ပဉ္စလက်ဆရာကြီး ကော့ပါးဖီးဝင်စားသလို
ငါ့တောင်တန်းတွေကို ဖျောက်လိုက်ပြီ။
အနာဂတ်ဆိုလို့
သံကန့်လန့်ကာဖြစ်နေတဲ့
ဟောဒီ့ဒေါနတောင်တန်းကိုပဲ မျှော်ငေးကြည့်နေရ။
တခါတလေ
တိမ်နဲ့တောင်ခိုးတွေ
ခမျာ ပွေ့ပိုက်ထားပုံက အတ္တသမားသရုပ်ပေါ့
စုန်းမတကောင်လို မီးခိုးတအူအူဖြစ်အောင်လည်း
သူ မှုတ်ပြတတ်သေးရဲ့။
ဒါဟာ ဒေါနပုံကြမ်း တကြောင်းဆွဲလေ
ဟောဒီ့ တောင်တန်း တောမြိုင်
စုံဂနိုင်အလယ်ကြား လူမစည်ကားအပ်ရာ
အဲသည့် ပစ္စ န္တရာဇ်မှာပိတ်မိနေတဲ့
ခေတ်ဆိုးရဲ့သားကောင် စစ်ပြေးတွေ
စနစ်ဆိုးကို ရိုက်ချိုးတွန်းလှန်
အာခံနေရင်း ဇာတိမြေသင်းနံ့ကို စွန့်ခွာလာရသူတွေ
လက်ချိုးတွက်တော့ မျိုးဆက် ၂ ဆက် ၃ ဆက်
အို…
ပြောရရင် …
ဒေါနထက်ရှည်တဲ့ သောကတွေပေါ့။
အိုး ... ဒေဝေါကြီးခင်ဗျား
ဝဿန္တပဉ္စလက်ဆရာကြီးခင်ဗျား
မိုးသဲသဲအောက်
ခင်ဗျားဖျောက်ဖျောက်ပစ်ထားတဲ့ ငါ့ရဲ့တောင်တန်းများ
ပြန်ပေးပါ ..။
တောင်တန်းတွေရဲ့နောက် မြင်ကွင်းမှာပျောက်နေတဲ့တနေရာ
ငါ့ကို ပြန်ပေးပါ ...။
လတ်တလော
ယမ်းခိုးတွေ လှိုင်ထဆူပွက်ပြန်ထလာတဲ့နေရာ
ပြည်တွင်းစစ်မီး တညီးညီး ပြန်တောက်လာတဲ့နေရာ
အဲဒီ့နေရာမှာ
ငါ့ရဲ့တိုင်းပြည် မြန်မာပြည်လေ
လွမ်းဖွယ့်ဇာတိအမိမြေ မြန်မာပြည်လေ။
အို ..
အနာဂတ်ဆိုလို့
သံကန့်လန့်ကာကြီးသာ ရှိတော့တဲ့နေရာ
ဟောဒီ့မှာ
ငါ့ကို
ဒေါနတောင်ကြီး ပြန်ပေးပါ။ ။
သရုပ်ဖော် - အောင်ထက်
No comments:
Post a Comment