Monday, May 2, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၃ ရက်)

- ဝ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် ဆက်လက်တင်းမာ- ကားလမ်းဖေါက်လုပ်ရာတွင် လယ်မြေများ ဆုံးရှုံး
- မေဒေးနေ့ နိုင်ငံတကာ အလုပ်သမား ဆန္ဒပြပွဲများ
- မြန်မာစစ်တပ်အမြောက်ကျည်တစ်ခု KIA နယ်မြေထဲ ကျရောက်ပေါက်ကွဲ
- ကရင်နီပြောက်ကြားတိုက်ပွဲ ၄ ဦးကျဆုံး ၂ ဦးလွတ်မြောက်
- ဘင်လာဒင် သေပြီးနောက် အမေရိကန် လုံခြုံရေး သတိပေး
- ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဝ အဖွဲ့ တောင်းဆိုမည်
- ကျောက်ဖြူတွင် စစ်တပ်နှင့်ရဲ အရာရှိများပိုင် ပြည့်တန်ဆာခန်းက အဆိုးရွားဆုံးဖြစ်
- နာဂစ် မုန်တိုင်း ပျက်စီးမှုများ ၃ နှစ်ကြာ နာလန်မထူနိုင်သေး

ဝ တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ် ဆက်လက်တင်းမာ
By ဦးမိုးဇော် တနင်္လာ, 02 မေ 2011

အပစ်အခတ်ရပ်စဲရေး ရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ သတ်မှတ်နယ်မြေ ပြင်ပမှာ အခြေစိုက်ထားတာ ရုပ်သိမ်းဖို့ မြန်မာစစ်တပ်က နောက်ဆုံးရက် သတ်မှတ်ထားတာ ကျော်လွန်သွားပေမဲ့ နှစ်ဘက် အပြီးသတ် သဘောတူညီချက်တွေတော့ မရသေးပါဘူး။

ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ အခြေစိုက်ထားတဲ့ အင်အားကြီး လက်နက်ကိုင် ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSA) ကတော့ ထိပ်တိုက် ရင်ဆိုင်မှုတွေကို ရှောင်ရှားလိုကြောင်းနဲ့ အစိုးရနဲ့ ဆွေးနွေးမှုတွေ လုပ်လိုကြောင်း ကမ်းလှမ်းထားတာပါ။ အပစ်ရပ် အဖွဲ့တွေနဲ့ မြန်မာစစ်တပ် အကြားက တင်းမာမှု နောက်ဆုံးအခြေအနေတွေ ဘယ်လိုရှိနေသလဲ ဆိုတာ ဆက်သွယ် စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာအစိုးရဘက်က နှစ်ဘက် အပစ်အခတ် ရပ်စဲစဉ်က သဘောတူ သတ်မှတ်ထားတဲ့ နယ်မြေရဲ့ ပြင်ပမှာ ရောက်ရှိနေတဲ့ UWSA ခေါ် ၀ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA ခေါ် အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်တို့ရဲ့ တပ်ဖွဲ့တွေကို ဧပြီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းဖို့အတွက် ဧပြီလ နောက်ဆုံးပတ်က တောင်းဆိုထားပါတယ်။
ဒီလို တောင်းဆိုခဲ့တဲ့နောက်မှာ ၀တပ်ဖွဲ့အတွင်းမှာ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူပြီး မြန်မာအစိုးရရဲ့ တောင်းဆိုချက်အပေါ်မှာ ဆွေးနွေးခဲ့ပါတယ်။

အခုအခါမှာတော့ ၀တပ်ဖွဲ့ဘက်က သူတို့တပ်တွေ သတ်မှတ်နယ်မြေ ပြင်ပမှာ ရှိမရှိ ပြန်လည်စစ်ဆေးနေပြီး ဒေသတွင်း အခြေအနေဟာ အခုချိန်ထိ အေးအေးဆေးဆေးပဲ ရှိတယ်လို့ ၀တပ်ဖွဲ့က တာဝန်ရှိသူ တယောက်က ပြောပါတယ်။

“နောက်ဆုံးအခြေအနေကတော့ စစ်ဆေးတုန်းပဲ ရှိပါသေးတယ်။ ဒေသမှာတော့ အေးအေးဆေးဆေးပါ။”
မိုင်းလားတပ်ဖွဲ့ဘက်ကတော့ စစ်စခန်း ၂ ခုလောက်ကို ဧပြီလ ၃၀ ရက်နေ့ မတိုင်ခင်က ရုပ်သိမ်းခဲ့တယ်လို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဝတပ်ဖွဲ့ဘက်က သတ်မှတ်နယ်မြေ ပြင်ပမှာ သူတို့တပ်တွေ အခြေစိုက်ထားတာရှိရင် ပြန်လည်ရုပ်သိမ်းမယ်၊ မသိမ်းဘူး ဆိုတာတော့ အတိအကျ ပြောဆိုတာ မရှိပေမဲ့ အရင် စစ်အစိုးရနဲ့ သဘောတူထားတဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းပြီး အစိုးရသစ်နဲ့ ဆွေးနွေးဖို့ လိုလားကြောင်း ၀တပ်ဖွဲ့က တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ကျနော်တို့ဘက်က သဘောထားကတော့ ဆက်ပြီးတော့ ငြိမ်းချမ်းရေးကို ထိန်းထားချင်တယ်လေ။ ဗိုလ်ချုပ်ကြီး သိန်းစိန် အစိုးရသစ်နဲ့လည်း ဆွေးနွေးချင်တယ်။ ဗိုလ်ချုပ်ကြီး သိန်းစိန်ကလည်း သမ္မတတာဝန် ထမ်းဆောင်တဲ့နေ့က မိန့်ခွန်းမှာလည်း ပြောထားတယ်။ နောက်ပြီးတော့ နယ်စပ်ဒေသ တိုင်းရင်းသားတွေဒေသ ဖွံ့ဖြိုးရေးနဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာလည်း ပြောသွားတာတွေ ရှိတယ်လေ။ ဒီကိစ္စကို ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးမှာပါ။”

မတ်လ ၂၀ ရက်နေ့ကလည်း ၀တပ်ဖွဲ့ ခေါင်းဆောင်တွေဟာ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆွေးနွေးဖြေရှင်းဖို့နဲ့ စစ်ရေးနည်းအရ ဖြေရှင်းတာကို မလိုလားကြောင်း ဖော်ပြထားတဲ့ စာတမ်းတစောင်ကို သူတို့ဌာနချုပ် ပန်ဆန်းကို ရောက်ရှိလာတဲ့ စစ်တပ်အရာရှိ တယောက်ကနေ မြန်မာအစိုးရကို ပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်အရာရှိက အဲဒီစာကို ယူဆောင်သွားဖို့ ငြင်းဆိုခဲ့ပါတယ်။

ဝတပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တို့ဟာ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ပြီး မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ မြန်မာစစ်အစိုးရက တောင်းဆိုချိန်မှာ ၀နဲ့ မိုင်းလားတပ်ဖွဲ့တွေဘက်က လက်မခံခဲ့တဲ့နောက် ဆက်ဆံရေး အခြေအနေတွေ တင်းမာလာခဲ့ပါတယ်။

ဒီရက်ပိုင်းတွေ အတွင်းမှာတော့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း တပ်မဟာ ၁ လှုပ်ရှားရာ ဒေသအတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပြီး မြန်မာအစိုးရဘက်က စစ်အင်အား တိုးချဲ့လာတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ကားလမ်းဖောက်လုပ်ရာတွင် လယ်မြေများ ဆုံးရှုံး
5/2/2011 ထွန်းထွန်း ။ နိရဉ္စရာ သတင်း

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ်တွင် ကားလမ်းဖေါက်လုပ်နေရာ ဒေသခံ လယ်သမားများ အနေဖြင့် လယ်မြေများ ဆုံးရှုံးနေကြရကြောင်း သတင်း ရရှိသည်။

ယခု ဖေါက်လုပ်နေသော ကားလမ်းမှာ မောင်တောမြို့မြောက်ပိုင်းတွင်ဖြစ်ပြီး နယ်စပ် တလျှောက်ကို ကာရံထားသေား ခြံစည်းရိုး အကြား ဆက်သွယ်ရန် ဖေါက်လုပ်နေသော ကားလမ်းဖြစ်ကြောင်း ငခူရကျေးရွာသား တစ်ဦးက ပြောသည်။

“ ဒီလမ်းက ခြံစည်းရိုး တလျှောက် ဖေါက်လုပ်နေတဲ့ လမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က စပြီး ဖေါက်လုပ်နေတာ ဖြစ်ပါတယ်။ ကားလမ်းတလျှောက်မှာ ရှိတဲ့ လယ်မြေတွေ ပုစွန်တာတွေနဲ့ ဆိုရင် ဧက ၂၀၀ ကျော်လောက် နစ်နာဆုံးရှုံးခဲ့ရပါတယ်။ အစိုးရက ရေနဲ့ မြေကို ပိုင်တယ်ဆိုပြီး ကားလမ်းကြောင်း ကျတဲ့နေရာတွေကို အကုန်လုံး သိမ်းယူပြီး ဖေါက်လုပ်နေတာ ဖြစ်ပါတယ်။”

ဆုံးရှုံးနစ်နာခဲ့ရသည့် ကျေးရွာများမှာ (၁) ပြုံးမရွာမှ စောထွန်း (ဖ) ခိုင်မောင်တွင် ပုစွန်တာနှင့် လယ်မြေ ၁၈ ဧက၊ (၂) ခြံပြင်ကျေးရွာမှ သန်းထွန်းချေ (ဖ) ဖြူထွန်းတွင် စပါးစိုက်ပျိုးမြေ ၁၂ ဧက၊ (၃) စံပယ်ပင် ရွာမှ ကျော်မောင် စိန် (ဖ) ခိုင်ထွန်းဦးတွင် ပုစွန်တာနှင့် မြေဧက ၃၆၊ (၅) ငခူရရွာမှ စောတင်မောင်တွင် စပါးစိုက်ပျိုးမြေ ဧက ၄၀ နှင့် တခြား ကျေးရွာသားများမှ စုစုပေါင်း ဧက ၂၀၀ နီးပါး ဆုံးရှုံးနစ်နာခဲ့ရသည်ဟု သိရသည်။

အဆိုပါ ဒေသရှိ ပြည်သူများမှာ လယ်ယာမြေနှင့် ပုဇွန်မွေးမြူရေး လုပ်ငန်း ဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေသူများ ဖြစ်သဖြင့် ယခုကဲ့သို့ လယ်မြေများ အသိမ်းခံနေရသဖြင့် အထူး ဒုက္ခ ကြုံတွေ့နေရသည်ဟု သိရသည်။

ကျေးရွာသားများက ခယက နှင့် မယကထံသို့ လယ်မြေသိမ်းခံရသည့် ကိစ္စ စုပေါင်း တိုင်ကြားသော်လည်း ယခုအချိန်ထိ သက်ဆိုင်ရာမှ တစုံတရာ ဖြေရှင်း ပေးခြင်း မရှိကြောင်း သိရသည်။

မေဒေးနေ့ နိုင်ငံတကာ အလုပ်သမား ဆန္ဒပြပွဲများ
Monday, 02 May 2011 04:31 မောက္ခ နိုင်ငံတကာသတင်း

ဂျာကာတာ

မေဒေးနေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ လမ်းများပေါ်တွင် အလုပ်သမား ၅ သောင်းကျော်က ‘လုပ်ခ၊ အလုပ်၊ အိမ်မြေ’ စတဲ့ ကြွေးကြော်သံများနှင့်အတူ သမ္မတနှင့် ဒုသမ္မတ နှုတ်ထွက်ပေးရေး
တောင်းဆိုခဲ့ကြသည်။ နှစ်စဉ် မေ ၁ ရက်နေ့တိုင်း အင်ဒိုနီးရှား အလုပ်သမားများက မပျက်မကွက် ဆန္ဒပြကြခြင်း ဖြစ်သည်။

သမ္မတ အိမ်တော်ဆီ ချီတက်လာတဲ့ လူအုပ်ကြီးနဲ့ ရဲများ လမ်းတွင် ထိပ်တိုက်ပဋိပက္ခဖြစ်ခဲ့သည်။ နောက်ဆုံး ဆန္ဒပြ အလုပ်သမားများ သမ္မတ အိမ်တော်ဝင်းရှေ့ ရောက်ရှိခဲ့ပြီး ကားတာယာများကို မီးရှို့ခဲ့ကြသည်။ အလုပ်သမားအဖွဲ့ ၆၆ ဖွဲ့က ဆန္ဒပြသူများနှင့် ထပ်မံပေါင်းစည်းခဲ့သည်။

အလုပ်သမားများက အနိမ့်ဆုံး လုပ်ခလစာ(minimum wages) ကို တိုးမြှင့်သတ်မှတ်ပေးဖို့၊ ကုမ္ပဏီတွေမှ ပြင်ပအလုပ်သမား ငှားရမ်းလုပ်ကိုင်မှု လျှော့ချဖို့၊ သမဂ္ဂများများရဲ့ အခွင့်အရေး ရရှိဖို့၊ အင်ဒိုနီးရှား နိုင်ငံသားအားလုံး အတွက် လူမှု့ဘ၀လုံခြုံရေး စနစ် ဥပဒေအတိုင်း အကောင်အထည် ဖော်ပေးဖို့ တောင်းဆိုခဲ့ကြသည်။ ဆက်ပြီး သမ္မတ ယဒ်ဟိုယိုနို နှင့် ဒုသမ္မတ ဘိုအာဒီယိုနို တို့ နှုတ်ထွက်ပေးရေးကို တောင်းဆိုခဲ့သည်။
အင်ဒိုနီးရှားတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အလုပ်သမားများအတွက် အနိမ့်ဆုံးလစာ သတ်မှတ်ထားချက်မရှိ။ ပြည်နယ် ခရိုင်အသီးသီးက တစ်ကျောင်းတစ်ဂါထာ ပုံစံဖြင့် လာစာနှုန်း သတ်မှတ်ထားမှုသာ ရှိသည်။ တနင်္ဂနွေ မေဒေးနေ့ ဆန္ဒပြမှု အတွက် အစိုးရက လုံခြုံရေးရဲ ၇၀၀၀ ကျော် ချထားခဲ့သည်။

အေသင်

ဂရိနိုင်ငံ အေသင်မြို့တွင်လည်း သမဂ္ဂများမှ ထောင်ပေါင်းများစွာသော အလုပ်သမားတွေက အစိုးရရဲ့ ဘတ်ဂျက် ခြိုးခြံ ချွေတာရေး အစီအစဉ်များကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။ သင်္ဘောနှင့် ရထား ၀န်ထမ်းများ ပါဝင်ဆန္ဒပြခဲ့သောကြောင့် သယ်ယူ ပို့ဆောင်ရေးများ ရပ်ဆိုင်းသွားခဲ့သည်။

ဂရိအစိုးရမှာ အကြီးအကျယ် လိုငွေပြမှုကို ဖြေရှင်းဖို့ အတွက် ၂၀၁၀ တွင် ဥရောပ ယူနီယံနှင့် IMF မှ ၁၆၃ ဘီလီယံ ဒေါ်လာ ချေးငှားခဲ့ရသည်။ အကျိုးဆက်အဖြစ် ၀န်ထမ်းများ အရေအတွက် လျှော့ချမှု၊ လူမှု့ထောက်ပံ့မှုများ ဖြတ်တောက်မှုများ လုပ်ဆောင်နေသည်။ ဆန္ဒပြသူများအနက် ၁၀ လ တိတိ အလုပ်အကိုင်မရှိသူများ ဦးဆောင်ပါဝင်ခဲ့သည်။

လစ္စဘွန်း

ပေါ်တူဂီမြို့တော်တွင် အလုပ်သမားများက အစိုးရရဲ့ ဘတ်ဂျက် လျှော့ပေါ့ရေး အစီအစဉ်များ၊ ကမ္ဘာ့ဘဏ်နဲ့ IMF မှ ကိုယ်စားလှယ်များကို ဆန္ဒပြခဲ့ကြသည်။ အလုပ်အကိုင် ရရှိရေး၊ လုပ်ခလစာ တိုးမြင့်ရေး၊ လုပ်ငန်းခွင် အခြေအနေများ ကောင်းမွန်ရေးအတွက် အလံများ ပိုစတာများ ကိုင်ဆောင် ဆန္ဒပြခဲ့သည်။

ပေါ်တူဂီ အစိုးရက လိုငွေပြမှု ကယ်တယ်ဖို့ ကမ္ဘာ့ဘဏ်နှင့် IMF မှ ၁၂၀ ဘီလီယံ ဒေါ်လာ ချေးငှားထားတဲ့အတွက်၊ အခွန်များ တိုးမြှင့်မှုနဲ့ အသုံးစရိတ် လျှော့ချမှုများ လုပ်ဆောင်နေသည်။

အစ္စတန်ဘူလ်

တူရကီမြို့တော် ရင်ပြင်တွင် မေဒေးနေ့ အလုပ်သမား ၂ သိန်းခန့ှ် စုဝေးပြီး အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။ ရဲများရဲ့ ပစ်ခတ် မှုကြောင့် လူအုပ်ပိပြီး ၃၄ ဦး သေဆုံးခဲ့သည်။

ဗလန်စီယာ

စပိန်နိုင်ငံမှာ ဥရောပနိုင်ငံများအနက် အလုပ်လက်မဲ့ ၂၁.၃ ရာနှုန်းဖြင့် မထင်မှတ်ဘဲ အများဆုံး ဖြစ်နေသည်။ မေဒေးနေ့က အရှေ့ဘက် ဆိပ်ကမ်းမြို့ ဗလန်စီယာ တွင် အလုပ်သမားများက အစိုးရရဲ့ အလုပ်အကိုင် ဖန်တီးဆောင်ရွက်မှု ညံ့ဖျင်း ပျက်ကွက်မှုအပေါ် ဆန္ဒပြခဲ့ကြသည်။

မော်စကို

ရုရှားနိုင်ငံ မော်စကိုတွင် ကွန်မြူနစ်ဟောင်းများနှင့် လက်ဝဲယိမ်း အယူအဆရှိသူများ ၅၀၀၀ ကျော် စုပေါင်းပြီး အနီရောင် အလံများဖြင့် မေဒေးနေ့ကို အစဉ်အလာ နိုင်ငံတကာ အလုပ်သမား အားလပ်ရက်အဖြစ် သတ်မှတ် ဆန္ဒပြခဲ့ကြသည်။ ထို့ပြင် ကရင်မလင်ပါတီ ထောက်ခံသူများကလည်း မော်စကိုရှိ စက်ရုံများမှ အလုပ်သမား ၂၅,၀၀၀ ကို ဦးဆောင် ဆန္ဒပြခဲ့သည်။

ဆိုးလ်

တောင်ကိုရီးယား ဆိုးလ်မြို့တွင် အလုပ်သမား အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု မြှင့်တင်ပေးရေးအတွက် အလုပ်သမား ၅သိန်းကျော် ဆန္ဒပြခဲ့သည်။ အစိုးရမှ ငွေကြေးဖောင်းပွမှု ထိန်းချုပ်ပေးဖို့၊ လောင်စာဆီဈေး ကျဆင်းစေဖို့ တောင်းဆိုခဲ့ကြသည်။

မနီလာ

ဖိလစ်ပိုင် မနီလာမြို့တွင် အလုပ်သမား ၃၀၀၀ ကျော်က လုပ်ခလစာ တိုးမြှင့်ပေးဖို့ အတွက် မနီလာ ရင်ပြင်တွင် ဆန္ဒပြခဲ့ကြသည်။ ဇိမ်ခံကားကြီးပေါ်မှာ သွားများပေါ်အောင် ပြုံးဖြဲနေတဲ့ သမ္မတရဲ့ ရုပ်ပုံများကို မီးရှို့ အော်ဟစ်ကြသည်။ ဖိလစ်ပိုင် လူထု တစ်နေ့ဝင်ငွေ တစ်ဒေါ်လာအောက် ရောက်နေချိန်တွင်၊ လက်ရှိ သမ္မတ အကွီနို က မနှစ်က အပျံစား Porsche ကားသစ်ကြီး ၀ယ်စီးခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရသည်။

ထိုင်ဝမ်၊ ဟောင်ကောင်

ထိုင်ပေမြို့တွင် အလုပ်သမား ၂၀၀၀ ကျော် စုဝေပြီး ၀င်ငွေကွာဟချက် ကြီးမားမှုပြဿနာနှင့် လုပ်ငန်းခွင် အခြေအနေများ တိုးတက်ကောင်းမွန်မှု ရရှိဖို့အတွက် အစိုးရကို တောင်းဆိုခဲ့သည်။ ဟောင်ကောင်တွင်လည်း အလုပ်သမား ၃၀၀၀ ခန့် အစိုးရကို ဆန္ဒပြခဲ့သည်။

မြန်မာစစ်တပ်အမြောက်ကျည်တခု KIA နယ်မြေထဲ ကျရောက်ပေါက်ကွဲ
Saturday, 30 April 2011 00:00 KNG

မြန်မာစစ်တပ်မော်တာကျည်ဆံတစ်ခု ကချင်ပြည်နယ် အနောက်ဘက် ဟူးကောင်းချိုင့်ဝှမ်းရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) နယ်မြေတစ်ခုထဲ ကျရောက်ပေါက်ကွဲမှု ဧပြီလ ၂၆ ရက် အင်္ဂါနေ့ တွင်ဖြစ်ပွားခဲ့သည်ဟု KIA က ဆိုသည်။

တနိုင်းမြို့အနီး လီဒို (စတီးဝီးလ်)လမ်းမပေါ်ရှိ နမ်ဗြူအခြေစိုက် KIA (Kachin Independence Army) တပ်မဟာ ၄ အောက်၊ တပ်ရင်း (၁၄) နယ်မြေထဲ ယင်းသို့ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာရမှု မရှိကြောင်း KIA အရာရှိများ ပြောသည်။

ယခုလုပ်ရပ်ပြီးနောက် မကြာမီ မြန်မာစစ်တပ်က KIA အား “မှားယွင်းကြောင်းနှင့် စစ်ရေးလေ့ကျင့်မှုအတွင်း မတော်တဆ ပစ်ခတ်မိခြင်းဖြစ်ကြောင်း” အကြောင်းပြချက်ပေးကာ တောင်းပန်ခဲ့သည်ဟု KIA တပ်ရင်း (၁၄) က ပြောသည်။

ယင်းနေ့ KIA တပ်ရင်း (၁၄) မှ အရေးပေါ် တပ်လှန့်ထားခဲ့ရသော်လည်း မြန်မာအစိုးရတပ်အား တုန့်ပြန်ပစ်ခတ်ခြင်း မရှိဟု KIA အရာရှိတစ်ဦးပြောသည်။ ဟူးကောင်းအခြေစိုက် KIA တပ်မဟာ ၂ ကို တပ်ရင်း ၄ ရင်းဖြင့် ဖွဲ့စည်းထားပါသည်။

အမှတ် ၀၇၈ မြန်မာစစ်တပ်အမြောက်တပ်ခွဲတစ်ခု တနိုင်းမြို့တွင် အခြေစိုက်ထားသည်။

မြန်မာအစိုးရက KIA နှင့် ချုပ်ဆိုသည့် ၁၉၉၄ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဖျက်ဆီးကာ ၎င်းအား “သောင်းကျန်သူ” ဟု ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် သတ်မှတ်ခဲ့သည်။ သို့သော် ယခုချိန်ထိ KIA အား ထိုးစစ်ဆင်တိုက်ခိုက်ခြင်း မရှိသေးပါ။

နှစ် ၅၀ နှစ်ဖက်ကြား နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာလိုသောကြောင့် ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် တပ်ဖွဲ့များ အခြေစိုက်ထားသည့် KIA သည် အစိုးရတပ်အား ၎င်းတို့ဖက်မှ စတင်တိုက်ခိုက်မည်မဟုတ်ကြောင်း ဆိုသည်။

မြန်မာစစ်တပ်က KIA အားတိုက်လျှင် ယင်းကြောင့် ပြည်တွင်းစစ်သည် တရုတ်နှင့် အိန္ဒိယနယ်စပ်များထိကျယ်ပြန့်လာပြီး ဒေသတွင်းပြဿနာ ဖြစ်လာမည်ဟု KIA အရာရှိများ သတိပေးထားသည်။

ကရင်နီပြောက်ကြားတိုက်ပွဲ ၄ ဦးကျဆုံး ၂ ဦးလွတ်မြောက်
ရေးသားသူ - ကန္တာရ၀တီတိုင်း(မ်) တနင်္လာနေ့, 02 မေလ 2011 16:08

ကရင်နီပြည်နယ် ဘောလခဲခရိုင် မယ်စဲ့မြို့နယ် နန်းဖောင်းချောင်းနှင့် နန်းမားကြားတွင် ဟင်းရှာနေသော အစိုးရစစ်တပ်တို့ကို ကရင်နီ တပ်မတော်ဘက်မှ ခြုံခိုတိုက်ခိုက်မှုကြောင့် ၄ ဦးကျဆုံးခဲ့သည့်ဟု သိရသည်။
ကရင်နီတပ်မတော်မှ စစ်ဦးစီးတပ် တပ်ကြပ်ကြီး စောထူးဂေ ဦးဆောင်သည့် အဖွဲ့သည် ပြီးခဲ့သည့် ဧပြီလ ၁၆ ရက်နေ့ နေ့လည် ၁၂ နာရီခွဲအချိန်တွင် အစိုးရစစ်တပ် ခလရ ၁၃၅ အား ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အဲဒီ နအဖတွေက ငါးထွက်ရှာတယ်လေ။ ဟင်းထွက်ရှာတာပေါ့။ အဲမှာ စောထူးဂေတို့အဖွဲ့က သူတို့ကို စောင့်ပြီးတော့မှ တိုက်ပွဲဖြစ်တာပေါ့” ဟု ကရင်နီတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ စောထိထာစွေ့က ပြောသည်။

အဆိုပါတိုက်ပွဲ၌ ကရင်နီဘက်မှ တစုံတရာထိခိုက်မှုမရှိဘဲ အစိုးရတပ်ဖွဲ့မှ ၆ ဦးအနက် တပ်ကြပ် တစ်ဦးနှင့် တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ကျန် ၂ ဦးမှာ လွက်မြောက်သွားခဲ့ကြသည်ဟု ဆိုသည်။

ဘင်လာဒင် သေပြီးနောက် အမေရိကန် လုံခြုံရေး သတိပေး
By ဗွီအိုအေ (မြန်မာဌာန) တနင်္လာ, 02 မေ 2011


အယ်လ်ခိုင်းဒါး (Al Qaeda) အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) သေဆုံးသွားပေမဲ့ အယ်လ်ခိုင်းဒါး အဖွဲ့နဲ့ အလားတူ အကြမ်းဖက် အဖွဲ့တွေအပေါ် ချေမှုန်းမှုတွေကတော့ ရပ်သွားမှာ မဟုတ်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။

အပြစ်မဲ့သူတွေကို သတ်ဖြတ်နေသူတွေကို အမေရိကန်က မနားမနေ လိုက်လံ ရှာဖွေနေမှာ ဖြစ်တယ်လို့ ဝန်ကြီး ကလင်တန်က ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ ရှိနေတဲ့ တာလီဘန်တွေကိုလည်း အမေရိကန်က ဆက်ပြီး တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံခြားမှာ နေထိုင်ကြတဲ့ အမေရိကန်တွေ၊ နိုင်ငံခြားခရီး သွားကြမယ့် အမေရိကန် ခရီးသည်တွေကို အထူးသတိရှိကြဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက နှိုးဆော်ချက် ထုတ်ထားပါတယ်။

ကမ္ဘာနဲ့တဝန်းအတွက် ထုတ်ပြန်တဲ့ ခရီးသွား နှိုးဆော်ချက်မှာ ဘင်လာဒင်ကို သုတ်သင်မှုကြောင့် တချို့ဒေသတွေမှာ အမေရိကန် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေ ဖြစ်နိုင်တယ်လို့ သတိပေးထားပါတယ်။
အဲဒီလို နေရာမျိုးမှာ ရှိနေကြတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ အိမ်အပြင်၊ ဟိုတယ်အပြင် သွားတဲ့အခါ အကန့်အသတ်နဲ့ သွားသင့်သလို လူအများ စုဝေးတဲ့ နေရာတွေ၊ ဆန္ဒပြပွဲတွေကိုလည်း ရှောင်ရှားကြဖို့ သတိပေးချက်ထဲမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြား ရောက်နေကြတဲ့ အမေရိကန်တွေ အနေနဲ့ အဲဒီနိုင်ငံက သတင်းတွေကို အမြဲမပြတ် နားစွင့်ထားဖို့နဲ့ နီးစပ်ရာ အမေရိကန်သံရုံး ကောင်စစ်ဝန်ရုံးတွေနဲ့ အဆက်အသွယ် မပြတ်ဖို့လည်း သတိပေးထားပါတယ်။
သံရုံးတွေ၊ ကောင်စစ်ဝန်ရုံးတွေကလည်း လိုအပ်လာရင် အမေရိကန် နိုင်ငံသားတွေကို အရေးပေါ် ဝန်ဆောင်မှု အတတ်နိုင်ဆုံး ပေးပါလိမ့်မယ်လို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

တကမ္ဘာလုံးမှာရှိတဲ့ အမေရိကန် အစိုးရရုံးတွေ၊ လုပ်ငန်းတွေမှာ လုံခြုံရေးကို တိုးမြှင့်ထားပြီး လုံခြုံရေးအတွက် လိုအပ်လာရင် အများပြည်သူ ဝင်ထွက်နိုင်မှုကို ယာယီ ပိတ်ကောင်း ပိတ်နိုင်တယ် ဆိုတာကိုလည်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဝ အဖွဲ့တောင်းဆိုမည်
2011-05-02 RFA

UWSA ဝ ပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့အနေနဲ့ သမတ ဦးသိန်းစိန်ရဲ့ တိုင်းရင်းသားအရေးကိစ္စ ပြောဆိုချက်တွေကို ထောက်ခံကြောင်း၊ ငြိမ်းချမ်းရေးအတွက် အစိုးရသစ်နဲ့ ဆွေးနွေးဖို့ တောင်းဆိုမှာ ဖြစ်ကြောင်း UWSA အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က RFA ကို ပြောဆိုပါတယ်။

သမတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းပါအချက်တွေအပြင် မကြာသေးခင်က ဖွဲ့စည်းခဲ့တဲ့ နယ်စပ်ဒေသ ဗဟိုကော်မတီမှာ ပြောဆိုခဲ့တဲ့ သမတရဲ့ ပြောဆိုချက်တွေကိုလည်း UWSA ခေါင်းဆောင်တွေက လက်ခံတယ်လို့ UWSA အဖွဲ့ ပြောခွင့်ရ ဦးအောင်မြင့်က ပြောပါတယ်။

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ စစ်ကို မလိုလားဘူး။ အဲဒါ သမတသစ်က ဒီ သမတ ဖြစ်တုန်းက သူ မိန့်ခွန်း ပြောသွားတာတွေလည်း ရှိတယ်။ ကျွန်တော်တို့မှာလည်း နယ်စပ်ဒေသ ဗဟိုကော်မတီ ပြန်လည် ဖွဲ့စည်းမှုနဲ့ ဆွေးနွေးပွဲမှာလည်း သူပြောသွားတာတွေ အများကြီး ရှိတယ်။ ဒါတွေ ကြားရတာ ကျွန်တော်တို့ အနေနဲ့လည်း ကြိုဆိုတယ်ပေါ့ဗျာ။ ဒီလိုလည်း ဖြစ်လာအောင် ကျွန်တော်တို့လည်း အစိုးရသစ် သမတကိုလည်း တင်ပြတောင်းဆိုတဲ့ ဟာမျိုးပေါ့။”

ငြိမ်းချမ်းရေးအတွက် အစိုးရသစ်နဲ့ နိုင်ငံရေးအရ ဆွေးနွေးဖို့ကိုလည်း တောင်းဆိုမှာ ဖြစ်တယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

မေလ ၁ ရက်နေ့ထုတ် အစိုးရသတင်းစာတွေမှာ ပြီးခဲ့တဲ့ သုံးလအတွင်း တောတွင်း လက်နက်ကိုင်အဖွဲ့ အသီးသီးက လက်နက်ကိုင် ၃၈ ဦး ငြိမ်းချမ်းရေးအတွက် အလင်း ဝင်ရောက်ခဲ့ကြောင်း ရေးသား ဖော်ပြထားရာမှာ UWSA အဖွဲ့ဝင်တယောက် ပါဝင်နေတာနဲ့ ပတ်သက်ပြီး RFA က မေးမြန်းတဲ့အခါ ဦးအောင်မြင့်က ဒီကိစ္စ မိမိတို့ မသိရှိကြောင်း၊ ဒါပေမဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ လိုအပ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါတယ်။

UWSA အဖွဲ့ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက စပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး၊ တပ်အသွင်ပြောင်းလဲရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး သဘောထား ကွဲခဲ့ပြီးတဲ့နောက် အဆက်အဆံ မရှိ ဖြစ်နေခဲ့ကြောင်း သိရပါတယ်။

ကျောက်ဖြူတွင် စစ်တပ်နှင့်ရဲ အရာရှိများပိုင် ပြည့်တန်ဆာခန်းက အဆိုးရွားဆုံးဖြစ်
4/30/2011 ထွန်းထွန်း ။ နိရဉ္စရာ သတင်း

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် ဒေသအာဏာပိုင်များ ပူးပေါင်းဖွင့်လှစ်ထားသော ပြည့်တန်ဆာခန်း များထဲတွင် စစ်တပ် အရာရှိနှင့် ရဲအရာရှိများ ပိုင်ဆိုင်သော ပြည့်တန်ဆာခန်းမှာ အဆိုးရွားဆုံး ဖြစ်နေကြောင်း သတင်း ရရှိသည်။

ကျောက်ဖြူမှ အမည်မဖေါ်လိုသူ လူငယ်တဦးက “ အဓိက အဆိုးရွားဆုံး ဖြစ်နေတာက ကျောက်ဖြူမြို့ ငလပွေ့ရပ်ကွက် ရဲလှိုင်တန်း အနီး တန်းလျာဈေးမှာ ဖွင့်ထားတဲ့ ဆိုင်က အဆိုးဆုံး ဖြစ်နေတယ်။ ဘယ်သူကိုမှ ဂရုမစိုက်ဘူး။ ရှေ့မှာ အလှပြင်ဆိုင်လိုလို အမည်ပြထားပြီး နောက်ကွယ်မှာ ပေါ်တင်ကြီးကို လုပ်နေတာ ဖြစ်ပါတယ်။” ဟု ပြောသည်။

အဆိုပါ ဆိုင်ကို ဒုရဲအုပ်တစ်ဦးနှင့် ခလရ ၃၄ တပ်ရင်းက တပ်ရင်းမှူးတို့က ပူးပေါင်းပြီး လုပ်ကိုင်နေကြောင်း သူက ဆက်ပြောသည်။

“ ဗမာပြည်က အမျိုးသမီး ချောချောလေးတွေ ခေါ်ပြီး ဖွင့်ထားတာဖြစ်တယ်။ ပီးရင် ကျောက်ဖြူက သူတို့နဲ့ ဆက်စပ်တဲ့ ကျောင်းသူ တစ်ချို့လည်း အဲဒီ လုပ်ငန်းမှာ ပါဝင် ပတ်သက်နေတယ်လို့ သိရပါတယ်။

ကျောင်းသူတွေ ပါဝင်နေတော့ သူတို့က ဈေးကြီးခေါ်လို့ ရတယ်လို့ ပြောပါတယ်။ ရိုးရိုး သာမန် အမျိုးသမီး တစ်ဦးက တနာရီကို ၁၀၀၀၀၊ ကျောင်းသူတွေကတော့ ၂၀၀၀၀ ထိပေးရတယ်လို့ သိရပါတယ်။ ဆိုင်ပိုင်ရှင် ကတော့ ခေါင်းစဉ်အမျိုး မျိုး တပ်ပြီး ကျပ် ၅၀၀၀၀ ထိ ယူတယ်လို့ သိရပါတယ်” သူက ပြောသည်။

ကျောက်ဖြူမြို့တွင် နိုင်ငံခြား စီမံကိန်းများနှင့် အစိုးရ စီမံကိန်းများကြောင့် ပြည်တွင်း ဧည့်သည်များသာမက နိုင်ငံခြား ဧည့်သည်များပါ အထူး အ၀င်အထွက်ရှိရာ အနှိပ်ခန်း၊ အလှပြင်ခန်းများကို ပြပြီး မကောင်းမူ ပြည်တန်ဆာ လုပ်ငန်းများ လုပ်ကိုင်နေမူမှာ အထူး တွင်ကျယ်နေကြောင်း သိရသည်။

တခြား ပညာတတ် လူငယ် တစ်ဦးကလည်း “ ခုလို လုပ်ကိုင် စားသောက်နေတာ ဆိုင်ပေါင်းက ကျောက်ဖြူမှာ ၂၀ ထိရှိတယ်လို့ သိရပါတယ်။ တရုတ်တွေကတော့ ငွေတွေကို သုံးချင်သလို သုံးဖြုန်းနိုင်တဲ့အတွက် ဒီလိုလုပ်ငန်းက အထူးတွက်ခြေ ကိုက်တယ်လို့ ပြောပါတယ်။ ဒါကြောင့် အာဏာပိုင်တွေ ဒီလုပ်ငန်းမှာ ပါဝင် ပတ်သက်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင် အဆိုပါ အမည်ခံ အလှပြင်ဆိုင်၊ အနှိပ်ခန်း ဆိုင်များမှ အမျိုးသမီးငယ်များကို တရုတ်များ အလုပ်လုပ်နေရာ ကျွန်းများနှင့် စီမံကိန်းများသို့ စက်လှေများဖြင့် အပတ်စဉ် ပို့ဆောင်နေကြသည်ဟုလည်း သိရသည်။

တခြား တဘက်တွင်လည်း အဆိုပါ ပြည့်တန်ဆာလုပ်များကြောင့် ဒေသခံ ပြည်သူများကို ထိခိုက်မူများ ရှိနေပြီး ညဆိုလျှင် ရပ်ကွက်များတွင် ဆူညံနေသဖြင့် မြို့လူထုကို အလွန်တရာ အနှောင့်အယှက် ထိခိုက်မူများ ရှိနေသည်ဟု သိရသည်။

ကျောက်ဖြူမြို့မှာ ယခင်က အလွန်အေးချမ်းသော မြို့တစ်မြို့ ဖြစ်ပြီး လူတိုင်း နေချင်ဖွယ်ရာ ပင်လယ် ဆိပ်ကမ်းမြို့ ဖြစ် ဖြစ်သော်လည်း ယခုအခါ အဆိုပါ လုပ်ငန်းများကြောင့် မြို့၏ ဂုဏ်သိက္ခာကိုပါ အကြီးအကျယ် ထိခိုက်နေကြောင်း သိရသည်။

နာဂစ် မုန်တိုင်း ပျက်စီးမှုများ ၃ နှစ်ကြာ နာလန်မထူနိုင်သေး
2011-05-02 RFA

နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီး ၃ နှစ်ကြာတဲ့အထိ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဧရာဝတီတိုင်း ဒေသတချို့မှာ ပြန်လည် ထူထောင်ရေးတွေ အခက်အခဲတွေ ကြုံနေရဆဲပဲလို့ သိရပါတယ်။

နာဂစ်မုန်တိုင်းဒဏ် အပြင်းအထန် ခံခဲ့ရတဲ့ ဘိုကလေးမြို့နယ် ကမတ်ကလူ ကျေးရွာမှာ မုန်တိုင်းကြောင့် ပျက်စီးမှုတွေ အခုအထိ ပြန်ပြီး နာလန်မထူနိုင်သေးတဲ့အကြောင်း ဒေသခံတဦးက ပြောပါတယ်။

“နာဂစ်တုန်းက ကျွန်တော်တို့ ဧရိယာကို ဖြတ်တိုက်တာ။ ကျွန်တော်တို့ ရွာဆိုလို့ရှိရင် ၈၅ ရာခိုင်နှုန်းလောက်က အကုန် ပျက်သွားတာ။ မလုပ်နိုင်ဘူး၊ အရင်အတိုင်းကို မလုပ်နိုင်တော့ဘူး။ မလုပ်နိုင်ဘူးဆိုတာ နည်းနည်းပါးပါး ပျက်စီးတဲ့လူသာ ရှိမယ်လေ။ များများစားစား ဖြစ်တဲ့လူက အိမ်အကြီးကနေ အသေးလေး ဖြစ်သွားတယ်။ အသေးဆောက်ချင်တဲ့လူက မဆောက်နိုင်ဘူး။ သူတို့ လာဆောက်ပေးတဲ့ အိမ်လေးတွေမှာ နေကြတာပေါ့။”

အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေဖြစ်တဲ့ ရေလုပ်ငန်းနဲ့ ဓနိ သက်ကယ် လုပ်ငန်းတွေမှာလည်း အခက်အခဲတွေ ကြုံနေရတယ်လို့ ဆက်ပြောပြပါတယ်။

“ဓနိလုပ်ငန်းကတော့ တော်တော်များများ အဆင်မပြေဘူး။ အဆင်မပြေဘူးဆိုတာ ဓနိဈေးကလည်း မကောင်းဘူး။ နောက်ပြီးတော့ ကျွန်တော်တို့ ဒီက အဲဒီ ဓနိပင်တွေ ကိုယ်တိုင်ကိုက မဖြစ်ထွန်းဘူး။ အရင်လို အသားလည်း မကောင်းဘူး။ ရေသိပ်မရဘူး။ ပထမ နာဂစ် ဖြစ်ပြီး နောက်တနှစ်ရတယ်။ ရပြီးတော့ အခု နောက်ပိုင်းလည်း ကျလည်းကျရော ပြန်ဆုတ်သွားတယ်။ ယခင်ကို ပြန်မမီဘူး။”

ကမတ်ကလူကျေးရွာဟာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့အတွက် ပညာရေးဝန်ထမ်းတွေ ရှားပါးလို့ ကလေးတွေရဲ့ ပညာရေးလည်း ဆိုးရွားနေတယ်လို့ ဆိုပါတယ်။ ကျန်းမာရေးတွေအတွက်တော့ အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းအလုပ်သမားအဖွဲ့ (IOM) ရဲ့ အထောက်အပံ့ ရနေတဲ့အတွက် ဆိုးဆိုးရွားရွား ရောဂါဝေဒနာ ဖြစ်ပွားတာ အဲဒီဒေသမှာ မရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် မေလ ၂ ရက် နဲ့ ၃ ရက်နေ့တွေက ဧရာဝတီဒေသကို နာဂစ်မုန်တိုင်း ဝင်ရောက် တိုက်ခတ်သွားခဲ့တဲ့အတွက် လူပေါင်း အနည်းဆုံး ၁ သိန်း ၄ သောင်းခန့် အသက်ဆုံးရှုံးခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။



 

No comments: