ကမ္ဘာမှာ အလိုအရှိဆုံးပုဂ္ဂိုလ်၊ အမေရိကန်ပြည်ထောင်စုရဲ့ နံပါတ် ၁ ပြည်သူ့ရန်သူ လို့သတ်မှတ်ထားတဲ့ အိုစမာဘင်လာဒင် ကို ပါကစ္စတန်နိုင်ငံမှာ အမေရိကန် အထူးတပ်ဖွဲ့တွေက တိုက်ခိုက်သတ်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို အမေရိကန်တို့က ဘယ်လို စုံစမ်းထောက်လှမ်း ခြေရာခံပြီး သတ်ဖြတ်နိုင်ခဲ့ပါလဲ။
ချက်ချင်းဆိုသလို ကမ္ဘာတဝှမ်း ထိပ်တန်းသတင်းကြီးဖြစ်သွားခဲ့တဲ့ အိုစမာဘင်လာဒင် သေဆုံးသွားပြီ ဆိုတာကို အမေရိကန် စံတော်ချိန် မနေ့ညက အမေရိကန်သမ္မတ အိုဘားမားက တိုင်းပြည်ကို အခုလို အသိပေးခဲ့ပါတယ်။
လို့ သမ္မတ အိုဘားမားက ပြောသွားတာ ဖြစ်ပါတယ်။
သမ္မတ အိုဘားမားရဲ့ဆက်လက်ပြောကြားချက်တွေမှာတော့ အခုလို စီးနင်းတိုက်ခိုက် သတ်ဖြတ်နိုင်ဖို့ အမေရိကန် ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နှစ်အတန်ကြာကတည်းက သတင်းတွေ စုံစမ်းထောက်လှမ်းနေခဲ့တယ်။ အခု စီးနင်း တိုက်ခိုက်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံရဲ့မြို့တော် အစ္စလမ်မာဘတ် အရှေ့မြောက်ဘက် ၆၂ မိုင်အကွာ အဘော်တာဘတ် မှာရှိတဲ့ အမြင့်ပေ ၁၂ ပေကနေ ၁၈ ပေအထိ နံရံကာရံထားတဲ့ အိမ်ကြီးထဲမှာ ဘင်လာဒင် ရှိနေတယ်နိုင်တယ်ဆိုတာကို ပြီးခဲ့တဲ့ သြဂုတ်လကတည်းက သိခဲ့၊ ဖမ်းခဲ့ဖို့ရှိခဲ့ပေမယ့် သတင်းအချက်အလက်တွေကို ခိုင်မာသထက်ခိုင်မာအောင် စောင့်ဆိုင်းပြီးမှ အခုလို ဖမ်းဆီးသတ်ဖြတ်ခဲ့နိုင်လိုက်တာလို့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပါတယ်။
သမ္မတ အိုဘားမားကပဲ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်ပြီးတော့မှ ဘင်လာဒင် သေသွားတယ်လို့ ပြောသလိုပဲ ဘီဘီစီက စုံစမ်းသိရသမျှကတော့ အမေရိကန်အရာရှိတွေရဲ့အပြောအရ ဘင်လာဒင်ဟာ ခုခံရင်း ခေါင်းကို သေနတ်နဲ့ ၂ ချက် အပစ်ခံခဲ့ရတာလို့ သိရပါတယ်။
အမေရိကန် မီဒီယာတွေရဲ့အဆိုအရပဲ ဘင်လာဒင်ရဲ့အလောင်းကို အစ္စလာမ် ထုံးတမ်းစဉ်လာနဲ့အညီ ၂၄ နာရီအတွင်းမှာပဲ ပင်လယ်ထဲ မြှုပ်နှံသင်္ဂြိုဟ်ခဲ့တယ်၊ ဒါကလည်း တနေရာမှာ မြှုပ်နှံသင်္ဂြိုဟ်လိုက်မယ်ဆိုရင် သူ့နောက်လိုက်တွေက ကိုးကွယ်ရာနေရာအဖြစ် သတ်မှတ်မှာကို ရှောင်ရှားလိုတဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။
ဘင်လာဒင်နေတဲ့နေရာကိုတော့ ရဟတ်ယာဉ်တွေနဲ့လာတဲ့ အမေရိကန်တွေက မိနစ် ၄၀ ကြာဝင်စီးပြီး တိုက်ခိုက်ပြီးမှာ အသေဖမ်းဆီးမိခဲ့တာလို့ သိရပါတယ်။ အမေရိကန် ရေတပ်၊ ကြည်း ရေ လေ ပူးပေါင်းတပ်ဖွဲ့ဝင် ၃၀ လောက်က ရဟတ်ယာဉ် ၂ စင်းကနေ ကြိုးနဲ့ တိုက်ခေါင်မိုးပေါ်ကိုဆင်းပြီး ဘင်လာဒင်ကို သူ့အခန်းမှာ တွေ့ပြီးနောက်မှာ လက်နက်ချခိုင်ပေးမယ့် ဘင်လာဒင်က ငြင်းဆန်နေလို့ ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဘီဘီစီက စုံစမ်းသိရပါတယ်။
မျက်မြင်တွေရဲ့အပြောအရကတော့ သူတို့ကို ဒီအိမ်နဲ့ ဝေးဝေးနေကြဖို့ ပြောကြားခံခဲ့ရတယ်၊ အဲဒီအိမ်ထဲက လူတွေနဲ့လည်း သူတို့ဟာ မသိကြဘူး၊ ပစ်ကြ ခတ်ကြသံတွေကိုတော့ နာရီဝက်လောက်ကြားတယ်လို့ ပြောကြပါတယ်။
ဒါဟာ အမေရိကန်တွေကို တိုက်ခိုက်ခဲ့တဲ့ 9/11 ပြီးမှဆိုရင် ၁၀ နှစ်အကြာမှ ဘင်လာဒင်ကို အမေရိကန်တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘင်လာဒင်နဲ့အတူ သူ့သားတယောက်နဲ့ ဆက်သား ၂ ယောက်၊ ဒိုင်းအဖြစ် အသုံးပြုခံခဲ့ရတဲ့ အမျိုးသမီးတယောက်တို့ သေဆုံးခဲ့ကြပြီး အခြားအမျိုးသမီး ၂ ယောက်ကတော့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
၂၀၁၁ ခုနှစ် မေလ ၂ ရက်နေ့၊ ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) မှ ကောက်နုတ်ဖော်ပြပါတယ်။
No comments:
Post a Comment