"တိုင်းပြည်တပြည်ကို ဘယ်စနစ်နဲ့ အုပ်ချုပ် အုပ်ချုပ် တရားဥပဒေ စိုးမိုးမှုမရှိရင် ဘယ်နည်းနဲ့မျှ မအောင်မြင်နိုင်ပါဘူး။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီဖြစ်တာတောင် ငြိမ်းချမ်းမှုမရှိဘဲ ဆင်းရဲမှု ချောက်ကမ်းပါးကြီးထဲက မတက်နိုင်အောင် ဖြစ်နေရတာဟာ အမှန်စင်စစ်တော့ တရားဥပဒေကို မျက်ကွယ်ပြုခဲ့ကြလို့ပါ ..."
လူတိုင်းလူတိုင်း စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိပြီး ငြိမ်းချမ်းသာယာတဲ့ တိုင်းပြည်နိုင်ငံတခုဖြစ်ဖို့ ဘာအရေးကြီးဆုံးလဲဆိုတဲ့ မေးခွန်းကို အခုတလော အမေးများကြတယ်။ အဖြေတွေလည်း အမျိုးမျိုးပေးကြတယ်။ အားလုံး သဘောအကြိုက်ညီဆုံး အဖြေကတော့ အစိုးရကောင်း တခုရှိဖို့ပဲဆိုတာ ဖြစ်တယ်။
ကိုယ့်အတွက် အကောင်းဆုံးဖြစ်ဖို့ပဲ
အစိုးရကောင်းဆိုတာနဲ့ပတ်သက်ပြီး အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ အများအပြား ရှိနိုင်တယ်။ အမေရိကန်ရဲ့ အစိုးရကောင်း ဆိုတဲ့စံနှုန်းနဲ့ တရုတ်ပြည်ရဲ့ အစိုးရကောင်း ဆိုတဲ့စံနှုန်း တူချင်မှတူလိမ့်မယ်။ အလားတူပဲ အိန္ဒိယရဲ့စံနှုန်းနဲ့ ပါကစ္စတန်ရဲ့ စံနှုန်းလည်း တူချင်မှတူမယ်။ တကျောင်းတဂါထာ တရွာ တပုဒ်ဆန်း ဆိုသလို အမျိုးမျိုး ကွဲပြားခြားနားနေကြမှာပဲ။
ဒီလို ကွဲပြားခြားနားတာတွေကိုကြည့်ပြီး စိတ်ပျက်စရာ မလိုသလို အငြင်းပွားနေစရာလည်း မလိုဘူး။ ကိုယ့်အခြေအနေနဲ့ ကိုယ့်လိုအပ်ချက်အရ ကိုယ့်အတွက် အကောင်းဆုံးဖြစ်တဲ့ အစိုးရမျိုးဖြစ်ဖို့ပဲ အရေးကြီးတယ်။ မြန်မာလူမျိုးတယောက် အဖြစ် နှစ်ပေါင်း ၇၀ တိတိ နေထိုင်လာခဲ့တဲ့ အတွေ့အကြုံအရ ပြောရမယ်ဆိုရင်တော့ တရားဥပဒေကို တိတိကျကျ လေးစားလိုက်နာတဲ့ အစိုးရမျိုးဟာ အကောင်းဆုံးပဲလို့ ပြောရပါလိမ့်မယ်။
မကြုံဖူးလို့
ဘာကြောင့်လဲဆိုတော့ အဲဒီအစိုးရမျိုး တကြိမ်တစ်ခါမှ မကြုံဖူးခဲ့လို့ပဲ။ လွတ်လပ်ရေးရတဲ့ အချိန်မှာ အသက်ရီစ်နှစ်သားပဲ ရှိသေးတယ်ဆိုတော့ ကိုလိုနီခေတ်အကြောင်းတွေ ဘာတွေ သိပ်မသိပါဘူး။ လူကြီးသူမတွေ ပြောတာလောက်ပဲ ကြားဖူးခဲ့ရတယ်။
ဖဆပလခေတ် ပါလီမန်ဒီမိုကရေစီကိုတော့ ကောင်းကောင်း သိမီလိုက်တယ်။ အာဏာရပါတီက ဥပဒေကို လိုတမျိုး၊ မလိုတမျိုး ကြိုက်သလို အသုံးချပြီး ထင်သလို လုပ်နေတာတွေလည်း မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရတယ်။ နာမည်ကြီး ဓားပြဗိုလ် က အာဏာရပါတီရဲ့ အမတ်ဖြစ်လာပြီး ရမ်းကားချင်တိုင်း ရမ်းကားတာတွေလည်း ကြုံတွေ့ခဲ့ရဖူးတယ်။
လိုလေသေးမရှိ
အဲဒီနောက် ခေတ်တွေမှာလည်း တရားဥပဒေစိုးမိုးရေး ချည့်နဲ့အားနည်းခဲ့တာပဲ တွေ့ရကြုံရတယ်။ အုပ်ချုပ်သူ လူတန်းစားက သူ့အုပ်ချုပ်ရေး တည်မြဲဖို့အတွက် တရားဥပဒေကို လိုသလို အသုံးချသွားကြတယ်။ ဘယ်လို အစိုးရမျိုးမဆို ရှိနေတဲ့ တရားဥပဒေတွေကို လေးစားလိုက်နာပြီး ဥပဒေအတိုင်း အုပ်ချုပ်သွားမယ်ဆိုရင် ဘာမှကို ပြောစရာ မရှိအောင်ကောင်းတဲ့ အစိုးရမျိုး ဖြစ်မှာ သေချာတယ်။
မြန်မာနိုင်ငံမှာရှိနေတဲ့ တရားဥပဒေတွေဟာ အဘက်ဘက်က လိုလေသေး မရှိအောင် ပြည့်စုံတယ်လို့ ပြောနိုင်လောက်ပါတယ်။ အခုခေတ် ပြောဆိုနေကြတဲ့ လူ့အခွင့်အရေးတို့၊ စာနယ်ဇင်း လွတ်လပ်ခွင့်တို့ ဆိုတာတွေအတွက်လည်း အပြည့်အဝ အာမခံချက်ပေးထားတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေ ရှိပြီးသားပါ။ နိုင်ငံသားတိုင်းရဲ့ အခြေခံ ရပိုင်ခွင့်တွေကို ပြဋ္ဌာန်း သတ်မှတ်ပေးထားတဲ့ ဥပဒေတွေလည်း ရှိပါတယ်။ ဘက်ပေါင်းစုံ လိုလေသေး မရှိလို့တောင် ဆိုနိုင်တယ်။
အုပ်စိုးသူများ အကျုံးမဝင်
ဥပဒေတွေက ပြည့်စုံတယ်။ ရှိနေတဲ့ ဥပဒေတွေကို လူတွေက လေးစားလိုက်နာခြင်း မပြုလို့သာ ပြဿနာတွေ ဖြစ်နေရတာပါ။ ခေတ်အဆက်ဆက် အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ခေတ်တိုင်းခေတ်တိုင်းမှာ ဥပဒေဆိုတာ နိုင်ငံသူ နိုင်ငံသားများ လိုက်နာဖို့အတွက်သာဖြစ်ပြီး အုပ်စိုးသူ လူတန်းစားနဲ့ အကျုံးမဝင်သလို သဘောထားကြတာပဲ တွေ့ရတယ်။
ဥပဒေကိုသာ အတိအကျ အမှန်အကန် လိုက်နာကြမယ်ဆိုရင် အကျင့်ပျက် ခြစားမှုတွေ၊ အာဏာ အလွဲသုံးစား ပြုမှုတွေ များများစားစား ရှိမလာနိုင်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံ အများစုမှာ အကျင့်ပျက်ခြစားမှုတွေ များရတဲ့ အကြောင်းရင်းက တရားဥပဒေကို အုပ်စိုးသူ လူတန်းစားက လိုသလို ခြယ်လှယ် အသုံးချနေလို့ ဖြစ်ရတာပါ။
မီဒီယာဆိုတာ အစိုးရ မိတ်ဆွေ
အကျင့်ပျက် ခြစားမှုနဲ့ အာဏာအလွဲသုံးစားပြုမှုတွေ ပပျောက်ဖို့၊ ဥပဒေစိုးမိုးရေး ခိုင်မာဖို့အတွက် အကောင်းဆုံး အာမခံချက်ကတော့ သတင်းမီဒီယာတွေ လွတ်လပ်ခွင့်ရှိအောင် ဆောင်ရွက်ပေးဖို့ ဖြစ်တယ်။ သတင်းမီဒီယာဆိုတာ အစိုးရအတွက် အထူးအားထားရတဲ့မိတ်ဆွေ ဖြစ်တယ်။
ပြည်သူတွေကြားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်တွေကို နေ့စဉ် ဖော်ပြနေတာကြောင့် အစိုးရများအတွက် အများကြီး အထောက်အကူ ရစေတယ်။ ရှေးခေတ်ရှေးအခါက မင်းကောင်းမင်းမြတ်များဟာ တိုင်းပြည်ရဲ့ အခြေအနေမှန်များကို သိဖို့အတွက် ရုပ်ဖျက်ပြီး စနည်းနာထွက်ကြလေ့ရှိကြတယ်။ ဝန်ကြီး ဝန်ကလေးတွေရဲ့ လျှောက်တင်မှုတွေနဲ့တင် ရောင့်ရဲနေလေ့ မရှိကြဘူး။ မှူးကြီး မတ်ကြီးတွေ၊ ဝန်ကြီးဝန်ကလေးတွေ ဆိုတာက ဘုရင်အကြိုက်ကိုသာ လိုက်ပြီး သံတော်ဦးတင်လေ့ ရှိကြတာ မဟုတ်လား။
သနပ်ခါးလိမ်း ပန်းပန်
အခုခေတ်တော့ သတင်းမီဒီယာတွေက တိုင်းသူပြည်သားများရဲ့ အခြေအနေမှန်၊ အဖြစ်အပျက် မှန်တွေကို အမြဲတမ်း ရှာဖွေစူးစမ်း ဖော်ပြနေတာဖြစ်လေတော့ အစိုးရများ အနေနဲ့ ရုပ်ဖျက် စနည်းနာဖို့ မလိုတော့ပါဘူး။ အမှန်တွေကို သိနိုင်ပါတယ်။ သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ သတင်းတွေက ဌာနဆိုင်ရာက အစီရင်ခံစာတွေထက် စိတ်ချရပါတယ်။
ဌာနဆိုင်ရာ အစီရင်ခံစာ ဆိုတာက သနပ်ခါးလိမ်း ပန်းပန်ပြီးမှ တင်ပြကြတာ သဘာဝ ဖြစ်တယ်။ သတင်းမီဒီယာကတော့ သနပ်ခါးလိမ်းထားတဲ့ သတင်းဖော်ပြလို့လည်း မျက်နှာကောင်းရစရာ အကြောင်းမရှိတော့ စိတ်မချစရာ မရှိဘူး။
မီဒီယာကိုကူညီသင့်
အဲဒါကြောင့် သတင်းမီဒီယာ ဆိုတာ အစိုးရများ အတွက် မိတ်ကောင်း ဆွေကောင်းလို့ ဆိုခဲ့တာ ဖြစ်တယ်။ ဒီ အချက်ကို အစိုးရများ သဘောပေါက် နားလည်ပြီး သတင်းမီဒီယာများ ဖွံ့ဖြိုးသထက် ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီသင့်ပါတယ်။
သတင်းမီဒီယာကို ကူညီခြင်းဟာ အစိုးရကောင်းတခုရဲ့သင်္ကေတ ဖြစ်တယ်။ အစိုးရကောင်းရှိမှ သတင်းမီဒီယာကောင်း ရှိနိုင်သလို၊ သတင်းမီဒီယာကောင်း ရှိမှလည်း အစိုးရကောင်း ရှိနိုင်တယ်။ သတင်းမီဒီယာကောင်းက သန့်ရှင်းတဲ့ အုပ်ချုပ်ရေးယန္တရား ဖြစ်အောင်လည်း ကူညီ ဆောင်ရွက်သေးနိုင်တယ်။
အမှန်ဆုံး ဓမ္မတရား
တိုင်းပြည်တပြည်ကို ဘယ်စနစ်နဲ့ အုပ်ချုပ် အုပ်ချုပ် တရားဥပဒေ စိုးမိုးမှု မရှိရင် ဘယ်နည်းနဲ့မျှ မအောင်မြင်နိုင်ပါဘူး။ လွတ်လပ်ရေးရပြီး နှစ်ပေါင်း ၆၀ ကျော် ကြာခဲ့ပြီဖြစ်တာတောင် ငြိမ်းချမ်းမှုမရှိဘဲ ဆင်းရဲမှု ချောက်ကမ်းပါးကြီးထဲက မတက်နိုင်အောင် ဖြစ်နေရတာဟာ အမှန်စင်စစ်တော့ တရားဥပဒေကို မျက်ကွယ်ပြုခဲ့ကြလို့ပါ။
ကမ္ဘာပေါ်က ဆိုရှယ်လစ် နိုင်ငံတွေနဲ့ ကွန်မြူနစ်နိုင်ငံတွေ ပြိုလဲသွားခဲ့ကြရတာလည်း မတ်ဝါဒက မကောင်းလို့ မဟုတ်ဘဲ အာဏာရှင်စနစ် ကျင့်သုံးပြီး တရားဥပဒေကို မျက်ကွယ်ပြုခဲ့ကြလို့ပဲ ဖြစ်တယ်။
တကယ်တော့ အာဏာရှင်စနစ်ဟာ မတ်ဝါဒ မဟုတ်သလို မတ်ဝါဒဟာလည်း အာဏာရှင်စနစ် မဟုတ်ပါဘူး။ တရားဥပဒေကို နင်းချေပစ်ပြီး ငါတကောကော တဲ့ အာဏာရှင်တွေကြောင့် မတ်ဝါဒ နာမည်ပျက်ရတာ ဖြစ်တယ်။ တရားဥပဒေကို နင်းချေပစ်ရင် ဘယ်လို အစိုးရမျိုးမဆို ကျဆုံးရမှာပဲ ဖြစ်တယ်။ ဒါဟာ လောကရဲ့ အမှန်ကန်ဆုံး ဓမ္မတရား ဖြစ်တယ်။
http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။
No comments:
Post a Comment