Friday, May 13, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၁၄ ရက်)

- ကတိအတိုင်း အချိန်မဆိုင်း ဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း
- အပြောင်းအလဲဟာ ပြည်တွင်းမှာ မူတည်ဟု ကုလကိုယ်စားလှယ် ပြော
- ဘင်လာဒင်အတွက် တာလီဘန်က ပါကစ္စတန်ကို လက်စားချေ တိုက်ခိုက်
- The Lady ရုပ်ရှင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ဘဝကို လူပိုသိလာစေမည်
- စစ်တပ်အရာရှိ ၇ ဦးကျဆုံးဟု ရှမ်းပြည်တောင်ပိုင်းပြော
- မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ဆဲ၊ AI ထုတ်ပြန်
- အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်များ သမ္မတ ဦးသိန်းစိန်ထံပို့
- နယ်ခရီးစဉ် မကြာခင်စတင်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
- တရုတ်ဘဏ် ဗုံးနဲ့  တိုက်ခိုက်ခံရ
- ဒီမိုကရေစီ လိုလားသည့် လစ်ဗျား လက်နက်ကိုင်များ အောင်ပွဲရ
- လူငယ် စာရေးဆရာတဦး မူးယစ်ဆေးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရ


ကတိအတိုင်း အချိန်မဆိုင်း ဆောင်ရွက်ဖို့ ကုလကိုယ်စားလှယ် တိုက်တွန်း
By ဗွီအိုအေ (မြန်မာဌာန) သောကြာ, 13 မေ 2011

မြန်မာနိုင်ငံကို ၃ ရက်ကြာ သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က အစိုးရသစ် အနေနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ကတိပေးထားတဲ့အတိုင်း အချိန်မဆိုင်းဘဲ အကောင်အထည် ဖော်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။

အစိုးရသစ်မှာ တာဝန်ရှိသူတွေ၊ နိုင်ငံရေး ပါတီတွေ၊ တခြား သက်ဆိုင်သူ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ဆောင်ရွက်ရေး ဆွေးနွေးသွားဖို့ ရည်ရွယ်ထားတဲ့ ခရီးစဉ် အဆုံးသတ်ချိန်မှာ ပြောဆိုသွားတာပါ။

“မြန်မာနိုင်ငံအနေနဲ့ ရှေ့ဆက်တိုးဖို့ဆိုရင် အချိန်ဆိုင်းလို့ မဖြစ်နိုင်ဘူး။” လို့ အထူးကိုယ်စားလှယ်က ခရီးစဉ် အဆုံးသတ် သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုသွားတာ ဖြစ်ပါတယ်။ အပြောင်းအလဲတွေ လုပ်ဖို့ အခွင့်အလမ်းတွေ ရှိနေတာကို လက်မလွှတ်ဖို့ အတွက်လည်း သူက တိုက်တွန်းသွားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံရေး ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံမှုတွေ လုပ်ခဲ့ပြီး အစိုးရသစ် အပြောင်းအလဲအပေါ် မေးမြန်းရာမှာတော့ အခုအချိန်အထိ ပေးထားတဲ့ ကတိတွေကို သိသိသာသာ အကောင်အထည် ဖော်တာမျိုး မမြင်ရသေးတဲ့အကြောင်း သဘောထား ပေးခဲ့ကြတယ်လို့ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့တဲ့ နိုင်ငံရေး ပါတီတွေထဲက တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

အကျဉ်းသားတွေ ပြန်လွှတ်ပေးရေးလို လုပ်ငန်းတွေ လုပ်ဆောင်သွားဖို့ လိုအပ်ကြောင်းလည်း အထူးကိုယ်စားလှယ်က ပြောဆိုသွားတာပါ။

 အစိုးရသစ် တက်လာပြီးတဲ့နောက် နိုင်ငံတကာ အသိုင်းအ၀န်းကြားမှာ သာမက မြန်မာနိုင်ငံမှာလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေးအတွက် မျှော်လင့်ချက်တွေ ကြီးထွားနေတယ်လို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ခရီးစဉ် အစနေ့မှာတော့ အစိုးရ ရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ပြီး အစိုးရသစ်ရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်သွားဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ကိုလည်း တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က ဆွေးနွေးမှုအပေါ် တစုံတရာ တုံ့ပြန်တာမျိုးတော့ မရှိဘူးလို့ အထူးကိုယ်စားလှယ် နမ်ဘီးယားနဲ့ တွေ့ဆုံခဲ့သူတွေက ပြန်ပြောကြပါတယ်။

အပြောင်းအလဲဟာ ပြည်တွင်းမှာ မူတည်ဟု ကုလကိုယ်စားလှယ် ပြော
By မသင်းသီရိ သောကြာ, 13 မေ 2011

မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ ရှိလာဖို့ဆိုရင် ပြည်တွင်းကသာ အဓိက ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အခု မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) က မှတ်ချက်ပေး ပြောဆိုပါတယ်။

ဒီကနေ့ ရန်ကုန်မှာ နိုင်ငံရေးပါတီတွေနဲ့ မစ္စတာ နမ်ဘီးယားတို့ တွေ့ဆုံကြပြီး နိုင်ငံရေး အကျဉ်းသား အမြန်လွှတ်ပေးရေး ကိစ္စတွေနဲ့အတူ တခြား နိုင်ငံရေး အခြေအနေတွေ ဆွေးနွေးကြစဉ်အတွင်း အခုလို ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို ဆက်သွယ် မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေး နမ်ဘီးယားနဲ့ မြန်မာ့နိုင်ငံရေးပါတီ ၁၁ ဖွဲ့တို့ ဒီကနေ့မနက် ၁၁ နာရီကျော်လောက်က ရန်ကုန် ကုလသမဂ္ဂရုံးမှာ တွေ့ဆုံပြီး လက်ရှိ မြန်မာ့အရေး အခြေအနေတွေ ဆွေးနွေးခဲ့ကြတာပါ။

ဒီလို အပြန်အလှန် ဆွေးနွေးတင်ပြချက်တွေ အပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာဖို့အတွက် ပြည်တွင်းထဲက သူတွေသာ အဓိကအကျဆုံး ဖြစ်တယ် ဆိုတယ်ကို မစ္စတာ နမ်ဘီးယားက မှတ်ချက်ပေး ပြောဆိုခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို ကိုယ်တိုင်တက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“တကယ်တမ်း ဒီမှာ ပြုပြင်ပြောင်းလဲမှုတို့၊ တိုးတက်မှုတို့၊ နိုင်ငံရေး၊ စီးပွားရေး ဘာညာ အကုန်လုံး တိုးတက်မှုတွေကတော့ ဒီကပုဂ္ဂိုလ်တွေပဲ လုပ်ကြရမှာပဲတဲ့။ ကုလသမဂ္ဂ အနေနဲ့ကတော့ ဒီကလုပ်တဲ့ အပေါ်မှာ အတတ်နိုင်ဆုံး သူတို့ လုပ်နိုင်တဲ့ဘက်က ကူညီသွားပါမယ် ဆိုတဲ့ကိစ္စ ပြောပါတယ်။”

ဒါ့အပြင် နိုင်ငံအတွင်းမှာ ရှိနေတဲ့ အရေးကိစ္စတွေ အားလုံး ပြေလည်အောင် ဖြေရှင်းဖို့ကလည်း လက်ရှိ နိုင်ငံ့တာဝန် ယူထားတဲ့ အစိုးရမှာ တာဝန်အရှိဆုံး ဖြစ်တယ်လို့လည်း မစ္စတာ နမ်ဘီးယားက ပြောပါတယ်။ NDF ပါတီ အပါအ၀င် ဒီမိုကရက်တစ်ပါတီ (မြန်မာ) နဲ့အတူ တခြား နိုင်ငံရေးပါတီနဲ့ တိုင်းရင်းသားပါတီတွေ စုပေါင်းဖွဲ့စည်းထားတဲ့ နိုင်ငံရေး မဟာမိတ်ပါတီ ၁၁ ဖွဲ့ထဲက မွန်ပါတီကလွဲရင် ကျန်တဲ့ပါတီ ၁၀ ဖွဲ့နဲ့ မစ္စတာ နမ်ဘီးယားတို့ ၂ နာရီကျော်ကြာ တွေ့ဆုံ ပြောဆိုခဲ့ကြတာပါ။

နိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ သမ္မတသစ်ရဲ့ မိန့်ခွန်းအပေါ် သဘောထား၊ ဗဟိုအစိုးရနဲ့ ပြည်နယ်အုပ်ချုပ်ရေးကြား အုပ်ချုပ်ပုံနဲ့ အာဏာခွဲဝေမှုအပေါ် သုံးသပ်ချက်၊ တခါ ၂၀၁၄ မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူလိုတဲ့အပေါ် ဖြစ်သင့်သလား၊ ဘယ်လိုအမြင်တွေ ရှိပါသလဲ ဆိုတာနဲ့အတူ ၂ လသက်တမ်း ပါလီမန် အတွေ့အကြုံအပြင် ကြားဖြတ်ရွေးကောက်ပွဲတွေအတွက် နိုင်ငံရေး ပါတီတွေ ဘယ်လို ပြင်ဆင်ထားသလဲ ဆိုတာနဲ့ မြန်မာ့အရေးအတွက် UN က ဘာတွေ ထပ်ဆောင်ရွက်ပေးစေလိုပါသလဲ ဆိုတဲ့ အချက်တွေပေါ် အဓိကထား ပြောဆိုခဲ့ကြပါတယ်။

အဲဒီအချက်တွေထဲက အာဆီယံ ဥက္ကဋ္ဌ နေရာအတွက် နိုင်ငံတွင်းမှာ သိသာထင်ရှားတဲ့ ပြောင်းလဲမှုတွေ အရင်ဖြစ်လာဖို့က အရေးကြီးတယ် ဆိုတာကို နိုင်ငံရေးပါတီတွေက ဖြေခဲ့တယ်လို့ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“အာဆီယံ ဥက္ကဋ္ဌ နေရာမှာ ဒီက တောင်းဆိုတာနဲ့ ပတ်သက်လို့ ကျနော်တို့ အနေနဲ့ကတော့ ဒီကာလအတွင်း၊ ၂၀၁၄ ခု မတိုင်ခင် ကာလအတွင်းမှာ အစိုးရ အနေနဲ့လည်း သူ့ရဲ့ ပေးထားတဲ့ ကတိအတိုင်း အကောင်အထည် ဖော်သွားမယ်၊ အထူးသဖြင့် ထင်သာမြင်သာတဲ့ ကိစ္စတွေပေါ့ဗျာ၊ နိုင်ငံရေး အကျဉ်းသား လွှတ်တာတို့ ဘာတို့၊ ဒါတွေကို လုပ်သွားမယ်ဆိုရင် ဒီဥစ္စာက နှစ်ဘက် ပြေလည်စရာအကြောင်း ရှိတယ်လို့ ကျနော်တို့ မြင်တယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာတော့ ကျနော်တို့က အချိန်ယူပြီး ကြည့်ရဦးမှာ။”

အထူးသဖြင့် သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းထဲမှာ ပြောခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာ ကတိက၀တ် စကားတွေကိုလည်း စတင် အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂက ဖိအားပေး တိုက်တွန်းစေလိုကြောင်း တင်ပြခဲ့တယ်လို့လည်း ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ရခိုင်၊ ရှမ်းနဲ့ ကရင်ပါတီလို တိုင်းရင်းသား ပါတီတွေကလည်း ပြည်တွင်းမှာ ငြိမ်းချမ်းရေးဆိုတာ တကယ်ရှိမှ တိုင်းပြည် တိုးတက်မှာမို့ လက်နက်ကိုင် ပဋိပက္ခတွေ အမြန်ချုပ်ငြိမ်းဖို့အတွက် မြန်မာအစိုးရက ဒီကိစ္စကို အမြန် အကောင်အထည် ဖော်ဖို့အတွက် ကုလသမဂ္ဂက တိုက်တွန်းပေးဖို့ကိုလည်း တင်ပြခဲ့ကြတယ်လို့ ရှမ်းတိုင်းရင်းသားများ ပါတီ (SNDP) အဖွဲ့က ဦးစောသန်းမြင့်က ဆိုပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေး မရနိုင်ရင် ဘယ်လိုမှ တိုင်းပြည်က တိုးတက်ဖို့ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ တိုင်းရင်းသား အဖွဲ့အစည်းတွေလည်း ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ဆန္ဒနဲ့ ကိုက်ညီမယ်ဆိုရင် လက်နက်ကိုင်စရာ မလိုတော့ဘူး၊ တိုက်ခိုက်စရာ မလိုတော့ဘူးပေါ့။ ပေါ်လစီ မကြိုက်လို့ သူတို့ကလည်း လက်နက်ကိုင် တိုက်ကြတာပေါ့။ အဲဒီတော့ တတ်နိုင်သလောက် တွန်းအားပေးပေးပါလို့ အဓိကအဖြစ် ကျနော်တို့ပါတီက တင်သွင်းတာ အဲဒီအချက်ပါပဲ။”

ဒါ့အပြင် စီးပွားရေး ပိတ်ဆို့မှု ကိစ္စတွေနဲ့အတူ မြန်မာနိုင်ငံအပေါ် ကုလသမဂ္ဂက ကူညီပေးရေးတွေ မြှင့်တင်ဖို့ အခြေအနေတွေ အပေါ်မှာလည်း အပြန်အလှန် ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။

မစ္စတာ နမ်ဘီးယားဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်တွေထဲက တတိယမြောက် ဖြစ်သလို မြန်မာနိုင်ငံကိုလာတာ ဒီတခေါက်ဟာ ဒုတိယအကြိမ် ခရီးစဉ် ဖြစ်ပါတယ်။ အရင် တာဝန်ယူခဲ့ဖူးတဲ့ မစ္စတာ ရာဇာလီ (Razali Ismail) နဲ့ မစ္စတာ ဂမ်ဘာရီ (Mr. Ibrahim Gambari) တို့တုန်းကလည်း ဒီလိုပဲ အစိုးရနဲ့ရော အတိုက်အခံတွေနဲ့ပါ တွေ့ဆုံခဲ့ကြပေမဲ့ သိသာတဲ့ အပြောင်းအလဲ တိုးတက်မှုတွေ မရှိခဲ့တဲ့ပေါ် ဝေဖန်နေကြပေမဲ့ ကုလသမဂ္ဂက အခုလို မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဆက်လက် ကြိုးစားနေတဲ့ လုပ်ရပ်ကိုတော့ ကြိုဆိုပါတယ်လို့ ဒေါက်တာသန်းငြိမ်းက ပြောပါတယ်။

“မျှော်လင့်သလို အကျိုးသက်ရောက်မှု မရှိခဲ့ဘူး ဆိုတာလည်း ကျနော်တို့အားလုံး သိပြီးသားပါ။ သို့သော်လည်း အခုလာတဲ့ အချိန်မှာတော့ အခြေအနေကလည်း ပြောင်းနေတယ်။ အခြေအနေသစ် တခုပေါ်မှာ သူရောက်လာတာကိုး။ အဲဒီအခါကျတော့ ဖြစ်တယ်၊ မဖြစ်ဘူး ဆိုတာကတော့ ဒါကလည်း စောင့်ကြည့်ပြီး အဲဒီကျမှပဲ ပြောလို့ရမယ်လေ။ ဒီလို အချိန်အခါမျိုးမှာ လာပေးတယ် ဆိုတာကို ကျနော်တို့ကတော့ ကြိုဆိုရမှာပဲ။”

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီက ဒေါက်တာသန်းငြိမ်း ပြောပြသွားတာ ဖြစ်ပါတယ်။
မစ္စတာ နမ်ဘီးယားဟာ ဒီလို နိုင်ငံရေးပါတီတွေအပြင် တစည ပါတီနဲ့လည်း ဒီကနေ့ တွေ့ဆုံသလို လူထုအခြေပြု လူ့အဖွဲ့အစည်း တချို့နဲ့လည်း တွေ့ဆုံပြီး ဒီကနေ့ ရန်ကုန်ကအပြန် ရန်ကုန်လေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

၃ ရက်ကြာ သူ့ခရီးစဉ်အတွင်း နေပြည်တော်မှာ အစိုးရအဖွဲ့ထဲက ၀န်ကြီးအဆင့်တွေနဲ့ တွေ့ဆုံသလို မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ပါတီက ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့လည်း မစ္စတာ နမ်ဘီးယား တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။

ဘင်လာဒင်အတွက် တာလီဘန်က ပါကစ္စတန်ကို လက်စားချေ တိုက်ခိုက်
By ဗွီအိုအေ (မြန်မာဌာန) သောကြာ, 13 မေ 2011

ပါကစ္စတန်နိုင်ငံ အနောက်မြောက်ဘက် ဒေသက အသေခံ ဗုံးခွဲတိုက်ခိုက်မှု ၂ ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၈၀ ထက်မနည်း ရှိခဲ့ပါတယ်။

ပါကစ္စတန်မှာရှိတဲ့ တာလီဘန် အဖွဲ့ကတော့ အယ်လ်ခိုင်းဒါး (Al Qaida) အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် အိုစမာ ဘင်လာဒင် (Osama Bin Laden) သေဆုံးမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ ဒီကနေ့ တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာလို့ ကြေညာခဲ့တာပါ။

ခိုင်ဘာ ပက်ခ်တွန်ခွာ (Khyber-Pakhtunkhwa) ပြည်နယ်က စစ်လေ့ကျင့်ရေး စခန်းမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့အတွက် အပြင်းအထန် ဒဏ်ရာရသူတွေ အပါအ၀င် လူပေါင်း ၁၂၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ သေဆုံးသွားသူတွေထဲက အများစုဟာ သင်တန်းပြီးကာစ ဗိုလ်လောင်းတွေ ဖြစ်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြတာပါ။

ခေတ္တ ခွင့်ရတဲ့အချိန် အိမ်ပြန်ကြမယ့် အရာရှိလောင်းတွေ ကားပေါ်တက်နေတုန်းမှာ ဒီကနေ့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာလို့လည်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။

အကြမ်းဖက်အဖွဲ့ ခေါင်းဆောင် ဘင်လာဒင်ကိုတော့ အမေရိကန် အထူးကွန်မန်ဒို တပ်ဖွဲ့ဝင်တွေက ပါကစ္စတန် အနောက်ဘက်ဒေသက အဘော့တာဘတ် (Abbottabad) မြို့မှာ ဒီလ ၂ ရက်နေ့တုန်းက စီးနင်း တိုက်ခိုက်မှုအတွင်း သုတ်သင်ခဲ့ကြတာကို လက်စားချေ တိုက်ခိုက်မှုတွေ ထပ်လုပ်သွားမယ်လို့လည်း ပါကစ္စတန် တာလီဘန် ပြောခွင့်ရသူက ပြောဆိုခဲ့တာပါ။

ပါကစ္စတန် ခေါင်းဆောင်တွေနဲ့ အစ္စလာမ်မာဘတ်မြို့တော်က အမေရိကန် သံရုံးတို့ကတော့ အကြမ်းဖက် တိုက်ခိုက်မှုအပေါ် ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။

The Lady ရုပ်ရှင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ဘဝကို လူပိုသိလာစေမည်
2011-05-13 RFA

မကြာခင်က ရိုက်ကူးပြီးစီးခဲ့ပြီး လာမဲ့ အောက်တိုဘာလမှာ ကမ္ဘာတလွှား ရုံတင်ပြသမဲ့ The Lady ရုပ်ရှင်ကြောင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို အများက ပိုသိလာကြမယ်လို့ မျှော်လင့်ကြောင်း ရုပ်ရှင်သရုပ်ဆောင် မစ်ရှယ်လ် ယိုးက မေလ ၁၂ ရက် မနေ့က ပြောလိုက်ပါတယ်။

ဟောင်ကောင်မှာ မနေ့က ကျင်းပတဲ့ ကျောက်မျက်ရတနာ ပြပွဲအတွင်း အေပီသတင်းဌာနက မေးမြန်း ရာမှာ ဒီရုပ်ရှင်ဟာ နိုင်ငံရေးအကျပ်အတည်း နောက်ခံ မယုံနိုင်စရာ အချစ်ဇာတ်လမ်း တခုဖြစ်ကြောင်း၊ ပိုပြီးအရေးကြီးတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်လမ်းဟာ အနှစ် ၂၀ ကြာခဲ့ပြီဖြစ်လို့ လူအတော်များများက မေ့ပျောက်သွားတာ၊ နားလည် သဘောမပေါက်တာတွေ ရှိကြောင်း၊ ရုပ်ရှင်မင်းသမီး မစ်ရှယ်လ် ယိုးက ဖြေကြားပါတယ်။

အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ မလေးရှားနိုင်ငံဖွား ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး မစ်ရှယ်လ် ယိုးဟာ ဒီဇာတ်ကား ရိုက်ကူးဖို့အတွက် မြန်မာနိုင်ငံကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင် တွေ့ခဲ့သူ ဖြစ်ပါတယ်။

ပြင်သစ်ရုပ်ရှင် ဒါရိုက်တာ လပ် ဘက်ဆန် ရိုက်ကူးတဲ့ The Lady ရုပ်ရှင်ကားကို သြဂုတ်လ ၃၀ ကနေ စက်တင်ဘာ ၁၀ ရက်အတွင်း ကျင်းပမဲ့ အီတလီနိုင်ငံ ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက် ပြသနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

စစ်တပ်အရာရှိ ၇ ဦးကျဆုံးဟု ရှမ်းပြည်တောင်ပိုင်းပြော
ကျော်ခ | သောကြာနေ့၊ မေလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ အစိုးရစစ်ကားတန်းကို ရှမ်းပြည်တောင်ပိုင်းတပ်မတော်က ချုံခိုတိုက်ခိုက်သဖြင့် အရာရှိ ၇ ယောက်အပါအဝင် ၉ ယောက်ကျဆုံးကာ ၁၅ ဦး ဒဏ်ရာရကြောင်း ရှမ်းတပ်က ပြောသည်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အခြေစိုက် စကခ ၇ လက်အောက်ခံ ခလရ ၄၂၂ တပ်ရင်းက စစ်သည် အင်အား ၃ဝ ခန့် ပါဝင်သည့် စစ်ကားကို မိုင်းကိုင်မြို့နယ်၊ တုံလောမြို့နယ်ခွဲ ဆားတောကျေးရွာအုပ်စုသို့ ဖြတ်သန်းနေစဉ် နယ်မြေခံ SSA တပ်ရင်းတရင်းက မေလ ၉ ရက်နေ့ ညနေပိုင်းက ချုံခိုပစ်ခတ်ခဲ့သည် ဆိုသည်။

SSA-S မူလထုတ်ပြန်ချက်၌ သေဆုံးသူများထဲတွင် စစ်တပ် တပ်ရင်းမှူး ဗိုလ်မှူးကြီး သန်းထိုက်ဝေ ကျဆုံးကြောင်း ပါသော်လည်း နယ်မြေခံ စစ်တပ်နှင့် ဆေးရုံထံမှ ရသည့် သတင်းများအရ ဒုရင်းမှူး ဗိုလ်မှူး သိန်းဝင်းဖြစ်သည်ဟု ယုံကြည်ရသည်။ သို့သော်လည်း တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်၍ နေပြည်တော်ဘက်က နှုတ်ပိတ်နေဆဲဖြစ်သည်။

ဗိုလ်မှူး သိန်းဝင်း၊ အရာခံဗိုလ် စိုးမင်း၊ တပ်ကြပ်ကြီး ထွန်းအောင်၊ တပ်ကြပ်ကြီး သိန်းလှိုင်၊ တပ်ကြပ် ထွန်းထွန်းလွင်၊ တပ်ကြပ် ကျော်စိုးမင်း၊ တပ်ကြပ် ထွန်းခိုင်၊ တပ်သား ကိုဇော် နှင့် မျိုးဇော်ဦးတို့ နေရာတွင် ကျဆုံးသွားပြီး ကျန်ရဲဘော် ၁၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့သဖြင့် အနီးရှိ မိုင်းကိုင် မြို့နယ်ဆေးရုံသို့ ပို့ပေးခဲ့သည်ဟု ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်နေသော ရှမ်းတပ်က ပြောသည်။

“သူတို့ စစ်ကားတက်လာတာကို ကျနော်တို့က အရင်ကြိုတွေ့တာပေါ့။ အဲဒီမှာကျနော်တို့က နေရာအရင်ယူပြီး ချုံခို တိုက်ဖြစ်သွားတာပါ။ သူတို့မှာ လက်နက်ခဲယမ်းအပြည့်အစုံပါပါတယ်။ ရုတ်တရက်ဆိုတော့ သူတို့ ထိကုန်တာပါ။ အဲဒီနေရာကို ကျနော်တို့ ချက်ချင်းရှင်းဘို့ အချိန်မရတဲ့အတွက် ကျနော်တို့ လက်နက်တွေ မရခဲ့ပါဘူး။ ဒီအတိုင်းပဲ ပြန်ဆုတ်လာခဲ့တာပါ” ဟု SSA-S ဒုပြောရေးဆိုခွင့်ရှိသူ စိုင်းသျှန်မိန်း က မဇ္ဈိမကိုပြောသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် SSA-S နှင့် အစိုးရစစ်တပ်အကြား တိုက်ပွဲပေါင်း ၁ဝ ကြိမ်မက ဖြစ်ခဲ့သည်ဟု စိုင်းသျှန်မိန်းက ပြောဆိုသည်။

“အစိုးရသစ်တက်လာတယ်ဆိုတာကလည်း သူတို့ တိုင်းရင်းသားတွေအပေါ်ပဲဖြစ်ဖြစ်ပေါ့နော်၊ အပစ်ရပ်တွေပေါ်မှာပဲ ဖြစ်ဖြစ်၊ အတိုက်အခံ တွေပေါ်ပဲဖြစ်ဖြစ် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘူး။ စစ်တပ်တွေပိုတိုးချတာ၊ စစ်အင်အားသုံးပြီးတိုက်တာတွေ အများကြီးတွေ့ရတာပေါ့” ဟု စိုင်းသျှန်မိန်း က ပြောသည်။

ဧပြီလကုန်ပိုင်းကလည်း ရှမ်းပြည်မြောက်ပိုင်းတပ်မတော်နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများ အပြင်းထန် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် ဒေသခံအချို့ အိမ်နီးချင်း ထိုင်းနိုင်ငံတွင်းထွက်ပြေးခိုလှုံခဲ့ကြသည်။

အလားတူပင် ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၁ နှင့် ၂၃ဝ တပ်ရင်း လုံခြုံရေး စခန်းများကို မေလ ၁၁ ရက် မနက်ပိုင်းက ကရင်လွတ်မြောက်ရေးတပ်မတော် KNLA နှင့် ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် DKBA တို့က ပြောက်ကျား စနစ်ဖြင့် တိုက်ခဲ့ကြသည်ဟုဆိုသည်။

ယင်းတိုက်ခိုက်မှုကြောင့် ခလရ ၂၃ဝ တပ်ရင်းမှ တပ်ခွဲမှူး နေနိုင်ဦး နှင့် တပ်သား နှစ်ဦး ကျဆုံးသွားသည်ဟု DKBA ဗဟိုလုံခြုံရေး တပ်သား စူပါစွမ်းက မဇ္ဈိမကိုပြောသည်။

လွှတ်တော်၌ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စခုန်တိန့်ယိမ်း၏ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်သည့် အမေးကို ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ယခုအချိန်တွင် အလင်းဝင်သူများ ရှိနေပြီး ကျန်အဖွဲ့များကိုလည်း ကြိုဆိုသည်ဟုသာ ပြန်လည်ဖြေကြားခဲ့သည်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ဆဲ၊ AI ထုတ်ပြန်
By ဗွီအိုအေ (မြန်မာဌာန) သောကြာ, 13 မေ 2011

ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့လို လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် လုပ်ဆောင်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယား (Vijay Nambiar) က မြန်မာအစိုးရသစ်ကို တိုက်တွန်းလိုက်တဲ့ တချိန်တည်းမှာပဲ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ထင်ရှားတဲ့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုက ပြောဆိုလိုက်ပါတယ်။

အစိုးရသစ်တရပ် ထွက်ပေါ်လာတဲ့ ရွေးကောက်ပွဲဟာဆိုရင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ စုဝေးခွင့်၊ ဖွဲ့စည်းခွင့်လို အခြေခံ လူ့အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ပြီး ကျင်းပခဲ့တာလို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ရဲ့ ၂၀၁၁ ခုနှစ် နှစ်စဉ် အစီရင်ခံစာ အသစ်မှာ ဖော်ပြလိုက်တာပါ။

ရွေးကောက်ပွဲတွေအပြီး နေအိမ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပေမဲ့ နိုင်ငံတ၀န်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ လောက်ကို ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်သလို ဒီအထဲက အများအပြားဟာ ဆိုရင်လည်း ကျန်းမာရေး ယိုယွင်းတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ အစီရင်ခံစာက ထောက်ပြခဲ့တာ ဖြစ်ပါတယ်။

နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) ကလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံ ရောက်နေခိုက် ဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်ရေး အာဏာပိုင်တွေအပေါ် ဖိအားပေးသွားဖို့ ဒီတပတ်ထဲမှာပဲ တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်များ သမ္မတ ဦးသိန်းစိန်ထံပို့
2011-05-13

နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုလှုပ်ရှားမှုအရ မြန်မာနိုင်ငံတဝန်းက ကောက်ခံရရှိထားတဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုတဲ့ လက်မှတ်ပေါင်း ၆,၀၀၀ ကို ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က နေပြည်တော်ရှိ သမ္မတ ဦးသိန်းစိန်ရုံးထံ မေလ ၁၃ ရက် ဒီကနေ့ ပို့လိုက်တယ်လို့ သိရပါတယ်။
 
ဒီလက်မှတ်များ ကို တာဝန်ယူ ကောက်ခံနေတဲ့ ကိုတိုးကျော်လှိုင်က အခုလို ပြောပါတယ်။
“ပို့တော့ ကျွန်တော်တို့က ရန်ကုန် စာတိုက်ကြီးကနေပြီးတော့ အမြန်ချောဌာန ရှိတယ်ဗျာ။ အဲဒီ အမြန်ချောဌာနမှာ ဒီနေ့ကျတော့ လက်မှတ် အားလုံးပေါင်း ၆,၀၀၀ ဆိုတော့ စာ အေဖိုး တမျက်နှာကို ၁၂ ယောက်စာ လက်မှတ် ပြင်ထားတာလေ။ ပြင်ထားတာ ဆိုတော့ လက်မှတ် ၆,၀၀၀ ဆိုတော့ အားလုံးပေါင်း အေဖိုး ရွက်ရေ ၅၀၀ တထုပ်စာပေါ့နော်။ ၅၀၀ တထုပ်စာ ကျွန်တော်တို့ သွားတင်တယ်။ သွားတင်တဲ့အခါကျတော့ သူက စာအနေနဲ့ မရဘူးပေါ့။ ပါဆယ်ထုပ်အနေနဲ့ ထုပ်ပြီးတော့ ချောနဲ့ ကျွန်တော်တို့ သွားတာပေါ့။ အမြန်ချောပါဆယ်ပေါ့နော်။”

ကောက်ခံရရှိထားတဲ့ လက်မှတ်တွေဟာ သောင်းဂဏန်း ရှိနေပေမဲ့ လက်မှတ်ရေးထိုးသူတွေ နှစ်ကြိမ် သုံးကြိမ် မထပ်စေရအောင် အသေအချာ ပြန်လည်စိစစ်နေရတဲ့အတွက် အားလုံးကို တပြိုင်နက်တည်း ပို့ဖို့ အခက်အခဲ ရှိတယ်လို့လည်း ဆက်ပြောပါတယ်။

“ပြန်ပြီးတော့ စိစစ်ရတာတွေ ရှိတယ်ဗျာ။ အဓိက စိစစ်တယ်ဆိုတာ တော်တော် တရွက်ချင်းကို စိစစ်ရတယ်။ ဥပမာ လူတယောက်ထဲကို နှစ်ခါထိုးလိုက်တာမျိုး ဖြစ်တာမျိုးတွေလည်း တွေ့ရတယ်လေ။ အဲဒါမျိုးတွေကျရင် ကျွန်တော်တို့က ပြန်ဖယ်ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့အပေါ်မှာ ထောက်စရာ ဖြစ်မှာစိုးလို့။ ပြီးတဲ့အခါကျတော့မှ ကျွန်တော်တို့က ပြန်ပြီးတော့ နံပါတ်စဉ်တွေ ရေးထိုးရတယ်ဆိုတော့ ဒီဖက်ပိုင်းမှာလည်း တော်တော်လေး ပြန်ပြီးတော့ လုပ်ယူရတာ ရှိတယ်လေ။”

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က လက်မှတ်ပေါင်း ၄၀၈ ခု ပို့ခဲ့ပြီး ဖြစ်တဲ့အတွက် ဒီတကြိမ်နဲ့ ဆိုရင် သမ္မတ ဦးသိန်းစိန် ရုံးထံ ပို့ခဲ့ပြီးတဲ့ လက်မှတ်ပေါင်း ခြောက်ထောင်လေးရာကျော် ရှိသွားပြီ ဖြစ်ပါတယ်။

နယ်ခရီးစဉ် မကြာခင်စတင်မည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား
2011-05-13

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လာမဲ့လ အနည်းငယ်အတွင်း ရန်ကုန်တိုင်း ပြင်ပကို စည်းရုံးရေး ခရီးစဉ်တွေ စတင်တော့မှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

“ဒီတခါ အကျယ်ချုပ်က လွတ်ပြီးတဲ့ အချိန်မှာ အရင်အချိန်တွေကထက် အလွန်ကို ပိုပြီးတော့ များပြားလှတဲ့ အလုပ်တာဝန်တွေနဲ့ပဲ ပိနေပါတယ်။ ရုံးနဲ့ အိမ်နဲ့ အလုပ်နဲ့ဆိုင်တဲ့ ကိစ္စတွေနဲ့ပဲ ရန်ကုန်တွင်းမှာ သွားလာနေရတာ အချိန်ပြည့်ပါပဲ။ လအနည်းငယ် ကြာရင်တော့ ခရီးထွက်ဖို့ စပြီးတော့ လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”

RFA က အပတ်စဉ်ထုတ်လွှင့်နေတဲ့ `လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်`အစီအစဉ်အတွက် ချင်းတိုင်းရင်းသားတဦးရဲ့ အမေးကို ဖြေဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည်က ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်ကာလအတွင်း NLD ပါတီက ထုတ်ပယ်ခံထားရသူတွေနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ ရဟန်းတော်များအဖွဲ့ချုပ်က ဆရာတော်တပါးရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာတော့ ဒီမိုကရေစီကျင့်စဉ်တွေကို တန်ဖိုးထား လိုက်နာသူတွေကို ပြန်လည် လက်တွဲမှာ ဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

“တပည့်တော်မ ကိုယ်တိုင်က ပါတီက အထုတ်ပယ် ခံခဲ့ရဖူးပါတယ်ဘုရား။ ဒါပေမဲ့လည်း အဖွဲ့ချုပ်အပေါ်မှာ သစ္စာစောင့်စည်းခဲ့ပြီး အကျယ်ချုပ်က ၁၉၉၅ ခုမှာ ပြန်လွတ်လာတော့ ပြန်ပြီး အဖွဲ့ချုပ်က တာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ် ဘုရာ့။ ဒါကြောင့် တပည့်တော်မတို့က ဒီမိုကရေစီ စံနှုန်းထားတွေနဲ့ ဒီမိုကရေစီ ကျင့်စဉ်တွေကို တန်ဖိုးထားပြီး လုပ်ဆောင်တဲ့သူတွေကို ပြန်လည် လက်တွဲ ပူးပေါင်းဖို့ ဝန်မလေးပါဘူး ဘုရား။”

တရုတ်ဘဏ် ဗုံး နဲ့  တိုက်ခိုက်ခံရ
May 13, 2011 FNG

တရုတ်ပြည် အနောက် မြောက် ပိုင်း ကန်စု ပြည်နယ် ရှိ ဘဏ်တစ်ခု ကို သောကြာနေ့  မနက် အစော ပိုင်း က အိမ်တွင်း ဖြစ် လောင်စာဆီ ဗုံးဖြစ် ပြစ်ပေါက်တိုက် ခိုက်ခဲ့ရာ ထိခိုက် ဒဏ်ရာ ရရှိပြီး သေကြေဒဏ် ရာ ရသူများ လည်း ရှိသည် ဟု AP သတင်းတွင် ဖေါ်ပြထား သည်။

ဗုံးဖြင့်တိုက် ခိုက် ခံရသည့် ဘဏ်သည် တိဘက် လူမျိုးများ အခြေစိုက် သည့် အရပ် တွင် ဖွင့်လှစ် ထားသည့် တရုတ် စီးပွားရေး ဘဏ် ခွဲ တစ်ခု ဖြစ်ပြီး အင်အား ပြင်းသည့် လက်လုပ်
ဗုံး ဒဏ် ကြောင့် အနည်း ဆုံး ၁၂ ဦး သေကြေ ဒဏ်ရာရှိသည်။

တရုတ် နိုင်ငံ တွင် စီးပွားရေး ၊လူမှု ရေး ၊ နိုင်ငံရေး မငြိမ် သက်မှု များ ပေါ်ပေါက် နေစဉ် အတွင်း အမေရိကန် နိုင်ငံ သို့ လာရောက် လည်ပတ် သည့် တရုတ် ဒုသမ္မတ ၀န်ကျားရွှင် သည် လည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် ၏ ပြင်းပြင်းထန် ထန် ဝေဖန် ခြင်း ကို ခံရသည်။

တရုတ် အစိုးရ ၏ ငွေကြေး ဆိုင်ရာ မူဝါဒ များ ကတိမ်း ကယိုင် ဖြစ် နေချိန် တွင် ယခု လို ငွေ ကြေး အဆောက် အဦ တစ်ခု ဗုံး ခွဲ တိုက် ခိုက် ခံရခြင်းသည် တရုတ် အစိုးရ အတွက် အထိနာ စေသည် ဟု ဟောင်ကောင် စတော့ အိတ် ချိန်း မှ ဖန်ဘင်ယန် က Wall Street Journal ကို ပြောသည်။

ဒီမိုကရေစီ လိုလားသည့် လစ်ဗျား လက်နက်ကိုင်များ အောင်ပွဲရ
May 12, 2011 FNG

လစ်ဗျား ခေါင်းဆောင် မွမ်မာ ကဒါဖီ ၏ တပ် များ က နှစ် လကျော် ကြာ ၀ိုင်းပတ် ပိတ် ဆို့  တိုက်ခိုက်ခံနေရသည့် မစ်ဆူရာတာမြို့ တွင် လစ်ဗျား သူပုန် များ က နေတိုး လေကြောင်း ပစ် ကူဖြင့် မြို့ ကို ပြန်လည် သိမ်းပိုက် နိုင်ပြီး စစ်ဘက် ၊အရပ်ဘက် လေဆိပ် နှင့် လစ်ဗျား စစ် တက္ကသိုလ် တို့ ကို ယနေ့ သိမ်းပိုက် နိုင်သည် ဟု ယနေ့ ထုတ် နယူးယောက် တိုင်း (မ်း) သတင်း စာ တွင် ရေးသား ထားသည်။

မစ်ဆူရာတာ မြို့ သည် နိုင်ငံ ၏ တတိယ အကြီး ဆုံး မြို့ ဖြစ်ပြီး စစ်ဘက် အခြေစိုက် စခန်း များ နှင့် ဒုတိယ အကြီး ဆုံး ဆိပ် ကမ်း မြို့ လည်း ရှိသည်။ လစ်ဗျား သူ ပုန် များ များ သည် ထရီပို လီ မြို့ နှင့် မိုင် ၁၀၀ ခန့် အကွာ အဝေး ထိ သိမ်းပိုက် လာ နိုင် ခဲ့သည်။ နိုင်ငံ ၏ အနောက် ပိုင်း တွင် လည်း တူနီးရှား နယ်စပ် အနီး မှ မြို့ များ နှင့် ၀ါဇင်၊ ဇင်တန် စသည့် မြို့ ငယ် များ ကို လစ်ဗျား သူ ပုန် များ က ထိန်းချုပ် ထား နိုင် ခဲ့သည်။

နိုင်ငံအရှေ့ ပိုင်း တွင် မူ အက်ဒါဘီယား နှင့် မစ်ဆူရီတာ မြို့ များ ကို ပြန်လည် သိမ်း ပိုက် နိုင် ခဲ့ပြီး ရပ် (စ)လာ နုဖ် နှင့် ဘင်ဂျဝတ် နှင့် ကဒါဖီ ၏ မွေးရပ် မြေ နှင့် စစ်တပ် အငြိမ်းစား အရာ ရှိ များ နေ သည့် ဆာတ် မြို့ များ ကို ပြန်လည် သိမ်းပိုက် နိုင်ရန် တိုက် ခိုက် လျှက် ရှိသည်။

ရေနံထွက် ရှိရာ ဘရေဂါ မြို့ ကို ပြန်လည် သိမ်းပိုက် နိုင်ရန် တိုက် ခိုက် နေသည့် လစ်ဗျား သူပုန် များ ၏ အသွင်း ကူးပြောင်း ရေး အစိုး ရ အဖွဲ့ သစ် တွင် လစ်ဗျား ခေါင်းဆောင် ကဒါဖီ ၏ အကျဉ်းထောင် ထဲ ဉ် နိုင်ငံရေး အကျဉ်းသား အဖြစ် နှစ် ပေါင်း များ စွာ နေထိုင် ခဲ့ရသည့် အဗ္ဗဒူလ်လာ ရှာမီးယား ကို ပြည်ထဲရေး နှင့် ကုန်သွယ်ရေး ၀န်ကြီး အဖြစ် ခန့် အပ် လိုက်သည်။

လစ်ဗျား ခေါင်းဆောင် ကဒါ ဖီ သည် ဧပြီ လ ၂၉ ရက် နေ့ တွင် နေ တိုး တပ်ဖွဲ့ များ ၏ တိုက် ခိုက် မှု ကြောင့် ၎င်း ၏ သား ဖြစ်သူ သေဆုံး ပြီး သီတင်း နှစ်ပတ် အကြာတွင် သူ နှင့် လစ်ဗျား မျိုး နွယ်စု ခေါင်း ဆောင် များ တွေ့ ဆုံမှု ကို လစ်ဗျား ရုပ်သံ မှ ထုတ်လွှင့် ခဲ့သည်။

လစ်ဗျား ခေါင်းဆောင် ကဒါဖီ သည် မြို့ တော် ထရီပိုလီ နှင့် ရွာနီးချုပ် စပ် ကို သာ ထိန်းချုပ် နိုင် တော့ ၍ ၎င်း ၏ အာဏာ ဆက်လက် တည် မြဲ နိုင်မှု မှာ သေချာ မှု မရှိ တော့ ဟု မစ်ဆူရာတာ မြို့ မှ လစ်ဗျား သူပုန် ခေါင်းဆောင် အာမက် ရှာ မားဇီယာ က အယ်(လ) ဂျာဇီယာ ရုပ်သံ သို့ ပြောသည်။

မစ်ဆူရီတာ မြို့ ကို ပြန် လည် ထိန်းချုပ် နိုင်ခြင်းသည် လစ်ဗျား သူပုန် တို့ ၏ မဟာဗျူဟာ ကျသည့် အောင် ပွဲ တစ် ခုဖြစ်သည်။

လူငယ် စာရေးဆရာတဦး မူးယစ်ဆေးမှုဖြင့် စွပ်စွဲဖမ်းဆီးခံရ
2011-05-13

အခု သီတင်းတပတ်အတွင်း ရန်ကုန်မြို့မှာ စိတ်ကြွဆေး အရောင်းအဝယ်လုပ်သူတွေ၊ မူးယစ်ဆေး သုံးစွဲသူတွေကို သိသိသာသာ အဖမ်းအဆီးများနေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
ဒါပေမဲ့ တကယ့် မူးယစ်ရာဇာတွေကို ဖမ်းဆီးတာမဟုတ်ပဲ လက်လီသမားတွေ မူးယစ်ဆေးသုံးသူတွေကိုသာ အဖမ်းများနေတာလို့လည်း သိရပါတယ်။

လက်လီရောင်းတဲ့ မူးယစ်ဆေး အထုပ်ငယ်တွေကို ရန်ကုန် နိုက်ကလပ်တွေမှာ အလွယ်တကူ ရနိုင်တယ်လို့ ဆိုပါတယ်။

အခုလို အဖမ်းအဆီးတွေ များနေချိန်မှာ မူးယစ်ဆေးဝါးမှုနဲ့ ပတ်သက်တယ်ဆိုပြီး လူငယ်ကဗျာဆရာ ဇာတ်ညွှန်းရေးဆရာ စာရေးဆရာ ဝေမှူးသွင်ကို ရန်ကုန် သင်္ကန်းကျွန်းနေအိမ်ကနေ မူးယစ်အထူးတပ်ဖွဲ့က မေလ ၇ ရက်နေ့မှာ ဖမ်းဆီးခေါ်ဆောင် သွားပါတယ်။

သူ့ကို ဖမ်းဆီးချိန်မှာ မူးယစ်ဆေးဝါး လက်ဝယ်မရှိပေမဲ့ ကျောက်တံတားမြို့နယ်က လူငယ် နှစ်ဦးကို WY စိတ်ကြွဆေးပြားတွေနဲ့ အတူ ဖမ်းဆီးမှုနဲ့ ဆက်စပ်တယ်ဆိုပြီး အမှုကွင်းဆက်အရ ဖမ်းဆီးတာလို့ သိရပါတယ်။ ဝေမှူးသွင်ဟာ မြန်မာ့ဒီမိုကရေစီ ကွန်ဂရက်ပါတီ ထူထောင်ခဲ့ပြီး ပါတီဝင် အင်အားမပြည့်တဲ့အတွက် အဲဒီပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခွင့် မရခဲ့ပါဘူး။

No comments: