Friday, August 5, 2011

ထားပါတော့ … ကျဆုံးလေပြီးသော ရာဇဝင်ထဲမှာသာ ထားလိုက်ပါတော့ … (ဆောင်းလူ)



ထားပါတော့ ..
ဘဝမှာ ကိုယ့်ဘာသာ စိတ်နာနေရတာနဲ့
လုပ်သင့်တာ မဖြစ်ခဲ့ရဘူး …။

ထားပါတော့ …
တောကြောင်တွေ လက်ခမောင်းခတ်ပွဲမှာ
မြှားပစ်သူမုဆိုး ကျွန်တော်မျိုး ဘယ်နည်းနဲ့မှ မဖြစ်လိုဘူး။

ထားပါတော့ …
ဆည်ဝကစောင့်တဲ့ ဗျိုင်း* တွေကို အငြိုးတကြီးမုန်းနေလို့
ဒီစနစ်ဆိုးကို တွန်းလှန်မပစ်နိုင်ဘူး ...။


ထားပါတော့ …
ကျွန်ဝယ်ရာ အဆစ်ပါပါနေရတဲ့ လက်သိပ်ထိုးယဉ်ကျေးမှုမှာ
ကာလ်ချာရှော့ခ်* ဖြစ်နေလို့ အပြီးမသတ်သေးဘူး။

ထားပါတော့ …
အိမ်ပြန်ချိန်သီချင်းတပုဒ်တောင် မဆုံးသေးတာ
ကမ္ဘာမကြေ သီချင်းတပုဒ် ပြောင်းဆိုဖို့ဆိုတာ တကယ့်ကို မသင့်သေးဘူး …။

ထားပါတော့ …
သံတူကြောင်းကွဲ ငြိမ်းချမ်းရေးအတွက်
အလံတဝက် ထူသင့် မထူသင့်ဆိုတာ မဆုံးဖြတ်ဝံ့သေးဘူး …။

ထားပါတော့ …
သိက္ခာငတ်တဲ့ ဘဝမှာ
ငါးမျှားချိတ်ရောင်မြင်ပေမယ့် ရက်စက်လွန်းတဲ့ငါးစာကို မစွန့်လွှတ်ဝံ့ဘူး …။

ထားပါတော့
သွေးဝနေတဲ့ မြို့*ဟာ ကဇော်တွေဖောက် အချဉ်တွေပေါက်ပြီး
ခွေခေါက်နေရတာ မဆန်းတော့ဘူး …။

ထားပါတော့ …
ထားပါတော့ …
တကယ့်ကို ထားပါတော့ …
ကျဆုံးလေပြီးသော ရာဇဝင်များကို
ကွင်းခေါင်ခေါင်မှာ
နေလောင်လောင်မှာ
အတိတ်မေ့သလိုသာ ထားခဲ့ပါတော့ …။

ထားပါတော့ … ထားပါတော့ဗျာ …
ကဗျာမဟုတ်တဲ့ ကဗျာတပုဒ်ကို ဒီအတိုင်းသာ ထားလိုက်ပါတော့ …


ဆည်ဝကစောင့်တဲ့ ဗျိုင်း* - ကဗျာဆရာ ကမာပုလဲ၏ စကားလုံးအား ခွင့်မတောင်းဘဲ ယူသုံးပါသည်။
ကာလ်ချာရှော့ခ်* - culture shock
သွေးဝနေတဲ့ မြို့* - ကဗျာဆရာ နေသွင်၏ စကားလုံးအား ခွင့်မတောင်းဘဲ ယူသုံးပါသည်။

No comments: