Tuesday, June 7, 2011

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ (လူထုစိန်ဝင်း)


"အင်တာနက်ခေတ်မှာ တဦးနဲ့တဦး ထိတွေ့ဆက်သွယ် ဆောင်ရွက်ဖို့ မခက်လှပါဘူး။ လူမှုရေးစိတ်ဓာတ် စစ်စစ်နဲ့ ပရဟိတစိတ်ဓာတ် စစ်စစ် ရှိဖို့ပဲလိုတယ်။ အင်ဂျီအို ဆိုင်းဘုတ်တခုကိုင်ပြီး ကိုယ်ကျိုးရှာတဲ့ လူတွေပါမလာအောင်တော့ သတိကြီးစွာထားပြီး စိစစ်ဖို့ လိုတယ် ..."

အပူဒဏ်ကြောင့် နေမကောင်းဖြစ်လို့ နှစ်လလုံးလုံး စာမရေးနိုင်ခဲ့ဘူး။ မိုးဦးလေးကျလာတာကြောင့် နေသာထိုင်သာ ရှိလာတဲ့အတွက် စာရေးစားပွဲမှာ ပြန်ထိုင်လိုက်တယ်။ ခေါင်းထဲမှာ တေးမှတ်ထားတဲ့ အကြောင်းအရာတခုက ချက်ချင်း ပြန်ပေါ်လာတယ်။

ကျောချမ်းအောင်ကြောက်

စပြီး အိပ်ရာထဲမလဲခင် ရက်ပိုင်း အလိုမှာ နိုင်ငံခြားသားတယောက်နဲ့ စကားစမြည် ပြောခဲ့ရတဲ့ အကြောင်းပါ။ နိုင်ငံခြားသားက ကမ္ဘာတခုလုံး ဖြန့်ကြက်လှုပ်ရှားနေတဲ့ အင်ဂျီအို အဖွဲ့ကြီးတခုအတွက် အလုပ်လုပ်နေသူ ဖြစ်တယ်။ တော်တော်ကြီးတဲ့ ရာထူးတာဝန်တခု ထမ်းဆောင်နေသူပါ။
ဂျပန်က နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး နျူကလီးယားအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ ကမ္ဘာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လှည့်လည် စည်းရုံးလှုံ့ဆော်နေတာ ဖြစ်တယ်။

အဏုမြူဗုံးဒဏ်ကို ကျောချမ်းအောင် ကြောက်တာချင်းတူကြတဲ့အတွက် စကားပြောရတာ ကောင်းပါတယ်။ လုပ်နည်းလုပ်ဟန်နဲ့ ပတ်သက်ပြီး ဖြစ်စေချင်တဲ့ အကြံအစည်လေးတခုကို စကားစပ်မိလို့ ပြောပြလိုက်တော့ သူက တော်တော် စိတ်ဝင်စားသွားတယ်။ အသေးစိတ် ရှင်းပြပါဦးလို့ တောင်းဆိုလို့ ရှင်းပြလိုက်ရသေးတယ်။

ရည်မှန်းပစ်မှတ်

ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ သူတို့ နိုင်ငံတကာ အင်ဂျီအိုတွေ လုပ်သလို ကမ္ဘာလှည့်ပြီး စည်းရုံး လှုံ့ဆော်တာမျိုးပါပဲ။ သူတို့နဲ့ မတူတာ တမျိုးတည်းပါ။ ရည်မှန်းပစ်မှတ် ဖြစ်တယ်။ ကမ္ဘာတခုလုံးမှာ တိရစ္ဆာန်အခွင့်အရေး ကာကွယ်ရေးက အစ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အလယ် နျူကလီးယား လက်နက်များ ဖျက်သိမ်းရေး အဆုံး အကြောင်းအရာ အမျိုးမျိုး၊ ဆိုင်းဘုတ် အမျိုးမျိုးနဲ့ အဖွဲ့အစည်းတွေ ထောင်သောင်းချီ ရှိနေတယ်။

သူတို့အားလုံးက ညီလာခံကြီးတွေ မကြာခဏလုပ်၊ စာတမ်းတွေဖတ်၊ ဆုံးဖြတ်ချက်တွေချ၊ ကြေညာစာတမ်းတွေထုတ်၊ နောက်ပြီးတော့ အဲဒီ ဆုံးဖြတ်ချက်တွေကို ကမ္ဘာတခုလုံး သိရအောင် လိုက်လံဟောပြော လှုံ့ဆော်ကြတယ်။

ရည်ရွယ်ချက်ကတော့ နိုင်ငံတိုင်းမှာရှိတဲ့ ပြည်သူတွေက သူတို့ အစိုးရတွေကို တွန်းအားပေးဖို့ ဖြစ်တယ်။ သူတို့ အစိုးရတွေ အသီးသီးက ကုလသမဂ္ဂလို အဖွဲ့ကြီးထဲမှာ ထပ်တွန်းအားပေးပြီး ဆုံးဖြတ်ချက်တွေ၊ ပြဋ္ဌာန်းချက်တွေ ချအောင် လုပ်ကြတယ်။ ကုလသမဂ္ဂက ဆုံးဖြတ်ချက်၊ ပြဋ္ဌာန်းချက် ချလိုက်နိုင်ပြီဆိုရင် သူတို့ ရည်မှန်းချက် အောင်မြင်ပြီဆိုပြီး ကျေနပ်သွားကြတယ်။

ဆုံးဖြတ်ချက်တွေ ထောင်ချီရှိ

ဒီလိုနဲ့ပဲ နှစ်ပေါင်းခြောက်ဆယ်ကျော်အတွင်းမှာ ကုလသမဂ္ဂအဖွဲ့ကြီးက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ ပြဋ္ဌာန်းချက်တွေ ထောင်နဲ့ချီပြီး ရှိလာခဲ့တယ်။ ပါလက်စတိုင်းနဲ့ အစ္စရေး ပြဿနာဆိုင်ရာ ဆုံးဖြတ်ချက်ပေါင်း ထောင်ရာကျော်အောင် ရှိခဲ့တယ်။ ဒါပေမယ့် စစ်ပွဲတွေကတော့ ခုထိ ဖြစ်နေတုန်းပဲ။

လောလောဆယ် ကမ္ဘာမှာ ရှေ့တန်းအရောက်ဆုံး ပြဿနာတွေထဲက တခုဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကျိုဒို သဘောတူညီချက်၊ စတော့ဟုမ်း သဘောတူညီချက်၊ မက္ကဆီကို သဘောတူညီချက် ဆိုတဲ့ အချက်တွေ နည်းတာ မဟုတ်ဘူး။

ဒါပေမယ့် ဖန်လုံအိမ် အာနိသင် အကျိုးသက်ရောက်မှုဖြစ်စေတဲ့ အဓိက စက်မှုနိုင်ငံကြီး အားလုံးလိုလိုက လိုက်နာ ဆောင်ရွက်ခြင်း မရှိကြတာကြောင့် ဘာမှဖြစ်မလာခဲ့ဘူး။ မြောက်ဝင်ရိုးစွန်းက ရေခဲတောင်ကြီးတွေကတော့ဖြင့် ကွယ်ပျောက်လုနီးနေပြီ။

စီးပွားရေး လုပ်ငန်းကြီးများ အလိုကျ

အစိုးရတွေ ဆိုတာလည်း အာဏာရှင် အစိုးရမျိုးကလွဲရင် ဘယ်လို အစိုးရမျိုးမဆို ရွေးကောက်ပွဲအနိုင်ရဖို့အတွက် ဧရာမ စီးပွားရေး လုပ်ငန်းကြီးများရဲ့ အားပေးထောက်ခံမှုကို အရယူကြရတယ်။ အဲဒီတော့ စီးပွားရေး လုပ်ငန်းရှင်ကြီးများ သဘောမကျတဲ့ ပေါ်လစီမျိုး၊ ဥပဒေမျိုးကို မလုပ်ရဲကြဘူး။

အမေရိကန်နိုင်ငံမှာ သေနတ်ကြောင့် သေရတဲ့ လူသေမှုနဲ့လူသတ်မှုတွေ တနေ့တခြား ကြောက်ခမန်းလိလိ တိုးပွားလာတော့ လူထုအဖွဲ့အစည်းတွေက သေနတ်ကိုင်ဆောင်ခွင့်၊ ရောင်းချခွင့် ပိတ်ပင်တားဆီးဖို့ တောင်းဆိုကြ၊ ကန့်ကွက် ဆန္ဒပြမှုတွေ လုပ်ကြတယ်။ သေနတ်ဆန့်ကျင်ရေး အားကောင်းတဲ့ ဒေသတွေက လွှတ်တော်အမတ်တချို့က လွှတ်တော်မှာ သေနတ်ပိတ်ပင်ရေးဥပဒေ ပြဋ္ဌာန်းဖို့ အဆိုတွေ တင်ကြတယ်။

ဒါပေမယ့် ဘယ်တော့မှမအောင်မြင်ခဲ့ဘူး။ သေနတ် အမျိုးမျိုးနဲ့ ခဲယမ်းမီးကျောက်တွေ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီကြီးတွေက ကျောထောက်နောက်ခံ ပြုပေးထားတဲ့ အမေရိကန် သေနတ်ပစ်အသင်းကြီးဆိုတဲ့ အသင်းကြီးက ရန်ပုံငွေ သိပ်တောင့်တင်းတော့ ဒီမိုကရက် အစိုးရ ဖြစ်ဖြစ်၊ ရီပတ်ဘလီကန် အစိုးရ ဖြစ်ဖြစ် သူတို့ဘက်ပါအောင် လုပ်ဆောင်ထားနိုင်ခဲ့တာကိုး။

စစ်မတိုက်ဘူး၊ ထောင်ကျခံ

သေနတ်ဆန့်ကျင်ရေးသမားများရဲ့ လုပ်ဆောင်ချက် မအောင်မြင်ရတဲ့ အကြောင်းရင်းက 'ရည်မှန်းချက် ပစ်မှတ်' လွဲချော်နေလို့ ဖြစ်တယ်။ တကယ်တမ်း သူတို့ ချဉ်းကပ်ရမှာက အိမ်ဖြူတော် မဟုတ်ဘူး။ ကက်ပီတော် မဟုတ်ဘူး။

အမေရိကန် ပြည်သူတွေဆီ တိုက်ရိုက်သွားရမှာ။ လူထုကို လှုံ့ဆော်ရမှာ အရပ်သူ၊ အရပ်သား သာမန် ပြည်သူလူထုမှန်ရင် ဘယ်နိုင်ငံက ဘာလူမျိုးဖြစ်ဖြစ် သတ်တာ၊ ဖြတ်တာ၊ ပစ်ခတ်တာတွေကို မနှစ်မြို့ပါဘူး။ သာမန် အမေရိကန် ပြည်သူပြည်သားများလည်း လူသတ်တာတွေနဲ့ စစ်ပွဲတွေကို မုန်းတီးကြတာပဲ။

ဗီယက်နမ်စစ်ပွဲကနေ ကမ္ဘာစစ်ကြီး ဖြစ်လာတော့မယ့် အခြေအနေထိ ရောက်လာတော့ အမေရိကန် ပြည်သူတွေ သန်းနဲ့ချီပြီး တနိုင်ငံလုံးအနှံ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဆင်နွှဲခဲ့ကြတယ်။

ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံ ကက်စီးယက်ကလေးဟာ ဗီယက်နမ်မှာသွားပြီး စစ်မတိုက်နိုင်ဘူးလို့ ငြင်းဆန်ခဲ့တဲ့အတွက် ထောင်ချခံခဲ့ရတယ်။ လက်ဝှေ့သရဖူလည်း ရုပ်သိမ်းခံရတယ်။

လူတွေဆီကို သွားပါ

စစ်ပွဲတွေရပ်စဲပြီး နျူကလီးယား လက်နက်တွေ ဖျက်သိမ်းစေချင်သလား။

ဆိုင်းဘုတ်ထောင်ပြီး တောင်းဆိုနေရုံနဲ့တော့ မရဘူး။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် ချရုံနဲ့လည်း မရဘူး။ ကြီးငါးကြီး သဘောတူစာချုပ် လက်မှတ်ထိုးရုံနဲ့လည်း မရဘူး။ ဒီအလုပ်မျိုးတွေ လုပ်လာခဲ့တာ နှစ်ပေါင်း ခြောက်ဆယ်တောင် ကျော်ခဲ့ပြီပဲ။

တကယ်လုပ်ရမှာက ကိုယ့်မြို့၊ ကိုယ့်ရွာ၊ ကိုယ့်နိုင်ငံက ပြည်သူတွေဆီ တိုက်ရိုက်သွားပါ။ ဒီလို အကြီးစား လက်နက်မျိုးတွေ ထုတ်လုပ်ရောင်းချတဲ့ ဂျီအမ်လို၊ ရိုးလ်ရွိုက်စ်လို ဧရာမ ကော်ပိုရေးရှင်းကြီးတွေက ထုတ်တဲ့ မော်တော်ကားတွေ မဝယ်ဖို့၊ လေယာဉ်ပျံတွေ မစီးဖို့ လှုံ့ဆော်စည်းရုံးပါ။

တလောက မက္ကဆီကို ပင်လယ်ကွေ့မှာ ကမ္ဘာ့အဆိုးဝါးဆုံး ရေနံယိုဖိတ်မှုကြီး ဖြစ်စေခဲ့တဲ့ ရေနံကုမ္ပဏီကြီးကို ဒဏ်တပ်ရုံနဲ့ မရပါဘူး။ အစိုးရက ဥပဒေ ပြဋ္ဌာန်းလိုက်ရုံနဲ့လည်း ဒီကိစ္စမျိုးတွေက ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

ငြင်းဆန်ခြင်း လှုပ်ရှားမှု

ကမ္ဘာတလွှား နိုင်ငံအသီးသီးမှာရှိနေကြတဲ့ လူထုတွေက အဲဒီ ရေနံကုမ္ပဏီကြီးကို ဒဏ်ခတ်တဲ့အနေနဲ့ သူ့ကုမ္ပဏီက ဓာတ်ဆီဆိုင်တွေမှာ ဓာတ်ဆီ မထည့်ဘူးလို့ ငြင်းဆန်ကြမယ်ဆိုရင် သူထင်တိုင်းလုပ်ရဲမှာ မဟုတ်ပါဘူး။

စီးပွားရေးသမားတွေထဲမှာ အဆိုးယုတ်ဆုံး စီးပွားရေးသမားဖြစ်တဲ့ ဆေးတု၊ အစာတု ထုတ်လုပ် ရောင်းချသူတွေကို တဦးချင်း ရှာဖွေဖော်ထုတ်ဖို့က မလွယ်ဘူး။ အကောင်းဆုံး နည်းလမ်းက အဲဒီလို ဆေးဝါးအတုနဲ့အစားအစာအတု အများဆုံး ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေက ဘာပစ္စည်းကိုမှ မသုံးဘူးဆိုပြီး ငြင်းဆန်ခြင်း ဖြစ်တယ်။

ပူးပေါင်းပါဝင်လာဖို့ ဒီသဘောတရားတွေကို လူတိုင်းလူတိုင်း သိရှိသဘောပေါက်ဖို့နဲ့ စိတ်တူကိုယ်တူ ပူးပေါင်း ပါဝင်လာဖို့အတွက် ကမ္ဘာအနှံ့မှာ ရှိနေကြတဲ့ လူမှုရေး အဖွဲ့အစည်းတွေနဲ့ ပရဟိတ အဖွဲ့အစည်းတွေ အင်အားချင်း ပေါင်းစပ်ပြီး လက်တွဲ ဆောင်ရွက်ကြဖို့ပဲ လိုတယ်။

အင်တာနက်ခေတ်မှာ တဦးနဲ့တဦး ထိတွေ့ဆက်သွယ် ဆောင်ရွက်ဖို့ မခက်လှပါဘူး။ လူမှုရေးစိတ်ဓာတ် စစ်စစ်နဲ့ ပရဟိတစိတ်ဓာတ် စစ်စစ် ရှိဖို့ပဲလိုတယ်။ အင်ဂျီအို ဆိုင်းဘုတ်တခုကိုင်ပြီး ကိုယ်ကျိုးရှာတဲ့ လူတွေပါမလာအောင်တော့ သတိကြီးစွာထားပြီး စိစစ်ဖို့ လိုတယ်။

ဒါလည်း မဖြစ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီနေ့ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါ။ ဘယ်သူတွေ ဘာလုပ်စားနေတယ်ဆိုတာ နာရီပိုင်းအတွင်း တကမ္ဘာလုံးက သိနိုင်နေပါပြီ။ ရွေးကောက်ပွဲလည်းပြီးရော အဖတ်ဆယ်မရအောင် မြောင်းထဲကျသွားသူတွေ ဘယ်လောက်များသလဲဆိုတာ မြန်မာလူမျိုးများက မျက်ဝါးထင်ထင် မြင်တွေ့ပြီးကြပြီလေ။ လူတွေကို ကြာကြာလိမ်လို့ မရပါဘူး။

http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။



 

No comments: