Wednesday, August 17, 2011

ဗွီအိုအေပရိသတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဗုဒ္ဓဟူး, 17 သြဂုတ် 2011

ဒီသီတင်းပတ်အတွက် လက်ခံရရှိခဲ့တဲ့ မေးခွန်းလေးခုကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာမှာ နိုင်ငံရေးသမားတယောက် လိုက်နာရမယ့် ကျင့်ဝတ်တွေက ဘာတွေလဲ၊ နိုင်ငံရေးသမားဆိုတာ ဘယ်လိုလူမျိုးဖြစ်ပြီး နိုင်ငံရေး လုပ်စားသူဆိုတာက ဘယ်လိုလူမျိုးလဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ တွေ့ဆုံဆွေးနွေးရေးဆိုတာကို သံသယအမြင်နဲ့ ချဉ်းကပ်ပြီး မေးထားတာပါသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးအောင်ကြည်တို့ရဲ့ ဒုတိယအကြိမ် တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီးတော့လည်း မေးထားပါတယ်။

နိုင်ငံရေးသမားကျင့်ဝတ်၊ ပါတီအပေါ် သစ္စာရှိ၊ တာဝန်သိတာတွေနဲ့ပတ်သက်ပြီး မေးထားသူကတော့ ရွှေဘိုမြို့က ကိုသူရအောင် ဖြစ်ပါတယ်။

မေး။ ။ အန်တီခင်ဗျား၊ နိုင်ငံရေးသမားဟောင်းကြီးတွေ ပြောဖူးလို့ မှတ်သားဖူးပါတယ်၊ စာအုပ်တအုပ်လည်း ဖတ်ဖူးပါတယ်၊ နိုင်ငံရေးသမားတယောက် လိုက်နာရမယ့် ကျင့်ဝတ်၊ သီလ၊ သိသင့်သိထိုက်တဲ့ အချက်အလက်၊ ပါတီအပေါ် သစ္စာရှိခြင်း၊ တာဝန်သိခြင်း စသဖြင့်ပါ။ ကျွန်တော်မေးချင်တာက ပါတီဝင်တွေ အထူးလိုက်နာဖို့ စာအုပ်တအုပ်သော်လည်းကောင်း၊ အန်တီ့အနေနဲ့ နိုင်ငံရေးအခြေပြ မိန့်ခွန်းသော်လည်းကောင်း ပြောကြားဖို့ အစီအစဉ် ရှိမရှိ သိချင်ပါတယ်။ ကျွန်တော် ဒီမေးခွန်းကို မေးရတာက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံရေး လုပ်ဆောင်နေသူတွေမှာ ပါတီရဲ့မူဝါဒကိုသွေဖီတဲ့ အပြောအဆို အပြုအမူတွေ မြင်တွေ့နေရလို့ပါ။ ကျေးဇူတင်ပါတယ်၊ အန်တီစု ကျန်းမာချမ်းသာပါစေ။

ဖြေ။ ။ အန်တီတို့ NLD က အနှစ်နှစ်ဆယ်ကျော်အတွင်း နိုင်ငံရေးပါတီတခုလို လှုပ်ရှားလုပ်ပိုင်ခွင့် ပြည့်ပြည့်ဝဝရတဲ့ အချိန်ဆိုတာ မရှိသလောက်ပါပဲ။ ဒါ့ကြောင့်လည်း နိုင်ငံရေးပါတီဆိုတာ သူ့စည်းမျဉ်း သူ့စည်းကမ်းတွေနဲ့ ရှိတယ်ဆိုတာကို တချို့က နားမလည်ကြတာပါ။

ပါတီရဲ့ စည်းမျဉ်းစည်းကမ်းတွေကို ထုတ်ပြန်ခဲ့တာတွေတော့ ရှိပါတယ်။ သားပြောသလို အများသိစေနိုင်ဖို့ စည်းမျဉ်းစည်းကမ်းတွေ စုပေါင်းပြီး ပြန်လည်ထုတ်ဖို့အကြံဟာ ကောင်းပါတယ်၊ လုပ်ဖြစ်မယ် ထင်ပါတယ်။

ဘယ်လိုလူမျိုးကို နိုင်ငံရေးသမားလို့ခေါ်ပြီး နိုင်ငံရေးလုပ်စားသူဆိုတာက ဘယ်လိုလူမျိုးပါလဲလို့ မေးထားသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့နာမည်ကို အပြည့်အစုံမဟုတ်ဘဲ ခေါ်ဆို ရေးသားနေကြတာတွေအပေါ် မောင်သီဟဆိုတဲ့ သောတရှင်က မေးထားပါတယ်။

မေး။ ။ နိုင်ငံရေးသမားဆိုတာကို အမေ ဘယ်လိုများ အဓိပ္ပာယ်ဖွင့်လိုပါသလဲ။ နိုင်ငံရေး လုပ်စားသူဆိုတာ ဘယ်လို လူမျိုးကို ခေါ်ပါသလဲ။ နောက်တခုက ပြည်ပအခြေစိုက် အွန်လိုင်းမဂ္ဂဇင်းတခုက အမေ့သတင်းတွေနဲ့ ပတ်သက်၍သော်လည်းကောင်း၊ အမေ့ရဲ့ယုံကြည်ချက် လုပ်ဆောင်ချက်နဲ့သော်လည်းကောင်း၊ အမြဲလိုလို မထိခလုတ် ထိခလုတ် မသိမသာ မှားသလိုလိုနဲ့ အယ်ဒီတာ့အာဘော် ဆိုတာမျိုးလိုကနေ စောင့်ကြည့်နေသူများက အကဲခတ်များက ဆိုပြီး တိတိကျကျမဟုတ်ဘဲ ဟိုလိုလို ဒီလိုလို အမြဲရေးတတ်ပါတယ်။

သူတို့ ပေါ်ပေါ်တင်တင်လည်း မလုပ်ရဲပါဘူး။ နောက်တခုက အဲဒီဝက်ဆိုက်ရဲ့ အင်္ဂလိပ်ပိုင်းမှာ အမေ့နာမည်ကို SUU KYI ဆိုပြီး ရှေ့က ဘာနာမ်ပုဒ်မှမထည့်ဘဲ အမြဲရေးပါတယ်။ ထိုင်းက ယင်းလပ်ကိုတောင် မစ်စ်ယင်းလပ်လို့ ခေါ်ဝေါ်တာကို သူတို့ ဘာလို့ ဒီလိုရေးတာလဲဆိုတာ တကယ် နားမလည်မိပါ။ အဲဒီလိုလူမျိုတွေလည်း ရှိနေသေးတယ်ဆိုတာ အမေ သိစေချင်ပါတယ်။

သိရသလောက်ကတော့ အဲဒီလူတွေက လမ်းပေါ်ထွက်ဖို့ အမြဲပြောတတ်သလို အမေ့ရဲ့နည်းဟာ နှစ်တွေကြာပြီး မထိရောက်ဘူးလို့လည်း ပြောပါတယ်။ အဲဒီလိုလူမျိုး မြန်မာပြည်ပြန်လာပြီး ရှေ့ကထွက်ရင် နောက်က ရေဗူးကိုင်ပြီး လိုက်ချင်ပါတယ် အမေ။ ကျေးဇူးပြု ပြီး အမေ့အမြင်ကို ဖြေကြားပေးပါ။

ဖြေ။ ။ နိုင်ငံရေးသမားဆိုတာကတော့ နိုင်ငံရေးအတွက် ဘဝကို မြှုပ်နှံသူလို့ပဲ တိုတိုပြောရမှာပါပဲ။ အမေတို့ ဘေးမှာဆိုရင် တသက်လုံး နိုင်ငံရေးကိုပဲ ဦးစားပေးလို့ ပစ္စည်းဥစ္စာ၊ ရာထူး၊ ဂုဏ် ရနိုင်တဲ့ အရည်အချင်းတွေရှိလျက်နဲ့ ဘာမှသိပ်မရှိရှာတဲ့ ဝါရင့်နိုင်ငံရေးသမားကြီးတွေရှိသလို အိမ်ထောင်မပြုနိုင်၊ ဝင်ငွေကောင်းမယ့်အလုပ် မရှာနိုင်နဲ့ နိုင်ငံရေးနယ်ပယ်ထဲမှာပဲ အမြဲလှုပ်ရှားနေတဲ့ လူငယ် လူလတ်တွေလည်း ရှိပါတယ်။

နိုင်ငံရေးလုပ်စားတဲ့လူဆိုတာကတော့ အခွင့်အရေးသမားလို့ပဲ တိုတိုပြောပါရစေ။ နိုင်ငံရေးလုပ်ခြင်းအားဖြင့် ကိုယ့်အတွက် အကျိုးအမြတ်ရှာတဲ့လူပဲ ဆိုပါတော့။ သားပြောတဲ့ ဝက်ဘ်ဆိုက်တ်လိုဟာမျိုးက ဒီကမ္ဘာကြီးမှာ မထူးဆန်းပါဘူး။ သိပ်မစိုးရိမ်ပါနဲ့။ သားတို့လိုပဲ အကဲဖြတ်တတ်တဲ့လူတွေလည်း အများကြီးရှိပါတယ်။

နယ်သွားမယ့်ခရီးတွေ အဆင်ပြေချောမွေ့ပါစေတဲ့ဆိုတဲ့ ဆုတောင်းစကားနဲ့အတူ ဖြေလို့ရမယ်၊ သိခွင့်ရှိတယ် ဆိုရင်ပေါ့ဆိုပြီး အမေရိကန်ရောက် ကိုထက်အောင်က တွေ့ဆုံဆွေးနွေးရေးဆိုတာအပေါ် သံသယအမြင်နဲ့ မေးမြန်းထားပါတယ်။

မေး။ ။ အန်န်အယ်လ်ဒီက အကြမ်းမဖက်ရေးလမ်းစဉ်ကို ကိုင်စွဲတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံဘူး၊ တွေ့ဆုံ ဆွေးနွေးရေးကိုပဲ သွားမယ်၊ နောင်လာမယ့် ရွေးကောက်ပွဲကိုလည်း ပါဝင်ဖို့ အစီအစဉ် မရှိဘူး၊ နောက်ပြီး ကွန်ယက်အဖွဲတွေနဲ့လည်း ဆက်သွယ်ချိတ်ဆက်တယ်၊ ပါတီ မှတ်ပုံတင်ဖို့လည်း အစီအစဉ်မရှိဘူး၊ အခု နိုင်ငံရေး အခုရီးစဉ်အဖြစ်လည်း သွားလာတော့မယ်၊ ပြည်သူလူထုနဲ့လည်း ဆက်စပ်မှုတွေ လုပ်နေတယ်၊ ၁၉၉၀ ရွေးကောက်ပွဲတုန်းကဆိုရင် အခြေခံဥပဒေတောင် မရှိဘူး၊ ဝင်ပြိုင်ခဲ့တယ်၊ ကျနော်တို့ကိုယ်တိုင် မဲပေးခဲ့တယ်၊ အန်န်အယ်လ်ဒီ အောင်နိုင်ရေး လုပ်ခဲ့တယ်၊ အခုတော့ ဘာအတွက်ကို အားပေးရမှန်းမသိ ဖြစ်နေတယ်။

တွေ့ဆုံဆွေးနွေးရေးကို ကျနော့်အမြင် အစိုးရဘက်က မလုပ်ပါဘူး။ အဲဒါကို အန်န်အယ်လ်ဒီနဲ့ အန်တီစု အသိဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဦးအောင်ကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ၉ ခါလုံးမှာ တိုင်းပြည်ကို နှစ်ဖက်လုံးက ဘာမှမပြောဘူး ဆိုကတည်းက အဆင်မပြေလို့ဆိုတာ ရှင်းပါတယ်။ ကျနော် နားမလည်တာက အဲဒီလို ဆိုရင် ဘာများဆက်လုပ်မှာလဲ ခင်ဗျာ၊ ကျနော်တို့ ဘာကို အားပေးရမှာလဲဆိုတာကို ပြတ်ပြတ်သားသား သိချင်လို့ပါ။ ပြည်သူတဦးအနေဖြင့် တိုင်းပြည်ရဲ့ အပြောင်းအလဲလုပ်မယ့်နေရာမှာ အန်န်အယ်လ်ဒီနဲ့ အန်တီစုကို အဓိကအခန်းကနေ ပါဝင်စေချင်တဲ့ သဘောဖြင့် မေးလိုက်ပါတယ်။

ဖြေ။ ။ ဆွေးနွေးပွဲ ဖြစ်တယ် မဖြစ်တယ်ဆိုတာက အဖြေပေါ်လာမှာပါ။ အလုပ်တခုကို တကယ်ဖြစ်မြောက်စေချင်တယ် ဆိုရင် နည်းအမျိုးမျိုးနဲ့ တစိုက်မတ်မတ် ကြိုးစားရပါလိမ့်မယ်။ နှေးတယ် မြန်တယ်ဆိုတာက အခြေအနေပေါ်မှာတင် မကပါဘူး။ သုံးသပ်တဲ့သူရဲ့အမြင်နဲ့လည်း ဆိုင်ပါတယ်။ အန်တီတို့ရဲ့ မူဝါဒ သဘောတရားတွေကို လေ့လာနေတယ်ဆိုရင် အဓိက ရည်ရွယ်ချက်က ပြည်သူတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး ကိုယ်လိုချင်တာ ကိုယ်ရယူနိုင်ဖို့ ကိုယ်တိုင်ကြိုးစားတဲ့ အလေ့အကျင့် ဖြစ်သွားဖို့ဆိုတာ သိရပါလိမ့်မယ်။

အန်တီတို့လည်း ကိုယ်ဖြစ်စေချင်တဲ့ကိစ္စကို ဖြစ်အောင်ကြိုးစားလုပ်သလို ကိုထက်အောင်တို့လည်း ဖြစ်စေချင်တဲ့ အခြေအနေတွေ ပေါ်လာအောင်လို့ ကြိုးစားပြီးတော့ လုပ်ကြည့်ကြပါ။ အမေရိကန်မှာနေတယ်ဆိုတော့ လုပ်နိုင်တဲ့နည်းတွေ အခွင့်အရေးတွေ အများကြီးရှိမှာပါ။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာအစိုးရဝန်ကြီး ဦးအောင်ကြည်တို့ သြဂုတ်လ ၁၂ ရက်နေ့မှာ တွေ့ဆုံမယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးချိန်မှာ မတွေ့ရခင်ကတည်းက တွေ့ဆုံပွဲအကြောင်း ပြောပြပေးဖို့ ပန်ကြားထားသူကတော့ ဦးထွန်းလှကြီး ဆိုတဲ့ သောတရှင်ဖြစ်ပါတယ်။

မေး။ ။ သြဂုတ်လ ၁၂ ရက်၊ သောကြာနေ့ကျရင် ဒေါ်စုတို့ ထပ်တွေ့ကြမယ်လို့ သတင်းတွေမှာ တွေ့ရပါတယ် ခင်ဗျာ။ ကျနော့်စာကို ဒေါ်စုဖတ်တဲ့အချိန်လောက်ကျရင် တွေ့ပြီးလောက်မယ်လို့ ထင်ပါတယ်။ သိပ်မကြာခင် အချိန်အတွင်း နှစ်ကြိမ်တွေ့ကြတယ်ဆိုတော့ ဝမ်းသာစရာပါပဲ။

ဒုတိယအကြိမ် တွေ့ဆုံပွဲအကြောင်း တတ်နိုင်သလောက် ရှင်းလင်းပြောပြပေးဖို့ ပန်ကြားပါတယ်ခင်ဗျာ။ တွေ့ဆုံဆွေးနွေးပွဲတွေရဲ့ အောင်မြင်မှု၊ တိုးတက်မှု ဆိုတာကို ဒေါ်စုအနေနဲ့ ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ထားပါသလဲခင်ဗျား။

ဖြေ။ ။ ၁၂ ရက်နေ့က ဦးအောင်ကြည်နဲ့ တွေ့ခဲ့ပါတယ်ဆိုတာကို ဦးထွန်းလှကြီးလည်း သိပြီးပြီ ထင်ပါတယ်။ နှစ်ဦးသဘောတူ ထုတ်ပြန်ကြေညာချက်ကိုလည်း ကြားရလောက်ပြီးပြီ ထင်ပါတယ်။ ကျမတို့ နိုင်ငံသူ နိုင်ငံသားတွေတင်မက ကမ္ဘာတလွှားက မြန်မာနိုင်ငံကို စိတ်ဝင်စားသူအားလုံး မျှော်လင့်ချက်များစွာနဲ့ ဒီတွေ့ဆုံမှုတွေ အကြောင်း သိချင်ကြတာ သဘာဝကျပါတယ်။

အမြန်ဆုံးလည်း အများသိချင်တာတွေကို ပြောနိုင်မယ်လို့ မျှော်လင့်ပါတယ်။ လောလောဆယ် သိမ်မွေ့တဲ့အဆင့်မှာ ရှိနေသေးတော့ စိတ်ရှည်ရှည်နဲ့ စောင့်ပေးပါဦးလို့ မေတ္တာရပ်ခံပါရစေ။

အခုနားဆင်ခဲ့ကြရတာကတော့ ဗွီအိုအေသောတရှင်တွေရဲ့ မှတ်ချက်၊ အကြံပေးချက်နဲ့ မေးခွန်းတွေအပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအမြင်နဲ့ အဖြေတွေ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေသောတရှင်တွေရဲ့ အမေးအဖြေ အစီအစဉ်ကို သီတင်းပတ်စဉ် ဗုဒ္ဓဟူးနေ့ မနက်ဘက် တိုက်ရိုက်လေလှိုင်း အစီအစဉ်နဲ့အတူ ထုတ်လွှင့်ပေးနေပြီး စနေ ညဘက် အစီအစဉ်မှာ ပြန်လည်နားဆင်နိုင်ပါတယ်။

ဗွီအိုအေသောတရှင်တွေနဲ့ မြန်မာလူထုအနေနဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတာတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းချင်တာတွေရှိရင် ဗွီအိုအေအီးမေးလိပ်စာ burmese@voanews.com ဆီ စာနဲ့ပဲဖြစ်ဖြစ်၊ အသံဖိုင်နဲ့ပဲဖြစ်ဖြစ် ကြိုတင်ပေးပို့ထားလို့ ရပါတယ်။



 

No comments: