- နိုင်ငံရေးအကျဉ်းသားအခွင့်အရေး အရှင်ဂမ္ဘီရ ဦးဆောင်တောင်းဆို
- IMF အကြီးအကဲ ဟိုတယ်ဝန်ထမ်း ဗလက္ကာရပြုမှုနဲ့ တရားစွဲခံရ
- မြန်မာ၊ မြောက်ကိုရီးယား ပူးပေါင်းမှု စောင့်ကြည့်ရေး ကုလ အစီရင်ခံစာ သတိပေး
- နာရေးကူညီမှုအသင်းထုတ် ဗွီဒီယိုခွေများ ဆင်ဆာတင်ရမည်
- ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲဝင်ပါတီ စတင်ဆောင်ရွက်
- ထိုင်း သဘောထားကြောင့် မြန်မာဒုက္ခသည်တွေ ပိုအခက်အခဲတွေ့
- ကမ္ဘောဒီးယား ကျောင်းဆရာ ပြဿနာများကို ဆရာသမဂ္ဂ ဖော်ထုတ်
- ၂၀၁၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် အမည်စာရင်း ထုတ်ပြန်ခြင်း
မြန်မာစစ်တပ်နဲ့ DKBA တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား
By မအေးအေးမာ တနင်္ဂနွေ, 15 မေ 2011တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေက မြန်မာအစိုးရ ထိန်းချုပ်ရာ နယ်မြေထဲအထိ ၀င်ရောက် တိုက်ခိုက်မှုတွေ လုပ်အပြီး နောက်တနေ့ဖြစ်တဲ့ ဒီကနေ့မှာလည်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ မွန်ပြည်နယ် မုဒုံမြို့ထဲက အစိုးရ အဆောက်အဦးတခုကို ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေ မနေ့က ၀င်တိုက်ခဲ့သလို ဒီကနေ့လည်း မြန်မာစစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာပါ။
နယ်စပ်ဒေသက လက်နက်ကိုင် ပဋိပက္ခတွေရဲ့ နောက်ဆုံး အခြေအနေတွေကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက နေပူခံစခန်း၊ အောက်ဗိုလ်တဲစခန်းနဲ့ မြန်မာစစ်တပ် ခမရ ၂၃၀၊ ခမရ ၁၃၁ တပ်တွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်တွေနဲ့ KNU ပူးပေါင်းတပ်တွေဟာ မေလ ၁၅ ရက်နေ့ မနက်မှာပဲ ကော့ကရိတ်မြို့နယ်ထဲက တမိုင်ကုန်းနဲ့ ချောင်းတောင်ဆိုတဲ့ နေရာတွေမှာရှိတဲ့ စစ်တပ်ရဲ့ စခန်းတွေကို ထပ်မံ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ DKBA တပ်မှူး ဗိုလ်မှူး စောဆန်းအောင် ပြောပြတာက…
“ကျနော်တို့ ဒီနေ့ ကော့ကရိတ် တမိုင်ကုန်းမှာ စစ်တပ်တခုရှိတယ်၊ လွန်ခဲ့တဲ့နေ့မှာတော့ မနက် ၅ နာရီခွဲကစပြီး ကော့ကရိတ် နေပူခံစခန်း၊ တောင်ခြေက အောက်ဗိုလ်တဲ၊ ၂၃၀၊ ၁၃၁ တပ်တွေကို ကျနော်တို့ တပ်ဖွဲ့က ၀င်ရောက်တိုက်ခိုက်တယ်။”
မနေ့ကဖြစ်ခဲ့တဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ကြေးနန်း ဆက်သွယ်ရေးရုံးကို ၀င်ရောက် တိုက်ခိုက်မှုဟာလည်း DKBA နဲ့ KNU မဟာမိတ် တပ်ဖွဲ့တွေရဲ့လက်ချက် ဖြစ်ကြောင်းတွေကိုလည်း ပြောသွားပါတယ်။
“မုဒုံမြို့ကို ၀င်ရောက်တိုက်ခိုက်တာ ကျနော်တို့ရဲ့ တပ်မဟာ ၆ ဗျူဟာမှူးနဲ့ တပ်ရင်း ၁၆၊ တပ်ရင်း ၁၇ တို့ အသီးသီး အောင်နိုင်ကျော်ကြား စစ်ဆင်ရေး စီမံချက်ကို ကျနော်တို့ ရေးဆွဲထားတယ်။ လက်ရှိ အောင်နိုင်ကျော်ကြား စစ်ဆင်ရေးအရ ဆိုရင် ကျနော်တို့က ၀င်ရောက်တိုက်ခိုက်နိုင်တဲ့ အဆင့်ကို ကျနော်တို့ ၀င်ရောက်တိုက်ခိုက်မယ်။ လက်ရှိလည်း မွန်ပြည်နယ် မုဒုံသော်လည်းကောင်း၊ မော်လမြိုင်သော်လည်းကောင်း၊ ဘိတ်၊ ထားဝယ်၊ တနင်္သာရီတိုင်း အသီးသီးပေါ့လေ။”
မနေ့က မုဒုံမြို့က ပစ်ခတ်မှုမှာတော့ ရဲတပ်သားတဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ DKBA ကတော့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ မလုပ်သရွေ့ ဆက်လက် တိုက်ခိုက်မှုတွေ ရှိနေဦးမှာဖြစ်ကြောင်း၊ တိုင်းရင်သားတွေရဲ့ ဒေသတွေမှာ မြန်မာအစိုးရ တပ်တွေက အကြမ်းဖက် တိုက်ခိုက်မှု၊ ဒေသခံ ကျေးရွာသားတွေကို ဖိနှိပ်မှု၊ သတ်ဖြတ်မှု၊ ပေါ်တာဆွဲမှု၊ တောင်ယာတွေကို ဖျက်ဆီးမှုတွေ ရှိနေတယ်လို့လည်း စွပ်စွဲ ပြောဆိုနေပါတယ်။ မေလ ၁၁ ရက်နေ့ကတော့ တိုက်ပွဲတွေကြောင့် ကရင်ပြည်နယ် ဘားအံ၊ ကော့ကရိတ်၊ မြ၀တီကားလမ်းကို မနက်ပိုင်းကနေ နေ့လယ်အထိ အာဏာပိုင်တွေဘက်က ယာယီ ပိတ်လိုက်ရပြီး အခြေအနေ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။
ဒီလထဲမှာ ဖြစ်နေတဲ့ မွန်ပြည်နယ် မုဒုံမြို့နယ်က ပစ်ခတ်မှုနဲ့ ကရင်ပြည်နယ်တွင်းက ပစ်ခတ်မှုတွေဟာ အစိုးရ ထိန်းချုပ်ရာနေရာ ဖြစ်တာကြောင့် ပြည်သူတွေကတော့ စိုးရိမ် ထိတ်လန့်မှုတွေ ရှိနေပါတယ်။
DKBA အဖွဲ့ဟာ ၁၉၉၅ ခုနှစ်မှာ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲပြီး ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် လုပ်ခိုင်းတာကစလို့ တင်းမာမှုတွေ ဖြစ်ခဲ့တာပါ။
ရွေးကောက်ပွဲကာလမှာ မဲမသမာမှုလုပ်တယ်၊ ပြည်သူတွေကို အတင်းအကျပ် မဲထည့်ခိုင်းတယ်ဆိုပြီး ရွေးကောက်ပွဲလုပ်တဲ့ နောက်တနေ့မှာပဲ မြန်မာအစိုးရ တပ်တွေနဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒီကနေ့ တိုက်ပွဲတွေ ဖြစ်နေရတဲ့အထိ တင်းမာမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားအခွင့်အရေး အရှင်ဂမ္ဘီရ ဦးဆောင်တောင်းဆို
2011-05-15 RFAစစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်ရောက် နိုင်ငံရေးအကျဉ်းသားတွေက ထောင်တွင်း ဆေးကုသခွင့် ကောင်းကောင်းမွန်မွန် ရရှိဖို့နဲ့ တခြား နေထိုင်မှု အခွင့်အလမ်းတွေ ရဖို့ မြန်မာ အစိုးရသစ်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို တင်ပြ တောင်းဆိုလိုက်ပါတယ်။
ဒီ တောင်းဆိုစာကို ကလေးမြို့အကျဉ်းထောင်မှာ ထောင်ဒဏ် ကျခံနေရတဲ့ ရွှေဝါရောင် သံဃာ့ လှုပ်ရှားမှု ခေါင်းဆောင် အရှင်ဂမ္ဘီရ က ပြီးခဲ့တဲ့ရက်က ထောင်ဝင်စာ သွားရောက်တွေ့ဆုံတဲ့ အမဖြစ်သူ မခင်သူဌေး က တဆင့် ထောင်အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့ ပေးလိုက်တာလို့ သိရပါတယ်။
တောင်းဆိုချက်မှာ အကျဉ်းထောင်အတွင်း ကျန်းမာရေး ပြုစုစောင့်ရှောက်မှု အခြေအနေတွေ၊ လူမှုရေးဆိုင်ရာ အချက်တွေအပြင် အကျဉ်းထောင်လက်စွဲ စာအုပ်ပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ နိုင်ငံရေးအကျဉ်းသား အခွင့်အရေးတွေ ရရှိဖို့ စသဖြင့် အချက် (၆) ချက် ပါဝင်တယ်လို့ မခင်သူဌေးက RFA ကို ပြောပါတယ်။
ဒီစာကို ပြီးခဲ့တဲ့ မေလ (၁၁) ရက်နေ့မှာ ထောင်အာဏာပိုင်တွေကို တင်ပြလိုက်တာ ဖြစ်ပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန် အပါအဝင်၊ ဒု-သမ္မတတွေ၊ အကျဉ်းဦးစီးဌာန၊ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင် နဲ့ အာရှ လူ့အခွင့်အရေး ကော်မတီတို့ကို ပို့ပေးဖို့ နိုင်ငံရေး အကျဉ်းသားတွေက ပန်ကြားလိုက်တယ်လို့ ဆိုပါတယ်။
အခုလို တောင်းဆိုရတဲ့ အဓိက အကြောင်းရင်းကတော့ ကလေးမြို့ အကျဉ်းထောင်မှာ အမြဲတမ်း တာဝန်ယူ စောင့်ရှောက်တဲ့ ထောင်ဆရာဝန် မရှိတဲ့အတွက် အကျဉ်းသားတွေ အခက်အခဲ ရှိနေတာကြောင့်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း နိုင်ငံရေးအကျဉ်းသား ဦးညီပုနဲ့ ဦးတင်ယု ကို အပြင် ထောင်ဆေးရုံ ထုတ်ပြီး ဆေးကုရခဲ့ရတယ်လို့ သိရပါတယ်။
IMF အကြီးအကဲ ဟိုတယ်ဝန်ထမ်း ဗလက္ကာရပြုမှုနဲ့ တရားစွဲခံရ
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 15 မေလနိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့ကြီး (IMF) ရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဒိုမိနစ်ခ် စထရော့စ်ခန်း (Dominique Strauss-Kahn) ဖမ်းဆီးခံလိုက်ရပေမဲ့ IMF ဟာ အရင်အတိုင်း အလုပ်တွေ ဆက်လက် လုပ်ကိုင်နေမြဲ ဖြစ်ပါတယ်လို့ IMF က ပြောပါတယ်။
ဟိုတယ် အမျိုးသမီး ၀န်ထမ်းတယောက်အပေါ် ဗလက္ကာရပြုမှု၊ မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုနဲ့ ဥပဒေမဲ့ ပိတ်လှောင်ထားမှုတွေနဲ့ ဒိုမိနစ်ခ် စထရော့စ်ခန်းကို တရားစွဲမှာ ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ အစောပိုင်းမှာ ပြောပါတယ်။
သူ့မှာ ဥပဒေ အကျိုးဆောင် ရှိပြီး ဒီအမှုနဲ့ ပတ်သက်လို့ သူ့ရှေ့နေနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကိုပဲ စုံစမ်းမေးမြန်းဖို့ IMF က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဆိုပါတယ်။
မစ္စတာ ဒိုမိနစ်ခ် စထရော့စ်ခန်းရဲ့ ရှေ့နေကတော့ သူ့အမှုသည်မှာ အပြစ်မရှိကြောင်း လျှောက်ထားမယ်လို့ ရိုက်တာ သတင်းဌာနကို ပြောပါတယ်။
မစ္စတာခန်းဟာ အရင် ပြင်သစ် ဘဏ္ဍာရေးဝန်ကြီး ဖြစ်ခဲ့ပြီး နိုဝင်ဘာလ ၂၀၀၇ ခုနှစ်ကစလို့ IMF တာဝန်ကို ထမ်းဆောင်ခဲ့တာပါ။ သူဟာ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမှာ ဆိုရှယ်လစ်ပါတီကနေ သမ္မတလောင်းအဖြစ် ၀င်ရောက် အရွေးခံနိုင်တဲ့သူအဖြစ် တစ်ပေးထားကြသူ ဖြစ်ပါတယ်။
ပါရီမြို့ကို မထွက်ခွာမီ မိနစ်အနည်းငယ် အလိုမှာပဲ ပြင်သစ်နိုင်ငံသား မစ္စတာခန်းကို လေယာဉ် ပထမတန်းကနေ စနေနေ့ နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာပါ။
စနေနေ့ နေ့လယ်ပိုင်းက မစ္စတာ စထရော့စ်ခန်းရဲ့ ဟိုတယ်အခန်းကို သန့်ရှင်းရေးလုပ်ဖို့ ၀င်ရောက်ခဲ့ရာမှာ မစ္စတာ စထရော့စ်ခန်းက ရေချိုးခန်းထဲကနေ ကိုယ်လုံးတီး ထွက်လာပြီး သူမကို အတင်းအဓမ္မ မဟားဒယားလုပ်တာ ဖြစ်တယ်လို့ အမျိုးသမီးဝန်ထမ်းက ရဲကို ပြောပါတယ်။ အခန်းထဲက ထွက်လာပြီး တခြား ဟိုတယ်ဝန်ထမ်းတွေကို အဲဒီဝန်ထမ်းက ပြောပြတဲ့အခါမှာ သူ့ လုပ်ဖော်ကိုင်ဘက်တွေက ရဲကို ခေါ်ခဲ့တာပါ။
ရဲက ဟိုတယ်ကို အရောက်မှာ မစ္စတာ စထရော့စ်ခန်းက လေဆိပ်ကို ထွက်ခွာသွားခဲ့ပါပြီ။ ဟိုတယ်မှာ သူ့ရဲ့ လက်ကိုင်ဖုန်းနဲ့ တခြား ပုဂ္ဂိုလ်ရေး အသုံးအဆောင်တွေ ကျန်ခဲ့ပါတယ်။
မြန်မာ၊ မြောက်ကိုရီးယား ပူးပေါင်းမှု စောင့်ကြည့်ရေး ကုလ အစီရင်ခံစာ သတိပေး
By ဗွီအိုအေ (မြန်မာဌာန) တနင်္ဂနွေ, 15 မေ 2011ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး မြောက်ကိုရီးယားနဲ့ မြန်မာနိုင်ငံတို့ကြား လက်နက်နည်းပညာ အကူအညီ ပေးတာတွေ လုပ်မလုပ် သတိထား စောင့်ကြည့်သွားဖို့ ကုလသမဂ္ဂရဲ့ လျှို့ဝှက် အစီရင်ခံစာ တစောင်က ဖော်ပြလိုက်ပါတယ်။
လျှို့ဝှက် နျူကလီးယားလက်နက် အစီအစဉ်တွေ လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ရှိနေတာနဲ့ ပတ်သက်လို့ ခိုင်ခိုင်မာမာ အထောက်အထား မတွေ့ရပေမဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနိုင်တာကို သတိကြီးကြီးထားပြီး စောင့်ကြည့်သွားဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တင်သွင်းတဲ့ ကျွမ်းကျင်သူ ပညာရှင်တွေရဲ့ အစီရင်ခံစာကို ကိုးကားပြီး ရိုက်တာစ် သတင်းက ဖော်ပြလိုက်တာပါ။
ကုလသမဂ္ဂက ပိတ်ဆို့ အရေးယူထားတာကို ဖောက်ဖျက်ပြီး မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့ဟာ တိုက်ချင်းပစ် ဒုံးပျံလက်နက် နည်းပညာကို အချင်းချင်း မျှဝေခဲ့ကြတယ်လို့ ကုလသမဂ္ဂ လျှို့ဝှက် အစီရင်ခံစာ တစောင်က ဆိုပါတယ်။ ဒီအစီရင်ခံစာ ထုတ်ပြန်မှာကို တရုတ်နိုင်ငံက ပိတ်ဆို့နေတယ်လို့ သံတမန်တွေက ပြောကြပါတယ်။
အိမ်နီးချင်း တိုင်းပြည်တပြည်ကတဆင့် တရားမ၀င် နည်းပညာကို လွှဲပြောင်းခဲ့တာ ဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာကို တွေ့ခဲ့ကြရတဲ့ အနောက်တိုင်း သတင်းစာဆရာတွေက ပြောပါတယ်။ အဲဒီတိုင်းပြည်ကတော့ တရုတ်နိုင်ငံ ဖြစ်တယ်လို့ သံတမန်တွေက ပြောကြပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး တရုတ်က ဘာမှတ်ချက်မှ မပေးပါဘူး။ နည်းပညာကို မြောက်ကိုရီးယား လေကြောင်းလိုင်း Air Koryo နဲ့ အီရန် လေကြောင်းလိုင်း Iran Air ခရီးစဉ်တွေပေါ်မှာ လွှဲပြောင်းခဲ့ကြတာလို့ အစီရင်ခံစာမှာ စွပ်စွဲထားပါတယ်။
၂၀၀၆ နဲ့ ၂၀၀၉ ခုနှစ်တွေမှာ နျူကလီးယား စမ်းသပ်မှုတွေ လုပ်ပြီးတဲ့နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေးယူခဲ့တာပါ။ ယူရေနီယံ သန့်စင်ရေး အစီအစဉ်ကြောင့် အီရန်နိုင်ငံ အပေါ်လည်း နိုင်ငံတကာက ပိတ်ဆို့ အရေးယူထားပါတယ်။
ကျွမ်းကျင်သူတွေက ရေးသားတဲ့ အဲဒီ ကုလသမဂ္ဂ အစီရင်ခံစာကို လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံကို သောကြာနေ့က တင်သွင်းခဲ့ပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီမှာ အားလုံး တညီတညွတ်တည်း သဘောတူမှသာ အဲဒီ အစီရင်ခံစာကို အများပြည်သူသိအောင် ထုတ်ပြန်နိုင်မှာပါ။
အစီရင်ခံစာ ရေးသားတဲ့ အဖွဲ့မှာ ပါတဲ့ တရုတ် ကျွမ်းကျင်သူဟာ တရုတ်အစိုးရ ဖိအားကြောင့် အစီရင်ခံစာမှာ လက်မှတ်မထိုးခဲ့ဘူးလို့ နယူးယောက်ခ် တိုင်းမ် သတင်းစာကြီးက ဆိုပါတယ်။
နာရေးကူညီမှုအသင်းထုတ် ဗွီဒီယိုခွေများ ဆင်ဆာတင်ရမည်
2011-05-15 RFAနာရေးကူညီမှုအသင်း (ရန်ကုန်) က ထုတ်ဝေတဲ့ မှတ်တမ်းဗီဒီယို စီဒီခွေတွေကို ဆင်ဆာ အရင် တင်ပြဖို့နဲ့ ခွင့်ပြုချက်မရခင် မဖြန့်ဝေဖို့ သက်ဆိုင်ရာက ခေါ်ယူ တားမြစ်လိုက်ပါတယ်။
ရန်ကုန် နာရေးကူညီမှုအသင်း တွဲဘက် အတွင်းရေးမှူး ဦးတင်မောင်ဝင်းကို မြောက်ဒဂုံမြို့ နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မင်းက မနေ့က ခေါ်ယူပြီး တားမြစ်ခဲ့တာပါ။
မှတ်တမ်း ဗီဒီယို စီဒီခွေတွေထဲမှာ ဆင်ဆာအဖွဲ့ရဲ့ မူအရ တည်းဖြတ်ပေးရမယ့်၊ အများပြည်သူ မြင်လို့ မသင့်တော်တဲ့ ရုပ်ပုံပြကွက်တွေ မပါရှိပါဘူးလို့ ရန်ကုန် နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူ က RFA ကို ပြောပါတယ်။
“ဒီခွေတွေကတော့ နာရေးကူညီမှု လုပ်ငန်းစဉ်တွေပေါ့လေ၊ ခဲရာခဲဆစ် သွားသယ်တာတွေ ကျနော်တို့ရဲ့ ပေးဆပ်မှုတွေနဲ့ ဆေးကုသနေတဲ့ပုံတွေ ပေါ့။ ကလေးသူငယ်တွေ ပညာ သင်ကြားတဲ့ပုံတွေ၊ နောက်က အဆိုတော်တွေရဲ့ သီချင်းတွေနဲ့ မှတ်တမ်းခွေပါ။ ဒီခွေကလည်း အများပြည်သူ အတော်လေး နှစ်သက်တာကို တွေ့ရပါတယ်။ အများပြည်သူ မြင်လို့မကောင်းတဲ့ ပြကွက်မျိုးတွေလည်း မပါပါဘူး။ တကယ်တမ်း ကျနော်တို့ လုပ်နေတာ ဒီထက်အများကြီး နက်နက်ရှိုင်းရှိုင်း လုပ်ရတာ။ လူမြင်လို့ကောင်းတဲ့ဟာတွေပဲ ကျနော်တို့ ထည့်ထားပါတယ်”
ဒါ့အပြင် အဲဒီ ဗီဒီယို စီဒီခွေတွေဟာ အလှူရှင်တွေကိုသာ သီးသန့် ဖြန့်ဝေတာ ဖြစ်ပြီး အများပြည်သူတွေကို ရောင်းချတာ၊ ဖြန့်ဝေတာ မရှိဘူးလို့လည်း ဦးကျော်သူက ပြောပါတယ်။ မီဒီယာတွေအပေါ်မှာ ဆင်ဆာ စီစစ်တာတွေ လျှော့ပေးလိမ့်မယ်လို့ အများက မျှော်လင့်နေကြတဲ့ အစိုးရသစ် စတင် အုပ်ချုပ်တဲ့အချိန်မှာမှ သူတို့အဖွဲ့က ဗီဒီယို စီဒီထုတ်လုပ်တာကို ပထမဦးဆုံး ကန့်သတ်ခံရတာ ဖြစ်တယ်လို့ ဦးကျော်သူက ဆက်ပြောပါတယ်။
“အခု ပြောင်းလဲလာတဲ့ အစိုးရသစ် လက်ထက်မှာ ပထမဦးဆုံး ရင်ဆိုင်ရတာ ဒီပြဿနာ ပါပဲ။ အရင်တုန်းက မရှိပါဘူး။ အခုမှ ဆင်ဆာတင်ရမယ် ဆိုတာ ခေါ်ပြောတာ။ ခပ် ရိုင်းရိုင်းပြောမယ်ဆိုရင် မသာတောင်မှ ဆင်ဆာ ဖြတ်ခံနေရတယ် ဆိုတာလို ဖြစ်နေတာ။ နာရေးတောင်မှ ဆင်ဆာထိပြီးမှ၊ ခွင့်ပြုမှ ဆိုတာကတော့ သိပ်အဓိပ္ပါယ် မရှိပါဘူး။ ကျနော်တို့ကတော့ သန့်သန့်ရှင်းရှင်း ကိုယ့်လိပ်ပြာ ကိုယ်လုံစွာနဲ့ ဒီအလုပ်ကို ဆက်လုပ်ရမှာပါ”
ရန်ကုန် နာရေးကူညီမှုအသင်း က အလှူရှင်တွေကို ဖြန့်ချိတဲ့ ဗီဒီယို စီဒီခွေတွေထဲမှာ အဆိုတော်တွေလည်း နောက်ခံသီချင်းတွေ သီဆိုပေးထားပေမယ့် သူတို့ကိုတော့ တစုံတရာ ကန့်သတ်တာ မရှိသေးဘူးလို့ သိရပါတယ်။
ကရင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲဝင်ပါတီ စတင်ဆောင်ရွက်
2011-05-15 RFAကရင်ပြည်နယ်အတွင်း အပစ်အခတ် ရပ်စဲရေးနဲ့ စစ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူတွေ နေရပ် ပြန်လာ ရေးအတွက် ပါဝင်ဆောင်ရွက်ဖို့ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက ဦးသိန်းစိန်အစိုးရ ကို တင်ပြထားတယ်လို့ သိရပါတယ်။
ဒီဆောင်ရွက်ချက်ဟာ ကရင် ငြိမ်းချမ်းရေးကော်မတီရဲ့ ပန်ကြားချက်အရ လက်နက်ကိုင် ကရင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အစိုးရအကြား တွေ့ဆုံဆွေးနွေးရေး ဖြစ်ဖို့ ဖလုံ-စဝေါ်ပါတီ က ကြိုးစား ဆောင်ရွက်နေတာ ဖြစ်တယ်လို့ ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် နန်းစေးဝါက ပြောပါတယ်။
“ငြိမ်းချမ်းရေး ကော်မတီဘက်ကတော့ ဒီလုပ်ငန်းတွေ အကောင်အထည်ဖော်ဖို့ အဆင်သင့် ဖြစ်နေပါပြီပေါ့။ ကျမတို့တွေကို ဒီဘက်က နိုင်ငံတော်နဲ့ လုပ်ငန်း အကောင်အထည်ဖော်ဖို့ တာဝန်ပေးပါတယ်။ အထူးသဖြင့် ဦးစောသိန်းအောင်နဲ့ ကျမ ဒေါ်နန်းစေးဝါကို ပေါ့နော်”
ကရင် ငြိမ်းချမ်းရေးကော်မတီကို ဘာသာရေးဆိုင်ရာ အကြီးအကဲတွေနဲ့ ဒေသခံမြို့မိမြိုဖ ကရင် တိုင်းရင်းသား ၉ ဦးနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
မကြာသေးခင်က ကျင်းပ ပြီးစီးခဲ့တဲ့ လွှတ်တော် အစည်းအဝေးမှာလည်း ကရင် စစ်ပြေးဒုက္ခသည်တွေ နေရပ် ပြန်လာရေးကိစ္စကို ပါတီဥက္ကဋ္ဌ ဦးစောသိန်းအောင်က တင်ပြခဲ့ပါတယ်။ ဒါနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မဲဆန္ဒနယ်မြေတွေကို ပြန်ရောက်တဲ့အခါမှာ ရှင်းပြခဲ့ပေမယ့် အစိုးရရဲ့ကမ်းလှမ်းချက်ကို ကရင်ပြည်သူတွေဘက်က မယုံကြည်တဲ့အကြောင်း နန်းစေးဝါက ပြောပါတယ်။
“လွှတ်တော်မှာတုန်းကတော့ ဖလုံ-စဝေါ်ပါတီက တင်ပြထားပါတယ်။ ဒီကိစ္စကို ကျမတို့ တအားကို လုပ်ချင်တယ်၊ ကရင်ပြည်နယ် လူထုအတွင်းမှာ ဒါကို လိုလားတယ် ဆိုတာကို။ အဲဒီတော့ နိုင်ငံတော်ရဲ့ ပြောရေးဆိုခွင့်ရှိတဲ့ ဝန်ကြီးက သူတို့လည်း ဒါကို အမြဲတမ်း လက်ကမ်းကြိုဆိုနေပါတယ်ပေါ့။ ဒီကိစ္စကို ပြောတော့ အပစ်အခတ် မရပ်သေးတဲ့အတွက် မယုံရဲသေးဘူးဆိုပြီး အဲဒီဘက်က ရွာသားတချို့က ပြောပါတယ်”
ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဖလုံ-စဝေါ်ပါတီရဲ့ တင်ပြချက်နဲ့ ပတ်သက်လို့ ဦးသိန်းစိန် အစိုးရဘက်က တစုံတရာ တုန့်ပြန်တာ မရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိ အခြေအနေမှာ အစိုးရတပ်တွေနဲ့ ကရင် လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။
ထိုင်း သဘောထားကြောင့် မြန်မာဒုက္ခသည်တွေ ပိုအခက်အခဲတွေ့
2011-05-15 RFAထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေက မြန်မာ ဒုက္ခသည်တွေအပေါ် ထားတဲ့ ကြမ်းတမ်းတဲ့ သဘောထားကြောင့် ဒုက္ခသည်တွေ ပို အခက်အခဲ ဖြစ်ကြရတဲ့ အကြောင်းနဲ့ ဒုက္ခသည်တွေအပေါ် ကရုဏာထားကြဖို့ ထိုင်း ဒုက္ခသည်များ ကော်မတီ TRC အကြီးအကဲက ပြောကြားလိုက်ပါတယ်။
ဒုက္ခသည်အဖြစ် ထိုင်းအစိုးရက မှတ်ပုံတင် အသိအမှတ်မပြုတဲ့ မြန်မာဒုက္ခသည် ၆ သောင်းကျော်ဟာ ဒီ အခက်အခဲတွေကို ပိုခံစားနေရကြောင်း၊ ထိုင်းစစ်တပ်ဟာ မှတ်ပုံမတင်သေးတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာ ပေးပို့တာကို မကြာသေးခင် ရက်ပိုင်းကပဲ ရပ်တန့်ခဲ့ကြောင်း ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲမှာ TRC အကြီးအကဲ Veerawit Tianchainan က ပြောကြားပါတယ်။
ထိုင်းအစိုးရဟာ မြန်မာနိုင်ငံကနေ အသစ် ရောက်လာတဲ့ ဒုက္ခသည်တွေကို ဒုက္ခသည် မှတ်ပုံတင် ထုတ်မပေးခဲ့တာ ၂ဝဝ၆ ခုနှစ် ကတည်းကဖြစ်ပါတယ်။
မြန်မာနိုင်ငံနယ်စပ် မြဝတီနဲ့ မျက်နှာချင်းဆိုင်က တပ်ခရိုင် အုပ်ချုပ်ရေးမှူးဟာ ဒုက္ခသည်စခန်းတွေမှာ လူဦးရေ စစ်ဆေးပြီး မှတ်ပုံတင် မရှိသူတွေကို ပြန်ပို့ဖို့ စီစဉ်နေတာဟာ ကောင်းမွန်တဲ့ အလားအလာ မဟုတ်ကြောင်း သူက ပြောပါတယ်။
မြန်မာနိုင်ငံသားတွေ အပေါ်မှာ ထားတဲ့ ထိုင်းနိုင်ငံသားတွေရဲ့ သဘောထားဟာ ထိုင်းပညာရေးစနစ်က ပုံသွင်းထားတဲ့ အတိုင်း မြန်မာကို အမျိုးသားရန်သူအဖြစ် ရှုမြင်ထားကြကြောင်း၊ ထိုင်းအများစုဟာ မြန်မာ အလုပ်သမားတွေနဲ့ ဒုက္ခသည်တွေကို ခွဲခြား မမြင်တတ်ကြကြောင်း Mr. Veerawit က ပြောကြားပါတယ်။
ကမ္ဘောဒီးယား ကျောင်းဆရာ ပြဿနာများကို ဆရာသမဂ္ဂ ဖော်ထုတ်
Sunday, 15 May 2011 04:51 Editor မောက္ခနိုင်ငံတကာ ပညာရေးသတင်းလွတ်လပ်သော ကမ္ဘောဒီးယား ကျောင်းဆရာများ အစည်းအရုံးက ကျောင်းဆရာများ ကြုံတွေ့နေရသည့် လုပ်ငန်းခွင် စိန်ခေါ်နေမှုများနှင့် သမဂ္ဂတွင်း လှုပ်ရှားမှု အခက်အခဲဆိုင်ရာ စစ်တမ်း တစ်စောင်ကို ထုတ်ဝေလိုက်သည်။
မတ်လအတွင်း ပြည်နယ် ၁၇ ခုတွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။ ရရှိသည့် ဒေတာများကို SPSS ဆော့ဖ်ဝဲကို အသုံးပြုပြီး စစ်ဆေးခဲ့ကြသည်။ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ကျောင်းဆရာများ ပါဝင်ခွင့်ရရှိမှု၊ ပညာရေး မူဝါဒများကို ကျောင်းဆရာများက သိရှိနားလည်မှုနှင့် ပညာရေး အရည်အသွေးတိုးတက် ကောင်းမွန်စေရန်အတွက် ကျောင်းဆရာများကိုယ်တိုင် မည်သို့ ပါဝင်ဆောင်ရွက်နိုင်မှု တို့ကို သုတေသီများက လေ့လာခဲ့ကြသည်။
အစည်းအရုံး ဥက္ကဌ ရန်ချွမ်က ရလဒ်များကို ကြေညာပြောဆိုရာတွင် “ကမ္ဘောဒီးယား တစ်နိုင်ငံလုံးက ကျောင်းဆရာ ၇၀၀ လောက် ဒီလေ့လာမှုမှာ ပါဝင်ခဲ့ကြပါတယ်။ ကျောင်းဆရာများ ရင်ဆိုင်နေရတဲ့ ပြဿနာ အကြီးဆုံး ၃ ခုကတော့ (၁) လစာဝင်ငွေ နိမ့်ပါးလွန်းခြင်း၊ (၂) အဂတိတရား လိုက်စားမှု နဲ့ (၃) သင်တန်းများ၊ သင်ထောက်ကူများ မရရှိခြင်းတို့ပဲဖြစ်တယ်လို့ သိရှိရပါတယ်။”
လွတ်လပ်သော ကျောင်းဆရာအစည်းအရုံးမှ ဤရလဒ်များကို ပညာရေး ၀န်ကြီးဌာနကို တင်ပြသွားမည် ဖြစ်သည်။ “ပညာရေး အရည်အသွေး တိုးတက် ကောင်းမွန်စေဖို့အတွက် ကျွန်တော်တို့ ပူးပေါင်း ဆောင်ရွက်ကြဖို့ရာ တိုက်တွန်း သွားမှာလည်းဖြစ်ပါတယ်။” သမဂ္ဂဥက္ကဌက ပြောပြခဲ့သည်။
နိုင်ငံတကာ ပညာရေး သမဂ္ဂများ အဖွဲ့ချုပ် EI ၏ အဖွဲ့ဝင်ဖြစ်သော ကမ္ဘောဒီးယား ဆရာအစည်းအရုံးက ဆရာများကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းရန် နည်းလမ်းများကိုလည်း ရှင်းပြထားသည်။ ဆရာလစာများ တိုးမြှင့်ရေးကိစ္စနှင့် ဆရာများနှင့် ရပ်ရွာလူ့အဖွဲ့အစည်းများ၏ ကျောင်း စီမံခန့်ခွဲရေးတွင် ပါဝင်ဆောင်နိုင်ပုံတို့ ပါဝင်သည်။
နိုင်ငံတကာ ပညာရေး အဖွဲ့အစည်းကြီး EI က ကမ္ဘောဒီးယား အာဏာပိုင်များအနေဖြင့် မူဝါဒများ ချမှတ်ရာတွင် ကျောင်းဆရာ သမဂ္ဂအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းထားသည်။
၂၀၁၁ ခုနှစ် ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုရှင် အမည်စာရင်း ထုတ်ပြန်ခြင်း
by Ko Myoe on Monday, May 16, 2011 at 8:15amပြည်တွင်းရှိ လူမှုလုပ်ငန်း စေတနာ့ဝန်ထမ်းစွမ်းဆောင်သူများမှ နောက်ဆုံးဆန်ကာတင် ၅ ဦးအနက် ဆန္ဒမဲအများဆုံး ရရှိသူတဦးကို ရွေးချယ်ကြသည့် ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်ကို မေလ၁၅ရက် က ကျင်းပပြီး ဒေါ်ရှု ကို ဆန္ဒမဲအများဆုံးဖြင့် ရွေးချယ်လိုက်သည်။
ပြည်သူ့ဂုဏ်ရည် ချီးမြှင့်ဂုဏ်ပြု အစီအစဉ်၏ နောက်ဆုံး ဆန်ခါတင် ၅ ဦး စာရင်းကို ထုတ်ပြန်ပြီး မေလ ၁၄ရက် ၂၀၁၁ခုနှစ် ညသန်းကောင်ယံအချိန်အထိ အင်တာနက်မှတဆင့် အများပြည်သူထံက ဆန္ဒအရှိဆုံး မဲများကို လက်ခံခဲ့ပြီး ဖြစ်သည်။ နောက်ဆုံး စာရင်းပိတ်ပြီးနောက် စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက်ကို Westwood College – Prof. R. Hoo ခေါင်းဆောင်သည့် စိစစ်ရေးအဖွဲ့က အောက်ပါအတိုင်း အသိပေးထုတ်ပြန်လိုက်သည်။
မဲပေးကြသည့် နိုင်ငံစုစုပေါင်း = ၄၀ နိုင်ငံ
စုစုပေါင်း လက်ခံရရှိသည့် မဲအရေအတွက် = ၂၅၀၂၂၈ မဲ
ပထမ မဲအများဆုံး ရရှိသူ - စုစုပေါင်းမဲ၏ ၄၃.၉၁ %
ဒုတိယ မဲအများဆုံး ရရှိသူ - ၂၅.၇၅ %
တတိယ မဲအများဆုံး - ၁၅.၃၆ %
စတုတ္ထ မဲအများဆုံး - ၁၀.၃၇ %
ပဉ္စမ မဲအများဆုံး - ၀.၃၉ % ဖြစ်ပါသည်။
ဆန္ဒမဲလာရောက်ပေးကြသည့် ဧည့်ပရိသတ် ၀င်ရောက်မှု အများဆုံး နိုင်ငံများမှာ -
၁။ အမေရိကန်ပြည်ထောင်စု - စုစုပေါင်းမဲ၏ ၄၁.၁၀ %
၂။ စင်ကာပူ - ၂၁.၈၆ %
၃။ ထိုင်းနိုင်ငံ - ၆.၄၆ %
၎။ ဂျပန် - ၃.၁၆%
၅။ ၾသစေၾတးလ် - ၃.၀၈ %
၆။ မြန်မာနိုင်ငံ - ၁.၁၃ %
ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုပေးအပ်ပွဲ ကျင်းပရေးကော်မတီ
ဆက်သွယ်ရန်။ ။ ကိုကျော်ဝဏ္ဏ (၀၁) ၆၂၆ ၄၇၈ ၇၇၁၇၊ ကိုလေး (၀၁) ၆၂၆-၃၈၃-၆၉၀၁၊ ကိုဝေလ (၀၁) ၆၄၆-၄၆၂-၉၀၁၇၊ ကိုထိန်လင်း (၀၁) ၄၁၅-၅၃၁-၃၇၆၁၊ ကိုဂျေစင် (၀၁) ၅၁၀-၄၀၂-၇၇၇၉
ဆန္ဒမဲအများဆုံးဖြင့် ဒေါ်ရှု ကို ရွေးချယ်လိုက်သည်။
အစ္စရေးတပ်နဲ့ ပါလက်စတိုင်းဆန္ဒပြသူတွေ ထိပ်တိုက်တွေ့
BBC,Burmese / 15-5- 2011ဂါဇာကမ်းမြှောင်ဒေသ နဲ့ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း ဒေသတွေမှာ ၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံ ထူထောင်ခဲ့နေ့ကို ကန့်ကွက်ဆန္ဒပြသူ ပါလက်စတိုင်းလူမျိုးတွေနဲ့ အစ္စရေးတပ်ဖွဲ့တွေနဲ့ အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက စက်သေနတ်တွေ၊ တင့်ကားပေါ်ကနေ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ လို့ ဂါဇာမှာ အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရရှိ သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ရာမာလာ မြို့မှာတော့ ခဲတွေနဲ့ ပြန်ပစ်ပေါက်နေတဲ့ ပါလက်စတိုင်းတွေကို ရာနဲ့ချီတဲ့ အစ္စရေး အဓိကရုဏ်း နှိမ်နှင်းရေးရဲနဲ့ စစ်တပ်ဖွဲ့ဝင် တွေက မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
အိမ်နီးချင်း ဆီးရီးယားနိုင်ငံက ပါလက်စတိုင်း ဒုက္ခသည်တွေဟာ နယ်စပ်ကို ချိုးဖေါက် ဝင်ရောက်ခဲ့လို့ ဂိုလန်ကုန်မြင့်ဒေသမှာ လုံခြုံရေးတွေက ကျည်ဆံအစစ်တွေ သုံးပြီး ပစ်ခတ် ခဲ့တယ်လို့ သိရပါတယ်။
လက်ဘနွန်နဲ့ ကပ်နေတဲ့ အစ္စရေးနယ်စပ်မှာလည်း အလားတူ ဖြစ်ရပ်ကြောင့် ပါလက်စတိုင်း ဆယ်ဦးထက်ကျော် ဒဏ်ရာရသွားခဲ့ပါတယ်။
No comments:
Post a Comment