဗျာ” လို့ ပြန်ဖြေလိုက်ပါတယ်။

မိတ်ဆွေတွေ အစိုးရဖြစ်သွားလည်း ကိုယ်တိုင်ကတော့ သတင်းစာသမားပဲလုပ်ပြီး ရေးသင့် ရေးထိုက်တာ မှန်သမျှ ရေးမှာပဲလေ။ ရေးသင့်ရေးထိုက်လို့ ရေးတာတွေကို အရေထူထူနဲ့ ခံနိုင်ရည်ရှိတဲ့ အစိုးရ ဆိုတာ ဘယ်မှာရှိတာမှတ်လို့။ ဒီတော့ ဒီမိုကရေစီအစိုးရလက်ထက်လည်း သတင်းသမားကတော့ ထောင်ထဲရောက်မှာပဲ။

ဦးကြီး ဆရာကြီး ရွှေဥဒေါင်းတို့၊ ဦးလေး လူထုဦးလှတို့၊ ဆရာဗန်းမော်တင်အောင် တို့လို သတင်းစာဆရာ စာရေးဆရာကြီးတွေကို ထောင်ထဲပို့ခဲ့တာ ဦးနု၊ ဦးဗဆွေ၊ ဦးကျော်ငြိမ်း၊ ဗိုလ်ခင်မောင်ကလေးတို့ရဲ့ ဖဆပလ ဒီမိုကရေစီ အစိုးရပဲလေ။ သတင်းသမားကတော့ ဘယ်ခေတ်ရောက်ရောက် မှန်တာရေးမှာပဲ။ ဒီတော့ ထောင်ထဲ ရောက်ကြမှာပဲ။ ဒါကြောင့် ဘီကလပ်လေးတော့ ပေးပါလို့ မိတ်ဆွေများကို ကြိုပြောထားရတာ။

လူငယ်တွေသာလုပ်နိုင်တယ်

ပါတီထောင်မယ်ဆိုတဲ့ တပည့်တွေတော့ တော်တော်စိတ်ပျက်သွားကြပုံ ရပါတယ်။ “ကျွန်တော်တို့က ဆရာ့အားကိုးပြီး လုပ်ကြတာ” လို့ ဝမ်းနည်းစကား ဆိုပါတယ်။ ထုံးစံအတိုင်းပဲ ဘယ်သူ့မှ အားမကိုးဘဲ ကိုယ့်အား ကိုယ်ကိုး၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး လုပ်ကြစမ်းပါလို့ပဲ ပြောလိုက်ရတယ်။

ဟုတ်တယ်လေ။ လူငယ်တွေရဲ့ အားမာန်၊ ဇွဲသတ္တိနဲ့ ခေတ်ပညာတွေကသာ ခေတ်ကြီးကို ပြောင်းပစ်နိုင်တာ မဟုတ်လား။ နောက်ပြီးတော့ မှန်တာပြောရရင် ကျွန်တော်တို့ အသုံးမကျလို့သာ တိုင်းပြည်ကြီး ရေစုန်မျောခဲ့ရတာ ဖြစ်တယ်။ မြန်မာပြည်လောက် သယံဇာတတွေ ချမ်းသာကြွယ်ဝတဲ့နိုင်ငံ ကမ္ဘာမှာတောင် ဘယ်လောက် များများစားစား ရှိလို့လဲ။ ဒီလိုနိုင်ငံမျိုးကိုတောင် တိုးတက်အောင် မလုပ်နိုင်တာ ကျွန်တော်တို့ ညံ့လို့ပဲ။ ဒါကို ငြင်းလို့မရဘူး။ အခုခေတ် လူငယ်တွေကျမှပဲ ရွှေပြည်ကြီးကို ရောက်အောင် ကျွန်တော်တို့အားလုံးကို ခေါ်ဆောင်နိုင်လိမ့်မယ်လို့ အကြွင်းမဲ့ ယုံကြည်ထားပါတယ်။

၇ ကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ ညီလာခံတွင် ထုတ်ဝေ ဖြန့်ချိခဲ့သည့် လူထုရနံ စာစုများ စာအုပ်မှ ကောက်နုတ် ဖော်ပြပါတယ်။


 

No comments: