“တချို့အသံလွှင့်ဌာနတွေက သောတရှင်တွေအတွက် သတင်းတွေ၊ ပညာပေးအကြောင်းအရာတွေ ထုတ်လွှင့်နေတာတွေကို နားထောင်မိတဲ့အခါတိုင်း မတတ်ဘဲနဲ့တော့ ဆရာ မလုပ်ကြပါနဲ့၊ နားထောင်နေတဲ့သူတွေကို မစော်ကားကြပါနဲ့လို့ အော်ချင်စိတ်တွေ ပေါက်ပေါက်လာပါတယ်။ သူတို့က နားထောင်နေကြသူတွေ အားလုံးကို ‘နလပိန်းတုံး’ တွေလို့ ထင်ပြီး သူတို့က ပညာပေးမှဖြစ်တော့မယ်လို့ ယူဆနေကြတာကိုး …”
ဒီနေ့စာနယ်ဇင်းတွေမှာ အတွေ့ရများတဲ့ ‘ဒေါင်ဖန်း’ လယ်ထွန်စက်ဆိုတာကို အဓိပ္ပာယ် မဆဝါးနိုင်လို့ အင်္ဂလိပ် စကားလုံး ရှာကြည့်တော့ ‘Dong Fang’ လို့ ရေးတာကို တွေ့ရပါတယ်။ အဲဒီကျတော့မှ အဓိပ္ပာယ်ပေါက်လာပါတယ်။ တရုတ်ပြည်ကသုံးတဲ့ ဖိုနယ်တစ် အသံလှယ်တဲ့စနစ်က မြန်မာပြည်နဲ့ မတူပါဘူး။ နိုင်ငံအများစုနဲ့လည်း မတူပါဘူး။ တရုတ်စနစ်က ‘တ’ အသံကို အင်္ဂလိပ်စာလုံး ‘D’ နဲ့ သုံးပါတယ်။
အဲဒါကြောင့် ‘ဒေါင်ဖန်း’ ရဲ့ အသံထွက်မှန်က ‘တုန်းဖန်း’ ဖြစ်ပါတယ်။ ‘တုန်းဖန်းဟုန်’ ဆိုတဲ့ သီချင်းသံဟာ တချိန်ကတော့ ပီကင်းရေဒီယိုမှာ နေ့တိုင်းကြားနေရတဲ့ အသံပါ။ ‘အရှေ့နီ’ ဆိုတဲ့ အမျိုးသားသီချင်းပါ။ တုန်းဆိုတာက အရှေ့၊ ဖန်းက အရပ်ဒေသပေါ့။ ‘တုန်းဖန်း’ ဆိုတော့ ‘အရှေ့ရပ်’ ပါ။
အသံလွှင့်တဲ့ လုပ်ငန်းနယ်ပယ်မှာ အင်မတန် သက်တမ်းရင့်လှပြီဆိုတဲ့ ပြည်ပအသံလွှင့်ဌာနကြီးတောင်မှ ဒီလို နာမည်တွေကို အသံလွှင့်တဲ့အခါ အင်မတန်မှကို ညံ့ဖျင်းလှတာ တွေ့ရပါတယ်။ အာဖရိကတိုက်က အခေါ်ရခက်တဲ့ မြို့ နာမည်၊ လူနာမည်တွေကို မဆိုထားပါနဲ့၊ တချိန်တုန်းက အနောက်အုပ်စုနိုင်ငံတွေအဖို့ နံပါတ်တစ် အရေးကြီးဆုံးနိုင်ငံ အဖြစ်သတ်မှတ်ထားရတဲ့ တရုတ်ပြည်ကြီးက လူနာမည်တွေ၊ မြို့နာမည်တွေကိုတောင် မှန်အောင် မပြောတတ်ပါဘူး။
တရုတ်ပြည်ရဲ့ မြို့တော်ကို တရုတ်ရဲ့အသံဖလှယ်စနစ်အရ Beijing လို့ စာလုံးပေါင်းပါတယ်။ ပြောတော့ ‘ပေ့ကျင်း’ ပါ။ အဲဒီလိုပဲ Deng Xiaoping ကိုလည်း ‘ဒင်ဇော်ပင်း’ လို့ အသံလွှင့် ပြောဆိုလေ့ရှိပါတယ်။ အသံထွက်မှန်က ‘တိန့်ရှောင်ဖိန်း’ ပါ။ တရုတ်ခေါင်းဆောင်တွေအနက်မှာ ခေါ်စရာနာမည် အများဆုံးက ကွယ်လွန်သူ ဝန်ကြီးချုပ် Chou Ei Lai ပါ။ သူ့ကို ‘ချောင်အင်းလေး’ လို့ ခေါ်တဲ့အခါ ခေါ်လိုက်၊ ‘ချူအင်လိုင်း’၊ ‘ချိုအင်လေး’၊ ‘ချိုအင်လိုင်း’ စသဖြင့် ခေါ်တဲ့အခါ ခေါ်လိုက်ကြနဲ့ ရှုတ်ထွေးနေတာပါပဲ။ သူ့နာမည်အမှန်က ‘ကျို့အင်းလိုင်’ ပါ။
အသံလွှင့်ဌာနကြီးတခု၊ သတင်းစာကြီးတစောင်ဟာ ဒီလိုအမှားမျိုးတွေ မရှိသင့်ပါဘူး။ ဒီကိစ္စမျိုးတွေဟာ မတတ်နိုင်တဲ့ ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ သက်ဆိုင်ရာနိုင်ငံက အသံလွှင့်ချက်တွေကို နားထောင်လိုက်ရုံ သက်ဆိုင်ရာနိုင်ငံ သံရုံးတွေက အလကားဖြန့်ဝေပေးနေတဲ့ သတင်းထုတ်ပြန်ချက်တွေ စာစောင်တွေကို တချက်လောက် လှန်ကြည့်လိုက်ရုံနဲ့ ပြီးသွားနိုင်တဲ့ကိစ္စမျိုးပါ။ ဒါလောက် ကိစ္စမျိုးလေးကိုတောင် ဝါယမစိုက်ထုတ်ပြီး မှန်ကန်တိကျအောင် မကြိုးစားချင်တဲ့ အသံလွှင့်ဌာနမျိုးကို ပြည်သူလူထုက ဘယ်လိုလုပ်ပြီး အကြွင်းမဲ့ယုံကြည်မှု ရှိပါတော့မလဲ။
ကိုယ်ထုတ်လွှင့်တဲ့ သတင်းတိုင်းကို လူတိုင်းက အကြွင်းမဲ့ ယုံကြည်စိတ်ချမှု ရှိစေရမယ်။ ‘သတင်း’ လုပ်ငန်း အားလုံးအတွက် အကြီးမားဆုံး ‘အပြစ်’ ကြီးတခုကတော့ ‘မတိကျ မရေရာမှု’ ဖြစ်တယ်။ အဲဒါကြောင့် သတင်းတိုင်း မှန်ကန်တိကျအောင် ဂရုစိုက်ရမည်။ ကိုယ့်စိတ်ထဲမှာ ‘ဇဝေဇဝါ’ ဖြစ်နေတဲ့သတင်းမျိုးဆို လွှင့်ထုတ်ခြင်းမပြုဘဲထားတာ အကောင်းဆုံးပဲ။
တချို့အသံလွှင့်ဌာနတွေက သောတရှင်တွေအတွက် သတင်းတွေ၊ ပညာပေးအကြောင်းအရာတွေ ထုတ်လွှင့်နေတာတွေကို နားထောင်မိတဲ့အခါတိုင်း မတတ်ဘဲနဲ့တော့ ဆရာ မလုပ်ကြပါနဲ့၊ နားထောင်နေတဲ့သူတွေကို မစော်ကားကြပါနဲ့လို့ အော်ချင်စိတ်တွေ ပေါက်ပေါက်လာပါတယ်။ သူတို့က နားထောင်နေကြသူတွေ အားလုံးကို ‘နလပိန်းတုံး’ တွေလို့ ထင်ပြီး သူတို့က ပညာပေးမှဖြစ်တော့မယ်လို့ ယူဆနေကြတာကိုး။ အသံလွှင့်လုပ်ငန်းရဲ့တာဝန်ဟာ အများစုကို အသိပေး ပညာပေးဖို့ဖြစ်ပေမယ့် တတ်သိနားလည်တဲ့ သူတွေကို စော်ကားသလို မဖြစ်စေရဘူးဆိုတဲ့ အခြေခံကျင့်ဝတ်ကို သတိအမြဲရှိစေဖို့ လိုအပ်တယ်ဆိုတာ ပြောချင်ပါတယ်။
အသံလွှင့်သူကို နားထောင်နေတဲ့ လူထုက လေးစားမှုရှိမှ သူလွှင့်ထုတ်တဲ့ အကြာင်းအရာကိုလည်း ယုံကြည်မှု ရှိတော့မှာပေါ့။ အဲဒါကြောင့် အသံလွှင့်သူရဲ့ အပြောအဆို လေယူလေသိမ်းအားလုံး မှန်ကန်အောင် ဂရုစိုက်ရပါမယ်။ အသံလွှင့်သူနဲ့ နားထောင်သူဟာ အမြဲတမ်း တသားတည်း တပြေးတည်း ရှိနေစေရပါမယ်။
အသံလွှင့်သူက အပေါ်စီးကနေ ပညာပေးတယ်ဆိုပြီး ပြည်သူကို စော်ကားတာမျိုး မဖြစ်သင့်သလို ပြည်သူကို တောင်းပန်တိုးလျှိုးပြီး ကိုယ်ပြောနေတာတွေကို ‘ယုံကြည်ပါ ခင်ဗျား’ လို့ ပြောတာမျိုးလည်း မဖြစ်သင့်ပါဘူး။ ဒီနေရာမှာ အလျဉ်းသင့်လို့ အကြားမလျော်တာလေးတခုကို ပြောချင်ပါတယ်။
ရုပ်မြင်သံကြားက အစီအစဉ်အချို့ လွှင့်ထုတ်တဲ့အခါမှာ အသံလွှင့်ကြေညာသူတချို့က “မိဘပြည်သူများ ခင်ဗျား” လို့ ပြောပြောပြီး အသံလွှင့်တာကို တွေ့ရပါတယ်။ ဒီအသုံးအနှုန်းက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲကာလ၊ လွတ်လပ်ရေးတိုက်ပွဲကာလတွေတုန်းက ကျောင်းသူ ကျောင်းသားတွေ မြို့ထဲလှည့်ပြီး လှုံ့ဆော်မှုတွေ လုပ်တဲ့အခါ၊ အလှူခံတဲ့အခါမျိုးတွေမှာ သူတို့ရဲ့မိဘတွေ ပြည်သူတွေကို ခေါ်တဲ့ အာလုပ်စကားပါ။
အသံလွှင့်ကြေညာသူအရွယ်ကလည်း ကျောင်းသားလေးအရွယ် မဟုတ်တာက တကြောင်း၊ လုပ်ငန်းရဲ့သဘာဝကလည်း သတင်းပေးတဲ့ ပြန်ကြားရေးလုပ်ငန်း ဖြစ်တာတကြောင်း ဆိုတော့ ဒီလို ခေါ်ဝေါ် ပြောဆိုတာဟာ လျော်ကန်သင့်မြတ်လှတယ်လို့ မထင်ပါဘူး။ သောတရှင်များ ခင်ဗျား၊ ဝါသနာရှင်များ ခင်ဗျား၊ ပြည်သူအပေါင်းတို့ ခင်ဗျား စတဲ့ အသုံးအနှုန်းတွေကလည်း နားဝင်ချိုတဲ့ ယဉ်ကျေးတဲ့ စကားအသုံးအနှုန်းတွေပဲ ဖြစ်ကြပါတယ်။
ယဉ်ကျေးတဲ့စကားတွေတောင် သူ့နေရာနဲ့သူ အံဝင်ဂွင်ကျ မသုံးတတ်ရင် လူရယ်စရာကြီးဖြစ်သွားတတ်ပါလားဆိုတာ အမြဲသတိရှိနေကြဖို့ လိုပါတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment