Friday, July 1, 2011

ဒီနေ့ဖတ်စရာ သတင်းများ (ဇူလိုင်လ ၂ ရက်)

မြန်မာ့ဒီမိုကရေစီလူ့အဖွဲ့အစည်း ရောက်တော့မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ခင်ဦးသာ Friday, 01 July 2011 17:41

မြန်မာပြည်သူလူထု တရပ်လုံး ဒီမိုကရေစီ လူ့အဖွဲ့အစည်းဆီသို့ မကြာမီ ရောက်ရှိတော့မည် ဟုမျှာ်လင့်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ဥရောပနိုင်ငံ တနိုင်ငံဖြစ်သော လစ်သူယေးနီးယား(Lithuania) နိုင်ငံ၌ ဇွန်လ ၃၀ ရက်နေ့က ကျင်းပခဲ့သော ဒီမိုကရေစီ လူထု အခြေပြု အဖွဲ့များ (Community of Democracies) ၀န်ကြီးအဆင့် အစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က ဗီဒီယို မိန့်ခွန်းပြောရာ၌ ထိုသို့ ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

လစ်သူယေးနီးယား နိုင်ငံသည်လည်း ဒီမိုကရေစီရရှိရေးအတွက် မြန်မာနိုင်ငံကဲ့သို့ ကြိုးပမ်းခဲ့ပြီး ဒီမိုကရေစီနိုင်ငံ ဖြစ်ခဲ့ကြောင်း၊ ယခုအစည်းအဝေးအား ဥက္ကဋ္ဌ အဖြစ် တာဝန်ယူ ဆောင်ရွက်နေချိန်သည် မိမိနေအိမ် အကျယ်ချုပ်မှ လွတ်လာချိန်နှင့် တိုက်ဆိုင်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။

နိုင်ငံတကာ၌ ကျင်းပနေသော အစည်းအဝေးများ၊ နှီးနှောဖလှယ်ပွဲများ၊ လွှတ်တော်များသို့ ဗီဒီယိုမိန့်ခွန်းများ ပေးပို့ရာတွင် “မြန်မာနိုင်ငံရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီတိုက်ပွဲကို ၀ိုင်းဝန်းကူညီကြပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က အစဉ် တိုက်တွန်းသည်ကို တွေ့ရသည်။

ဒီမိုကရေစီအရေး လုပ်ဆောင်နေသည့်အတွက် လူထုအခြေပြု အဖွဲ့ကြီးအား ထောက်ခံကြောင်းနှင့် တန်ဖိုးထား ကျေးဇူးတင်ပါကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ထိုအစည်းအဝေးသို့ မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီးယား၊ အိန္ဒိယ စသည့် နိုင်ငံများမှ လူထုအခြေပြု အဖွဲ့များ တက်ရောက်၍ မိမိတို့နိုင်ငံ၏ လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများ၊ နိုင်ငံရေး အခြေအနေများ ကိုဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ဆွေးနွေးခဲ့သော ပြည်ပအခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်၏ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာကလည်း ကချင်ပြည်နယ်အတွင်း ဒေသတချို့၌ မြန်မာအစိုးရ စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်နေမှုနှင့် ကချင်အမျိုးသမီး ၁၈ ဦးအား မုဒိန်းကျင့် စော်ကားမှု ကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ်ဖွဲ့၍ အရေးယူမှု လုပ်ဆောင်ရန် အစည်းအဝေးတွင် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

“အဓိက ဆွေးနွေးခဲ့တာတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခြေအနေတွေ ပိုဆိုးလာတာရယ်၊ ကချင်ဒေသမှာ အမျိုးသမီးတွေကို စစ်တပ်က မုဒိန်းကျင့်၊ သတ်ဖြတ်နေတာတွေ၊ ထိုးစစ်ဆင်နေတဲ့ ကိစ္စတွေ ရယ်ပါ” ဟု ဒေါ်ခင်ဥမ္မာ က ဧရာဝတီကို ပြောသည်။

ယခုလဆန်းပိုင်း၌ ကချင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဇွန်လ ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း အမျိုးသမီး ၁၈ ဦး မုဒိန်းကျင့်ခံရကာ ၄ ဦး အသတ်ခံခဲ့ရကြောင်း၊ ထိုလုပ်ရပ်အား အစိုးရ၏ ခြေမြန်တပ်ရင်း အမှတ် ၄၃၇၊ ခြေလျင်တပ်ရင်း အမှတ်၂၃၇၊ ၁၄၁ ၊ ၁၄၂၊ ၁၃၉ တို့မှ စစ်သားများက ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း ကချင်အမျိုးသမီးအစည်းအရုံးကချင် - ထိုင်းနိုင်ငံ (KWAT) က ဇွန်လ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

လစ်သူယေးနီးယန်း နိုင်ငံတွင် ကျင်းပသည့် အစည်းအဝေးသို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒီမိုကရေစီ ဖွံ့ဖြိုးပြီးနိုင်ငံများ၊ ဖွံ့ဖြိုးဆဲ နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ၊ ၀န်ကြီးများ တက်ရောက်ခဲ့ကြသည်။

မစ္စ ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ အစည်းအဝေး၌ သီးသန့် ထင်မြင်ပြောဆိုခြင်း မရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို အလေးထား မှတ်တမ်းတင်ယူသွားကြောင်း ဒေါ်ခင်ဥမ္မာက ဆိုသည်။

ဟီလာရီကလင်တန်သည် နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူပြီးနောက် မြန်မာအစိုးရနှင့် တိုက်ရိုက်ဆံမှု လုပ်ဆောင်ခြင်းနှင့်အတူ စီးပွားရေး ပိတ်ဆို့ကန့်သတ်မှုများကိုပါ တဘက်မှလုပ်ဆောင်သွားမည်ဟု အမေရိကန် အစိုးရ၏ မူဝါဒကို ပြောဆိုထားခဲ့သည်။

နယူးယောက်မြိုဒီမိုဒဒီမဒီမိုကရေစီ လူထုအခြေပြု အဖွဲ့သည် သက်တမ်း ၁၁ နှစ်ဝန်းကျင်ရှိပြီး ဒီမိုကရေနိုင်ငံများ စုပေါင်းဖွဲ့စည်းထားကာ ဒီမိုကရေစီ ထွန်းကားရေး၊ ရရှိပြီး ဒီမိုကရေစီစနစ်အား ပိုမိုခိုင်မြဲလာရေးအတွက် ဆောင်ရွက်နေသော အဖွဲ့ကြီးတခု ဖြစ်သည်။

ကရင်နယ်ခြားစောင့်ချင်း တိုက်ပွဲ ဖြစ်၊ တပ်ရင်းမှူး တဦးကျ
ဧရာဝတီ Friday, 01 July 2011 15:18

ကရင် နယ်ခြားစောင့်တပ်ဖွဲ့ချင်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားသောကြောင့် နယ်ခြားစောင့်တပ်ရင်းမှူး တဦး ကျဆုံးသွားသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာအနီးရှိ တခွက်ဖိုးရွာ တွင် အစိုးရကို သစ္စာခံသည့် ကရင် နယ်ခြားစောင့်တပ်နှင့် သစ္စာမခံသည့်တပ်များ ယမန်နေ့ညနေ ၄ နာရီခန့်က စတင်ဖြစ်ပွားသည့်တိုက်ပွဲတွင် ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားခြင်း ဖြစ်သည်။

ထိုဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA)ဗဟိုမှ အသွင်ပြောင်းထားသည့် နယ်ခြားစောင့် တပ်ရင်း ၁၀၁၁၊ ၁၀၁၂၊ ၁၀၁၃၊ ၁၀၁၄ စသည့် တပ်ရင်းများအခြေစိုက်ပြီး လက်ရှိအစိုးရ၏ အုပ်ချုပ်မှုအောက်တွင် ဆက်မနေလိုသဖြင့်၊ တပ်ရင်း ၁၀၁၁ မှလွဲ၍ ကျန်တပ်ရင်း ၃ ရင်းမှာ ယခင်လကစ၍ DKBA အဖြစ် ဘက်တံဆိပ်များကိုပြန်လည် တပ်ဆင်ခဲ့ကြပြီး မကျေနပ်မှုများကို အရေးဆိုခဲ့ကြသည်။

အစိုးရကို သစ္စာမခံသည့် နယ်ခြားစောင့်တပ်ရင်း ၃ ရင်းကိုဦးဆောင်သည့် တပ်ရင်း ၁၀၁၂ တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စောဘိ (ဗိုလ်ဘိ)က ယမန်နေ့ညနေတွင် တခွက်ဖိုးရွာ အနီး အခြေစိုက်သည့် တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး စိုးနိုင်၏ တပ်ရင်း ၁၀၁၁ ကို ၀င်ရောက် တိုက်ခိုက်ရာ ဒု ဗိုလ်မှူးကြီး စိုးနိုင် ကျဆုံးသွားရခြင်း ဖြစ်သည်။

၂ နာရီနီးပါးကြာသည့် အဆိုပါတိုက်ပွဲတွင် ဗိုလ်ဘိ ဦးဆောင်သည့်တပ်ဖွဲ့က စစ်ရေးအရ အချက်အခြာကျသည့် မီးဆိုင်းရွာတံတား၊ လက်ခတ်ရွာ တံတားနှင့် အခြား တံတားတစင်းတို့ကို ဖျက်ဆီးလိုက်သည်ဟု ဗိုလ်ဘိအဖွဲ့က ပြောသည်။

တံတား ၃ စင်းဖျက်ဆီးလိုက်သည့် သတင်းနှင့်ပတ်သက်၍ ဧရာဝတီက သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါ။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)တပ်ရင်း ၁၀၁ ၏ တပ်ရင်းမှူး ဒု ဗိုလ်မှူး ကြီးဖောဒိုက“မနေ့ညနေ ၄ နာရီကနေ ၆ နာရီအထိဖြစ်တာ စိုးနိုင်က မြန်မာအစိုးရကိုသစ္စာခံပြီး ကိုယ့်အချင်းချင်းပြန်တိုက်ဖို့လုပ်လို့ ဗိုလ်ဘိအဖွဲ့က သွားတိုက်တာ၊ တိုက်ပွဲမှာစိုးနိုင်ကျသွားတယ်၊ အဲဒီ ဒေသမှာ စစ်ရေးအရ လုံးဝတင်းမာသွားပြီ” ဟုဧရာဝတီသို့ ပြောသည်။

KNLA တပ်မဟာ ၇ ၏ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီကလည်း ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကို အတည်ပြုပြောကြား ပြီး အသေးစိပ် အခြေအနေများကို မသိရှိရသေးကြောင်း ပြောဆိုသည်။

ဗိုလ်ဘိ ဦးဆောင်သောအဖွဲ့သည် လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ညကလည်း ကမမောင်းရွာရှိ အစိုးရ စစ်တပ် ၏ တပ်စခန်းတခုကို ၀င်ရောက်တိုက်ခိုက်ရာ ဒေသခံရွာသားတဦး သေဆုံးပြီး တံတားတစင်း ပျက်စီးခဲ့သည်ဟု ဒေသ ခံရွာသားများက ပြောသည်။

ဘားအံမြို့ခံ ကရင်နိုင်ငံရေးပါတီတခု၏ တာဝန်ရှိသူတဦးက ဘားအံမြို့မှတဆင့် အစိုးရစစ်တပ်များ လှိုင်းဘွဲ့မြို့နယ်ဘက် သို့ ကုန်းလမ်း ရေလမ်းများမှတဆင့် လက်နက် ခဲယမ်းများနှင့် အင်အားတိုးမြှင့်ပို့ဆောင်မှုများ ရှိနေသဖြင့် ကရင်ပြည်နယ် အတွင်း မကြာမီ စစ်မီး တောက်လောင်နိုင်သည်ဟု သုံးသပ်ပြောကြားသည်။

ဗိုလ်ဘိ ဦးဆောင်သည့်အဖွဲ့ကို ပြန်လည်စည်းရုံး၍နားချပေးရန် ကရင်ပြည်နယ်အစိုးရအဖွဲ့ က DKBA နာယက ဆရာတော် နှင့် အကြံပေးအဖွဲ့များကို စေလွှတ်ခဲ့သော်လည်း ဗိုလ်ဘိ ခွဲထွက်အဖွဲ့က လုံးဝလက်ခံခြင်းမရှိဟုလည်း ၎င်းကပြောသည်။

DKBA သည် ယခင် နအဖ စစ်အစိုးရ ကမ်းလှမ်းသည့် နယ်ခြားစောင့်တပ်အဖြစ် ၂၀၁၀ ပြည့်နှစ် သြဂုတ်လ ၁၈ ရက်နေ့မှ စတင် အသွင်ပြောင်းခဲ့ပြီး လက်ရှိတွင် တပ်ရင်း ၁၀ ရင်းရှိရာ အင်အား၂၀၀၀ ၀န်းကျင်ရှိကြောင်း DKBA တာဝန်ရှိသူများက ပြောဆိုထားသည်။

ဗိုလ်မှူးကြီး စောလားပွယ် ဦးဆောင်သည့် DKBA တပ်မဟာ ၅ တပ်ဖွဲ့သည် နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံဘဲရွေး ကောက်ပွဲ ကျင်းပနေသည့်၂၀၁၀ နိုဝင်ဘာ ၇ ရက်နှင့် ၈ ရက်နေ့များမှစတင်၍ ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်များကို တိုက်ပွဲများ ဆင်နွှဲခဲ့သည်။

DKBA သည် ၁၉၉၄ ခုနှစ်တွင် KNU မှ ခွဲထွက်၍ ယခင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

ရာနှင့်ချီသည့် တရုတ်လုပ်စစ်ကားများ မူစယ် လေယာဉ်ကွင်းသို့ရာက်ရှိ
Thursday, 30 June 2011 23:08 သျှမ်းသံတော်ဆင့်

ရာနှင့်ချီသည့် တရုတ်လုပ်စစ်ကားများ မူစယ် လေယာဉ်ကွင်းသို့ ဂျွန်လ နောက်ဆုံး အပတ်က ရောက်ရှိလာရာတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ထိုးစစ်ဆင်ရာ၌မြန်မာစစ်တပ် အသုံးပြုရန်ဖြစ်နိုင်ကြောင်းသျှမ်းပြည်မြောက်ပိုင်း သတင်းရပ်ကွက်ကဆိုပါသည်။

)“တရုတ်ပြည်ထဲစက်ရုံရှိတဲ့ ဂျပန် HOWO ကုမ္ပဏီထုတ် SINO Truck အမျိုးအစား ၆ ဘီးတပ် အပေါ့စား ယာဉ် တွေ။ တရုတ်ပြည် ရွေလီ ၊ ကျယ်ဂေါင် - မူစယ် နယ်စပ်လမ်းအတိုင်း ဝင်လာတာ” ကိုယ်တိုင်မြင် တွေ့ရသည့် လူလတ် ပိုင်း အမျိုးသားတဦးကပြောသည်။အဆိုပါကားများအား မောင်းနှင်ရန် မြန်မာထောက်ပို့တပ်မှ ရာနှင့်ချီသော စစ်သားများလည်း မူစယ် လေယာဉ် ကွင်းသို့ ရောက်နေကြောင်း ၄င်းက ဆိုပါသည်။“

မူစယ်လေယာဉ်ကွင်းကို ဗမာစစ်သားတွေရောက်နေတာ ၃ ရက်လောက်ရှိပြီ။ သူတို့ကကျယ်ဂေါင် မြို့ ထဲကို ဝင်လည်ကြတာတွေ့ရတယ်။ တချို့ကလည်း မြန်မာစစ်တပ်တွေ တရုတ်ဖက်ကနေ ကေ အိုင် အိုကို ဝင်တိုက် မှာ လို့ သတင်းလွှင့်ကြတယ်။ နိုင်ငံရေးစိတ်ဝင်စားတဲ့လူတွေကတော့တိုင်းရင်း သားလက်နက် ကိုင်တပ်ဖွဲ့တွေ ကို အင်အားပြ ခြိမ်းခြောက်တာ၊ စိတ် ဓါတ်စစ်ဆင်ရေးလုပ်နေတာလို့ ပြောနေ ကြတယ်” - ဟုလည်း ဆိုပါ သည် ။

ဌင်းနှင့်ပါတ်သက်၍ ဗကပ ပြောခွင့်ရပုဂ္ဂိုလ် ရဲဘော်ဖိုးသံချောင်းကမူ “ တရုတ်ကတော့ သူ့ဘေးမှာ စစ်ဖြစ်ရင် သူကတားမှာဘဲ။ နယ်စပ်ကုန်သွယ်ရေးကိုထိခိုက်မှာစိုးလို့။ သူ့အကျိုးစီးပွါးကိုထိခိုက်မှာ စိုးလို့ သူ့နယ်မြေထဲ ကနေ ဝင်တိုက်မယ်ဆိုတာ ခွင့်ပေးမှာမဟုတ်ဘူး။ နောက်ပြီး သူ့အတွက် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်စေမယ့် စစ်ပြေး ဒုက္ခ သည်တွေလဲ သူကမလိုလားဘူး။ ဆိုတော့ ဒီကိစ္စမဖြစ်နိုင်ဘူးလို့ကျနော်ထင်တယ် ” ဟု ဆိုပါသည် ။

ပြည်တွင်းစစ်နှင့်ပါတ်သက်၍လည်း- မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ များနှင့် ဆွေးနွေး ရန် ဘူးခံငြင်းဆန်သကဲ့သို့ မိမိအာဏာတည်မြဲရေးအတွက်- မိမိတပ်ဖွဲ့များ တိုင်းရင်းသားနယ် မြေထဲ ဆက် လက်ဝင်ရောက်နိုင်ရေးအတွက် စစ်ရေးနည်းဖြင့်သာ နိုင်ငံရေးပြဿနာဖြေရှင်း သွားမည် ကိုတွေ့ရကြောင်း၊ အုပ်ချုပ်သူအစိုးရသည် ကျူးကျော်စစ်ပြည်တွင်းစစ်ကြောင့်သာ သက်ဆိုးရှည်ရပ်တည်နေနိုင်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဆိုပါ မူဆယ်သို့ရောက်နေသော တရုတ်လုပ် စစ်ကားများ ကိုအသုံး ပြု၍ တိုင်းရင်းသားများအား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်မလွဲကြောင်း ရဲဘော် ဖိုးသံချောင်းက ပြောသည်။

စစ်အာဏာ ရှင်စနစ်ရှိသေသရွေ့ ပြည်တွင်းစစ် ဆက်လက်ဖြစ် နေဦး မည်ဖြစ်ကြောင်းလည်း ဌင်းက သုံးသပ် ပြောဆိုခဲ့သည်။

ဘင်္ဂလာဒေခ်ျ့ဝန်ကြီးချုပ်မှ မြန်မာသို့ ကုန်ပစ္စည်းများ တင်ပို့သူ မှောင်ခိုသမားကြီး ၁၇ ဦးအား ဖမ်းဆီးရန် အမိန့်ထုတ်
နိရဉ္ဖရာသတင်းဌာန ။ ။ News Date:7/1/2011

ဘင်္ဂလာဒေခ်ျ့ ၀န်ကြီးချုပ် ရှိတ်ဟာဆီးနာမှ မြန်မာနိုင်ငံသို့ တားမြစ်ကုန်ပစ္စည်းများ တင်ပို့နေသူ မှောင်ခို စီးပွားရေးသမားကြီး ၁၇ ဦးကို ဖမ်းဆီးရန် ပြည်ထဲရေး ၀န်ကြီးဌာနသို့ အမိန့်ထုတ် လိုက်ကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ၀န်ကြီးချုပ်မှ အမိန့်ထုတ်ပြန်ခြင်းမှာ ပထမဆုံး အကြိမ် ဖြစ်ပြီး အဆိုပါ စာကို ဇွန်လ ၁၃ ရက်နေ့က ၀န်ကြီးချုပ်ရုံးမှ ပြည်ထဲရေး ၀န်ကြီးဌာနသို့ ပေးပို့ခဲ့သည်ဟု သိရသည်။ မည်သည့်အတွက်ကြောင့် ညွန်ကြားချက် အမိန့်ထုတ်ပြန်ရသည်ကို ၀န်ကြီးချုပ်ရုံး တာဝနှ်ရှိသူ တစ်ဦးက ယခုကဲ့သို့ ပြောကြားသည်။

" သူတို့က ဘင်္ဂလာဒေခ်ျ့နိုင်ငံက အဓိက ပြည်သူတွေ မရှိမဖြစ် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို မြန်မာနိုင်ငံကို ရေလမ်းကြောင်းကတဆင့် တင်ပို့နေတယ်။ ဒီနိုင်ငံက အဓိက တားမြစ်ထားတဲ့ ဒီဇယ်ဆီ၊ ဓါတ်မြေသြဇာ၊ စားသုံးဆီနဲ့ အ၀တ်စ (အ၀တ်အထည်)တွေကို နေ့တိုင်းလိုလို တင်ပို့နေကြတဲ့ အတွက် တိုင်းပြည်တွင်းမှာ နစ်နာမူတွေ ရှိလာတယ်။ ဒါနဲ့ ခုလို သူတို့ကို ဖမ်းဆီးဖို့ ၀န်ကြီးချုပ် ကိုယ်တိုင်အမိန့်ထုတ်ပြန်ရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ခံရသူများမှာ မြန်မာ နယ်စပ်အနီးတွင် တည်ရှိသော ကော့စ်ဘဇားခရိုင် အတွင်းမှ ဖြစ်ကြသည်။ အများစုမှာ မောင်တောမြို့နှင့် မျက်နာချင်းဆိုင်တွင် တည်ရှိသော တက်ကနက် မြို့နယ်မှ ဖြစ်ကြသည်။

" သူတို့က ဒီကစ္စည်းတွေကို မော်တော်ဘုတ်ကြီးတွေနဲ့ ရေလမ်းကြောင်းက တင်ပို့နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ဘီဂျီဘီနဲ့ ရဲအရာရှိတွေကိုလည်း မှောင်ခိုသမားကြီးတွေက ငွေပေး ပေါင်ထားနိုင်တော့ သူတို့က လွတ်လွတ်လပ်လပ် ဒီပစ္စည်းတွေကို မြန်မာနိုင်ငံကို မှောင်ခို တင်ပို့နိုင်ကြတယ်လေ။ ဒါကြောင့် သူတို့ကို ဖမ်းဆီးမယ့်သူလည်း မရှိ ဖြစ်နေတော့ ပြည်ထဲရေး ၀န်ကြီးဌာနကို ၀န်ကြီးချုပ်က အမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။

မြန်မာနိုင်ငံသို့ ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ မှောင်ခိုင်တင်ပို့နေသည့် လမ်းကြောင်း ထွက်ပေါက် ၀င်ပေါက် ၃၀ ရှိပြီး အဆိုပါ လမ်းကြောင်းများမှ မော်တော်ဘုတ်များ စက်လှေများဖြင့် အဆိုပါ ပစ္စည်းများကို မှောင်ခို တင်ပို့နေကြသည်ဟု ဖေါ်ပြသည်။

ဘင်္ဂလာဒေခ်ျ့ စွမ်းအင်ဝန်ကြီဌာနမှ ထုတ်ပြန်ချက်အရ တနှစ်ကို စက်သုံးဆီ တန်ချိန် နှစ်သိန်း အိမ်နီးချင်းနိုင်ငံများသို့ လမ်းကြောင်း ၃၃ ခုမှ မှောင်ခို တင်ပို့နေကြသည်ဟု ဖေါ်ပြပြီး အများဆုံး ဆီမှာ ဒီဇယ်ဆီ ဖြစ်ကြောင်း ပြောဆိုသည်။

ယခုအခါ တက်ကနက်မြို့နယ် တစ်ခုတည်းမှ မြန်မာသို့ မှောင်ခို တင်ပို့နေသော ရေလမ်းကြောင်း ၁၃ ခုကို ပိတ်ပစ်မည် ဖြစ်ပြီး ရေတပ်၊ ကမ်းခြေစောင့်တပ်၊ ဘီဂျီဘီ၊ ရဲနှင့် ဒေသ ပြည်သူ့စစ်များကို မှောင်ခို လုပ်ငန်းများကို ရပ်တန့်နိုင်ရေး အတွက် အမြင့်ဆုံး တိုးမြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဘင်္ဂလာဒေခ်ျ့နိုင်ငံ အကြားတွင် မှောင်ခို လုပ်ငန်းမှာ အကြီးအကျယ် ဖြစ်ထွန်းနေပြီး မြန်မာနိုင်ငံမှလည်း အဖိုးတန် သစ်များ၊ ယာဘားများကို မှောင်ခို လမ်းကြောင်းမှ တစ်ဆင့် ဘင်္ဂလာဒေခ်ျ့ကို တင်ပို့ကြကြောင်း သိရသည်။

ဝန်ထမ်းပင်စင်နှင့် နိုင်ငံရေး ပင်စင် လစာများ တိုးမည်
ရန်ပိုင် Friday, 01 July 2011 14:04

အစိုးရက အငြိမ်းစား ၀န်ထမ်းများ စားဝတ်နေရေး သက်သာမှုရှိစေရန် လက်ရှိ ခံစားနေရသည့် ပင်စင်လစာကို လာမည့် ဇူလိုင် လမှ စတင်ပြီး တိုးမြှင့်ပေးမည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ပင်စင်လစာ တိုးမြှင့်ရန် ပြီးခဲ့သည့် ဇွန်လ ၃၀ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးတွင် ဆုံးဖြတ်ချက်ချ ခဲ့ခြင်း ဖြစ်ပြီး၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁ရက်နေ့မတိုင်မီ အငြိမ်းစားယူခဲ့သည့် ပင်စင်စားများအားလုံး အကျူံးဝင်ကြောင်း၊ တိုးမြှင့် မှုနှုန်းထားမှာ လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ၀န်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့်ပင်စင်ခံစားခွင့်အတိုင်း ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ၀န်ကြီး ဦးလှထွန်းက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ပညာရေး၊ ကျန်းမာရေးစသည့် မြို့ပြ၀န်ထမ်းများ၏ ပင်စင်လစာများကိုသာမက၂၀၀၆ ခုနှစ် ဧပြီလ ၁ရက်နေ့မတိုင်မီက နိုင်ငံရေး တာဝန်များကို ထမ်းဆောင်ကာ အငြိမ်းစားယူခဲ့သည့် နိုင်ငံရေးပင်စင်စားများကိုလည်း၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ပြဋ္ဌာန်းခဲ့သည့် ၁၈၄/၂၀၀၉ အရ မြို့ပြ၀န်ထမ်းများ၏ ပင်စင်လစာအတိုင်း ညှိနှိုင်းကာ ခံစားခွင့်ရရှိမည်ဟုလည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြ ထားသည်။ လက်ရှိ ရရှိနေသော နိုင်ငံရေး ပင်စင်လစာသည် ကျပ် ၁၁၀၀၀၀ ထက်ပိုများနေပါက လက်ရှိအတိုင်းသာ ခံစားသွား ရန် ဖြစ်သည်ဟုလည်း ပါရှိသည်။

နိုင်ငံရေးပင်စင်ဆိုသည်မှာ သမ္မတဟောင်း ဦးနေ၀င်း၏ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ လက်ထက် အုပ်ချုပ်ရေးပိုင်းတွင် ပါဝင် သည့် ၀န်ကြီး၊ ဒုဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များမှအစ ခရိုင်၊ မြို့နယ်များ ပါတီ၊ ကောင်စီဝင်များ အငြိမ်းစားယူသည့် အခါ ရရှိသည့် ပင်စာလစာဖြစ်ပြီး ဖဆပလ အစိုးရ လက်ထက်က အုပ်ချုပ်ရေးပိုင်းတွင်ပါဝင်သည့် နိုင်ငံရေး သမားဟောင်းကြီးများကိုပါ ထည့်သွင်း ခံစားခွင့်ပြုသည်။

အငြိမ်းစား သံအမတ်ကြီး သခင်ချန်ထွန်းက “ကုန်ဈေးနှုန်းတွေ ကြီးလာ၊ သားထောက်သမီးခံကမရှိ ပင်စင်လစာတခုနဲ့ ဆင်းဆင်းရဲ ရဲ ဖြစ်နေတဲ့ ပင်စင်စား လူအိုကြီးတွေ အတွက် ကောင်းတယ်”ဟု သုံးသပ်ပြောဆိုသည်။ သခင်ချန်ထွန်း၏ အငြိမ်းစား လစာငွေမှာ တလ ကျပ် ၅၄၀ ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် အစိုးရတက်ပြီးနောက် အငြိမ်းစားဝန်ထမ်းများ အတွက် ပထမဦးဆုံး စတင်ပြီး ပင်စင်လစာများကို တိုးမြှင့်ပေးခြင်း ဖြစ်သည်။

လွန်ခဲ့သော မတ်လ ၃၁ ရက်က ကျင်းပသည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား၌ ပြောကြားသော မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က“နိုင်ငံ့ ၀န်ထမ်းများရဲ့လစာနဲ့ ပင်စင်လစာတို့ကိုလည်း နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ၍ နိုင်ငံတော် အတွင်း လှည့်လည် သုံးစွဲနေသော ငွေကြေး အခြေအနေ၊ ငွေကြေး ဖောင်းပွမှုနှုန်း နှင့် ကုန်ဈေးနှုန်း အခြေအနေ၊ တမျိုးသားလုံး၏ အသားတင် ထုတ်လုပ်မှု နှင့် ၀န်ဆောင်မှုတန်ဖိုးတို့ကို ထည့်သွင်းစဉ်းစားပြီး သင့်လျော်သော အချိန်ကာလတွင် တိုးမြှင့်ဆောင်ရွက် ပေးသွားမှာ ဖြစ်ကြောင်း”ဟု ထည့်သွင်း ပြောကြားထားသည်။

လစာဘယ်လောက်တိုးလဲ စုံစမ်းနေကြ
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇူလိုင်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၃ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ ပင်စင်လစာကို ဇူလိုင်လမှစ၍ တိုးမြှင့်ပေးမည်ဟု အစိုးရသစ်က သောကြာနေ့တွင်
ကြေညာသဖြင့် ရန်ကုန်ရှိ ပင်စင်စားများ မိမိတို့လစာ မည်မျှတိုးမြှင့်ရရှိမည်ကို သိလိုသဖြင့် ကျောက်တံတားမြို့နယ် ဘဏ်လမ်း စုပေါင်းရုံးအနီးရှိ ပင်စင်ဦးစီးဌာနတွင် စုံစမ်းနေကြသည်။

‘‘အဘိုးက အခုလက်ရှိ ပင်စင် ၃၅ဝ ပဲ စားရတာပါ။ မနေ့ကပဲ တီဗီမှာ သတင်းလာတယ်လို့ သမီးက ပြောတဲ့အတွက် လာစုံစမ်းတာပါ။ ဒီက ပြောတာက တိတိကျကျ မပြောတတ်သေးဘူးတဲ့။ နောက်တပတ်မှ စုံစမ်းပါတဲ့’’ ဟု အသက် ၇ဝ ကျော်အရွယ် အငြိမ်းစားရဲ အရာထမ်းတဦးက ပြောသည်။

ဇွန် ၃ဝ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး၌ ပင်စင်လစာတိုးရန် ဆုံးဖြတ်ခဲ့ရာ ၂ဝ၁ဝ ခုနှစ် ဇန်နဝါရီ ၁ ရက်မတိုင်မီ အငြိမ်းစားယူခဲ့သည့် ပင်စင်စား အားလုံး အကျုံးဝင်ကာ၊ တိုးမြှင့်နှုန်းထားမှာ လက်ရှိ တာဝန်ထမ်းနေသည့် ဝန်ထမ်းများ အငြိမ်းစားယူပါက ရရှိမည့် ပင်စင်ခံစားခွင့်အတိုင်းဟု အစိုးရ ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့အပြင် ၂ဝဝ၆ ဧပြီ ၁ ရက်မတိုင်မီ ပင်စင်ယူထားသော နိုင်ငံရေးပင်စင်စားများကိုပါ တိုးမြှင့်ပေးမည်။

‘‘ဝမ်းသာစရာ ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ ပင်စင်ကိုပဲ အားကိုးနေရတဲ့ သူတွေ ရှိတယ်လေ။ ကျမတို့ကတော့ အခု ပင်စင်တွေ တိုးတယ်။ နောက်ပိုင်း အခုလက်ရှိ ဝန်ထမ်းတွေကိုလည်း တိုးမယ်ကြားပြန်တယ်။ ဒါကြောင့် ကုန်ဈေးနှုန်း မတက်ဖို့ပါပဲ။ ကုန်ဈေးနှုန်းတက်ရင်တော့ ဘာမှထူးမှာ မဟုတ်ဘူး’’ ဟု လက်ရှိ စည်ပင် ဝန်ထမ်းတဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အစိုးရသစ် ခြိမ်းခြောက်ပြောဆိုမှု ဗြိတိန် စိုးရိမ်
2011-07-01 RFA

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အစိုးရသစ်က ခြိမ်းခြောက်တဲ့ အသုံးအနှုန်းတွေနဲ့ ပြုမူ ပြောဆိုလာတာကို ဗြိတိန် အစိုးရ အနေနဲ့ အထူးတလည် စိုးရိမ်မကင်း ဖြစ်မိတယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး William Hague က မနေ့က ပြောကြားလိုက် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အန္တရာယ် မရှိပဲ လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိရမယ်လို့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးက ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့လည်း အခြေအနေ တွေကို အနီးကပ် စောင့်ကြည့်နေတယ် လို့လည်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးရဲ့ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးရဲ့ ထုတ်ဖေါ် ပြောဆိုချက်ဟာ မြန်မာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ပိုပြီး တင်းကြပ်လာမယ်၊ အသက် အန္တရာယ်ကို ထိခိုက်လာမယ် ဆိုရင် မြန်မာ အစိုးရကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြင်းထန်တဲ့ ဖိအားပေးမယ်ဆိုတဲ့ အရိပ် လက္ခဏာပဲ ဖြစ်တယ်လို့ ဗြိတိန် အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ညွန်ကြားရေးမှုး Mark Farmaner က အာအက်ဖ်အေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရရဲ့ ကြေညာချက်ကို ကျနော်တို့ အလွန်ပဲ ကြေနပ်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ကမ္ဘာက မျက်ခြေမပျက် စောင့်ကြည့်နေတယ် ဆိုတာကို နိုင်ငံတကာ အစိုးရတွေက အခုလို ပြောဆိုလာတာဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ Mark Farmaner က ဆိုပါတယ်။ ဒါ့အပြင် မကြာခင် ကာလ အတွင်း စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့် ခရီးစဉ် လုံခြုံရေးဟာ အစိုးရမှာ တာဝန်ရှိတယ် ဆိုတာကိုလည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းက သတိပေးနေပါတယ်လို့ ပြောသွားပါတယ်။

ရွှေလီရေအားလျှပ်စစ် စီမံကိန်း ဓာတ်အားပေး စက်ရုံခွဲ ဗုံးကွဲမှု ဖြစ်ပွား
2011-07-01 RFA

ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီ ရေအားလျှပ်စစ် စီမံကိန်းရဲ့ ဓါတ်အားပေး စက်ရုံခွဲ ဖြစ်ပြီး လားရှိုးမြို့နဲ့ မိုင်၃၀ လောက် အကွာမှာ ရှိတဲ့ မန်ဆန် ဓါတ်အားပေး စက်ရုံ မှာ ဇွန် ၂၉ ရက်နေ့ ည ၁၂ နာရီ လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ သတင်း ရရှိပါတယ်။

ဓါတ်အားပေး စက်ရုံရဲ့ ခြံစည်းရိုး အနီးမှာ ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် မပေါက်ကွဲသေးတဲ့ ဗုံး နှစ်လုံးကိုလည်း ဓါတ်အားပေး စက်ရုံထဲမှာ တွေ့ရှိခဲ့တယ်လို့ ရှမ်းပြည်နယ်မှာ တာဝန်ကျနေတဲ့ စွမ်းအင် ဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

အခု ပေါက်ကွဲမှု ဖြစ်ပွါးတဲ့ မန်ဆန် ဓါတ်အားပေး စက်ရုံဟာ မန်ဆန် ရွာထိပ်မှာရှိပြီး ဗုံးပေါက်ကွဲချိန်ကစလို့ လုံခြုံရေး ထူထူထပ်ထပ် ချထားတယ်လို့ သိရပါတယ်။ ရွှေလီ ရေအား လျှပ်စစ်စီမံကိန်း အမှတ် (၁) ကို ၂၀၀၀ ခုနှစ် နှစ်ကုန်ပိုင်းက စတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှာ စတင် လည်ပတ် ခဲ့ပါတယ်။

စတင် ဖွင့်လှစ်ချိန်က တရုတ်နိုင်ငံ ဘက်ကိုသာ ဓါတ်အား စတင် ဖြန့်ဖြူးပေးခဲ့တာပါ။ မြန်မာနိုင်ငံတွင်းကိုတော့ ၂၀၁၀ နှစ်ဆန်းပိုင်း ကျမှသာ ဖြန့်ဖြူးပေးခဲ့ ပါတယ်။ ရွှေလီ စီမံကိန်းက ရရှိလာမယ့် လျှပ်စစ် ဓါတ်အားကို နမ္မတူ သတ္ထုမိုင်း၊ မုံရွာ ကြေးနီမိုင်း၊ သပိတ်ကျင်း နီကယ်မိုင်း တို့ကို ပေးပို့မယ်လို့ စွမ်းအင် ဝန်ကြီး ဌာနရဲ့ ထုတ်ပြန်ချက်တွေ၊ အစီရင်ခံစာတွေမှာ ဖေါ်ပြခဲ့ဖူးပါတယ်။

CRPP မှာ လူငယ်တွေကို နေရာပေးမယ်
2011-07-01 RFA

ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ CRPP အနေနဲ့ လူငယ် သွေးသစ်တွေကို ကော်မတီမှာ တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက NLD ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ CRPP အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။

CRPP အစည်းအဝေးကို NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပြင် ဗဟို အလုပ် အမူဆောင် ဦးဝင်းတင်၊ ဦးသန်းထွန်း ဦးလှဖေ တို့နဲ့ CPPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးကျင်ရှင်းထန် နဲ့ ဦးစိုးဝင်းတို့ တက်ရောက်ကြပါတယ်။

အစည်းအဝေးမှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။ "အထွေထွေ နိုင်ငံရေး အခြအနေကို သုံးသပ်တယ်။ ပြီးတော့ CRPP အဖွဲ့မှာ အသက်အရွယ် ကြီးရင့်တာ၊ တချို့ကလည်း ကျမ်းမာရေးချို့တဲ့တာတွေကြောင့် လစ်လပ်သွားတဲ့ နေရာတွေမှာ သက်ဆိုင်ရာ ပါတီတွေအလိုက် သင့်တော်တဲ့ ပုဂ္ဂိုလ်များကို အစားထိုး အားဖြည့်သွားဖို့ သူတို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။

" အစည်းအဝေးမှာ NLD ပါတီ အပေါ် ပြည်ထဲရေး ၀န်ကြီး ဌာနက သတိပေးချက်နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအကြောင်း အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။

ကချင် စစ်ပြေးဒုက္ခသည်တွေ မြစ်ကြီးနားမြို့ပေါ်တက်
By ဦးမိုးဇော် သောကြာ, 01 ဇူလိုင် 2011

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နဲ့ အစိုးရတပ်တွေအကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် စစ်ပွဲဖြစ်ပွားရာ ဒေသက ကချင်ပြည်သူတွေဟာ KIA အခြေစိုက်ရာ လိုင်ဇာမြို့နဲ့ တရုတ်နယ်စပ်ဘက်ကို သာမက မြစ်ကြီးနားမြို့ပေါ်ကိုလည်း ထွက်ပြေး ခိုလှုံနေကြရပါတယ်။ အခုအခါ မြစ်ကြီးနားမြို့ပေါ်က ခရစ်ယာန် ဘုရားကျောင်းနဲ့ နီးစပ်ရာ ဆွေမျိုးမိတ်ဆွေတွေ နေအိမ်မှာ လူ ၂,၀၀၀ ကျော်လောက် ရောက်ရှိ ခိုလှုံနေပြီး အများစုဟာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။ မြစ်ကြီးနားမြို့ပေါ်ကို ရောက်ရှိ ခိုလှုံနေတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

မြစ်ကြီးနားမြို့ပေါ်ကို ရောက်ရှိ ခိုလှုံနေကြတဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေဟာ လိုင်ဇာနဲ့ ၀ိုင်းမော်အကြား လမ်းတလျှောက်က ဒေသခံ ပြည်သူတွေဖြစ်ပြီး မြစ်ကြီးနားမြို့မှာ ခိုလှုံနေတာ တပတ်ကျော်နေပြီ ဖြစ်ပါတယ်။

မြစ်ကြီးနားကို ရောက်ရှိလာသူဟာ အခုဆို ၂,၀၀၀ ကျော်လောက် ရှိနေပြီး ဘာကြောင့် မြစ်ကြီးနားကို လာရသလဲ ဆိုတာကို ဒုက္ခသည်တဦးက အခုလို ပြောပါတယ်။

“အခု မြစ်ကြီးနားကို ရောက်နေတာက ၂,၀၀၀-၃,၀၀၀ လောက်တော့ ရှိပြီထင်တယ်။ ကလေးတွေက တ၀က်လောက်ရှိတယ်။ အမျိုးသမီးနဲ့ ကလေးတွေက ပိုများတယ်။ ကျမတို့က လိုင်ဇာဘက် ဆိုရင်လည်း ခရီးက အရမ်းဝေးတယ်။ ဆွေမျိုးဆိုလည်း အဲဒီဘက်က သိပ်မရှိဘူး။ ဒီ မြစ်ကြီးနားမှာဆိုတော့ ဆွေမျိုးတွေ တယောက် နှစ်ယောက် ရှိတဲ့အတွက် သူတို့ဆီမှာ မှီခိုဖို့ ဒီဘက်ကို လာရခြင်း ဖြစ်ပါတယ်။
“အခုလောလောဆယ်တော့ ကိုယ့်ဆီမှာပါတဲ့ ငွေတွေ၊ တချို့ကျတော့ ဆန်တွေ နည်းနည်းပါတယ်၊ အဲဒါနဲ့ ကိုယ့်ဆွေမျိုးအိမ်တွေကလည်း ကူညီပေးတယ်ပေါ့။ နောက်ပြီးတော့မှ အသင်းတော်တွေဆီမှာရော သူတို့ဆီမှာ အကူအညီတောင်းပြီး မှီခိုနေရတာ ဖြစ်တယ်။”

အမျိုးသား အများစုကတော့ သူတို့နေအိမ်နဲ့ တောင်ယာတွေကို ကြည့်ရှုလုပ်ကိုင်ဖို့ ကျန်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ လောလောဆယ် မြစ်ကြီးနားကို ရောက်လာတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေကို သူက အခုလို ဆက်ပြောပါတယ်။

“တိုက်ပွဲဖြစ်တဲ့ နေရာတွေဆို ဘာမှ ယူလို့ မရတော့ဘူး။ ကိုယ့်မှာပါတဲ့ အ၀တ်တန်ဆာနဲ့ပဲ ထွက်ပြေးလာရတယ်။ အခုလောလောဆယ်ကတော့ ကျမတို့ဆီမှာ စားဝတ်နေရေးပေါ့၊ ပြီးတော့ စောင်မပါတာတို့၊ အ၀တ်အထည် အလဲအထည် မပါတာတို့၊ တချို့ကျတော့ မွေးဖွားမယ့် မိခင်တွေ ပါတယ်။ သူတို့ဆီမှာလည်း အားတွေနည်းတယ်။ နောက် တချို့ကျတော့လည်း ကျန်းမာရေးမရှိ ဖြစ်နေတာပေါ့။”

မြစ်ကြီးနားမြို့က ခရစ်ယာန် ဘာသာရေး အသင်းတွေနဲ့ နီးစပ်သူ တယောက်ကတော့ တပ်ကုန်း နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းမှာ လူ ၁၀၀ ကျော်၊ ဇီးလွန်ဘုရားကျောင်းမှာ ၁၆၀ ကျော်လောက် ရောက်ရှိနေတယ်ဆိုတာ သိရကြောင်း ပြောပါတယ်။
ဘုရားကျောင်းတွေက လက်ခံ ကျွေးမွေးထားရတဲ့ အခြေအနေနဲ့ ရေရှည် အခက်အခဲကိုလည်း သူက အခုလို ပြောပါတယ်။

“တပ်ကုန်းဘုရားကျောင်း နှစ်ခြင်းဘုရားကျောင်းပေါ့၊ အဲဒီမှာ ၁၀၅ ယောက် အတိအကျကိုရှိတာ။ ဒီဘုရားကျောင်းအတွက် သူတို့ ထပ်လည်း လက်မခံနိုင်သေးဘူးပေါ့။ ဒီအတိုင်းအတာနဲ့ပဲ သူတို့ နိုင်တယ်ပေါ့။ မနေ့ကတော့ အင်ဂျန်ဒုံ တပ်ကုန်းရဲ့ အပေါ်ဘက်ပေါ့၊ ၇ ယောက်က အဲဒီဘက်ကို လွှဲလိုက်ပြီ။ မနေ့ညက အင်ဂျန်ဒုံ ဘုရားကျောင်းမှာ အယောက် ၇၀ ရောက်ဖို့ ရှိတယ်။ လမ်းမှာ နည်းနည်း အခက်အခဲရှိတော့ ညမိုးချုပ် နောက်ကျနေတယ်။

“ဒီ Church တွေကလည်း တအား စီးပွားရေးဖြစ်တဲ့ နေရာလည်း မဟုတ်ဘူးလေ။ အဲဒီကျတော့ တရက်ကို ၇၀,၀၀၀ နဲ့ ကျွေးမယ်ဆိုရင်တောင် တလဆို ၂၁ သိန်းလောက် ရှိသွားပြီ။ ရေရှည်ဆို ဘယ်လို ခံနိုင်မလဲပေါ့။”

ဒီလို ဘုရားကျောင်းတွေမှာ လာရောက် ခိုလှုံကြသူတွေဟာ မြစ်ကြီးနားမြို့ပေါ်မှာ အသိမိတ်ဆွေ မရှိသူတွေ ဖြစ်ပါတယ်။ သူတို့ကို ဘုရားကျောင်းက အသင်းသူ အသင်းသားတွေက စုပေါင်း ထောက်ပံ့ထားရတယ်လို့ ပြောပါတယ်။

ဒီဒုက္ခသည်တွေကိုတော့ ကချင်ပြည်နယ် အစိုးရ ၀န်ကြီးတွေက လာရောက်ကြည့်ရှုတာရှိပြီး ဆန်၊ ဆီ စတာတွေနဲ့ အခြား လိုအပ်တာတချို့ ထောက်ပံ့တာတွေ ရှိတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။
ဝိုင်းမော်မြို့က ရိုမန်ကက်သလစ်နဲ့ နှစ်ခြင်း ဘုရားကျောင်းတွေမှာလည်း အနည်းဆုံး ဒုက္ခသည် ၅၀၀ ကျော် ၆၀၀ လောက် ရှိတယ်လို့ သိရပါတယ်။

ဒီလို မြစ်ကြီးနားနဲ့ ၀ိုင်းမော်မြို့တွေကို တိမ်းရှောင်လာသူ တချို့ဟာ သူတို့ ဆွေမျိုးတွေနဲ့ နီးစပ်ရာ မိတ်ဆွေတွေဆီမှာ ခိုလှုံ နေထိုင်နေတာကြောင့် စာရင်းအတိအကျတော့ ကောက်ယူနိုင်တာ မဟုတ်ပါဘူး။ ဒီလို ထွက်ပြေးလာသူ တချို့ဟာ သူတို့ပိုင် အိမ်မွေးတိရစ္ဆာန်တွေဖြစ်တဲ့ ကြက်၊ ၀က်နဲ့ ကျွဲ၊ နွားတွေကို ခြံကလွှတ်ပြီး ထားခဲ့ရတာတွေ ရှိသလို စပါးကျီတွေကိုလည်း ဒီအတိုင်း ထားခဲ့ရတာတွေ ရှိပါတယ်။
အခုအခါမှာ KIO ဌာနချုပ် လိုင်ဇာ၊ တိုက်ပွဲ စတင်ဖြစ်ပွားရာ မိုးမောက်မြို့နယ်ဘက်က မိုင်ဂျာယန်နဲ့ တရုတ်နယ်စပ် ဒေသမှာ ခိုလှုံနေသူ ကချင်ဒုက္ခသည် စုစုပေါင်း ၁၀,၀၀၀ ကျော်လောက် ရှိမယ်လို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက ခန့်မှန်းပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ KIA ခေါင်းဆောင်တွေနဲ့ အစိုးရ ကိုယ်စားလှယ်တွေအကြား ဆွေးနွေးတာတွေ စတင်နေပေမဲ့ အပစ်အခတ် ရပ်စဲဖို့အတွက် နှစ်ဘက်စလုံးက အာမခံနိုင်တဲ့ အနေအထားတွေ မရှိသေးတာကြောင့် ဒုက္ခသည်တွေ အိမ်ပြန်ရမယ့် အခြေအနေဟာ မရေမရာ ရှိနေဆဲ ဖြစ်ပါတယ်။

တရုတ်ပြည်ပြန် စစ်ဗျူဟာမှူး ယာဉ်တန်း ဗုံးခွဲ တိုက်ခိုက်ခံရ
Friday, 01 July 2011 18:33 သျှမ်းသံတော်ဆင့်

လားရှိုးမြို့ အခြေစိုက်အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကွတ်ခိုင်မြို့အခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးကျော်သူစီးနှင်းလိုက်ပါ လာသည့် စစ်ယာဉ်တန်းအားယမန်နေ့ညနေပိုင်းက အမည်မသိ လက်နက် ကိုင် အဖွဲ့တစ်ဖွဲ့မှ ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည် ။

ယခုလ ၂၈ ရက်နေ့ တရုတ်နိုင်ငံ မန်စီမြို့တွင် ပြုလုပ်သည့် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးဆိုင်ရာ အစည်းအဝေး တက်ရောက် ပြီး အပြန် ကွတ်ခိုင်မြို့နှင့်နမ့်ဖတ်ကာကျေးရွာအကြားတွင် တိုက်ခိုက်ခံခဲ့ရကြောင်း စစ်ဘက် သတင်းရပ်ကွက်နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

၎င်းတိုက်ခိုက်မှုအတွင်း ဗိုလ်မှူးကြီးစိုးကျော်သူ ထိခိုက်ဒဏ်ရာရမှုမရှိသော်လည်း ဗျူဟာမှူးယာဉ်တန်း လုံခြုံရေးလိုက်ပါ လာသည့် မြန်မာစစ်သည်များ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။“မန်စီမှာ အစည်းအဝေးတက် တစ်ညအိပ်ပြီး မနေ့ကအပြန်လမ်းမှာ ကွတ်ခိုင်နဲ့နမ့်ဖတ်ကာကြားပေါ့ ယာဉ်တန်းကို ဗုံးနဲ့ခွဲ တာ ဗျူဟာမှူးကတော့ ဘာမှမဖြစ်ဘူး သူ့လုံခြုံရေးလိုက်လာတဲ့ ရှေ့ပွိုင့်ကားက ရဲဘော်တွေ ဒဏ်ရာရသွားတယ် ” ဟု သူ က ဆိုသည် ။

မြန်မာအရာရှိတစ်ယောက် အပါအဝင် စစ်သည် ၄ ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု အတည်ပြု ပြောဆိုသော်လည်း မည်သည့် လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကိုမူ မသိရပေ။မြန်မာစစ်ဗျူဟာမှူး ယာဉ်တန်းအား ဗုံးခွဲတိုက်ခိုက်မှုသည် သျှမ်းပြည် (မြောက်ပိုင်း) အတွင်း ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ် ဖြစ် သော် လည်း လွန်ခဲ့သည့်လပိုင်းမှစ၍ သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ၊ နမ့်ခမ်းမြို့နယ်များတွင် ပြည်သူ့စစ် ၃ ဦး ပစ်ခတ် ခံရမှု အပါအဝင် လက်သည်မပေါ်သည့် ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သေးသည်။


တန့်ယန်းဗျူဟာမှူး ချောင်းမြောင်း ပစ်ခံရ တန့်ယန်း၌ နေဝင်မီးငြိမ်း အမိန့်ထုတ်
Friday, 01 July 2011 18:32 သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြိုဗျူဟာမှူးစီး လာသည့်ကားအား SSPP/SSA ဟုယူဆရသော လက်နက်ကိုင် တစုချောင်းမြောင်းပစ်ခတ်ပြီး နောက်ပိုင်း ယခုရက်ပိုင်းအတွင်းတန့်ယန်းမြို့ အတွင်း နေဝင်မီးငြိမ်းအမိန့်ထုတ် ကာ လုံခြုံရေး အထူးတင်းကျပ် ထားကြောင်းတန့်ယန်းမှလာ သောသတင်း အရသိရသည်။

တရုတ်နိုင်ငံ မိုင်းလျဲမ်း၌ တရုတ်အာဏာပိုင်များနှင့်နယ်စပ်လုံခြုံရေးကိစ္စ သွားရောက်တွေ့ဆုံ၍ ပြန်လာရာမှ တိုက်ခိုက် ခြင်းခံရကြောင်း ၊ တန့်ယန်းဒေသခံ အမျိုးသားတဦးကပြောသည်။

“ ၂၆ ရက်နေ့ မိုင်းလျဲမ်းမှာ တရုတ်အာဏာပိုင်တွေနဲ့ တွေ့တယ်။ ၂၇ ရက်နေ့မှာ ပန်ဆန်းမှာ ပြန်လာအိပ် တယ်။ ၂၈ ရက်မနက် တန့်ယန်းအပြန် ညောင်ပင်ကုန်းစခန်းနဲ့ လွယ်အဲန် ပြည်သူ့စစ်စခန်းအ်ကြားမှာ အပစ်ခံရတာ။ ဗျူဟာမှူးစီး လာတဲ့ SUV အပြာရောင်ကားကိုဘဲ မဲပစ်တာ။ လမ်းမှာ တခြားကားပြောင်း မစီးထားရင်တော့ တော်တော်ထိမှာဘဲ။ ဒါပေမယ့် ခုချိန်ထိ ဗျူဟာမှူးသေလား၊ ထိခိုက်ဒဏ်ရာရလား။ ဘယ်နှစ်ယောက်ထိလဲ- မသိရသေးဘူး” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ထိခိုက်ဒဏ်ရာမှုမရှိသော်လည်း ဗျူဟာမှူးစီးလာသည့်ကားမှာပျက်စီးသွားကြောင်းအခြားဒေသခံတဦးက လည်း ပြောသည်။

ပန်ဆန်းမှသံလွင်မြစ်ကူး တာ့ကောင်းအက်တံတားဖြတ်သန်းကာ လွယ်လန်းမာ့ကင့်တောင်အကျော် လုတ်ခါး - နမ့်မိုဆွမ် ရွာ အနီး ညောင်ပင်ကုန်းနှင့် လွယ်အဲန်ပြည်သူ့စစ်တပ်စခန်းအကြားချောင်းပစ်ခတ်ခံရခြင်းဖြစ် သည်ဟု သိရသည်။

“အပစ်ခံရတဲ့နေရာမှာ မြန်မာစစ်တပ်က သွား စစ် ဆေးတုံး ကားရောလူရော မနက် ၈ နာရီ က နေ ညနေ ၄ နာရီအထိ အသွားအလာလုံးဝ ပိတ်ထားတယ်။ မြို့တွင်း ကင်းတွေလှည့်တယ်။ ၂၈၊၂၉၊ ၃၀ ရက်ည တွေမှာ တန့်ယန်းလုံခြုံရေးတွေ တင်းကြပ်ထားတယ်။ ပြည်သူ့စစ်တွေရော၊ မြန်မာစစ်သား တွေရောရပ်ကွက်တိုင်း လမ်းတိုင်းမှာ တွေ့ရတယ်။ နေဝင်မီးငြိမ်းအမိန့်လဲ ထုတ်ထားတယ်။ ဗျူဟာ မှူးကို မထိရင်တော့အဲလောက် မတင်းကျပ်လောက်ဘူး ထင်တာဘဲ” ဟုလည်း တန့်ယန်းမြို့ခံ ရပ် ကွက်အကြီးအကဲ တဦးကလည်းပြောသည်။

မြို့အဝင်အထွက်ဂိတ်များတွင်လည်း တင်းကျပ်စစ်ဆေးရာ ယနေ့တိုင် တန့်ယန်းမြို့နှင့် တယ်လီဖုန်း အဆက်အသွယ် မရသေးကြောင်း ကုန်သည်တဦးကလည်း ပြောသည်။

အဆိုပါ တန့်ယန်းဗျူဟာမှူး ချောင်းပစ်ခံရသည့်အထဲတွင် လားရှိုးစစ်တိုင်းရုံးမှ ဂျီဝမ်းဗိုလ်မှူးကြီးထွန်းထွန်းညီ လည်း ပါဝင်ဘွယ်ရှိသည်ဟု အတည်မပြုနိုင်သေးသောသတင်းအရ သိရသည်။

ဂျွန်လ ၂၃ ရက်နေ့ကလည်း တန့်ယန်းမြို့အတွင်း ဗုံး ၈ နေရာထက်မနဲ ပေါက်ကွဲရာ ယနေ့တိုင် လက်သည် မသိရသေး ကြောင်းလည်း တန့်ယန်းဒေသခံများပြောပြချက်အရသိရသည်။

ဓားစာခံရွာသား ၁၀၀ ကျော်အား အစိုးရစစ်တပ် ပြန်လွှတ်ပေးခဲ့
ဇူလိုင်လ ၁ ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ပြီးခဲ့သည့်အပတ်က ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော အဇင်းရွာသား ၁၀၀ကျော်ကို အစိုးရစစ်တပ်က ယမန်နေ့တွင် ပြန်လွှတ်ပေးလိုက်ပြီဟု သိရသည်။

ထိုဒေသရှိ ကရင်တပ်ဖွဲ့များက ၎င်းတို့ အရှင်ဖမ်းဆီးရမိသည့် စစ်တပ်မှ ဒုတပ်ကြပ်တဦးအား ယမန်နေ့က ပြန်လွှတ်ပေးလိုက်ပြီး နောက် စစ်တပ်ဘက်မှလည်း ဓါးစာခံအဖြစ် ၎င်းတို့ ဖမ်းဆီးထိန်းသိမ်းထားသည့် ရွာသားများကို ယခုလို ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယင်းသို့ ရွာသားများ ပြန်လည် လွတ်မြောက်လာသော်လည်း ရွာပြင်ရှိ ၎င်းတို့၏ လုပ်ငန်းခွင်သို့သွားပါက ယခင်လို ညအိပ်သွားလာ ခွင့်မရှိတော့ဘဲ နေ့ချင်းပြန်ဖြင့်သာ သွားလာခွင့်ရှိသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့(ကေအိတ်ခ်ျအာရ်ဂျီ)၏ ပြောခွင့်ရ စောအဲလ် ဘတ်က ပြောသည်။

“စစ်တပ်က သုံးလေးရက် ထိန်းသိမ်းထားပြီးတော့ အခု ပြန်လွှတ်လိုက်ပြီလို့ ကျနော်တို့ သိရတယ်။ ဒါပေမယ့် အလုပ်ခွင်ကိုသွား ရင် ညအိပ်သွားလို့ မရဘူး။ နေ့ချင်းပြန်ပဲ သွားခွင့်ရှိတယ်။”ဟု ပြောသည်။
ဒီကေဘီအေတပ်ဖွဲ့များ အစိုးရကို ပြန်လည် တိုက်ခိုက်ပြီးနောက်ပိုင်း အဇင်းကျေးရွာတွင် ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလျှက် ရှိပြီး ပြီးခဲ့သည့် ဧပြီလကလည်း အစိုးရစစ်တပ်နှင့် ကရင်တပ်ဖွဲ့များအကြား ဆက်တိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ရာနှင့် ချီသည့် ရွာသားများ ထိုင်းနိုင်ငံနယ်စပ်၊ အုန်းဖန်မြို့နယ်သို့ ခေတ္တ ထွက်ပြေးခိုလှုံခဲ့ရသည်။

အစိုးရက အင်အားသုံး နှိမ်နင်းတဲ့ ကြားက ဆန္ဒပြမှုတွေ ဆက်ဖြစ်နေ
ဘီဘီစီ ။ ဇူလိုင်လ 1 ရက်

ဆီးရီးယားနိုင်ငံတလွှားက လမ်းတွေပေါ်မှာ သမ္မတ Bashar al-Assad ရာထူးက ဆင်းပေးဖို့ ရာထောင်ချီတဲ့ လူတွေ လမ်းပေါ်ထွက် တောင်းဆိုခဲ့ကြပြီး အတိုက်အခံ လှုပ်ရှားသူတွေ အဆိုအရ အကြီးဆုံး ဆန္ဒပြမှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။

Damascus မြောက်ပိုင်း Hama မြို့ မှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြမှုတွေက အကြီးဆုံးဖြစ်ပြီး လူငါးသိန်းလောက်ပါဝင်ခဲ့တယ်လို့ ဆိုပေမယ့် ဒီအရေအတွက်ကို အတည်မပြု နိုင်သေးပါဘူး။နိုင်ငံတလွှား ဆန္ဒပြမှုတွေကို လုံခြုံရေး တပ်ဖွဲ့က အင်အားသုံး နှိမ်နင်းခဲ့ တာကြောင့် အနည်းဆုံး လူဆယ်လေးယောက် သေဆုံးသွားတယ်လို့ ဆန္ဒပြဖို့ စည်းရုံး လှုပ်ရှားသူ တွေက ဆိုပါတယ်။
ဆီးရီးယားနိုင်ငံမှာ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေတာ သုံးလကျော်ခဲ့ပြီး အဓိကရုန်း ဖြစ်ပွားမှုတွေ အတွင်း လုံခြုံရေး တပ်ဖွဲ့ အပါအဝင် သေဆုံးသူ တထောင်ကျော် သွားပြီလို့ လူ့အခွင့်အရေး သမားတွေက ပြောပါတယ်။

ကဒါဖီက ဥရောပကို ခြိမ်းခြောက်
ဘီဘီစီ ။ ဇူလိုင်လ 1ရက်

နေတိုးတပ်ဖွဲ့ တွေဟာ ကဒါဖီရဲ့ အိမ်ကိုလည်း ဗုံးကြဲ တိုက်ခိုက် ခဲ့ ပါတယ်။
လစ်ဗျားမှာ နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကို မရပ်ရင် ဥရောပကို တိုက်ခိုက်ရလိမ့်မယ်လို့ ဗိုလ်မှူးကြီး ကဒါဖီက ခြိမ်းခြောက် ပြောဆိုလိုက်ပါတယ်။

သူ့အဆိုအရ ဥရောပမှာ လူနေအိမ်တွေ ရုံးတွေကို ကျိုင်းကောင်အုပ် ဝင်ရောက်လာ သလို လစ်ဗျားက ဝင်တိုက်မယ်လို့ သူက ဆိုပါတယ်။

မြို့တော် ထရစ်ပိုလီက သူ့ကို ထောက်ခံတဲ့ ထောင်နဲ့ချီပြီးရှိတဲ့ လူတွေကို ကဒါဖီ အသံသွင်းထားတဲ့ မိန့်ခွန်းကို ဖွင့်ပြခဲ့ပြီး ဒီခြိမ်းခြောက်ပြောဆိုမှုကို ထည့်သွင်း ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ကဒါဖီဟာ သူ့စကားကို သူအလေးအနက် ထားသင့်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

အခုလို ကဒါဖီ ပြောဆိုမှု ထွက်ပေါ်ခဲ့ပြီးနောက် နာရီပိုင်းအကြာ ထရစ်ပိုလီ မြို့မှာ ပေါက်ကွဲသံတွေ ကြားခဲ့ရပြီး နေတိုးတပ်ဖွဲ့ရဲ့ လေကြောင်းက တိုက်ခိုက်မှု ဖြစ်မယ်လို့ ယူဆရကြောင်း သတင်းမှာ ရေးသားထားပါတယ်။

ဘင်္ဂလာစစ်ဦးစီးချုပ် မြန်မာ ခရီးစဉ်တွင် အချက်လေးချက် အဓိကဆွေးနွေးခဲ့ကြောင်း ထုတ်ဖော်
မောင်အေး News Date:6/30/2011 နိရဉ္ဖရာ သတင်းဌာန

ဘင်္ဂလာစစ်ဦးစီးချုပ် အမ်း အဘဒူလ်မိုဘိန်း M Abdul Mubeen မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ၅ ရက်ကြာ ခရီးစဉ်တွင်း နှစ်နိုင် ငံပူး ပေါင်းဆောင်ရွက်မည့် အချက်လေးချက်ကို အဓိက ဆွေးနွေး ခဲ့ကြောင်း ထုတ်ဖေါ် ပြောဆိုလိုက်သည်။

ယမန်နေ့က ဘင်္ဂလာသမ္မ ဇီလူ ရဟာမန်နှင့် တွေ့ဆုံစဉ် ဘင်္ဂလာစစ်ဦးစီးချုပ်က မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်စဉ် တွေ့ဆုံခဲ့သည့် အချက် (၄) ချက်ကို ထုတ်ဖော် ပြောကြား လိုက်ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးခဲ့သည့် အချက် လေးချက်မှာ ဘင်္ဂလားမြန်မာနှစ်နိုင်ငံ လေကြောင်းလိုင်း ပြေးဆွဲရေး၊ နှစ်နိုင်ငံ အကြား ဆက်သွယ်မည့် ကားလမ်း ဖောက်လုပ်ရေး၊ မြန်မာဘက်မှ လယ်မြေ ငှားရမ်းရေးနှင့် နှစ်နိုင်ငံ ပူးပေါင်း အကြမ်းဖက် တိုက်ဖျက် ရေးတို့ ဖြစ်ကြောင်း ယနေ့ထုတ် ဘင်္ဂလီ သတင်းစာ တစောင်တွင် ရေးသားသည်။

ဘင်္ဂလာစစ်ဦးစီးချုပ် အမ်းအဘဒူလ်မိုဘိန်းမှာ ယခင်လ ၂၃ ရက်ကနေ ၂၇ ရက်နေ့အထိ မြန်မာ နိုင်ငံသို့ သွား ရောက်လည်ပတ်ခဲ့စဉ် အဆိုပါ အချက်များကို အဓိကထား ဆွေးနွေးခဲ့ကြောင်း ပြောကြားသည်။

မြန်မာနိုင်ငံ ဘင်္ဂလာဒေခ်ျ့ အကြားတွင် အကြမ်းဖက် တိုက်ဖျက်ရေးကို ပူးပေါင်း လုပ်ဆောင်ရန် ယခင်က သဘောတူညီမူ မရှိသဖြင့် ယခု အချက်မှာ နှစ်နိုင်ငံကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ခြေလှမ်း သစ် တရပ် ဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း ဘင်္ဂလာဒေခ်ျ့ စစ်ဦးစီးချုပ်သည် နေပြည်တော်တွင် ဗိုလ်ချုပ် စိုးဝင်းအပါအ၀င် မြန်မာ ကြည်း၊ ရေ၊ လေမှ အဆင့်မြင့် အရာရှိများနှင့် နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ယခုဆွေးနွေးခဲ့သည့် အချက်များထဲမှ တချို့မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်ကတည်းက မြန်မာ နအဖ စစ်အစိုးရ လက်ထက်ကတည်းက သဘောတူညီမှုများရှိခဲ့သည့် အချက်များ ဖြစ်ပြီး ယခုထက်တိုင် အကောင်အထည် ဖေါ်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။



 

No comments: