Tuesday, May 10, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၁၁ ရက်)

- စာရေးဆရာကြီး ဒဂုန်တာရာနှင့် အင်တာဗျူး
- မြစ်ဆုံ ပြောင်းရွှေ့ရွာသားများ လျော်ကြေးအပြည့် မရသေး
- အင်းလေလံ လုပ်ငန်း အဂတိလိုက်စားမှု လယ်သမားများ အထူးနစ်နာ
- အခြေခံဥပဒေကို လွှတ်တော်တွင်းမှ တိုက်ဖို့ တစည ပြင်
- အကျဉ်းသား မိသားစုဝင်များ ပညာရေးအတွက် NLD ထောက်ပံ့
- အခမဲ့ ပညာသင်ကျောင်း ဖွင့်မရအောင် ဒေသခံ အာဏာပိုင်တွေ ဖိအားပေး
- ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုဈေးရောင်းပွဲ ကျင်းပမည်
- ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
- ကုလသမဂ္ဂ ကိုယ်စားလှယ် ယခုသီတင်းပတ် မြန်မာနိုင်ငံ လာရောက်မည်
- ဘင်္ဂလား ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်နိုင်ခြေရှိ
- ယာဉ်တိုက်မှုကို ဘမ်းပြ၍ လူငယ်နှစ်ဦးကို ရဲက အဆမတန် ငွေညှစ်ခဲ့
- အမေရိကန် သံအရာရှိ နိုင်ငံရေး ပါတီများနှင့် တွေ့

စာရေးဆရာကြီး ဒဂုန်တာရာနှင့် အင်တာဗျူး
ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒဂုန်တာရာခေါ် ဆရာကြီး ဦးဌေးမြိုင်သည် ၁၉၃၆ ခုနှစ် မေ ၈ ရက် ရန်ကုန်ဂျူဗလီဟောတွင် ကျင်းပသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂညီလာခံကြီးကို ကျိုက်လတ်မြို့ သပိတ်မှောက် ကျောင်းသားများ ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူ ဖြစ်သည်။

၁၉၄ဝ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဝါဒဖြန့်ချိရေးမှူး၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ ၁၉၄၆ ဒီဇင်ဘာ တာရာမဂ္ဂဇင်း ထုတ်ဝေသူ၊ ၁၉၅ဝ တွင် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌအဖြစ် စာပေလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေး လှုပ်ရှားမှုအဖြစ် ၁၉၅၁ တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ယာယီဥက္ကဋ္ဌ၊ ၁၉၅၂ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေးကွန်ဂရက် (မြန်မာနိုင်ငံ) ၏ ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သည်။

၁၉၅၃ တွင် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေး၊ ၁၉၆၁ တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်း၌ ကျင်းပခဲ့သော ''ကမ္ဘာ့ငြိမ်းချမ်းရေးကောင်စီ'' အစည်းအဝေးများသို့ တက်ရောက်ခဲ့ကာ ၁၉၇၄ တွင် ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ သဘာပတိအဖြစ် ရွေးချယ်ခံခဲ့ရသည်။

၉၂ နှစ်ပြည့်မွေးနေ့တွင် ငြိမ်းချမ်းရေး အယူအဆ၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ယနေ့ခေတ် လူငယ်များအပေါ် အားကိုးမှု၊ သမ္မတ ဦးသိန်းစိန်အပေါ် အမြင်၊
ဒေါ်အောင်ဆန်းစုကြည်အပေါ် သဘောထား၊ ဖက်ဒရယ်ရေးရာ အမြင်၊ ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ၊ စာပေဖြတ်သန်းမှု၊ စာပေစိစစ်ရေးစသည်များကို သိရှိနိုင်ရန် ဆရာကြီး ဒဂုန်တာရာကို မဇ္ဈိမသတင်းထောက် မျိုးသန့်က ဆက်သွယ်မေးမြန်းထားသည်။

ကိုယ်တိုင် စာပေဖြတ်သန်းမှုနဲ့ အခုခေတ် လူငယ်တွေ ဖြတ်သန်းနေတဲ့ စာပေဖြတ်သန်းမှု ယှဉ်ပြပေးပါလား။

“စာပေဖြတ်သန်းမှုက ၁၉၄၆ မှာ ကျနော်က တာရာမဂ္ဂဇင်းကို ထုတ်တာ၊ ကျနော် အဲဒီအချိန်တုန်းက စာပေသစ်လို့ ကြွေးကြော်လိုက်တယ်၊ အဲဒီခေတ်က ကျော်သွားပြီဗျ။ စာကို လွတ်လွတ်လပ်လပ် ရေးလို့ရတဲ့ လွတ်လပ်ရေးက မရပြန်ဘူး။ ဒီမှာ ဘာမှ ရေးခွင့် မရှိဘူးဗျာ။ အခုက မလွတ်လပ်တော့ဘူးဗျ။ ကျနော်တို့ခေတ်က အကြောင်းကို ရေးလို့မရဘူး။ ရေးရင် ဟိုဖြတ်ဒီဖြတ် ဖြတ်တော့ ပုံက ပျက်သွားပြီ။ လူငယ်တွေက လုပ်ရမှာ၊ လူငယ်တွေကလည်း မလွတ်လပ်တော့ လုပ်လို့မရဘူး။ အဲဒီတော့ နိုင်ငံခြားထွက်တာပေါ့၊ အမှန်က ကိုယ့်တိုင်းပြည်မှာ ကိုယ်လုပ်ရမှာ ။ အခု မြန်မာပြည်သားတွေ သူများတွေခိုင်းတာ လုပ်နေရပြီ၊ စိတ်မကောင်းဘူးဗျ”

အခုခေတ်လူငယ် အများအပြားက မြန်မာ့သမိုင်းရဲ့ အဖြစ်မှန်တွေကို မသိကြဘူး။ အဲဒီတော့ ဒီလူငယ်တွေကို ဘာပြောချင်လဲ ဘဘ။

“သမိုင်းကို မသိဘူးဗျ။ တကယ်မသိတော့တာ။ ဟိုတနေ့ကဗျာ အတိုက်အခံ မီဒီယာတခုက အမျိုးသမီးတယောက်ဗျ အသံလွှင့်တာ နာမည်တော့ ကျနော် မပြောချင်တော့ပါဘူး၊ ကိုအောင်ဆန်းကို ကွန်မြူနစ်ပါတီဝင် မဟုတ်ဘူးလို့ ပြောလို့ပြော။ အဲဒါ သူ စာမဖတ်လို့ပေါ့ဗျ။ ကွန်မြူနစ်ပါတီကို စထောင်တဲ့ လူတွေထဲမှာ ကိုအောင်ဆန်းပါတယ်၊ အတွင်းရေးမှူးဗျ”

မြန်မာ့နိုင်ငံရေးမှာ အရေးပါခဲ့ကြသူတွေအကြောင်း ရေးထားတဲ့ ရုပ်ပုံလွှာ အထ္တုပ္ပတ္တိတွေ ရေးဖြစ်ပုံပြောပါအုံး။

“တာရာ ထုတ်မယ်ဆိုတော့ ကျနော်က အထ္ထုပ္ပတ္တိ ရေးတာကို ကျနော်က ဝါသနာပါတယ်၊ အတ္ထုပ္ပတ္တိ ရေးခြင်းဖြင့် မိမိ ကိုယ်ကိုလည်း ဆန်းစစ်ရာရောက်တယ်။ စာပေမှာလည်း စကားလုံးအသစ်ကို ရှာရတယ်။ စကားလုံးအသစ်၊ အတွေးအခေါ်အသစ်။ အဲဒီတော့ ပိုကောင်းတယ်။ အဲဒါတွေ ရေးမယ့်လူ မရှိတော့ ကျနော်က အောင်ဆန်း ရေးလိုက်ရတာ။ နောက်တော့မှ လူတွေ ကြိုက်ကြတယ် ထင်ပါတယ်။ အောင်ဆန်းပြီးတော့ ကိုဗဟိန်း၊ ကိုဗဟိန်းပြီးတော့ ကိုဗဆွေတို့ အဲဒီလို ရေးတာ”

ဗိုလ်ချုပ်အောင်ဆန်း အကြောင်းရေးထားတဲ့ အောင်ဆန်း သို့မဟုတ် အရိုင်းမှာ ဗိုလ်ချုပ်ကို ဘာ့ကြောင့် အရိုင်းလို့ သုံးနှုန်းခဲ့တာလဲခင်ဗျ။

“ကိုအောင်ဆန်းရဲ့ ရိုးသားမှုကို ကျနော်က ရေးခဲ့တာ အရိုင်းဆိုတာ၊ စကားလုံးက ရှာမရတော့ အရိုင်းတပ်လိုက်တာ။ မဂ္ဂဇင်းက ထွက်ခါနီးနေပြီဗျာ။ ရုပ်ပုံလွှာဆိုတဲ့ နာမည်က ဆရာဇော်ဂျီ ပေးတာပါ၊ ဆရာသိန်းဟန်ပေးတာပါ”

ဗိုလ်ချုပ်နဲ့ ပတ်သက်ပြီး အမှတ်ရစရာလေး တခုလောက် ပြောပြပေးပါ။

“သူကတော့ ကျနော့်ထက် ၄ နှစ်ပဲကြီးတယ်ဗျ၊ သူက တကယ်ရိုးသားတယ်ဗျ။ အာဏာ လုံးဝမမက်ဘူး။ အဲဒါတော့ ကျနော် ပြောနိုင်တယ် ။ ဒီလက်နက် အားကိုးတဲ့ စိတ်ကတော့ သူ ခပ်ငယ်ငယ်တုန်းကတော့ ရှိပုံရတယ်”

အခုခေတ် လူငယ်တွေ ရေးကြတဲ့ ရသစာပေပေါ်မှာကော ဘယ်လိုသုံးသပ်လဲခင်ဗျ။

“လူငယ်တွေ ရေးကြတယ်။ ဒါက ရေးပါစေ၊ ကောင်းပါတယ်။ ကောင်းပါတယ်ဆိုတာ ကျနော်တို့အကြိုက် ဟုတ်ချင်မှ ဟုတ်မယ်။ ကျနော်တို့ ကြိုက်တာ၊ မကြိုက်တာ အရေးမကြီးဘူးဗျ။ ခေတ်အကြောင်းကို ရေးရင် ခေတ်ပေါ်စာပေလို့ ခေါ်တယ်ဗျ။ ကျနော်တို့ သဘောတူလည်း အရေးမကြီးဘူး၊ မတူတာလည်း အရေးမကြီးဘူး။ ခေတ်အလိုက် ပြောင်းသွားမှာပဲ။ ခေတ်ကို ကျနော်တို့က မလုပ်နိုင်ဘူး။ ခေတ်ကသာ ကျနော်တို့ကို လုပ်နိုင်တယ်”

အခုခေတ် စာပေအရေးအသားတွေက ဘာတွေကို အလေးပေးတယ်လို့ ထင်မိလဲခင်ဗျ။

“ခေတ်ကတော့ သရုပ်ဖော်စာပေလို့ ကျနော်က ပြောချင်တယ်။ သရုပ်ဖော်စာပေဆိုတာ ခေတ်ရဲ့ အဖြစ်အပျက်တွေကို အရင်းအတိုင်း ရေးတာ။ အနုပညာ မြောက်တာလည်း ပါတယ်၊ မမြောက်တာလည်း ပါတယ်။ တချို့လည်း
မြောက်တယ်လို့ မထင်ဘူး။ ကဗျာလည်း ကျနော်က ကဗျာလို့ မယူဆဘူးဗျ။ စကားပြေကိုလည်း ကဗျာလို့ ပြောချင်ပြောတာ”

စာပေစိစစ်ရေးကို ဘယ်လိုသုံးသပ်မိလဲဗျ။

“သူတို့ကို မတတ်ဘူးလို့လည်း မပြောချင်ဘူးဗျာ။ မတတ်ဘူးလို့ ပြောရမှာလည်း အားနာတယ်။ သူတို့တွေကို ကိုယ့်လူတွေလို သဘောထားတယ်။ အဲဒါကြောင့် ကျနော် ရန်သူမရှိ၊ မိတ်ဆွေရှိလို့ ပြောတာ။ ဒါပေမဲ့ သူတို့က ကျနော့်ကို ရန်သူလို သဘောထားရင်တော့ မတတ်နိုင်ဘူးဗျာ”

ငြိမ်းချမ်းရေးနဲ့ ပတ်သက်တာကိုကော နည်းနည်း ပြောပြပါအုံး။

“လူကြီးဖြစ်တော့ ပိုပြီးတော့ ငြိမ်းချမ်းရေးကို ကြိုက်လာတယ်။ အစကတည်းကလည်း ငြိမ်းချမ်းရေး လုပ်တာပါပဲ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းတို့နဲ့ တွဲလုပ်တာ။ အခုကျတော့ လူကလည်း သိပ်မရှိတော့ဘူး။ လုပ်မယ်လို့ ကြံကာရှိသေးတယ်။ ကျနော်တို့ ငြိမ်းချမ်းရေး ရမှဖြစ်မယ်။ ငြိမ်းချမ်းရေး မရရင် ဘာမှ ဖြစ်မှာမဟုတ်ဘူး”

နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေတယ်။ အဲဒါကိုကော ဘာပြောချင်လဲခင်ဗျ။

“ခဏခဏ ကြားတယ်ဗျာ၊ စိတ်မကောင်းဘူး။ လူငယ်တွေကို တိုက်တွန်းချင်တာက ငြိမ်းချမ်းရေးအဖွဲ့တွေ နယ်တိုင်းရွာတိုင်းမှာ ဖွဲ့စေချင်တယ်။ အစိုးရပဲဖြစ်ဖြစ် ဘယ်သူလုပ်လုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေက မကောင်းကြဘူးဗျာ၊ စာလည်း မဖတ်ဘူး။ အဆင့်အတန်းကတော့ ချက်ချင်း မြင့်လာမှာ မဟုတ်ဘူး။ အဆင့်အတန်း မြင့်လာတဲ့အချိန်မှာ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ကြိုက်တဲ့သူ၊ ဖယ်ဒရယ် အုပ်ချုပ်ရေးကို ကြိုက်တဲ့သူတွေ ပေါ်စေချင်တယ်။ အဲဒီလူတွေက ခေါင်းဆောင်သွားမှာပဲ”

၁၉၆၂ ခုနှစ်တုန်းက အာဏာသိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပေါ် ဘယ်လိုသုံးသပ်မိပါသလဲ။

“သူဟာ နိုင်ငံရေးသမား မဟုတ်ဘူး။ နိုင်ငံရေးသမားဆိုတာ ဒါမျိုးမဟုတ်ဘူး။ သူက လက်နက်ကို အာဏာရတယ် ထင်နေပုံရတယ်။ ဖက်ဒရယ်ဆိုတဲ့ဟာကိုလည်း ကောင်းကောင်း နားလည်ပုံမရဘူး။ ကိုအောင်ဆန်းကတော့ ကောင်းကောင်း နားလည်တယ်။ သူက စာဖတ်ဝါသနာပါတယ်။ ဗိုလ်နေဝင်းက ဖတ်ပုံမရဘူးဗျ။ သူက အာဏာ ရအောင်တော့ လုပ်တတ်ဟန်တူတယ်။ အဲဒီတော့ သူက အာဏာရသွားတော့ ငြိမ်းချမ်းရေး ရအောင် မလုပ်တော့ဘဲနဲ့ စစ်နည်းနဲ့ပဲ သူက လုပ်တာလေ”

ဖက်ဒရယ်ဆိုတဲ့ ဝေါဟာရကိုကော ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

“ဒီမိုကရေစီနိုင်ငံပဲ ဖြစ်မယ်။ ဖက်ဒရယ်ဆိုတာလည်း လူမျိုးတမျိုးတမျိုးမှာ သူ့မှာကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ရှိရမယ်။ သူလုပ်ချင်တာ လုပ်ခွင့်ရှိရမယ်”

တိုင်းရင်းသား နယ်ခြားစောင့်တပ်တွေပေါ်မှာကော ဘယ်လို မြင်လဲဗျ။

“အဲဒါ အလကားပဲဗျ။ သူတို့ ထိန်းချုပ်မှုအောက်ကို ရောက်အောင် လုပ်တာ။ သူတို့က လက်နက်ကို ယုံကြည်ဟန် တူပါတယ်ဗျ။ လက်နက်နည်းဟာ မအောင်မြင်နိုင်ဘူး။ ခဏတော့ အောင်မြင်သလိုလို ထင်ရပြီး အာဏာတော့ ရကောင်းရမယ်”

ရွေးကောက်ပွဲကနေ တက်လာတဲ့ အခု နိုင်ငံတော်သမ္မတ အပေါ်မှာကော။

“ကိုသိန်းစိန်ကို ကျနော် မသိဘူး၊ ကျနော်တို့ထက် အများကြီး ငယ်မှာပေါ့ဗျ။ အစိုးရက ဘာအစိုးရမှန်း မသိဘူးဗျ။ စစ်သမားတွေပဲ၊ အဲဒီလိုပဲ မြင်တယ်။ ဒါပေမဲ့ သိန်းစိန်က သိပ်ဆိုးပုံ မရဘူးထင်တယ်။ ဒါကတော့ စောင့်ကြည့်ရမှာ။ ပြောတဲ့အတိုင်း လုပ်ရင်တော့ ကောင်းတယ်။ နောက်လာတဲ့ လူတွေကို ငြိမ်းချမ်းရေးနည်းနဲ့သာ တိုင်းပြည်ကို ထူထောင်မယ်ဆိုရင် အစိုးရကောင်းပေါ့။ သူ့မိန့်ခွန်းထဲမှာ ပါသလို သန့်ရှင်းတဲ့အစိုးရ ဖြစ်မယ်ပေါ့။ မဟုတ်ရင်တော့ ဖြစ်မှာမဟုတ်ဘူး၊ ကြာမယ်ပေါ့ဗျာ”

ဦးသိန်းစိန်ဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ တကယ်စိတ်ဝင်စားတယ်လို့ ထင်လားခင်ဗျ။

“တခြားစစ်သမားတွေနဲ့ စာရင်တော့ စာဖတ်တယ်လို့ ကျနော်ကြားတယ်။ ဗိုလ်သိန်းစိန်ကတော့ တခြားစစ်သမားတွေနဲ့ စာရင်တော့ ဒီမိုကရေစီဘက်ကို ယိမ်းတဲ့လူတယောက်လို့ သတ်မှတ်တဲ့အတွက် သူ့ကိုတော့ အားကိုးစိတ်ရှိတယ်။ ပြောလို့သာ ပြောရတယ်။ သူက တကယ်ငြိမ်းချမ်းရေး လုပ်မလား မလုပ်လား ကျနော်မသိဘူး။ ပြောရဲရအောင်လည်း သူက လုပ်ပြတာတွေလည်း မရှိသေးဘူး၊ အဲဒါမျိုးလုပ်ပြတယ်ဆိုရင်တော့ ကျနော် အကြီးအကျယ် ထောက်ခံရမှာပဲ”

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးဖို့ ပြောနေကြတယ်။ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါလဲ။

“အကျဉ်းသားတွေရှိတယ်ဗျာ၊ အများကြီးပဲ။ မင်းကိုနိုင်တို့ဘာတို့ ကောင်လေးတွေက ဘာမှအပြစ်မရှိဘဲနဲ့ အဖမ်းခံရတယ်။ တကယ်သာ လွတ်လွတ်လပ်လပ် ဥပဒေအတိုင်း လုပ်မယ်ဆိုရင် အဖမ်းခံစရာ အကြောင်းမရှိဘူး။ သူတို့က လွတ်လပ်ရေးအတွက် ဒီမိုကရေစီအရေးအတွက် လုပ်တာပဲ။ ဘာလို့အဖမ်းခံရမလဲ အဖမ်းခံရတော့လည်း နှစ်တွေက အများကြီး။ ပြောရင်း ပြောရင်းနဲ့ စိတ်က တော်တော်မကောင်းဘူး”

ဗိုလ်ချုပ်အောင်ဆန်းတို့ ခေတ်တုန်းက လွတ်လပ်ရေးရအောင် လုပ်ပေးနိုင်ခဲ့တယ်။ သူ့သမီး လက်ထက်မှာကော ဘာများ မျှော်လင့်လို့ ရနိုင်မလဲခင်ဗျ။

“မလုပ်နိုင်တာ မဟုတ်ဘူး၊ လုပ်သင့်သလောက် သူလုပ်တယ်။ လုပ်ခွင့်ရှိသလောက် သူလုပ်တယ်။ ရတော့ ရမှာပဲဗျာ။ သူကလည်း ကြီးသွားပြီလေ၊ အခု ၆ဝ ကျော်။ သူလုပ်မှာပါ၊ ဒီကောင်မလေးကတော့ လုပ်နိုင်လိမ့်မယ်။ ဒီမိုကရေစီနည်းနဲ့ ထူထောင်မယ့် တိုင်းပြည်ကို သူလိုလားတယ်၊ လူကောင်းပါ။ လွတ်လပ်ရေးက ခင်ဗျားတို့အပါအဝင် ပြည်သူလူထုက ဆုံးဖြတ်ပါ။ တကယ့်လွတ်လပ်ရေး ရမှပဲ ငြိမ်းချမ်းရေး ရမယ်”

ဘဘ လိုချင်တဲ့ ငြိမ်းချမ်းရေးကော ဘယ်လိုအခြေအနေမျိုးမှာ ရနိုင်မယ်လို့ မျှော်မှန်းလဲ။

“စောင့်ကြည့်ရမှာပဲဗျာ။ စောင့်ကြည့်ရမှာပဲလို့ ပြောရတာကလဲ ခင်ဗျားတို့ အားရချင်မှ အားရမယ်၊ ယုံချင်မှလည်း ယုံမယ်။ ခင်ဗျားကတော့ ကျနော့်စာတွေ ဖတ်ဖူးပုံရတယ်။ ပြောပုံကြည့်ရတာ ခင်ဗျားတို့လို စိတ်ဓာတ်ရှိတဲ့လူတွေ များရင် ငြိမ်းချမ်းရေး ရရမယ်။ နှေးတော့ နှေးမယ်”

မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ် ဘာများ ပြောချင်ပါလဲခင်ဗျ။

‘‘ညီညွတ်ကြပါ၊ ညီညွတ်ကြရင် ငြိမ်းချမ်းရေး နီးစပ်မယ်။ အဲဒါပဲပြောချင်တယ်။ အဲဒါကိုတော့ ကျနော် ခိုင်ခိုင်မာမာ ယုံကြည်တယ်။ တန်းတူအခွင့်ရေးရရင် ညီညွတ်ရေးရမယ်။ ညီညွတ်ရေးဆိုတာ လည်ပင်းဖက်ဖို့၊ လက်ဆွဲနှုတ်ဆက်ဖို့ မလိုဘူး။ သီချင်း ပြိုင်တူဆိုဖို့လည်း မဟုတ်ဘူး။ အချင်းချင်း ညီညွတ်တဲ့ စိတ်ကလေး၊ သဘောချင်း တိုက်ဆိုင်တဲ့ စိတ်ကလေး၊ ငြိမ်းချမ်းရေး လိုချင်တဲ့ စိတ်ကလေး ပြင်းထန်ရင် ရရမယ်’’

မြန်မာလူငယ်တွေကိုကော ဆုံးမစကား ဘာပြောချင်လဲခင်ဗျ။

“လူငယ်တွေကိုတော့ စာဖတ်ဖို့ ပြောချင်တယ်။ ကျနော်လည်း စာဖတ်တယ်။ လူငယ်တွေ စိတ်ဓာတ်ထဲမှာ ငြိမ်းချမ်းရေးစိတ်ဓာတ် ပြင်းထန်ရင် ငြိမ်းချမ်းရေး ရရမယ်။ ငြိမ်းချမ်းရေး လမ်းကြောင်းကိုတော့ ခင်ဗျားလည်း တွေးဖို့ကောင်းတယ်။ တွေးပါ၊ တွေးလို့ရသမျှ ခင်ဗျားလုပ်ရင်တော့ သူရဲကောင်းလို့ ယူဆမှာပဲ။ တခြားသူတွေလုပ်ရင် တခြားသူတွေ သူရဲကောင်းပေါ့ဗျာ”

မွေးနေ့ အမှတ်တရအဖြစ် ဘာများပြောချင်ပါလဲ။

“ဟိုတုန်းကတော့ အရေးတော်ပုံအောင်ပါစေ၊ အခုတော့ ငြိမ်းချမ်းရေးအောင်ပါစေလို့ ဆုတောင်းချင်တယ်။ ငြိမ်းချမ်းရေးအကြောင်းကို တတ်နိုင်သမျှ အသံလွှင့်ပေးကြပါ။ လူတွေလည်း သတိရရင် ငြိမ်းချမ်းရေးအကြောင်း
တွေးကြ။ အသက်ကြီးတဲ့အထိ လုပ်ကြရမှာပဲ။ နောက်တခုက အစိုးရကလည်း ဗိုလ်သိန်းစိန်ပြောသလို ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရဖြစ်ရင် ငြိမ်းချမ်းရေးက ရကို ရရမယ်။ လူငယ်တွေကိုလည်း အားကိုးတယ်ဗျာ”

မြစ်ဆုံ ပြောင်းရွှေ့ရွာသားများ လျော်ကြေးအပြည့် မရသေး
ဖနိဒါ | အင်္ဂါနေ့၊ မေလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၂ မိနစ်

ချင်းမိုင် (မဇ္စျိမ)။ ။ ကချင်ပြည်နယ် မြစ်ဆုံရေကာတာစီမံကိန်း ဒေသတွင်းရှိ ကျေးရွာများသည် မြစ်ဆုံအောက်
အောင်မြင်သာ စံပြရွာသို့ ပြောင်းရွှေ့ခဲ့ရာ တနှစ်ပြည့်သော်လည်း လျော်ကြေးအပြည့်မရသဖြင့် စားဝတ်နေရေး အခက်တွေ့နေကြောင်း အရွှေ့ခံ ရွာသားများက ဆိုသည်။

နှစ်ရှည်သီးနှံများအတွက် လျော်ကြေးပေးချေရန် အေးရှားဝေါလ်ကုမ္ပဏီက ကြေလည်အောင် မပေးသည့်အပေါ်
အောင်မြင်သာ စံပြရွာသစ်သားများ အပြစ်တင် ပြောဆိုနေခြင်း ဖြစ်သည်။

“တကယ်ဆို တပင်ကို ဘယ်လောက်နှုန်းဆိုတာ သူတို့ ပြောရမယ်လေ။ ဘာမှလည်း မပြောဘူး၊ စာရင်းလည်း မပြဘူး။ လက်မှတ်ထိုးပြီးမှ ငွေဘယ်လောက်ဆိုတာ ပြောတာက တမင်ညစ်တာပဲ။ တညင်းသီးပင် ရာကျော်မှာ နစ်နာကြေးဆိုပြီး ပြန်ပေးတော့ တသိန်းခွဲပဲ ပေးတယ်။ စိုက်ထားတဲ့ အပင်တွေက အများကြီးပဲ။ ငွေရတော့ နည်းလို့ လက်မခံဘူး” ဟု အောင်မြင်သာ ရွာသားတဦးက မဇ္စျိမကို ပြောသည်။ တညင်းသီးပင် ၁ဝဝ ကျော်မှ နှစ်စဉ် ကျပ်သိန်း ၃ဝ ခန့် ဝင်ငွေရခဲ့သည်ဟု ဆိုသည်။

ဒေသခံအချို့်ကမူ ကုမ္ပဏီကပေးသော လျော်ကြေးမှာနည်းလွန်းသဖြင့် လက်မှတ်မထိုးဘဲ နေခဲ့သလို ရွာသစ်သို့လည်း မပြောင်းဘဲ နေကြသည်။

“ကျနော်ကတော့ မပြောင်းသေးဘူး။ အများကြီး စိုက်ထားတယ်။ စိုက်ထားတာ သိန်း ၁ဝဝ မကဘူး။ ကျနော် ဒီလောက်ငွေပဲ လိုချင်တယ်” ဟု ရွာသားတဦးက ပြောသည်။

ထို့အပြင် တချို့တဝက် အထောက်အပံ့ ရထားသူများလည်း ရှေ့ရေးအတွက် ပူပင်နေကြသည်။

“တနှစ်ပြည့်သွားပြီ။ ကုမ္ပဏီက တနှစ်ထိပဲ စားစရိတ် ထုတ်ပေးမယ် ပြောထားတယ်။ ရှေ့ဆက် ဘာလုပ်စားရမလဲ။ လုပ်စားဖို့ မြေမရှိဘူး။ ရှိတဲ့ မြေက နီနီကြီး၊ ဘာမှ စိုက်လို့ မရဘူး။ တရုတ်ကုမ္ပဏီတွေဆီ နေ့စားထွက်လုပ်ရင်လည်း ပိုက်ဆံ တနေ့စာတနေ့ မပေးဘူး” ဟု အခြား အောင်မြင်သာ ရွာသားတဦးက မဇ္ဈိမကို ပြောသည်။

ဧပြီ ၂၈ ရက်နေ့တွင် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဝန်ကြီးများနှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း China Power Investment - CPI တာဝန်ရှိသူများက တန်ဖရဲရွာမှ အိမ်ထောင်စု ၄၁ စုကို ကျပ်ငွေ တသိန်းစီပေးခဲ့ပြီး၊ နှစ်ရှည်ပင် စိုက်ပျိုးသူ ၅ ဦးကို သီးနှံနစ်နာကြေးပေးကာ အသစ်ပြောင်းရွှေ့လာသော မလိယန်ရွာ အိမ်ထောင်စု ၈၅ စုအတွက် ဆန်၊ ခြင်ထောင်နှင့် ရုပ်မြင်သံကြား တလုံးစီ ပေးအပ်ခဲ့သည်ဟု
မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြခဲ့သည်။

အေးရှားဝေါလ်က ပေ ၂ဝ ပတ်လည်ရှိ ပျဉ်ကာ၊ သွပ်မိုး ခြေတံရှည်အိမ်များ ဆောက်ပေးခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇွန်လမှစ၍ ပြည်နယ်အာဏာပိုင်များ၊ CPI နှင့် အေးရှားဝေါလ်ကုမ္ပဏီ တာဝန်ရှိသူများက
ပြောင်းရွှေ့လာသူ ရွာသားများကို ကျပ်ငွေ တသိန်း၊ ဆန် ၂ အိတ်နှင့် တီဗီတလုံးစီ ပေးခဲ့သည်။

တောင်ယာလုပ်ရန် တအိမ်ထောင်လျှင် မြေ ၂ ဧက ပေးမည်ဟု ဆိုခဲ့သော်လည်း ယခုထိ အကြောင်းမထူးသဖြင့် ရွာသားများဘက်က စိုးရိမ်နေသည်။

“အခု တောင်ယာ မရှိတော့ ဘာမလုပ်တတ်တော့ဘူး။ သစ်ခုတ်လို့လည်း မရ၊ ရွှေတူးလည်း မဟုတ်၊ ဝါးရှာပြီး ခုတ်လို့လည်း မရတော့ဘူး။ ကျနော့်ကလေးတွေကို ကျောင်း ဘယ်လိုထားပေးရမလဲ မသိတော့ဘူး။ လူကြီးတွေ ရောက်ရင်လည်း ကျနော်တို့ အခက်အခဲကို ပြောပြတယ်။ လိုက်လုပ်ပေးတာ မရှိဘူး” ဟု ရွာသားတဦးက ပြောသည်။

၂ဝဝ၉ စက်တင်ဘာ ၂၈ ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ စီမံကိန်းကြောင့် ထိခိုက်ရသူများက
မြေနေရာ ရွေးချယ်ခွင့်၊ လျော်ကြေးနှင့် နစ်နာကြေးများ ရရှိခံစားခွင့် အပါအဝင် ၎င်းတို့နေအိမ်၊ ခြံမြေ၊ နှစ်ရှည်ပင်များအတွက် ကာလပေါက်ဈေးထက်မက ပေးလျော်ရန် တောင်းဆိုခဲ့ဖူးသည်။

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများက ကန့်ကွက်ထားသည့် မြစ်ကြီးနားမြောက်ဘက် ၂၇ မိုင်အကွာရှိ မေခနှင့် မလိခ မြစ်နှစ်ခုဆုံရာ မြစ်ဆုံရှိ ဆည်စီမံကိန်းကြောင့် တန်ဖရဲ၊ မဇွပ်၊ ဒေါင်ပန်၊ ဇတူးဇွပ်၊ မလိယန် စသည့် ဧရာဝတီမြစ် အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ကျေးရွာများ ပြောင်းရွှေ့ပေးခဲ့ရသည်။

ရေအားလျှပ်စစ် မီဂါဝပ် ၃၆ဝဝ ထုတ်လွှတ်နိုင်မည့် မြစ်ဆုံရေကာတာ စီမံကိန်းကို ၂ဝဝ၇ မှစ၍ အမှတ် ၁ လျှပ်စစ်ဝန်ကြီးဌာန၊ CPI နှင့် အေးရှားဝေါလ် ကုမ္ပဏီများက တာဝန်ယူကာ ပူးတွဲတည်ဆောက်နေသည်။

မြစ်ဆုံရေကာတာ တည်ဆောက်မှုကြောင့် လူပေါင်း ၁၅,ဝဝဝ ခန့် မှီတင်းနေထိုင်သည့် ရွာပေါင်း ၆ဝ ကျော်မှ ကချင် ဒေသခံများ ရွှေ့ပြောင်းခံရနိုင်ပြီး၊ ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်ကြောင်း ကချင် လူမှုဖွံ့ဖြိုးရေး ကွန်ယက် KDNG က ပြောသည်။

အလားတူပင် ဖားကန့်ကျောက်စိမ်းမှော် လုံးခင်းကျေးရွာအုပ်စုဝင် သာယာကုန်းကျေးရွာမှ အိမ်ခြေ ၄ဝဝ ကျော်ရှိ
ဒေသခံများကို ထိုရွာ အရှေ့ဘက် ၂ မိုင်ကျော်ရှိ မလင်းရွာသို့ ပြောင်းရွှေ့ရန် အာဏာပိုင်များက
ပြောဆိုနေသည်ဟု ဒေသခံတဦးကလည်း ပြောပြသည်။

လုံးခင်းကျောက်စိမ်းမှော်ရှိ တရုတ်လူမျိုးများပိုင် ကျော်နိုင်၊ စိန်ခေါင်းတောင်၊ စိမ့်လဲ့အောင်၊ ရတနာမိုးမြေ စသည့် ကုမ္ပဏီများက အနည်းဆုံးလျော်ကြေး ကျပ်သိန်း ၇ဝ မှ ၂ဝဝ ထိပေးရန် ပြောဆိုထားသော်လည်း ဒေသခံများက မပြောင်းရွှေ့လိုကြောင်း စုံစမ်းသိရှိရသည်။

အင်းလေလံ လုပ်ငန်း အဂတိလိုက်စားမှု လယ်သမားများ အထူးနစ်နာ
2011-05-10 RFA

ဧရာဝတီတိုင်း အတွင်း အင်းလုပ်ပိုင်ခွင့်များ ရောင်းချရာမှာ တကယ် အင်းလုပ်ငန်း လုပ်ကိုင်သူများက တိုက်ရိုက် မရရှိဘဲ တဆင့် ပြန်ဝယ်ယူနေရတဲ့ အတွက် ဒေသခံ လယ်သမားတွေ အတော့်ကို နစ်နာနေကြရတယ်လို့ သိရပါတယ်။

ဟင်္သတ ခရိုင်က HRDP - လူ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်သူ ကိုကျော်လွင်က တရားဝင် အခွန်ငွေ ဆယ်သိန်း ပေးရတဲ့ အင်းတခု အတွက် အဆင့်ဆင့် အမြတ်ယူပုံကို RFA ကို ခုလိုရှင်းပြပါတယ်။ "ဒီအင်းကို ပိုင်ဆိုင်ဖို့ရာက နိုင်ငံတော်ကို ၁၀ သိန်းလောက် သွင်းရမယ်။ ရုံးမှာရှိတဲ့သူတွေကို ၁၅ သိန်းလောက် ပေးရမယ်။ ကျန်တဲ့ဟာကျတော့ ဂရံပိုင်ရှင်ကို သူတို့ အဲဒီလို အင်းမျိုးဆိုရင် အမြတ်သက်သက် သိန်း ၆၀ - ၇၀ လောက် ပေးပြီးတော့မှ လုပ်ပိုင်ခွင့် ရကြတယ်။ ပြီးတော့မှ သူတို့ မဆိုင်တဲ့၊ တောင်းပိုင်ခွင့်မရှိတဲ့ ဥပဒေတွေကို ချိုးဖောက်ပြီးတော့ လယ်သမားတွေကို လိုက်ပြီးတော့ ပိုက်ဆံတောင်းတာပေါ့။ သွားပြီးတော့ တိုင်လို့ရှိရင် တရားဥပဒေအရ မကျူးလွန်ဘဲနဲ့ ကျူးလွန်တယ်ဆိုပြီးတော့ လယ်သမားတွေ အရေးယူခံရတယ်။"

ကျုံပျော်မြို့ နယ်က လယ်သမားကြီး တဦး ကလည်း မိမိ လယ်မြေမှာ ဖြစ်ပေါ်တဲ့ ရေပြင်ကနေ ကိုယ့်ဝမ်းစာ အတွက်တောင် ငါးဖမ်းခွင့် မရှိဘူးလို့လည်း အာအက်ဖ်အေကို ပြောပါတယ်။ အခုလို မိုးရာသီမှာ လယ်မြေများ အပေါ်ရေတင်ပြီးဖြစ်ပေါ်တဲ့ လယ်ကြားအင်းခေါ် ယာယီ အင်းများကို လုပ်ပိုင်ခွင့်ရရှိသူများက မိမိတို့ အရင်းကြေအောင် လယ်သမားတွေ အပေါ် မတရား ငွေကောက်ခံနေတာကို သက်ဆိုင်ရာကို တိုင်ကြားပေမဲ့ ထိထိရောက်ရောက် အရေးမယူဘူးလို့ သိရပါတယ်။ အာဏာပိုင်တွေ ကိုယ်တိုင်က ကိုယ်တိုင် ရေလုပ်ငန်းမလုပ်ဘဲ အင်းဂရန်တွေ လုပ်စားဖို့  အထက်က ရရှိနေလို့  ခုလို နှုတ်ဆိပ်နေခြင်း ဖြစ်တယ်လို့  ကိုကျော်လွင်က ပြောပါတယ်။

"သူတို့ကလဲ ငြိမ်နေတယ်ဆိုတာက သူတို့ ကိုယ်တိုင်က အင်းဂရံ အပိုင်စားတွေ ရတယ်လေ။ သူတို့ကိုယ်တိုင်က သိန်း ၃၀ တို့ သိန်း ၄၀ တို့နဲ့ အမြတ်တင် ရောင်းစားတဲ့သူတွေ ဖြစ်နေတဲ့အတွက်။ ဒီရေလုပ်ငန်း ၀န်ကြီးဌာနက ၀န်ကြီးဆီကနေဘဲ တိုက်ရိုက် ခွဲတန်းချပြီးတော့ ဒီအင်းတွေကို လုပ်စားဆိုပြီး ခွဲတန်းချပေးလိုက်တာ။" မြန်မာပြည်တဝှမ်း ဧရာဝတီတိုင်း ၊ပဲခူးတိုင်းနဲ့  စစ်ကိုင်းတိုင်း တို့ မှာ အင်းဂရံပေါင်း ခုနှစ်သောင်းခန့် ရှိရာမှာ အများစုမှာ အခုလို အဂတိလိုက်စားမှုတွေ ရှိတယ်လို့  မကြာခဏ ကြားသိရပါတယ်။

အခြေခံဥပဒေကို လွှတ်တော်တွင်းမှ တိုက်ဖို့ တစည ပြင်
ကျော်ခ | အင်္ဂါနေ့၊ မေလ ၁၀ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၉ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ဒီမိုကရေစီလမ်းကြောင်း ကွဲလွဲနေသည့် ၂ဝဝ၈ အခြေခံဥပဒေအချို့ကို လွှတ်တော်မှတဆင့်ပြုပြင်ပြောင်းလဲသွားရန် စီစဉ်နေကြောင်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေကပြောသည်။

တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးကို နိုင်ငံတဝှန်းမှ ကော်မတီဝင် ၁၄ဝ ကျော်ဖြင့် မလ ၉ ရက်နေ့မှ ၁ဝ ရက်နေ့ထိ ကျင်းပခဲ့ကာ ဖွဲ့စည်းပုံဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်းမှ ဆောင်ရွက်မည်ဟု ဆုံးဖြတ်ခဲ့ကြပြီး၊ ထို့အတွက် ဥပဒေရေးရာ ကော်မတီဖွဲ့၍ စိစစ်နေပြီလည်း ဖြစ်သည်။

“အခုကတော့ စိစစ်နေတုန်းပါပဲခင်ဗျ။ Democratic characters ပေါ့။ ဒီဟာနဲ့ သိပ်ပြီးတော့ ကွဲလွဲနေတဲ့၊ ဆန့်ကျင်နေတဲ့ ဟာမျိုးပေါ့လေ။ ဒါကို လွှတ်တော်တွင်း နိုင်ငံရေးအရ လွှတ်တော်နည်းလမ်းနဲ့ပဲ
ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဦးဟန်ရွှေက မဇ္ဈိမကို ပြောသည်။ မည်သည့်အချက်များ ဖြစ်သည်ကိုမူ အသေးစိတ် ပြောဆိုခြင်း မပြုပေ။

နှစ်ပေါင်း ၂ဝ အကြာ၌ ပထမဆုံး ပြန်လည်ပြုလုပ်သည့် တတိယအကြိမ် ဗဟိုကော်မတီ အစည်းအဝေးတွင် ကာလတလျှောက် ပါတီ့လုပ်ဆောင်ချက်များနှင့် ဆက်လက်လုပ်ကိုင်မည့် စည်းရုံးရေး၊ နိုင်ငံရေးနှင့် ဘဏ္ဍာရေး လုပ်ငန်းစဉ်များကိုပါ ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။

၁၉၉ဝ နှင့် ၁၉၉၁ ခုနှစ်တွင် အလားတူ အစည်းအဝေးမျိုး ကျင်းပခဲ့ကာ၊ ပါတီမူဝါဒ စည်းမျဉ်းများအရ ပုံမှန်စည်းဝေးရန် ရှိသော်လည်း ကော်မရှင် အကန့်အသတ်များကြောင့် မလုပ်နိုင်ခဲ့ကြောင်း ဦးဟန်ရွှေက ပြောသည်။

ပါတီအဖွဲ့ဝင်ပေါင်း ၇ သိန်းရှိသည့် တစည အနေဖြင့် ဘဏ္ဍာငွေ တောင့်တင်းရန်အတွက် စီးပွားရေးလုပ်ငန်းများ ထူထောင်သွားမှာ မဟုတ်ဘဲ ပါတီဝင်တဦးကို နှစ်စဉ် ကျပ် ၁ဝဝ စီ ကောက်ခံသွားမှာဖြစ်သည်။ ၎င်းတို့ပါတီကို လိုလားသည့် ပုဂ္ဂိုလ်များထံမှ လှူဒါန်းငွေများနှင့်ပါ ဆက်သွားမည်ဟု ဦးဟန်ရွှေက ဆိုသည်။ ပြည်ပနိုင်ငံများမှ အကူအညီငွေများကိုမူ လက်ခံသွားမှာ မဟုတ်ဟုလည်း ပြောဆိုသည်။

ကြံ့ဖွံ့ပါတီပြီးလျှင် အမတ် ၆၄ နေရာဖြင့် ဒုတိယ လိုက်သည့် တစည သည် ၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီနှင့် မတ်လ လွှတ်တော် ၃ ရပ် အစည်းအဝေးများတွင် အဆိုတင်သွင်းမှု၊ ကန့်ကွက်မှုများ မပြုလုပ်ခဲ့ပေ။

အာဏာရှင်ဟောင်း ဦးနေဝင်းဦးဆောင်သော ၂၆ နှစ်ကြာ တပါတီစနစ်ဖြင့် အုပ်ချုပ်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) သည် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတဝှန်း ဒီမိုကရေစီရေး တောင်းဆိုသော လူထုအုံကြွမှုကြောင့် ပျက်သုဉ်းခဲ့ပြီး၊ နောက်ပိုင်းတွင် (တစည) အဖြစ် အမည်နှင့် ခေါင်းဆောင်မှုပါ ပြောင်းလဲ၍ အမွေဆက်ခံခဲ့သည်။

အကျဉ်းသား မိသားစုဝင်များ ပညာရေးအတွက် NLD ထောက်ပံ့
By မသင်းသီရိ အင်္ဂါ, 10 မေ 2011

ကလေးတွေရဲ့ ပညာရေးဟာ တိုင်းပြည်ရဲ့ အနာဂတ် ဖြစ်တာမို့ ကလေးတွေမှာ နိုင်ငံရေး အသိစိတ်နဲ့ နိုင်ငံရေး တာဝန်တွေကို ဆက်ပြီး ဆောင်ရွက်လိုစိတ်တွေ ရှိဖို့လိုတယ်လို့ မြန်မာ့ ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင် ကလေးတွေအတွက် ဒဿမအကြိမ်မြောက် ပညာရေး ထောက်ပံ့စရိတ် ပေးပွဲကို ဗဟန်း ရွှေဂုံတိုင်မှာရှိတဲ့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ဒီနေ့ ကျင်းပရာမှာ အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ သားသမီးတွေ ပညာသင်ကြားရေးမှာ ချို့ယွင်း အားနည်းမှု မရှိသွားစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ NLD ပါတီက နှစ်စဉ် ထောက်ပံ့ ကူညီလာတာဟာ ဒီနေ့ ၁၀ ကြိမ်မြောက် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ လူငယ်တွေရဲ့ လက်ထဲမှာ ရှိတာမို့ နိုင်ငံရေး ဆိုတာနဲ့ နိုင်ငံရေး တာဝန်ကို ယူချင်တဲ့ ဆန္ဒတွေ ရှိဖို့ကလည်း အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

အထူးသဖြင့် မိခင် ဖခင်တွေဟာ ဘာကြောင့် နိုင်ငံရေးလုပ်ရတယ်၊ ဘာကြောင့် ထောင်ထဲမှာ ရှိနေတယ်ဆိုတဲ့ အခြေအနေ အမှန်ကို သားသမီးတွေသိဖို့၊ နားလည်ဖို့လိုတယ် ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အဓိက ရှင်းပြခဲ့တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“နိုင်ငံရေးလုပ်လို့ ထောင်ကျတာပဲ၊ စဉ်းစားမယ့် လူတွေလည်း ရှိနေနိုင်တယ်တဲ့။ အဲဒီတော့ အခုလို နိုင်ငံရေးလုပ်တာဟာ ယုံကြည်ချက်ကြောင့် လုပ်တာပဲတဲ့။ ယုံကြည်ချက်က ဘာလဲဆိုရင် ပြည်သူတယောက်တိုင်းဟာ ကိုယ့်တိုင်းပြည်ရဲ့ ကြမ္မာကို၊ ကိုယ်နေချင်တဲ့ တိုင်းပြည်ကို ကိုယ်ဖြစ်စေချင်တဲ့ ပုံစံမျိုးဖြစ်အောင် ဖန်တီးပိုင်ခွင့် ရှိတယ်။ အဲဒီလို ဆောင်ရွက်တဲ့ နေရာမှာ ပြည်သူတိုင်းလည်း ပါဝင်ခွင့်ရှိတယ်။ အဲဒီခံယူချက်၊ အဲဒီယုံကြည်ချက်နဲ့ တိုင်းပြည် ကောင်းဖို့အတွက် ဆောင်ရွက်ကြလို့ နိုင်ငံရေး လုပ်ကြတာ ဖြစ်တယ်။ အဲဒါကြောင့်လည်း နိုင်ငံရေးမှုနဲ့ ထောင်ကျသွားတာ ဖြစ်တယ်။

“ဒါကြောင့်မို့ ဒီလူတွေအတွက် တိုင်းပြည်ကရော၊ မိသားစုကရော အများကြီး ဂုဏ်ယူစရာ ဖြစ်တယ်တဲ့။ နိုင်ငံရေး အကျဉ်းသား ဖြစ်သွားတဲ့ သူတွေရဲ့ သားသမီးတွေဟာ မိဘ အခုလို ဖြစ်သွားတဲ့ အတွက်ကြောင့် ပညာသင်ကြားမှုမှာ ဘာမှ ချို့ယွင်း အားနည်းမှုတွေ မဖြစ်စေချင်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ကလေးတွေရဲ့ ပညာရေးဆိုတာ နိုင်ငံရဲ့ အနာဂတ်ပဲတဲ့။ ဒီကလေးတွေကလည်း နိုင်ငံရေး တာဝန်တွေကို ဆက်ပြီး ဆောင်ရွက်စေချင်တဲ့ ဆန္ဒ ရှိတယ်၊ ဆောင်ရွက်ကြရမယ်တဲ့။ အဲဒီလို ရှင်းပြသွားပါတယ်။”

NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး အကျဉ်းသား မိသားစုဝင်တွေရဲ့ သားသမီးတွေအတွက် နှစ်စဉ် ပညာရေး ထောက်ပံ့မှု အစီအစဉ်ကို ရန်ကုန်တိုင်း NLD လူမှုအထောက်အကူပြု အဖွဲ့က ဦးဆောင် ကျင်းပပေးနေတာ ဖြစ်ပြီး နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၇၇ ဦးထဲက သားသမီးပေါင်း ၁၂၃ ဦးကို ပညာရေး ထောက်ပံ့စရိတ် ကျပ်ငွေ ၄၀,၀၀၀ စီ ဒီနေ့ ပေးခဲ့ပါတယ်။ ဒီလို ထောက်ပံ့မှုဟာ ကလေးတွေရဲ့ ပညာရေးအတွက် တစိတ်တပိုင်း ပံ့ပိုးမှုဖြစ်တယ် ဆိုတာထက် စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကို ပိုပြီး ရစေပါတယ်လို့ ၂၀၀၅ ခုနှစ် မေလ စစ်ကြောရေးစခန်းမှာ သေဆုံးသွားတဲ့ နိုင်ငံရေး အကျဉ်းသား ကိုအောင်လှိုင်ဝင်းရဲ့ ဇနီး မနှင်းစန္ဒာက ပြောပါတယ်။

“အခု နိုင်ငံရေး အကျဉ်းကျနေတဲ့ လူတွေကလည်း သူခိုးမှု၊ ဓားပြမှုနဲ့ကျတာ မဟုတ်ဘူးလေ။ ကလေးတွေလည်း ကျမ ဆုံးမပါတယ်။ ဒါ စိတ်ဓာတ်မကျနဲ့၊ ကိုယ့်အဖေတွေ၊ ကိုယ့်ဦးလေးတွေ၊ ကိုယ့်အဖိုးတွေက နိုင်ငံရေး လုပ်ရင်းနဲ့ အကုန်လုံး လွတ်မြောက်ဖို့အတွက် ကြိုးစားရင်းနဲ့ ဒီလိုမျိုး ထောင်ကျတာ။ ဘာမှ စိတ်ဓာတ်မကျနဲ့။ ကျမတို့က အမြဲတမ်း စိတ်ဓာတ်အားအင် မြင့်မားနေမှာပါ။ ကလေးကိုလည်း အမြဲတမ်း သွန်သင် ဆုံးမနေမှာပါ။”

၂၀၀၅ ခုနှစ် မေလက စစ်ကြောရေးစခန်းမှာ သေဆုံးသွားတဲ့ ကိုအောင်လှိုင်ဝင်းရဲ့ ဇနီး မနှင်းစန္ဒာ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ကျန်ရစ်ခဲ့တဲ့ ကိုအောင်လှိုင်ဝင်း သမီးဟာ ဒီနှစ်ဆို ၄ တန်းရှိနေပြီး NLD ပါတီရဲ့ ပညာရေး ထောက်ပံ့စရိတ်ရတာ ၄ နှစ်ဆက်တိုက် ရှိပြီလို့လည်း ပြောပါတယ်။

နိုင်ငံရေးကြောင့် အဖမ်းခံရတယ်ဆိုရင် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဥပဒေဆိုင်ရာ ကူညီမှုတွေကို ပြုလုပ်ပေးနေပါတယ်။ ဒါဟာ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးဖို့အတွက် တရားဥပဒေ စိုးမိုးရေးဟာ အဓိကကျတာမို့ ဥပဒေနဲ့အညီ ခုခံပိုင်ခွင့် ရှိတယ်ဆိုတဲ့ အချက်ပေါ်ကို အခြေခံထားပြီး ဥပဒေရေးရာ ကိစ္စတွေကို ဆောင်ရွက်ပေးနေတာ ဖြစ်တယ်လို့လည်း NLD ပါတီက ပြောပါတယ်။

အကျဉ်းထောင်တွေအတွင်းမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် ကျန်းမာရေးဆိုင်ရာ ကူညီ စောင့်ရှောက်မှုတွေ ပေးနေသလို အခု အပြင်မှာရှိနေတဲ့ သူတို့ရဲ့ သားသမီးတွေအတွက် ပညာရေးဆိုင်ရာ ကူညီမှု စတဲ့ အချက် ၃ ချက်ကို အဓိကထားပြီး နိုင်ငံရေး အကျဉ်းသားတွေအတွက် NLD ပါတီက ကူညီ ဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

အခမဲ့ ပညာသင်ကျောင်း ဖွင့်မရအောင် ဒေသခံ အာဏာပိုင်တွေ ဖိအားပေး
2011-05-10 RFA

မြန်မာလူငယ်တွေရဲ့ ပညာရည် တိုးတက် မြင့်မားစေဖို့အတွက် ပညာဒါန ဆိုပြီး၊ ရန်ကုန် သင်္ကန်းကျွန်း မြို့နယ် အတွင်းမှာ လူငယ်ကွန်ယက် တစ်ခုကနေ မကြာသေးခင်ကမှ ပြောင်းရွှေ့ ဖွင့်လှစ် သင်ကြားပေးနေတဲ့ ဗေဒါ သင်တန်းကျောင်းကို မြို့နယ် အာဏာပိုင်တွေက ကျောင်းမဖွင့်နိုင်အောင်
သင်တန်းသားတွေကို ဧည့်စာရင်း မပေးဖို့ မြို့နယ် ရဲတပ်ဖွဲ့ နဲ့ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချူပ်ရေးမှုးတွေကို ညွှန်ကြားနေတာတွေ ရှိတယ်လို့ သိရပါတယ်။

ဗေဒါ သင်တန်းကျောင်း တာဝန်ခံ လူငယ်ကွန်ယက် ခေါင်းဆောင် ကိုမျိုးရန်နောင်သိမ်း ကို အာအက်ဖ်အေ က ဆက်သွယ် မေးမြန်းရာမှာတော့ ကျောင်းဖွင့်ဖို့ ငှားထားတဲ့ အိမ်ပိုင်ရှင်တွေကို ဖြစ်လာတဲ့ နောက်ဆက်တွဲ ပြသနာတွေကို တာဝန်ယူဖို့ အတင်း လက်မှတ် ထိုးခိုင်းနေတယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုဈေးရောင်းပွဲ ကျင်းပမည်
ဧရာဝတီ Tuesday, 10 May 2011 12:07 သတင်းတိုများ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန် ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ NLD ရုံးချုပ်တွင် ဈေးရောင်းပွဲ ကျင်းပမည် ဖြစ်သည်။

ဈေးရောင်းပွဲမှ ရရှိသော အကျိုးအမြတ်ကို နိုင်ငံရေး အကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များထံ လှူဒါန်းမည် ဖြစ်ကြောင်း၊ ယခုနှစ် လွတ်လပ်ရေးနေ့ အကြိုအဖြစ် ကျင်းပသည့် NLD ဈေးရောင်းပွဲမှ အမြတ်ငွေ ကျပ် သိန်း ၁၀၀ ကိုလည်း NLD လူမှု အထောက်အကူပြု လုပ်ငန်းသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ လာမည့် ဈေးရောင်းပွဲတွင် NLD အဖွဲ့ဝင်အသီးသီး၏ ဒေသထွက်ကုန်များကို ရောင်းချမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ပထမဆုံး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
By မသင်းသီရိ အင်္ဂါ, 10 မေ 2011

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးနဲ့ ရန်ကုန်တိုင်း အခြေစိုက် ပြည်တွင်း သတင်းဂျာနယ်က သတင်းထောက်တွေ ဒီကနေ့ တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲတခု ပြုလုပ်ပါတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေတွေကို ရှင်းလင်းပြောဆိုတာ မပါဝင်ဘဲ လူမှုရေးနဲ့ စီးပွားရေး အခြေအနေတွေသာ ၀န်ကြီးက ပြောပြခဲ့သလို အပတ်စဉ် အင်္ဂါနေ့ ညနေတိုင်းလည်း သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သတင်းထောက်တွေ ဘယ်လောက်ထိ လွတ်လွတ်လပ်လပ် မေးမြန်းခွင့်ရမလဲ ဆိုတာနဲ့ အခြေအနေအမှန် ရေးသားခွင့်တွေ ရနိုင်ပါ့မလားဆိုတဲ့ အပေါ်ကိုတော့ မေးခွန်းထုတ်နေကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မေလ ၁၀ ရက် အင်္ဂါနေ့ ညနေ ၅ နာရီက ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် အဆောက်အဦးထဲမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၀န်ကြီးနဲ့ ရန်ကုန်တိုင်း အခြေစိုက် ပြည်တွင်းဂျာနယ် သတင်းသမားတွေ ပထမဆုံး တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

သတင်းဂျာနယ် တော်တော်များများက သတင်းထောက်တွေ တက်ခဲ့ကြသလို ပညာရေး၊ ကျန်းမာရေးနဲ့ နိုင်ငံခြားရေးရာ အပြင် သိပ္ပံနဲ့ နည်းပညာ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အားကစားဌာနဆိုပြီး နေရာ ၆ ခု ကိုင်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီး ဦးဉာဏ်ထွန်းဦးနဲ့ ရန်ကုန်တိုင်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက အုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွန်းတို့ ၂ ဦးက အစိုးရသစ်အဖွဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

လက်ရှိ ရန်ကုန်တိုင်း အတွင်းက လူမှုရေး၊ စီးပွားရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့က ဘာတွေလုပ်မယ်၊ ဘယ်လိုပြင်ဆင်ထားတယ် ဆိုတာ သူတို့ ရှင်းလင်းပြခဲ့ပေမဲ့ သူတို့ ရှင်းပြခဲ့တဲ့ အခြေအနေထဲမှာ လက်ရှိ သတင်းဂျာနယ်တွေမှာ ဖော်ပြနေတဲ့ အကြောင်းအရာတွေထက် သိပ်ထူးထူးခြားခြား မပါလာဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။ အထူးသဖြင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ အခြေအနေတွေ မပြောခဲ့သလို အချိန်သိပ်မရတဲ့အတွက် သတင်းသမားတွေဘက်ကလည်း မေးခွန်းများများ မမေးလိုက်ရဘူးလို့ ပြောကြပါတယ်။

ဒါပေမဲ့ အပတ်စဉ် အင်္ဂါနေ့ ညနေတိုင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ရှိသူတွေနဲ့ သတင်းသမားတွေ တွေ့ဆုံပြီး အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ် ဆိုတာကို ၀န်ကြီးက ပြောသွားတယ်လို့ ဒီသတင်းစာ ရှင်းလင်းပွဲအကြောင်း သိထားတဲ့ သတင်းအယ်ဒီတာ တဦးက ပြောပါတယ်။

“နောက်ဆိုရင် သူတို့ အပတ်စဉ် အင်္ဂါနေ့တိုင်းမှာ သတင်းစာ ရှင်းလင်းပွဲ ခေါ်လုပ်မယ်လို့ ပြောတယ်။ အခုလက်ရှိကတော့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးဌာန အဖွဲ့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကတော့ ရေစီးရေလာ ကောင်းမွန်အောင် လုပ်မယ်၊ လမ်းပိတ်ဆို့မှုတွေ၊ ယာဉ်ကြော ပိတ်ဆို့မှုတွေကို သူတို့ ပြဿနာတွေ ရှင်းမယ်၊ နောက် ဆင်းရဲသားတွေအတွက် ကျူးကျော်အိမ်တွေ ဖျက်ပြီး တန်ဖိုးနည်း အိမ်ရာတွေ ဆောက်ပေးမယ်၊ အဲဒီစီမံကိန်းတွေတော့ ရှိတယ်လို့ ပြောတယ်။

“လာဘ်ပေးလာဘ်ယူကတော့ ရှိတာတော့ ရှိနေတာပေါ့၊ ဒါပေမဲ့ သူတို့ ပျောက်ပျက်အောင် လုပ်သွားမယ်ဆိုတဲ့ ပုံစံမျိုးတော့ ပြောတယ်။ ဒါပေမဲ့ ဒီဟာက ချက်ချင်းတော့ မဖြစ်နိုင်ဘူး ဆိုပြီးတော့ ပြောသံကြားတယ်။ နောက် သတင်းထောက်တွေထဲကလည်း ထမေးတာ သူတို့ အချိန်အကန့်အသတ်နဲ့ပဲ မေးခွင့်ပြုတယ် ပြောတယ်။ ဘာမှ သိပ်ပြီး ဒီနေ့က ထူးထူးခြားခြား မေးခဲ့ သိခဲ့တာ အများကြီး မရှိဘူးလို့တော့ ပြေတာပဲ။”

ဒီကနေ့ကတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တွင်းက လုပ်ငန်းတွေကို သတင်းသမားတွေ ခေါ်ယူ အသိပေးတဲ့ အဆင့်လောက်ပဲ ရှိတယ်လို့ သုံးသပ်ကြပါတယ်။ ဒါပေမဲ့ နောက်တပတ်တွေအတွင်း ဆက်လုပ်မယ့် သတင်းစာ ရှင်းလင်းပွဲတွေမှာ ဘယ်လောက်ထိ မေးခွင့်ရမယ်၊ ဘယ်အတိုင်းအတာထိ ပြန်ရေးခွင့်ရမယ် ဆိုတာနဲ့အတူ စာပေစိစစ်ရေးက ဘယ်လိုခွင့်ပြုမလဲ ဆိုတဲ့ အပေါ်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

ပြည်တွင်း သတင်းအယ်ဒီတာ တဦးကတော့ အစိုးရအဖွဲ့က သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို အသိပေးတဲ့ ပုံစံသာ ဖြစ်နိုင်ပြီး နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ မေးခွန်းနဲ့ သတင်းတွေကိုတော့ ကန့်သတ်ထားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“သတင်းမီဒီယာတွေကို သူတို့ဘက်ကို ဒီဟာတွေ ဒီဟာတွေကို ဒီလိုဘောင်တွေထဲက ဒီလို ရေးလို့ရတယ်၊ ဒီလို ဒီလို ရေးကြပါဆိုတဲ့ သဘောမျိုး၊ Guide Line သဘောမျိုးပဲ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးနဲ့ ပတ်သက်တာကိုတော့ သူတို့က အထူး တားမြစ်ထားဦးမှာပါပဲ။ ပြီးတော့ တချို့သတင်းတွေကိုလည်း သူတို့ ရေးစေချင်တဲ့ ပုံသဏ္ဌာန်အတိုင်းပဲ ရေးမှ ခွင့်ပြုပါလိမ့်မယ်။ အခုခေါ်တွေ့တဲ့ ကိစ္စကိုသည်ပင်လျှင် သူတို့ရေးစေချင်တဲ့ ရှုထောင့်က ရေးမှ အဆင်ပြေမှာပါ။ နို့မို့ဆို အဆင်မပြေပါဘူး။”

ပြည်တွင်း သတင်းအယ်ဒီတာတဦး သုံးသပ်ပြခဲ့တာ ဖြစ်ပါတယ်။

အခုလို တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ သတင်းသမားတွေ အပတ်စဉ် တွေ့ဆုံပြီး သတင်းတွေ မေးမြန်းခွင့်ရမယ် ဆိုတဲ့အတွက် ၀န်ကြီးဌာနတွေမှာ သတင်းသွားယူရာမှာ ကြုံနေရတဲ့ အခက်အခဲတွေ လျော့ကျသွားနိုင်မှာ ဖြစ်ပေမဲ့ သူတို့ မေးမြန်းလို့ သိထားရတဲ့ အကြောင်းအရာတွေကို စာမျက်နှာတွေက ဖော်ပြခွင့် မပေးဘူး ဆိုရင်တော့ သူတို့ရဲ့ လုပ်အားတွေ အလဟဿ ဖြစ်မှာကိုလည်း သတင်းသမားတွေက စိုးရိမ်နေကြပါတယ်။

ကုလသမဂ္ဂ ကိုယ်စားလှယ် ယခုသီတင်းပတ် မြန်မာနိုင်ငံ လာရောက်မည်
By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 10 မေ 2011

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အကြံပေးပုဂ္ဂိုလ်ဟာ ဒီသီတင်းပတ်အတွင်း မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိတယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူက ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မြန်မာနိုင်ငံဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်အဖြစ် ယာယီ တာဝန်ပေးအပ်ထားတဲ့ မစ္စတာ ဗီဂျေး နမ်ဘီယား (Vijay Nambiar) ဟာ မေလ ၁၂ ရက်နေ့ ကြာသပတေးနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်တယ် ဆိုတဲ့ မြန်မာအစိုးရ တာဝန်ရှိသူရဲ့ အပြောကို ကိုးကားပြီး ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြလိုက်တာပါ။

မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ သုံးလေးရက်ကြာမယ့် ဒီခရီးစဉ် အတွင်းမှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ အစီအစဉ်ရှိ မရှိ မသေချာပေမဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ တွေ့ဆုံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမယ်လို့ မြန်မာအစိုးရ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြထားပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ခွဲထွက်ခဲ့တဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ အစီအစဉ် ရှိတယ်လို့ NDF ပါတီ ပြောခွင့်ရသူက ပြောပါတယ်။

မစ္စတာ ဗီဂျေး နမ်ဘီယားဟာ ၂၀၁၀ ပြည့်နှစ် မနှစ်က နိုဝင်ဘာလကုန်ပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိခဲ့စဉ် စစ်အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ရော အဲဒီအချိန်က နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခါစ မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံ ဆွေးနွေးခဲ့ပါသေးတယ်။
စစ်အစိုးရ ဖျက်သိမ်းပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ် တက်ပြီးနောက်ပိုင်း မစ္စတာ ဗီဂျေး နမ်ဘီယားရဲ့ မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဘင်္ဂလား ပင်လယ်ပြင်တွင် မုန်တိုင်းဖြစ်နိုင်ခြေရှိ
ခင်ဦးသာ Tuesday, 10 May 2011 17:25

ဘင်္ဂလားပင်လယ်ပြင် အလယ်ဗဟို၌ မုန်တိုင်းဖြစ်နိုင်ခြေ အရိပ်လက္ခဏာများ တွေ့နေရ၍ မိုးဦးရာသီဖြစ်သော မေလတွင် သတိထားရန် လိုအပ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

“မေလထဲမှာ မုန်တိုင်းဖြစ်ခဲ့ဖူးတာတွေ ရှိခဲ့တော့ သတိထားဖို့ လိုအပ်ပါတယ်။ ဘင်္ဂလားပင်လယ်ပြင်က မုန်တိုင်းကတော့ စောင့်ကြည့်နေတုန်းပဲ ရှိပါသေးတယ်။ အရမ်းကြီး စိုးရိမ်စရာ အနေအထားတော့ မတွေ့ရသေးပါဘူး” ဟု ဦးထွန်းလွင်က ဆိုသည်။

ဘင်္ဂလားပင်လယ်ပြင်၌ ဖြစ်ပေါ်နိုင်ခြေရှိသော မုန်တိုင်းသည် မြန်မာနိုင်ငံနှင့် အလှမ်းဝေးကွာနေ၍ စိုးရိမ်းစရာမရှိ သော်လည်း ပင်လယ် ကမ်းရိုးတန်းဒေသ တလျှောက်တွင် နေထိုင်သော ဒေသခံများအနေနှင့်မူ မေလအတွင်း သတိထား သင့်ကြောင်း ၎င်းက ဧရာဝတီကို ပြောသည်။

ဦးထွန်းလွင်၏ ၀က်ဘ်ဆိုက်တွင် မေလ ၉ ရက်နေ့ နေ့စွဲဖြင့် တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့၌ မိုးသည်းထန်ခြင်း၊ မိုးသက် လေပြင်းကျရောက်ခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ပင်လယ်ပြင်၌ လေပြင်းတိုက်ခတ်ခြင်း နှင့်အတူ လှိုင်းကြီးနိုင်၍ ပင်လယ်ပြင် ထွက်သူများအနေဖြင့် သတိထားရန် လိုအပ်ကြောင်း ထုတ်ပြန်ရေးသား ထားသည်။

ရခိုင်ပြည်နယ်၏ ကမ်းရိုးတန်း ဒေသတလျှောက်တွင် နေထိုင်ကြသော ဒေသခံများသည် ဘင်္ဂလားပင်လယ်ပြင်၌ မုန်တိုင်းဖြစ်ပေါ်မည်ဟု ကြားသိနေရ၍ စိုးရိမ်နေကြကြောင်း၊ အထူးသဖြင့် ဂီရိလေမုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသခံများသည် စိုးရိမ်မှုကြီးနေကြကြောင်း မြေပုံမြို့နေ ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

“မုန်တိုင်းဝင်မယ် ဆိုပြီး ကောလာဟလ သတင်းတွေ ထွက်နေတော့ လူတွေက ကြောက်နေကြတယ်။ တချို့က နေစရာအိမ်တောင် လုံခြုံမှု မရှိကြသေးတော့ ပိုပြီးတော့ ကြောက်နေကြတယ်” ဟု မြေပုံဒေသခံက ဆိုသည်။

၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင် တိုက်ခတ်ခဲ့သော ဂီရိဆိုင်ကလုန်း မုန်တိုင်းကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ကာ သိန်းချီ၍ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရပြီး အများစုမှာ ယနေ့အထိ နေထိုင်စရာ အမိုးအကာ လုံခြုံမှု မရရှိကြသေးပေ။

၂၀၀၈ ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်နေ့တို့က တိုက်ခတ်ခဲ့သော နာဂစ်ဆိုင်ကလုန်း မုန်တိုင်းကြောင့် လူဦးရေ တသိန်းလေးသောင်းကျော် သေကျေ ပျောက်ဆုံးခဲ့ကာ ၂ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ရသည်။

ဘင်္ဂလားပင်လယ်ပြင်၌ ဖြစ်ပေါ်သော မုန်တိုင်းအများစုသည် ရခိုင်ပြည်နယ်၏ ပင်လယ်ကမ်းရိုးတန်း ဒေသကို ဖြတ်ကျော် လေ့ရှိပြီး ၁၈၇၇ ခုနှစ်မှ၂၀၁၀ ပြည့်နှစ် အတွင်း မုန်တိုင်းအကြိမ်ရေ ၈၄ ကြိမ်အနက် ၈၂ ကြိမ်သည် ရခိုင်ကမ်းရိုးတန်း ဒေသကိုဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း ဦးထွန်းလွင်က ဆိုသည်။

ယခုနှစ်သည် ယခင်နှစ်များနှင့်မတူဘဲ ဖေဖော်ဝါရီ၊ မတ်လတို့ မှစ၍ အချိန်အခါမဟုတ် မိုးရွာခြင်း၊ မိုးသည်းထန်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း စသည့်ရာသီ ဥတု ဖောက်ပြန်မှုများကို ကြုံတွေ့ခဲ့ရကြောင်းလည်း သူကပြောသည်။

အချိန်အခါမဟုတ် မိုးသည်းထန်ခဲ့၍ ပဲစိုက်သည့်တောင်သူများ၊ ဆားကွင်း လုပ်ငန်းများ ပျက်စီး ဆုံးရှုံးမှု ကြုံတွေ့ခဲ့ရကြောင်း တောင်သူများက ပြောဆိုကြသည်။

“နွေမှာ မိုးတွေ ဆက်တိုက်ရွာတော့ ပဲစိုက်ဧက ထောင်ချီပြီး ပျက်စီးသွားရတယ်။ အထွက်နှုန်းက ထက်ဝက် လျော့ကျသွားတယ်” ဟု မကွေးတိုင်း စလင်းမြို့နယ်မှ ပဲစိုက်တောင်သူ ဦးမောင်မောင်က ပြောသည်။

မတ်ပဲ၊ ကုလားပဲ၊ ပဲတီစိမ်း စသည့်ပဲတို့ အများဆုံး ပျက်စီးခဲ့ပြီး ယခင်က တဧကလျှင် တင်း ၃၀ ထွက်သော်လည်း ယခုနှစ် ရာသီဥတုဆိုးရွားမှုကြောင့် ၁၅ တင်း ၀န်းကျင်သာ ထွက်တော့သည်ဟု သိရသည်။

ယခုရာသီသည် ပဲပေါ်သည့် ရာသီဖြစ်၍ မကွေးတိုင်းမှ ပဲစိုက်တောင်သူ အများစုမှာ ဆုံးရှုံးမှုများ ဖြစ်ပေါ်ရသည်ဟု ပဲစိုက်တောင်သူက ပြောသည်။

နာဂစ်မုန်တိုင်း ဖြစ်ပေါ်ပြီးနောက်တွင် ရာသီဥတုဖောက်ပြန်မှုများကို မကြာခဏ ကြုံတွေ့ နေကြရသော ဧရာဝတီ မြစ်ဝကျွန်းပေါ်မှ ပဲစိုက် တောင်သူများနှင့် ဆားကွင်းလုပ်ငန်းရှင် များသည်လည်း ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း လပွတ္တာမြို့မှ ဆားလုပ်ငန်းရှင် ဦးမောင်ကြီးက ဆိုသည်။

“ဧပြီလ ၂၅ ရက်ကစပြီး မိုး တပတ်လောက် ရွာလိုက်တာ ဆားကွင်းတွေ အကုန် ပျက်သွားတယ်။ လေးချိုး တချိုးပဲ ပြန်ရတော့တယ်” ဟု ဦးမောင်ကြီးက ပြောသည်။

လပွတ္တာမြို့နယ်၌ ဆားကွင်းလုပ်ငန်းရှင် ၂၀၀ ကျော်ရှိပြီး အများစုသော ဆားကွင်းများ ပျက်စီးသွားကြောင်း၊ ဧရာဝတီတိုင်း တတိုင်းလုံးတွင် ဆားလုပ်ငန်းရှင် ၇၀၀ ကျော်ရှိပြီး တနိုင်ငံလုံး၏ ၈၀ ရာခိုင်နှုန်းသော ဆားများကို ဧရာဝတီတိုင်းမှ ထုတ်လုပ် ကြောင်း၊ သို့သော် ယခုနှစ်တွင် ရာသီဥတု ဖောက်ပြန်မှုကြောင့် ဆားအထွက်နှုန်းများ သိသာစွာ လျော့ကျသွား၍ ဆားရှားပါးမှု ဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ယာဉ်တိုက်မှုကို ဘမ်းပြ၍ လူငယ်နှစ်ဦးကို ရဲက အဆမတန် ငွေညှစ်ခဲ့
မေလ ၁၀ရက်။ စောခါးစူးညား (ကေအိုင်စီ)

မွန်ပြည်နယ်၊ သထုံမြို့တွင်းတနေရာ၌ လူငယ်ဆိုင်ကယ်နှစ်စီး အချင်းချင်းတိုက်မိသည့် ဖြစ်ရပ်တခု မေလ ၆ရက်နေ့က ဖြစ် ပွားခဲ့ရာတွင် ရဲများက အခွင့်ကောင်းယူ၍ ၎င်းလူငယ်နှစ်ဦးထံမှ ကျပ်ငွေ ၆ သိန်း တောင်းခံခဲ့သည်။

ထိုနေ့က ၎င်းလူငယ်နှစ်ဦးမှာ ဆိုင်ကယ်ကို မီးမပြဘဲ စီးလာသဖြင့် နောက်ဘက်မှ အမျိုးသမီး နှစ်ဦး စီးလာသည့်ဆိုင်ကယ်က အရှိန်ဖြင့် ၀င်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ထိုသို့ ထိခိုက်မှုအတွက် ကျေနပ်မှုများ ရရှိရန် အဆိုပါလူငယ်များက နှစ်ဖက်ညှိ နှိုင်းမှုများ ပြုလုပ်ချိန်တွင် အခင်းဖြစ်ပွားရာ နေရာအနီးရှိ အမျိုးသားတဦး၏ ဖုန်းဆက်အကြောင်းကြားမှုကြောင့် ရဲများရောက်ရှိ လာပြီး ငွေညှစ်တောင်းခံခဲ့ခြင်းဖြစ်ကြောင်း အတိုက်ခံရသည့် လူငယ်တစ်ဦးက ယခုလို ပြောသည်။

၎င်းလူငယ်တစ်ဦးက “ဆိုင်ကယ်မောင်းရင် အကွေ့မှာ မီးမပြမိတဲ့အတွက် ဆိုင်ကယ်တစီးက ကျနော့်ဆိုင်ကယ်ကို ၀င်တိုက် တယ်။ ကျနော့်ဘက်က အမှားလုပ်မိသလို ဖြစ်သွားတယ်။ နောက် ကျနော်တို့ အချင်းချင်း ညှိနှိုင်းပြီး ပျက်စီးသွားတဲ့ သူရဲ့ ဆိုင်ကယ်ပြင်ခနဲ့ ဒဏ်ရာရတဲ့ သူတို့ထဲက တယောက်ကို ဆေးဝါးခပေးဖို့ပြောတာ ပြေလည်မှု ရနေပြီ။ ဒါပေမဲ့ ရဲနှစ်ယောက်၊ သုံးယောက်ရောက်လာပြီး ငွေ ၆သိန်းပေးဖို့နဲ့ မပေးရင် ထောင်ထဲထည့်ဖို့ ခြိမ်းခြောက်ပြောတော့တာပဲ။”ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ လူငယ်နှစ်ဦးသည် ဆိုင်ကယ်မောင်းသူမှာ ဘယ်ဖက်ခြေထောက်နှင့် မျက်နှာတွင် ဒဏ်ရာရရှိခဲ့ပြီး အနောက်မှဝင် တိုက်မိသည့် ဆိုင်ကယ်မောင်းသူ အမျိုးသမီးမှာ နဖူးအနည်းငယ် ဖူးယောင်သွားခဲ့သည်။

ဆိုင်ကယ် Taxi မောင်းသူ လူငယ်တဦးက “ဒါ လုံးဝ မတရားဘူးဗျာ။ တကယ်ဆိုရင် ယာဉ်စည်းကမ်းဖောက်ဖျက်တာတို့၊ လိုင် စင်မဲ့ ဆိုင်ကယ်စီးတာတို့ဆိုရင် အများဆုံး ၅ထောင်ပဲ ပေးရမယ်။ ဒဏ်ငွေမပေးနိုင်ဘဲ တရားရုံးကို ရဲက တင်မယ်ဆိုရင်လည်း အများဆုံးထောင်ထဲမှာ တပတ်လောက်ပဲ နေရမယ်။ အခုက ၆သိန်းဆိုတော့ တခါမှ မကြားဖူးဘူး။ ဒီငွေတန်ဖိုးနဲ့ ရှာဖို့ဆိုတာ မ လွယ်ဘူး။ ကြားမိတော့ တော်တော်ရင်နာဖို့ ကောင်းတယ်။”ဟု ပြောသည်။

ရဲများက ဆိုင်ကယ်အတိုက်ခံရသည့် လူငယ်နှစ်ဦးကို သထုံမြို့ ရဲဌာနအချုပ်ခန်းထဲတွင် ခေတ္တထိန်းသိမ်းထားခဲ့ပြီး ၎င်းတို့ တောင်းခံသည့် ငွေပမာဏကို ပေးဆောင်အပြီး ထိုနေ့ညနေတွင် ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။

သထုံမြို့တွင် မော်တော်ကား၊ ဆိုင်ကယ်အချင်းချင်းဖြစ်စေ၊ ဆိုင်ကယ်နှင့် မော်တော်ယာဉ် ထိခိုက်မှုဖြစ်စေ မကြာခဏ ဖြစ်ပွား လေ့ရှိရာ မြို့တွင်း၌ တာဝန်ထမ်းဆောင်သည့် ရဲအချို့၏ ငွေညှစ်တောင်းခံမှုများကို အလားတူ မကြာခဏ ကြုံတွေ့ရသည်ဟု မြို့ခံများက ပြောသည်။

အမေရိကန် သံအရာရှိ နိုင်ငံရေး ပါတီများနှင့် တွေ့
သန်းထိုက်ဦး Tuesday, 10 May 2011 18:45

ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးတာဝန်ခံ မစ္စတာ လယ်ရီ ဒင်းဂါးသည် မြန်မာပြည် အလယ်ပိုင်းသို့ ခရီးထွက်ပြီး နိုင်ငံရေးပါတီ များနှင့် တွေ့ဆုံကာ ၎င်းတို့၏ အစိုးရအပေါ် ထားရှိသော သဘောထားအမြင်များကို လေ့လာလျက်ရှိသည်။

“သူ့ ခရီးစဉ်ရဲ့အဓိက ရည်ရွယ်ချက်ကတော့ မြန်မာပြည် တ၀န်းမှာရှိတဲ့ အလွှာ အသီးသီးက အဓိက အခန်း ကဏ္ဍတွေမှာ ပါဝင် နေတဲ့သူတွေနဲ့ ထိတွေ့ ဆက်ဆံဖို့ အတွက် ဖြစ်တယ်၊ အခု သူ အစိုးရကိုယ်စားလှယ်၊ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး ပါတီ က ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံနေတယ်”ဟု ရန်ကုန်မြို့ရှိ အနောက်တိုင်း သံတမန် တဦးက ဧရာဝတီသို့ ပြောသည်။

မကွေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီနှင့် နိုင်ငံရေး ပါတီဝင် တချို့တို့ကို တွေ့ဆုံ၍ သမ္မတ ဦးသိန်းစိန်၏ သမ္မတ ကျမ်းသစ္စာပြု မိန့်ခွန်း အပေါ် သဘောထားနှင့် ၎င်းတို့၏ နိုင်ငံရေး အမြင်များကို ယမန်နေ့က မစ္စတာ လယ်ရီ ဒင်းဂါး က လာရောက် မေးမြန်းခဲ့ကြောင်း ချောက်မြို့နယ် NLD စည်းရုံးရေး တာဝန်ခံ ဒု ဥက္ကဌ ဦးမြင့်သိန်းက ဆိုသည်။

ဦးမြင့်သိန်းကမူ သမ္မတ ဦးသိန်းစိန် အပေါ် လက်တလော အခြေအနေအရ သဘော မကျသည့် အကြောင်း စသည့် သဘော ထားအမြင်များကို မစ္စတာ လယ်ရီ ဒင်းဂါးအား ပြန်ပြောပြခဲ့ကြောင်း၊ ထို့အပြင် NLD အနေဖြင့် လက်ရှိ နိုင်ငံရေး အခြေအနေ များ၌ ကြုံတွေ့ ရင်ဆိုင်နေရသော အခက်အခဲနှင့် အကျပ်အတည်း တချို့လည်း မေးမြန်းခဲ့ကြောင်း သိရသည်။

“ဘာကြောင့်လဲဆိုတော့ အပြောပဲ ရှိသေးတယ်၊ လက်တွေ့ပိုင်း အရသာ ကျနော်တို့ တိုင်းပြည်ရဲ့ ဒီမိုကရေစီ လမ်းကြောင်း ပြောင်းလဲတဲ့ နေရာမှာ အဓိကကျတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသား ခေါင်းဆောင်နဲ့ နိုင်ငံရေးခေါင်း ဆောင်တွေ တွေ့ဆုံဆွေးနွေးရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ ဒီကိစ္စ သုံးခုဟာ ကျနော်တို့ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေး အတွက် အဓိက အချက်တွေပဲလို့ ကျနော် မြင်တယ်”ဟု ဦးမြင့်သိန်းက ဆိုသည်။

မစ္စတာ လယ်ရီ ဒင်းဂါးသည် ရေနံချောင်းမြို့နယ် (NLD) အဖွဲ့ချုပ် အမျိုးသမီး တာဝန်ခံ ဒေါ်ခင်စောဌေးနှင့် အမျိုးသား ဒီမိုက ရေစီ အင်အားစု (NDF)မှ ဦးမြင့်ဖေတို့ကို သွားရောက်တွေ့ဆုံခဲ့ကြောင်း၊ ထို့အပြင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ (တစည) ကိုလည်း တွေ့ဆုံရန် ရှိကြောင်း ဦးမြင့်သိန်းက ပြောသည်။

၂၀၀၉ ခုနှစ်မှ စတင်၍ အမေရိကန် အစိုးရသည် မြန်မာ အစိုးရနှင့် ထိတွေ့ဆက်ဆံရေး မူဝါဒကို စတင်ကျင့်သုံးခဲ့သည်။ ထို မူဝါဒမှာ ယခုအချိန် အထိ မအောင်မြင်ခဲ့ သော်လည်း ဆက်လက်၍ ကြိုးပမ်းသွားမည်ဟု အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ဂျိုးဇက် ဝိုင်ယွန်းက ပြီးခဲ့သည့်လက ထုတ်ဖော်ပြောကြားခဲ့သည်။

No comments: