သားကြီးမောင်ဇေယျဟာ မြန်မာစာပေလောကမှာ အထူးထင်ရှားတဲ့ ကွယ်လွန်သူစာရေးဆရာကြီး လင်းယုန်မောင်မောင်ရဲ့ သားကြီးဖြစ်သလို မြန်မာမော်ဒန်ကဗျာ ခေတ်ဦးပိုင်းလှုပ်ရှားမှုတွေမှာ မင်းလူ၊ တိုးမိုး၊ မောင်မောင်စနေတို့နဲ့အတူ တက်ကြွစွာပါဝင်ခဲ့တဲ့ ကဗျာဆရာတဦးဖြစ်ပါတယ်။
နောက်ပိုင်းမှာ ကိုဇေယျ ကဗျာကိစ္စဘက်မှာရပ်နားပြီး ပန်းချီ အနုပညာဘက်မှာ ကျောက်စီပန်းချီကားတွေကို စိုက်လိုက်မတ်တတ် ဖန်တီးလာရာက ၂၀၀၀ ခုနှစ်လွန်နှစ်တွေမှာတော့ ဒီဂျစ်တယ် အနုပညာတွေကိုပါ ဖန်တီးလာတာတွေ့ရပါတယ်။ အထူးသဖြင့် ပိတောက်ပွင့်သစ် မဂ္ဂဇင်းမျက်နှာဖုံးအတွက် ဖန်တီးဖြစ်ခဲ့တဲ့ ဒီဂျစ်တယ် အနုပညာလက်ရာများဟာ ထင်ရှားပါတယ်။
ဒီလိုထင်ရှားတဲ့ အနုပညာရှင် သားကြီးမောင်ဇေယျဟာ ၂၀၁၀ ခု ရန်ကုန် သင်္ကြန်မဏ္ဍပ်ဗုံးကွဲမှုကို သားဖြစ်သူ ကိုစည်သူဇေယျက ဓာတ်ပုံရိုက်ကူးယူမှုက စတင်ပြီး သူ့ကိုပါ အစိုးရရဲ့ ဖမ်းဆီးပြီးထောင်ချ ထားခြင်းခံခဲ့ရပါတယ်။ ယခုအခါမှာတော့ သီပေါထောင်ကို ပြောင်းကာ ချမှတ်ထားတဲ့ ထောင်ဒဏ် ၁၃ နှစ်ကို ကျခံနေရပါတယ်။
ဒီ မတရားဖမ်းဆီး အကျဉ်းခံကျခံရပြီး နောက်မှာ ကိုဇေယျဟာ သူ့ရဲ့ မူလကဗျာဆရာ ဘဝကိုပြန်လည် ရယူနိုင်ခဲ့ပါတယ်။
ယခုဖော်ပြမယ့်ကဗျာက ကိုဇေယျရဲ့ သံတိုင်နောက်ကွယ်က ကဗျာတွေထဲမှာ ပထမဆုံး ဖန်တီးဖြစ်ခဲ့တဲ့ ကဗျာဖြစ်ပြီး ၂၀၁၀ ဇူလိုင် သြဂုတ်လ တိုက် ၁ မှာနေထိုင်နေစဉ် တွေ့ခွင့်မရသေးတဲ့ သားဖြစ်သူအတွက် ရည်ရွယ်ရေးဖွဲ့ခဲ့တဲ့ ကဗျာဖြစ်ပါတယ်။
ငါ့သား ... မင်း လူလားမြောက်ပြီ
မင်းရဲ့ အခန်းကျဉ်းကို
ခြေသံပြင်းပြင်း မာန်တင်းတဲ့မျက်နှာနဲ့
သော့ပိတ်ရန်လာသူကို
ဂရုဏာရှေ့ထား
ကျေးဇူးစကား ဆိုနိုင်ခဲ့ရင်
ငါ့သား ... မင်း လူလားမြောက်ပြီ။
တလောကလုံး အမှောင်ဖုံးတဲ့အခါ
သူရဲကောင်းတို့ရဲ့ ဂုဏ်တော်
သီဆိုပူဇော်ရင်း
အလင်းသစ်နဲ့ နံနက်ခင်းကို
မင်း မျှော်လင့်နိုင်ခဲ့ရင်
ငါ့သား ... မင်း လူလားမြောက်ပြီ။
ဗလငါးတန် အင်အားထူးထက်
မင်းရဲ့ ခန္တီအင်အား ပိုကြီးမားကြောင်း
ပြသနိုင်ခဲ့ရင်
ငါ့သား ... မင်း လူလားမြောက်ပြီ။
အဆိပ်မြားတန်းလန်းနဲ့ ပျံသန်းခဲ့ရတဲ့
အဖိုးတို့ အဖေတို့ကို ဂါရဝပြုရင်း
အဆိပ်မြားတွေပေါ်က ပျံသန်းနိုင်ခဲ့ရင်
ငါ့သား ... မင်း လူလားမြောက်ပြီ။
စွန့်ပစ်အမှိုက်စတွေနဲ့
သဘာဝအလှကို
ရေးဆွဲနိုင်ခဲ့ရင်
ငါ့သား ... မင်း လူလားမြောက်ပြီ။
အကြပ်အတည်း ဆိုတာ
အခွင့်အလန်းသစ်ရဲ့ လမ်းစဆိုတာ
မင်း သိလာတဲ့အခါ
ငါ့သား ... မင်း လူလားမြောက်ပြီ။
သားကြီးမောင်ဇေယျ
တိုက် ၁ အင်းစိန်တောရ
၂၀၁၀
ကောင်းကင် ဝက်ဘ်ဆိုဒ် မှ ကူးယူဖော်ပြပါတယ်။
သရုပ်ဖော် ကောက်ကြောင်းပန်းချီ - မင်းကျော်ခိုင်
No comments:
Post a Comment