Monday, July 25, 2011

မြန်မာ့နိုင်ငံရေး နှင့် စာပေသောက်ရှူးကြယ်များ (၆)

နိုင်ငံရေး၊ အနုပညာ နှင့် နိုင်ငံရေးသမားများ
ထိန်လင်း

နိုင်ငံရေးနဲ့ အနုပညာအကြောင်း ဆက်စပ်ပြီး စဉ်းစားကြည့်မိတဲ့အခါ မြန်မာပြည်မှာနေတုန်းက ကျနော့် သူငယ်ချင်း မိန်းကလေးတစ်ယောက် ပြောဖူးတဲ့စကားတစ်ခုကို သတိရလိုက်မိပါတယ်။

သူက အန်အယ်လ်ဒီ အဖွဲ့ဝင်တစ်ယောက်ပါ။ သူ့မိသားစုမှာ တက်တက်ကြွကြွလှုပ်ရှားတာ သူပဲရှိပါတယ်။ ဒီတော့ သူ့ကို ကျန်တဲ့သူတွေက ‘နိုင်ငံရေးသမား’ တဲ့။ မြန်မာပြည်မှာက ဒီမိုကရေစီရေးအတွက် လုပ်ကိုင်သူမှန်သမျှကို နိုင်ငံရေးသမားလို့ ကင်ပွန်းတပ်ကြတယ် မဟုတ်လား။ တစ်ရက် အိမ်မှာနေရင်း ကက်ဆက်ဖွင့်ပြီး နားထောင်တော့ သူ့မောင်က ထူးထူးဆန်းဆန်းကြည့်ပြီး စကားတစ်ခွန်းပြောတယ်။

“သြော် … နင်တို့ နိုင်ငံရေးသမားတွေက ဒီလို သီချင်းမျိုးတွေလည်း နားထောင်တတ်သလား” တဲ့။


ဒီအဖြစ်အပျက်ကလေးကို ပြန်စဉ်းစားမိလို့ နိုင်ငံရေးသမား မဟုတ်တဲ့ နိုင်ငံရေးသမားတွေအကြောင်း ပြောပြချင်ပါတယ်။ တစ်ဦးကတော့ ကဗျာဆရာကြီး တင်မိုး ပါ။ ဆရာက စာပေပညာရှင်၊ အနုပညာ မြတ်နိုးသူသက်သက်ပါ။ ပြည်သူတွေ အတိဒုက္ခရောက်နေတာ မကြည့်ရက်လို့ ဒီမိုကရေစီရေး ဘက်တော်သားအဖြစ် ရပ်တည်ရင်း အဖမ်းခံရ ထောင်ချခံရ၊ ပြီးတော့ တိုင်းပြည်ကနေ မခွဲချင်ဘဲ ခွဲရပြီး တိုင်းတပါးမှာ ကွယ်လွန်ခဲ့ရတာပါ။ ဒီလိုပုဂ္ဂိုလ်မျိုးကို နိုင်ငံရေးသမားလို့ သတ်မှတ်လို့ မဖြစ်ပါဘူး။ ပြည်သူရဲ့ဘက်တော်သား၊ ဒီမိုကရေစီရေး ဘက်တော်သား အနုပညာရှင်ကြီးအဖြစ်သာ သတ်မှတ်ရမှာပါ။

အနိဋ္ဌာရုံ မြင်ကွင်းတွေဆိုရင် မမြင်ချင်လို့ တသက်လုံး စစ်ကား၊ သိုင်းကားလို ရုပ်ရှင်ကားတွေကိုတောင် မကြည့်တဲ့ ဆရာက လူထုအပေါ် မတရားပြုကျင့်မှုတွေ များလွန်းလို့ တရားတဲ့ဘက်က ရပ်တည်ခဲ့တာပါ။ ဆရာဟာ ကျောင်းသားလူငယ်တွေကို ချစ်မြတ်နိုးပြီး လူငယ်တွေအဖမ်းခံရ၊ အနှိပ်စက်ခံရတာတွေအပေါ် စိတ်မကောင်းဖြစ်ပြီး ကဗျာတစ်ပုဒ် ရေးသားခဲ့ပါတယ်။ အဲဒီကဗျာက ‘အိမ်လည်ကြူးတဲ့ သား’ ဆိုတဲ့ကဗျာဖြစ်ပြီး အခုလို ရေးသားခဲ့ပါတယ်။

အိမ်လည်ကြူးတဲ့သား

ကာရန်ချိုမြ၊ သွေးစ စွန်းနေတယ်
တယောကြိုးလည်း၊ တီးတိုးငိုကြွေးတယ်
ဂစ်တာတလက်၊ အုတ်ခုံထက်မှာ
အသက်မရှိရှာတော့ဘူး။

အမေ့အိမ်နား၊ ဒီညများမှာ
စစ်သားဖိနပ်၊ တခွပ်ခွပ်နဲ့
ရပ်လို့စောင့်နေတယ်။

အိမ်လည်ကြူးတဲ့သား
မိုးစက်တွေကြားမှာ
ငှက်ဖျားမိနေရော့သလား။

အမေ့နားမှာ
သား ခေါ်သံများ၊ တိုးတိုးကြားလျှင်
နားကိုလှည့်စား၊ ဒီညများ
ဘယ်သွားနေလဲ လူလေးရယ်။

သားတို့ကျောင်းက
ခွပ်ဒေါင်းလံကလေး၊ ရေမြောင်းဘေးမှာ
သွေးတွေစွန်းလျက်၊ ညနေဘက်က
ရပ်ကွက်ထဲက လူတွေ တွေ့ခဲ့သတဲ့။

အမေ့သား …
စကားတိုးတိုး ပြောလှည့်ပါ့။ ။

ဒီကဗျာနဲ့ဆက်စပ်ပြီး ပြောပြချင်သူတစ်ဦးကတော့ ကျောင်းသားတပ်မတော် လို့ခေါ်တဲ့ အေဘီအက်စ်ဒီအက်ဖ်က ရဲဘော်တစ်ဦးပါ။ အေဘီအက်စ်ဒီအက်ဖ် ဆိုရင် ကျောင်းသားတဖြစ်လဲ လက်နက်ကိုင်တပ်သားတွေလို့ စိတ်အာရုံထဲမှာ ပြေးမြင်ကြမယ် ထင်ပါတယ်။ တကယ်တော့ သူတို့မှာလည်း အနုပညာချစ်စိတ်၊ စာပေ မြတ်နိုးစိတ်တွေရှိနေကြတာပါပဲ။ ဒါကို သက်သေပြမယ့်သူက အေဘီအက်စ်ဒီအက်ဖ် ရဲဘော် ကိုဝင်းချို ဖြစ်ပါတယ်။ ကိုဝင်းချိုက ဆရာတင်မိုးရဲ့ အဲဒီကဗျာလေးကို သူ့ဘာသာ သံစဉ်ထည့်ပြီး သီဆိုထားပါတယ်။

ဆရာတင်မိုးရဲ့ကဗျာနဲ့ ကိုဝင်းချိုရဲ့ဂီတကို ဖတ်ရှုနားဆင်ရတဲ့အခါ နိုင်ငံရေးအခြေအနေကြောင့် ထွက်ပေါ်လာတဲ့ အနုပညာတွေနဲ့ အနုပညာကိုပစ်ပြီး နိုင်ငံရေးလှုပ်ရှားဆောင်ရွက်နေသူတွေ ဘယ်လို ဆက်စပ်နေတယ်ဆိုတာ မှန်းဆကြည့်နိုင်ပါလိမ့်မယ်။

တကယ်တော့ မြန်မာပြည်မှာ နိုင်ငံရေးလုပ်တဲ့လူက သီးသန့် လူတန်းစားတစ်ရပ် မဟုတ်ပါဘူး။ စာပေအနုပညာရှင်တွေ၊ အတတ်ပညာရှင်တွေသာ မဟုတ်ဘဲ သာမန်ပြည်သူတွေလည်း ပါဝင်ဆောင်ရွက်နေကြတာဖြစ်ပြီး အားလုံးက ဆိုးဝါးတဲ့အခြေအနေကြီးအောက်မှာ တနည်းမဟုတ်တနည်း ဆက်စပ်နေကြတယ် မဟုတ်ပါလား။ ။

၉၊ ၉၊ ၂ဝဝ၈

No comments: