(တစ်)
ကိုနိုင်ဝင်းဟာ တကယ်တော့ အနုပညာမှော်ဝင်စားသူပါ။ သူ့ရုပ်ပုံလွှာ တစိတ်တပိုင်းကို ပြည်ပမှာ ထုတ်ဝေတဲ့ နိုင်ဝင်းဆွေ အမှတ်တရ စာအုပ်မှာ 'မိုင်းယန်းတိုက်ပွဲကြားက ကိုနိုင်ဝင်းဆွေ' ဆိုတဲ့ ခေါင်းစည်းနဲ့ ကျွန်တော် ဆောင်းပါးတပုဒ် ရေးခဲ့တယ်။
‘၈’ လေးလုံးကာလ စစ်ပွဲကြားမှာ ပျော်ရွှင်တက်ကြွလန်းဆန်းနေတဲ့ သူ့ရဲ့ပုံရိပ်ပါ။ စစ်ရဲ့အနိဋ္ဌာရုံတွေကြား ဖြတ်သန်းနေရသော်လည်း သူ့ရဲ့ဇာတိစိတ်က လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးပါ။
သူဟာ ရိုးသားတယ်
အနုပညာကို ချစ်တယ်
စိတ်ခံစား လွယ်တယ်
မကောက်ကျစ်ဘူး။
ဒါတွေက ကိုနိုင်ဝင်းကို ချစ်ခင်နှစ်လို့ဖွယ် လူတယောက်ဖြစ်လာစေခဲ့တယ်လို့ ကျွန်တော် ထင်တယ်။
၁၉၇၂ မြောက်ဥက္ကလာ ကျောက်ရေတွင်း ကိုနိုင်ဝင်းရဲ့နှင်းဆီခြံမှာ သူ့ကို ကျွန်တော် စတင် သိကျွမ်းပါတယ်။
ဆရာဒဂုန်တာရာ ထိန်းကြောင်းပေးတဲ့ 'ဆည်းဆာ' စာပေဝိုင်းမှာ ဖြစ်တယ်။ ထိုအချိန်က သူဟာ 'မဟူရာမေတ္တာ' 'မသိန်းရှင်' 'နွေတည' 'မြစံပယ်ရုံ' စတဲ့ ဝတ္ထုများနဲ့ ထင်ရှားနေသူပါ။ တောင်ငူ ကျေးလက်သားဖြစ်သော်လည်း အညာသားလို ညိုမှောင်တဲ့အသားအရေနဲ့ နှစ်လိုဖွယ်ပြုံးတတ်သူပါ။
ကျွန်တော်တို့ လူငယ်စိတ်နဲ့ ရဲဘော်လိုဆက်ဆံရင်း စာပေ၊ အနုပညာ၊ နိုင်ငံရေး မမောနိုင်မပန်းနိုင် ဆွေးနွေးခဲ့ကြတယ်။ တယောက်နဲ့တယောက် ဘဝဖြတ်သန်းမှုများကိုလည်း ရိုးသားမှုအရင်းခံစိတ်နဲ့ ဖလှယ်ခဲ့ကြတယ်။
ဒီနောက် ကိုနိုင်ဝင်းတယောက် မော်စီတုန်း လက်ရွေးစင်ကျမ်း မြန်မာဘာသာပြန် လေးတွဲရှစ်အုပ်ကို သယ်ဆောင်ပြီး ရွာပြန်သွားတယ် ကြားရတယ်။ ပြန်တွေ့တဲ့အခါ ကျွန်တော့ဘဝဟာ အခုမှ အဓိပ္ပာယ်ရှိရှိနဲ့ စတင်တယ်လို့ ကိုနိုင်ဝင်းတယောက် တွေ့တဲ့ရဲဘော်တိုင်းကို ပြောနေတော့တယ်။
ကိုနိုင်ဝင်းတယောက် အနုပညာတင်မက နိုင်ငံရေးကိုပါ ဝင်စားသွားပါပြီ။ ၇၄-၇၅-၇၆ အုံကြွမှုများကို ဖြတ်သန်းလိုက်ရတဲ့အခါ ကိုနိုင်ဝင်းဟာ ခေတ်ပြိုင်လူငယ်တိုင်းလိုပဲ လူတန်းစားတိုက်ပွဲနဲ့ တော်လှန်ရေးကို စိတ်အားထက်သန်လာပါတယ်။
ဒီနောက် ကိုနိုင်ဝင်းတယောက် 'မိုးကြိုမုန်တိုင်း' ထဲမှာ လွင့်မျောသွားရင်း ကျွန်တော်တို့ အဆက်ပြတ်သွားတယ်။ ၁၉၈ဝ နှစ်ကုန်ပိုင်းမှာ ကျွန်တော်တို့ ‘ပန်ဆန်း’ မှာ ပြန်ဆုံကြတယ်။ တခရီးထဲသွားနေကြရင် ဘယ်လမ်းကသွားသွား တနေရာမှာ ပြန်ဆုံကြတာပဲ မဟုတ်လား။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment