Tuesday, August 16, 2011

တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့ (၂) - လူထုစိန်ဝင်း

ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့ ဂျာနယ်အားလုံးလိုလို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့သတင်းကို မင်္ဂလာသတင်းအဖြစ် ဝမ်းသာအားရ ဖော်ပြကြတယ်။ ဒါတင်မက ဆောင်းပါးတွေရေးပြီးလည်း ကြိုဆိုထောက်ခံကြတာ တွေ့ရတယ်။

အားလုံး ကြိုဆိုထောက်ခံ

ဂျာနယ်တချို့က နိုင်ငံရေးပါတီ အသီးသီးနဲ့ အလွှာပေါင်းစုံက ပြည်သူများရဲ့ အာဘော်ကို ဖော်ပြရာမှာ အားလုံး အားတက်သရော ထောက်ခံကြတာ တွေ့ရတယ်။ ‘အလဲဗင်း’ အွန်လိုင်းသတင်းစာမှာ ဖော်ပြထားတဲ့
စာရေးသူရဲ့ ‘တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့’ ဆောင်းပါးကို ဖတ်ရှုပြီး ထင်မြင်ချက်ပေးသူ အားလုံးကိုလည်း ကြိုဆို ထောက်ခံကြတာကို ထူးထူးခြားခြား တွေ့ရတယ်။ 

အွန်လိုင်းမှာ ထင်မြင်ချက် ဝင်ပေးတယ်ဆိုတာက ဘယ်သူဘယ်ဝါ နာမည်မဖော်ဘဲ ရေးကြတာဆိုတော့ အားလုံး ထောက်ခံတာမျိုး ရှိခဲတယ်။ တခါတလေ မူရင်းအကြောင်းအရာကို သေးသိမ်သွားအောင် တမင်တကာ ဝင်နှောက်သူ တယောက်ကြောင့် ထင်မြင်ချက်ပေးသူချင်း ရန်ဖြစ်ကြတာနဲ့ပဲ အချိန်ကုန်သွားတာမျိုးတွေ ရှိတယ်။

နေနဲ့ လကို တသလို

ဂျာနယ်ဆောင်းပါးရှင်တွေရေးတဲ့ ဆောင်းပါးအားလုံးမှာလည်း တွေ့ဆုံပွဲမှတဆင့် အဓိပ္ပာယ် ပြည့်ဝပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲများဖြစ်လာဖို့ မျှော်လင့်ကြောင်း သိသိသာသာ ဖော်ပြထားကြတယ်။ ပြည်သူအားလုံးကလည်း အလွန့်အလွန် လိုလား တောင့်တနေကြတယ်။

‘ကမ္ဘာဦးလူတို့ နေနဲ့လကို တောင့်တကြသလို’ လို့ ပြောရင်တောင် ဒေါသသင့်ရာ ရောက်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အသက် ၇၀ တန်းရောက်နေပြီဖြစ်တဲ့ စာရေးသူတောင် ငြိမ်းချမ်းခြင်း စတဲ့ အမြိုက်အရသာတွေကို တကြိမ်တခါမှ ပြည့်ပြည့်ဝဝ မခံစားခဲ့ရဖူးလေတော့ ငယ်ရွယ်သူတွေဆို ပိုဆိုးမှာပေါ့။

ကိုယ်စိတ်နှစ်ပါး ချမ်းသာဖို့

ဒီခေတ် လူလတ်ပိုင်းနဲ့ လူငယ် အများစုက သန်းခေါင်ယံ အလည်လာသူများ (midnight visitors) များ ကြီးစိုးတဲ့ ခေတ်တခေတ်ကို ကြုံဖူးခဲ့ကြလေတော့ အခု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြရာမှာ အရင် အကြိမ်တွေနဲ့မတူ သတင်းမီဒီယာတွေကို တွေ့ဆုံခွင့်ပေး၊ မေးတာကိုဖြေ လုပ်ခဲ့ရုံသာမက ပူးတွဲကြေညာချက်ပါ ထုတ်ခဲ့တာကြောင့် ဒီတကြိမ်တော့ တကယ်ထူးပြီဆိုပြီး ရွှင်လန်းအားရ ဖြစ်နေကြတယ်။ 

ဒါတင်မက ‘ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်’ ဆိုတဲ့ ပူးတွဲကြေညာချက်ကြောင့် ပိုပြီး အားတက်ကြရတာ ဖြစ်တယ်။

ဘာကို လိုလားတောင့်တသလဲ

ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးဆိုတာ ဘာလဲ။ ပြည်သူတွေက ဘာကို လိုလားတောင့်တနေကြသလဲ။ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့ ပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ စိုက်ပျိုးရေး ဆက်စပ် လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေကြပြီး ကျေးလက်ဒေသများမှာ နေထိုင်ကြတယ်။ အများစုက မူလတန်းနဲ့ အလယ်တန်း ပညာလောက်ပဲ သင်ခဲ့ကြရတယ်။ ကျေးလက် လူ့အဖွဲ့အစည်းမို့ အနေအထိုင် ရိုးသားတယ်။

လိုအပ်မှုလည်း နည်းတယ်။ ဆန်းပြား ထွေလီမှု (sophisticated) သိပ်မရှိဘူး။ အနေရိုးသလို သူတို့ရဲ့ လိုလား တောင့်တမှုလည်း ရိုးစင်းတယ်။ မြို့နေ ပညာတတ်တွေလို ‘ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ်အောင်’ မလုပ်တတ်ကြဘူး။

ချစ်တီးကို ကြောက်ရသလို

ရှစ်ဆယ်ရာခိုင်နှုန်းမက ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိတဲ့ သာမန် ပြည်သူတွေအားလုံးရဲ့ လိုလားတောင့်တချက်က မိရိုးဖလာ လုပ်ကိုင်စားသောက်နေတဲ့ အလုပ်အကိုင်လေးတွေကို အေးအေးချမ်းချမ်း အကြောက်အလန့်ကင်းကင်း လုပ်ကိုင် စားသောက်ပြီး နေချင်တာလောက်ပါပဲ။ ဒါထက် တဆင့်တိုးပြီး တောင့်တရမယ် ဆိုရင်တော့ ထွန်တုံးပိတ်ချိန်တွေမှာ ရှင်ပြုနားသ အလှူမင်္ဂလာတွေ၊ ဘုရားပွဲတွေ ပျော်ပျော်ပါးပါး ကျင်းပချင်တယ်။

လွတ်လွတ်လပ်လပ် သွားချင်လာချင်တယ်။ ပြောချင် ဆိုချင်တယ်။ ကြည့်ချင် မြင်ချင်တယ်။ ဒီမိုကရေစီတွေ၊ အော်တိုကရေစီတွေ၊ ဟိုလူးရှင်း၊ ဒီလူးရှင်းတွေကို နားမလည်ပါဘူး။ စိတ်လည်း မဝင်စားပါဘူး။ ကိုယ့်လယ်လေး ကိုယ်စိတ်ချလက်ချ လုပ်ခွင့်ရရင်ပဲ ကျေနပ်ပါတယ်။ သူ့ကျွန်ဘဝ နေရစဉ်ကလို ချစ်တီးက လယ်လာသိမ်းမှာကို တကြောင့်ကြကြနဲ့ ကြောက်လန့်နေရတဲ့ ဘဝမျိုး ဘယ်သူမှ ပြန်မရောက်ချင်ကြတော့ဘူး။

ပဋိညာဉ် ကတိကဝတ်နဲ့

ကိုးဆယ့်ငါး ရာနှုန်းလောက်ရှိတဲ့ ပြည်သူတွေ လိုလားတောင့်တနေကြတဲ့ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နေနိုင်တဲ့ ဘဝမျိုးကို အမြန်ဆုံးရရှိအောင် ဆောင်ရွက်ပေးဖို့အတွက် နိုင်ငံအုပ်ချုပ် မင်းလုပ်တဲ့ အစိုးရများနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေမှာ လုံးဝ တာဝန်ရှိပါတယ်။ တိုင်းကျိုးပြည်ကျိုးနဲ့ ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်ပါမယ် ဆိုတဲ့ ပဋိညာဉ် ကတိကဝတ်နဲ့ နိုင်ငံ့ဘဏ္ဍာက လစာ ရိက္ခာကို ရယူခံစားနေကြသူများ မဟုတ်လား။ ဒီတာဝန်ကို ကျေကျေပွန်ပွန် မထမ်းဆောင်နိုင်ရင် ပဋိညာဉ် ချိုးဖောက်ရာ ရောက်ပါတယ်။

အားလုံးရဲ့ တာဝန်

နိုင်ငံ့တာဝန်ဆိုတာ အင်မတန် ကြီးလေးတဲ့ တာဝန်ကြီး ဖြစ်တယ်။ အစိုးရဆိုတဲ့ အဖွဲ့အစည်း တခုတည်းအားနဲ့ မလုံလောက်ဘူး။ နိုင်ငံအရေး လုပ်မယ်ဆိုတဲ့ နိုင်ငံရေး အဖွဲ့အစည်းအားလုံး လူပုဂ္ဂိုလ်အားလုံး ပါဝင် လုပ်ဆောင်ကြဖို့ လိုတယ်။ သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ သူ့လူကိုယ့်လူ၊ သူ့ဝါဒ ကိုယ့်ဝါဒဆိုတဲ့ ဂိုဏ်းဂဏ အမြင်တွေနဲ့ မကြည့်ဘဲ တိုင်းပြည်အတွက် ဆိုတဲ့ ပန်းတိုင်တခုတည်းကိုကြည့်ပြီး ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ အထူးသဖြင့် ငါတို့မှ တိုင်းပြည်ချစ်တယ်၊ ငါတို့သာ တိုင်းပြည်ကို ကယ်တင်နိုင်တယ်ဆိုတဲ့ အတ္တစွဲနဲ့ မာန်မာန တိမ်သလ္လာဖုံးနေမှုတို့ကို လုံးဝ ဖယ်ရှားစွန့်ပစ်နိုင်ရမှာ ဖြစ်တယ်။

ကာလရှည်ကြာ ကင်းကွာ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနှုန်းများနဲ့ ကင်းကွာခဲ့တာ နှစ်ပေါင်းငါးဆယ် ရှိတော့မှာ ဖြစ်တယ်။ ဒီကာလရှည်ကြီးအတွင်းမှာ တပါတီ တဖွဲ့တစည်းတည်းရဲ့သဘောနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ဖြစ်လေတော့ မုန်းတီးနာကြည်းမှုတွေ၊ တဖက်နဲ့တဖက် အပြန်အလှန် မယုံသင်္ကာ ဖြစ်မှုတွေ၊ ကိုယ့်အဖွဲ့အစည်း တည်တံ့ဖို့အတွက် ကိုယ်နဲ့မတူတဲ့ တခြား အဖွဲ့အစည်းအားလုံးကို ချေမှုန်းပစ်ရမယ်ဆိုတဲ့ အာဃာတတွေဟာ ဟိုဘက် ဒီဘက် အဖွဲ့အစည်းအားလုံးမှာ ရှိခဲ့ကြတယ်။ ဒါဟာ အပြစ်ဆိုစရာတော့ မဟုတ်ဘူး။ မငြိမ်းချမ်းတဲ့၊ တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အခြေအနေမှာ ဒါမျိုးတွေဟာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်တယ်။

တိုးတိုးသားမဟုတ်

ခုအချိန်မှာတော့ ဒီမိုကရေစီ ဆိုတဲ့ စကားဟာ နှစ်ကိုယ်ကြား ပြောရတဲ့ ‘တိုးတိုးသား’ မဟုတ်တော့ဘူး။ အာဏာရ အစိုးရ ကိုယ်တိုင်က နေ့စဉ်နဲ့အမျှ တဖွဖွပြောနေတဲ့စကား ဖြစ်နေပြီ။ လတ်တလောလေးမှာတင် အစိုးရအဖွဲ့က ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး ‘ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးအတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်’ ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ သတင်းသမားတယောက်ရဲ့ မျက်စိထဲမှာတော့ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းတွေ အများကြီး ရှိနေတာကို မြင်နေတာကြောင့် မျှော်လင့်ချက် ရောင်ခြည်ကလေး ခပ်ရေးရေး သန်းလာတယ်။

အပြန်အလှန်လေးစား

တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့၊ အောင်မြင်ဖို့အတွက် ပထမဆုံး လိုအပ်ချက်က နှစ်ဖက်စလုံး ဒါမှမဟုတ် သုံးဖက် လေးဖက်စလုံးရဲ့ စိတ်အခံတွေမှာ သူ့ဘက်ငါ့ဘက် ဆိုတဲ့ အမြင်တွေကို ဖျောက်ပစ်ဖို့ လိုပါလိမ့်မယ်။ သူ့ဘက် ငါ့ဘက်ဆိုတဲ့ အခြေခံကနေတဆင့်တက်ပြီး ‘ငါနဲ့မတူ ငါ့ရန်သူ’ ဆိုတဲ့ စိတ်ဓာတ်တွေ ပေါ်ထွက်လာစေပါတယ်။

မတူခြားနားတဲ့ အယူအဆတွေ ကိုယ်စီ ရှိနေကြတာကို အပြန်အလှန် အသိအမှတ်ပြု လေးစားပြီး တူညီတဲ့ပန်းတိုင် အတွက်အတူ လက်တွဲလုပ်လို့ ရတာတွေကိုအတူ တွဲလုပ်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တယ်။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြားမှာ ကွဲလွဲချက်တွေ ရှိနေတာကို လတ်တလော မကိုင်တွယ်ကြသေးဘဲ တူညီချက်တွေကို ရှာပြီး အရင်ဆုံး ကိုင်တွယ်သင့်ကြတယ်လို့ ယူဆပါတယ်။

အားရှိသူနိုင်မြဲ

မြန်မာနိုင်ငံမှာ ရှိနေတဲ့ အဖွဲ့အစည်းအားလုံးမှာ မတူညီတဲ့ မူဝါဒလမ်းစဉ်တွေ ရှိနေကြပေမယ့် ဒီမိုကရေစီနိုင်ငံကြီး တည်ထောင်ချင်တယ် ဆိုရာမှာ တူကြတယ်။ အားလုံးဟာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ချစ်ကြတယ်။ 

တိုင်းပြည်နဲ့လူမျိုး ပျောက်မသွားဖို့ အသက်ပေးကာကွယ်ကြမယ်ဆိုတဲ့ အချက်မှာ တူကြတယ်။ ဒီတူညီချက်တွေပေါ် အခြေခံပြီး ရှေ့ဆက် လုပ်စရာတွေ လက်တွဲ လုပ်ဆောင်လို့ ရတယ်။ အန္တရာယ်တွေကို စုပေါင်း ကာကွယ်နိုင်ကြတယ်။ မြန်မာနိုင်ငံဆိုတာက လူဦးရေ ပေါက်ကွဲထွက်လုမတတ် များပြားတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ညပ်နေတဲ့ နိုင်ငံ သေးသေးလေးတခုသာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သူတို့ နိုင်ငံကြီးနှစ်ခုက ပြည်နယ်တခုရဲ့ လူဦးရေလောက်တောင်ရှိတာ မဟုတ်ဘူး။ နောက်ပြီး ကမ္ဘာကြီးတခုလုံးက ဒီမိုကရေစီခေတ်လို့ ဘယ်လောက်ပဲ အော်နေအော်နေ တကယ်တော့ ‘အားရှိသူ အနိုင်ရစမြဲ’ (might is right) ဆိုတဲ့ စစ်ဘုရင်ဝါဒက ကြီးစိုးနေဆဲ ဖြစ်တယ်။

အန္တရာယ်တွေ ရှိနေတယ်

လူဦးရေနည်းပြီး စီးပွားရေးအရ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ မြန်မာနိုင်ငံအဖို့ စီးပွားရေး အရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ ဘက်ပေါင်းစုံက ဝါးမြိုခံရနိုင်တဲ့ အန္တရာယ် အမြဲတမ်း ရှိနေတယ်။ 

တိုင်းပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေနဲ့ သစ်တောဝါးတောကြီးတွေ ပျောက်ကွယ်သွားမယ့် အန္တရာယ်လည်း ရှိနေတယ်။ အဲဒီနောက်က ကပ်ပါလာတဲ့ ဥတုရာသီ ဖောက်ပြန်မှုတွေနဲ့ အယ်လ်နီညိုတို့၊ လာနီညာတို့ရဲ့ အန္တရာယ်တွေလည်း ရှိနေတယ်။ ဒီလို အန္တရာယ်တွေ ကျရောက်လာရင် အစိုးရတဖွဲ့တည်းခံရမှာ မဟုတ်ဘူး။ နိုင်ငံရေး အဖွဲ့အစည်းတွေသာ ခံရမှာ မဟုတ်ဘူး။ တတိုင်းတပြည်လုံး ပြည်သူတွေအားလုံး ခံကြရမှာ။ သဘာဝဘေးဆိုး ကပ်ဆိုးတွေ ကြောက်စရာကောင်းသလို လူလုပ် ဘေးဆိုးကပ်ဆိုးတွေကလည်း ကြောက်စရာကောင်းပါတယ်။

မလွဲဧကံ

ဒီအန္တရာယ်တွေကို ဘုံရန်သူအဖြစ် သဘောထားပြီး ‘အရေးကြီးက သွေးစည်းကြ’ ဆိုသလို အားလုံး လက်တွဲ ကာကွယ်ကြဖို့ လိုတယ်။ ‘ငါနဲ့မတူ ငါ့ရန်သူ’ စိတ်ဓာတ်တွေစွန့်ပစ်ပြီး ခံစရာရှိရင် အားလုံးအတူတူခံကြရမှာပဲ။ အားလုံး ‘ဆိုးတူကောင်းဘက်’ တွေပဲ ဆိုတဲ့ စိတ်ဓာတ်မျိုးမွေးကြရမယ်။ တဦးနဲ့တဦး သံသယစိတ်တွေနဲ့ တံဆိပ် အမျိုးမျိုးတပ်၊ နာမည် အမျိုးမျိုးပေးနေတာတွေ ရပ်ပစ်ပြီး တိုင်းပြည်နဲ့လူမျိုး မပျောက်ဖို့ဆိုတဲ့စိတ် တမျိုးတည်းနဲ့ ဆောင်ရွက်သွားကြရင် ပြည်သူလူထုတရပ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ကြရမှာ မလွဲဧကံပါပဲလို့ ပြောလိုက်ချင်ပါတယ်။

Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။



 

No comments: