Monday, August 29, 2011

နိုင်ငံ့ဝန်ထမ်းများနဲ့ လွတ်လပ်စွာ ပြောဆိုခွင့် (လူထုစိန်ဝင်း)

"အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်သွားသူတွေကို ပြန်လာခွင့်ပြုမယ်လို့ 
ပြောပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိုချစ်လို့ ဘယ်မှ ထွက်မသွားဘဲ နေရစ်ခဲ့သူတွေကို ပြန်လာခွင့် မပေးသေးတာကတော့ မသင့်တော်ပါဘူးလို့ ထောက်ပြရမယ်။ ဒီလူတွေကို အိမ်ပြန်ခွင့် ပေးလိုက်မယ်ဆိုရင် တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားကြရမှာဆိုတာကိုလည်း ..."

လွတ်လပ်တဲ့ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းများဟာ နိုင်ငံတိုင်းနဲ့ လူမျိုးတိုင်းအတွက် အင်မတန် အရေးကြီးတယ် ဆိုတာကို တကမ္ဘာလုံး သိကြတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှသိတာ မဟုတ်ဘူး။ အာဏာရှင်တွေလည်း သိ၊ ဖက်ဆစ်တွေလည်း သိတယ်။

စံတင်လောက်အောင်တော်တဲ့ ဟစ်တလာ

သိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို အာဏာသိမ်းပွဲတခုဖြစ်ပြီဆိုရင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကို အစိုးရရုံး သမ္မတအိမ်တော်၊ လွှတ်တော်တို့နဲ့အတူ အရင်ဆုံး သိမ်းပိုက်ကြတယ်။ ဒီမိုကရေစီ အစိုးရတွေက သတင်းမီဒီယာရဲ့ တန်ဖိုးကိုသိပေမယ့် တန်ဖိုး သိပ်ထားလေ့ မရှိကြဘူး။ သူတို့အတွက် အသုံးချလို့ ရရုံလောက်သာ နေရာပေးကြတယ်။ အာဏာရှင်တွေနဲ့ နာဇီတွေ ဖက်ဆစ်တွေကတော့ သတင်းမီဒီယာရဲ့ တန်ဖိုးကို ကောင်းကောင်းသိသလို ကောင်းကောင်းလည်း အသုံးချကြတယ်။


ဂျာမန်အာဏာရှင်ကြီး ဟစ်တလာဟာ သတင်းမီဒီယာကို အသုံးချတဲ့ နေရာမှာ စံတင်လောက်အောင် တော်တဲ့သူ ဖြစ်တယ်။ စစ်အတွင်း နာဇီ အသံလွှင့်ဌာနက လွှင့်လိုက်တဲ့ သတင်းတွေဟာ နာဇီတို့ရဲ့ စစ်ရေး အောင်မြင်မှုတွေကို အများကြီး အထောက်အကူ ပြုခဲ့တယ်။

ဒီအသံလွှင့်ချက်တွေကြောင့် ဂျာမန်တွေ ရေလက်ကြားကိုဖြတ်ပြီး နက်ဖြန်ပဲ လန်ဒန်မြို့ကြီးကို ရောက်တော့ မလိုလို၊ သန်ဘက်ခါပဲ လေထီးတပ်တွေ ရောက်လာတော့ မလိုလိုနဲ့ အင်္ဂလန် တကျွန်းလုံး ထိတ်လန့်ချောက်ချား ဖြစ်ကုန်ကြရတယ်။ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချိရေး တာဝန်ခံ ပြန်ကြားရေးဝန်ကြီး ‘ဂိုဘယ်’ ကို ဂျာမန်ပြည်သူတွေ အားလုံးနဲ့ နာဇီတပ်တွေကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတယ်။

ဟောရောရှိနဲ့ ဘန်ဇိုင်း

အာရှတိုက်က ဂျပန်ဖက်ဆစ်တွေလည်း အလားတူ အသံလွှင့်ဝါဒဖြန့် လုပ်ငန်းကို ကောင်းကောင်းကြီး အသုံးချခဲ့တာပါပဲ။ ‘အာရှတိုက် သာတူညီမျှရေး’ နဲ့ ‘မဟာအာရှ ထူထောင်ရေး’ ဆိုတဲ့ တိုကျို အသံလွှင့်ဌာနရဲ့ ဝါဒဖြန့်ချိရေး မှိုင်းလုံးကြီးတွေဟာ ဗြိတိသျှရဲ့ ကိုလိုနီ ထမ်းပိုးအောက်က ရုန်းထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့ကြတဲ့ အာရှနိုင်ငံအားလုံး အပေါ်မှာ အများကြီး ရိုက်ခတ်ခဲ့တယ်။

ကျွန်တော်တို့ဆီမှာ ဘယ်လောက်ထိ သြဇာလွှမ်းမိုးခဲ့သလဲဆိုရင် ပါးရိုက် နားရိုက် အလုပ်ခံနေရတဲ့ကြားကတောင် လက်သီးဆုပ်ကို ဆန့်တန်းပြီး “နီပွန်ဘိရုမာ ဘန်ဇိုင်း၊ ဘန်ဇိုင်း” လို့ အော်တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဂျပန်စကား မတတ်ပေမယ့် မြန်မာလူမျိုးတိုင်း “ယောရောရှိ” နဲ့ “ဘန်ဇိုင်း” တော့ ကောင်းကောင်း ပြောတတ်နေကြတယ်။

ဝန်ကြီးနဲ့ တန်းတူ

စစ်အေးကာလ တလျှောက်လုံးမှာလည်း အရှေ့ဥရောပ နိုင်ငံအားလုံးမှာ သတင်းမီဒီယာလုပ်ငန်းကို ကောင်းကောင်း အသုံးချခဲ့တယ်။ ပရာဗဒါလိုတပ်စ်လို သတင်းစာနဲ့ သတင်းဌာနကြီးတွေရဲ့ အယ်ဒီတာချုပ်တွေဟာ
ဝန်ကြီးတွေလောက်နီးပါး အာဏာရှိခဲ့ကြတယ်။ နိုင်ငံခြားကိုစေလွှတ်တဲ့ သတင်းထောက်တွေဆိုရင်လည်း သံအမတ်ကြီးတွေနဲ့ တန်းတူလောက် သဘောထားကြတယ်။ တချို့သတင်းထောက်တွေဆို
သံအမတ်ကြီးတွေထက်တောင် သြဇာရှိကြတယ်။ စိတ်ချရတဲ့ လက်ရွေးစင်တွေကိုမှရွေးပြီး နိုင်ငံခြား သတင်းထောက် အဖြစ် စေလွှတ်တာဖြစ်တယ်။

အဲဒါကြောင့် ဒီလူတွေဟာ တော်လည်းတော်ကြတယ်။ နှမြောစရာကောင်းတာက လူတော်တွေရဲ့ အရည်အချင်းတွေ လုပ်ရည်ကိုင်ရည်တွေဟာ ပြည်သူလူထုအတွက် ဖြစ်ရမယ့်အစား သူတို့ပါတီရဲ့ အကျိုးစီးပွားအတွက် သက်သက် အဟောသိကံ ဖြစ်ပြီး ဆုံးရှုံးသွားရတာပဲ။

ပြည်သူလူထုမှတပါး

ဒီမိုကရေစီနိုင်ငံတွေက သတင်းစာဆရာ စစ်စစ်တွေကတော့ သူတို့ကို သတင်းစာဆရာအဖြစ် သတ်မှတ်လေ့ မရှိကြဘူး။ ဝါဒါဖြန့်ချိရေး အရာရှိတွေလို့ပဲ သဘောထားကြတယ်။ သတင်းသမား ဆိုတာ ပြည်သူလူထုမှတပါး ဘယ်သူ့သစ္စာခံမှ မဖြစ်ရဘူးဆိုတဲ့ ပြဋ္ဌာန်းချက်ကို သိပ်အလေးထားကြတယ်။

သတင်းသမားစစ်စစ်ဟာ ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်ရဘူး။ အစိုးရရဲ့မျက်နှာကို မကြည့်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ မျက်နှာကိုလည်း မကြည့်ရဘူး။ ဘယ်သူ့ အထောက်အပံ့ကိုမှလည်း မခံယူရဘူး။ တစုံတဦး ဒါမှမဟုတ် တပါတီ တဖွဲ့တစည်းရဲ့ အထောက်အပံ့ကို ရယူလက်ခံမိရင် ဘယ်နည်းနဲ့မှ ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား မဖြစ်နိုင်တော့ဘူး။ ထောက်ပံ့ ကူညီတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်ရဲ့မျက်နှာကို ငဲ့ကြည့်ရတော့မှာ အသေအချာဖြစ်တယ်လို့ ထောက်ပြလေ့ ရှိကြတယ်။

တန်ဖိုးထားလေးစား

ဒီလို ကျင့်ဝတ်တွေကို လိုက်နာစောင့်ထိန်းတဲ့ သတင်းမီဒီယာတွေဆိုရင် စာဖတ်ပရိသတ် ပြည်သူလူထုကသာ မဟုတ်ဘူး အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေကလည်း တန်ဖိုးထား လေးစားကြတယ်။ ထိုက်တန်တဲ့နေရာကို ပေးကြတယ်။ ရှေးက နယူးယောက်တိုင်း၊ ဝါရှင်တန်ပို့စ်တို့လို သတင်းစာတွေနဲ့ တိုင်းမ်မဂ္ဂဇင်းလို သတင်းမဂ္ဂဇင်းကြီးတွေက အယ်ဒီတာတွေ သတင်းထောက်တွေ မော်စကို သွားရင် ကရင်မလင်က ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က လက်ခံတွေ့ဆုံလေ့ရှိတယ်။

မြန်မာပြည်မှာလည်း ဗိုလ်ချုပ်နေဝင်း အစိုးရ လက်ထက်က ကျင်းပတဲ့ အလုပ်သမား ညီလာခံ တောင်သူလယ်သမား ညီလာခံ ဆိုတဲ့ ညီလာခံကြီးတွေမှာ ဆရာကြီးရွှေဥဒေါင်းလို၊ ဆရာဇဝနလို၊ ဆရာလူထုဦးလှလို အယ်ဒီတာကြီးတွေကို ရှေ့ဆုံးတန်း ဗိုလ်ချုပ်နေဝင်းဘေးမှာ နေရာပေးပြီး ထိုင်စေတာ ဖြစ်တယ်။

သီလ၊ သမာဓိ၊ သိက္ခာရှိရှိ

အခု အစိုးရ လက်ထက်မှာလည်း သမ္မတသစ် ဦးသိန်းစိန်ရဲ့ တိုင်းပြည်ကို ပြောကြားတဲ့ ပထမဆုံး မိန့်ခွန်းမှာတောင် စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါပုံကို အသိအမှတ်ပြု တန်ဖိုးထားပြီး ပြောကြားသွားခဲ့တယ်။ နောက်ပြောကြားတဲ့ မိန့်ခွန်းတိုင်းမှာလည်း စတုတ္ထမဏ္ဍိုင်အကြောင်း အမြဲလိုလို ပါခဲ့တယ်။ အစိုးရကိုယ်တိုင်က အခုလို အလေးအနက်ထား ပြောကြားနေချိန်မှာ သတင်းမီဒီယာသမားများဘက်ကလည်း သီလ၊ သမာဓိ၊ သိက္ခာရှိရှိနဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။

ဗိုလ်ချုပ်နေဝင်းဘေးမှာ နေရာပေးခံခဲ့ရတဲ့ သတင်းစာဆရာကြီးတွေလို သတင်းသမား ဒီနေ့ ဘယ်နှယောက်များ ရှိသလဲသို့ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်ကြဖို့ လိုတယ်။ အနာပေါ်တုတ်ကျ ဖြစ်ကြရင်လည်း မတတ်နိုင်ဘူး။ မှန်တဲ့အတိုင်းပြောရမယ်ဆိုရင် လက်ချိုး ရေကြည့်တဲ့အခါမှာ လက်တဖက်တောင် ပြည့်အောင် မရှိပါဘူးလို့ပဲ ပြောလိုက်ပါရစေ။

ဒါလောက် မညံ့ဘူး

အစိုးရက အသိအမှတ်ပြု နေရာပေးတယ်ဆိုရင် ကိုယ့်ဘက်ကလည်း ထိုက်တန်အောင်တော့ ကြိုးစားရမှာ ဖြစ်တယ်။ အစိုးရ လုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိပြောတဲ့ ရေးတဲ့သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ်။

ဥပမာအနေနဲ့ပြောရရင် ဒီနေ့ အစိုးရက လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲဖို့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ကောင်းတယ်။ ဒါကြောင့် ကောင်းတယ်လို့ ပြောရဲရမယ် ရေးရဲရမယ်။ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်ကြီးတွေကိစ္စကို ပြန်လည် သုံးသပ်လေ့လာနေပါတယ်လို့ ပြောတာ ကောင်းတယ်။ ကောင်းတယ်လို့ ထောက်ခံရဲရမယ်။

သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံတာဟာ အင်မတန် ကောင်းတယ်။ ထောက်ခံကြိုဆိုရမယ်။ အထူးသဖြင့် ဗိုလ်ချုပ်ဓာတ်ပုံ ချိတ်ဆွဲထားတဲ့နေရာမှာ ဓာတ်ပုံတွဲရိုက်ပြီး တိုင်းပြည်က သိအောင်ပြလိုက်တာဟာ အစိုးရအနေနဲ့ ချစ်ကြည်ရင်းနှီးလိုစိတ်ရှိကြောင်း ပြသတဲ့ လက္ခဏာတရပ် ဖြစ်တယ်။ ဝမ်းသာအားရ ကြိုဆို ထောက်ခံရမယ်။

မကြောက်မရွံ့ထောက်ပြ

အလားတူပဲ မသင့်လျော်ဘူးလို့ ထင်မြင် ယူဆစရာများရှိရင်လည်း မကြောက်မရွံ့ ထောက်ပြရမှာ ဖြစ်တယ်။ ဥပမာ စက်မှု(၁)က မော်တော်ကားရောင်းတဲ့ကိစ္စမျိုး ဆိုပါတော့။ လောလောဆယ် လွှတ်တော် ကိုယ်စားလှယ်တွေကို ရောင်းပေးတယ်။ နောက်ကျရင် တတ်သိ ပညာရှင်တွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ စာရေးဆရာတွေနဲ့ စာနယ်ဇင်းသမားတွေကို ရောင်းပေးမယ် ဆိုတဲ့ ကိစ္စမျိုးဟာ ဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိစေရဘူး။ အခွင့်ထူးခံ လူတန်းစား မရှိစေရဘူး ဆိုတဲ့ သမ္မတကြီးနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ ပြောကြားခဲ့တဲ့ စကားတွေနဲ့ ဆန့်ကျင်နေတယ်။

ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့လည်း ဖီလာ ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားဆိုတာ လုံးဝ မရှိရဘူး။ စာရေးဆရာမို့ စာနယ်ဇင်းသမားမို့ သာမန် ပြည်သူတွေထက် ပိုပြီး အခွင့်အရေး မယူသင့်ဘူး ဆိုတာကို ထောက်ပြရမယ်။

ဘယ်မှမသွားသူတွေ ပြန်လာစေသင့်

ပလက်ဖောင်းပေါ်က လမ်းဘေးဈေးသည်တွေ အားလုံးကို ရှင်းလင်း ဖယ်ရှားပစ်နေချိန်မှာ မီဒီယာကော်နာဆိုတဲ့ ဆိုင်ကြီးတွေက ထီးထီး ကျန်ရှိနေတာက မတင့်တယ်ဘူး။ အခွင့်ထူးခံတွေလို ဖြစ်နေတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ ရောက်သွားသူတွေကို ပြန်လာခွင့်ပြုမယ်လို့ ပြောပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိုချစ်လို့ ဘယ်မှ ထွက်မသွားဘဲ နေရစ်ခဲ့သူတွေကို ပြန်လာခွင့် မပေးသေးတာကတော့ မသင့်တော်ပါဘူးလို့ ထောက်ပြရမယ်။ ဒီလူတွေကို အိမ်ပြန်ခွင့် ပေးလိုက်မယ်ဆိုရင် တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားကြရမှာ ဆိုတာကိုလည်း ရေးရဲရမယ်။

ဝန်ထမ်းကြီးငယ်များပါ

နောက်ဆုံး ပြောချင်တာကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ ရေးသားခွင့် ဆိုတာက ရိုးရိုး အရပ်သူ၊ အရပ်သားများသာ ခံစားခွင့်ရှိတာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေထဲမှာ ပါဝင်နေတဲ့ အရာထမ်း
အမှုထမ်းတွေမှာလည်း ခံစားခွင့်ရှိကြောင်း ဝန်ထမ်းကြီး ဝန်ထမ်းငယ်အားလုံး သိရှိအောင် လုပ်ပေးဖို့လိုကြောင်း ထောက်ပြသင့်တယ်။

ရပ်ကွက်တခုမှာ လူသတ်မှု၊ ဒါမှမဟုတ် လုယက်မှု ဖြစ်တယ်ဆိုရင် ရပ်ကွက်မှာ
တာဝန်ယူထားရတဲ့ ရဲစခန်းကို သတင်းထောက်က သွားမေးလိမ့်မယ်။ အဲဒီအခါ ရဲစခန်းက တာဝန်ရှိသူ ဘယ်သူမဆို ဖြစ်စဉ်အတိုင်း ဒါမှမဟုတ် “ပထမ သတင်းပေး တိုင်ကြားချက်(FIR)” မှာ ရေးမှတ်ထားတဲ့ အတိုင်းပြောခွင့်ပေးထားလိုက်ရင် အထက်ဆင့်တွေထိ မလိုအပ်ဘဲ အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့။
အလေ့အကျင့်လုပ် အလားတူပဲ ရပ်ကွက်ထဲက မီးလောင်တဲ့သတင်းကို သက်ဆိုင်ရာ မီးသတ်ဌာနက တာဝန်ရှိသူက ဖြေလိုက်ပေါ့။

ဒီမိုကရေစီနိုင်ငံတွေမှာ ဗဟိုက ချုပ်ကိုင်တဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ဆိုတာမျိုး ထားလေ့မရှိပါဘူး။ ဌာနဆိုင်ရာ ဝန်ထမ်းတိုင်း သူတို့ရဲ့ ဝတ္တရားနဲ့ တာဝန်ယူမှုကို မှန်မှန်ကန်ကန် ကျင့်သုံးတတ်အောင် အလေ့အကျင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ဝန်ထမ်းတွေနဲ့လည်း အကျုံးဝင်ကြောင်း ထောက်ပြသင့်တယ်လို့ ထောက်ပြလိုက်ရပါတယ်။

Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။


No comments: