(၁) စကားပြောနေတာ ဖြစ်တယ်
ပါးစပ်နဲ့ပြောနေတာကို ပရိသတ်က နားနဲ့ လိုက်နားထောင် မှတ်သားရတာဆိုတော့ သတင်းပြောသူရဲ့ အသံဟာ ပီရမယ်၊ ကြည်ရမယ်၊ ပြတ်သားရမယ်။ အသံလုံရမယ်၊ သြဇာရှိရမယ်။ အသံမပီ မကြည်မပြတ်သားဘဲ “ဗလုံးဗထွေး” ဖြစ်နေရင် ‘သ’ နဲ့ ‘တ’ ကို ကွဲကွဲပြားပြား မပြောနိုင်ဘဲ “သွားတယ်” အစား “တွားတယ်” ဆိုတာမျိုး ဖြစ်နေရင်၊ “ရေတွင်း” အစား “ရေတွန်း” ဆိုတာမျိုး ဖြစ်နေရင်၊ နားထောင်သူအဖို့ ဘာမှနားလည်လိုက်မှာ မဟုတ်ပါဘူး။
သတင်းလွှင့်တဲ့အခါ တခါတလေ အရေးကြီးတဲ့အကြောင်းကိစ္စတွေကို တယောက်တည်းဆက်တိုက် တနာရီမက ပြောရတာမျိုးတွေ ရှိတတ်ပါတယ်။ အဲဒီအခါမျိုးတွေမှာ အသံ “ကွဲ” သွား၊ “နစ်” သွားတာမျိုးတွေမဖြစ်ဘဲ တောက်လျှောက် အသံလုံလုံနဲ့ ပြောသွားနိုင်ဖို့ လိုပါတယ်။
နောက်ပြီး အသံသြဇာရှိဖို့ဆိုတာလည်း အင်မတန် အရေးကြီးပါတယ်။ “ကြီးကောင်ငင်သံ” မပျောက်သေးတဲ့ အသံမျိုး၊ ကြောင်စီစီနဲ့ “မနှဲလေး” အသံမျိုးကို ကြားလိုက်ရရင် နားထောင်သူပရိသတ်က ရယ်စရာ လှောင်စရာအဖြစ် သဘောထားသွားတတ်ပါတယ်။ အဲဒီလိုဆိုရင် ကိုယ်ပြောပြနေတဲ့သတင်းအပေါ်မှာ ယုံကြည်မှု၊ လေးနက်မှု လျော့ပါးသွား စေပါတယ်။
အသံလွှင့်လုပ်ငန်းဆိုတာ အင်မတန်ကို အရေးပါတဲ့လုပ်ငန်း ဖြစ်ပါတယ်။ အဲဒါကြောင့် အသံလွှင့်ကြေညာသူတွေရဲ့ အလုပ်ကလည်း အင်မတန် တာဝန်ကြီးပါတယ်။ ခက်လည်း ခက်ခဲပါတယ်။ ရေးပေးထားတဲ့စာကို ဖတ်တတ်ရုံနဲ့ မလုံလောက်ပါဘူး။
အဖြတ်အတောက်၊ လေယူလေသိမ်း၊ အသံ အနိမ့်အမြင့်၊ အတက်အကျ ဆိုတာတွေ မှန်ကန်ဖို့၊ ဌာန်ကရိုဏ်းကျဖို့ ဆိုတာတွေ လိုပါတယ်။
မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အသံလွှင့်လုပ်ငန်းပညာကျောင်းတို့၊ သင်တန်းတို့ဆိုတာတွေ မရှိလေတော့ အသံလွှင့်လုပ်ငန်းရဲ့အစွမ်းကို နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက် အသုံးမပြုနိုင်ကြသေးပါဘူး။
မြန်မာနိုင်ငံ အသံလွှင့်နဲ့ ရုပ်မြင်သံကြားလုပ်ငန်းတွေမှာ ဟိုခေတ်က ပညာရှင်ကြီးတွေ ဖြစ်ကြတဲ့ မြန်မာ့အသံ ဦးသန်းမြင့်တို့၊ ရွှေမောင်းကြီးတို့၊ ဦးအောင်ခင်တို့၊ ဒေါ်သန်းနှစ်တို့လို အပြောကောင်းလှရုံမက အသံသြဇာပါပြည့်ဝတဲ့ ပုဂ္ဂိုလ်မျိုးတွေ ပေါ်ထွန်းမလာတာဟာ ဝမ်းနည်းစရာ ကောင်းလှပါတယ်။
အသံလွှင့်ကြေညာသူဟာ အသံသြဇာပြည့်ဝရုံ၊ အသံပီသပြတ်သားရုံနဲ့တင် မလုံလောက်သေးပါဘူး။ ဘာသန္တရ၊ ဒေသန္တရ ဗဟုသုတတွေ ရှိထားဖို့လည်း လိုပါတယ်။ မြို့နာမည်၊ ရွာနာမည်၊ နိုင်ငံနာမည် ပြောတဲ့အခါ၊ နိုင်ငံခြားက ခေါင်းဆောင်တွေ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေရဲ့ နာမည်တွေကို ပြောတဲ့အခါတွေမှာ မှန်မှန်ကန်ကန် မပြောနိုင်ရင် နားထောင်သူက ကိုယ့်အပေါ် အထင်သေးသွားပါတယ်။
ကိုယ့်ကိုအထင်သေးရင် ကိုယ်ပြောနေတဲ့ သတင်းပေါ် ယုံကြည်မှုလည်း လျော့ပါးသွားပါတယ်။
မြန်မာနိုင်ငံက တချို့မြို့တွေဟာ ရေးတော့တမျိုး၊ ပြောတော့တမျိုး ရှိတတ်ကြပါတယ်။ ဥပမာ ရေးတော့ “စစ်ကိုင်း” လို့ ရေးတာကို၊ ပြောတော့ “ဇကိုင်း” လို့ ပြောပါတယ်။ “တန့်ဆည်” လို့ ရေးတာကို၊ ပြောတော့ “ဒဇယ်” လို့ ပြောပါတယ်။ “ဒီပဲယင်း” လို့ရေးတာကို၊ ပြောတော့ “ဒီဗယင်း”လို့ ပြောပါတယ်။
နိုင်ငံခြားတိုင်းပြည် မြို့ရွာတွေနဲ့ နိုင်ငံခြား ခေါင်းဆောင်ကြီးတွေရဲ့ အမည်ကို အသံလွှင့်တဲ့အခါ ပိုလို့တောင် သတိထားရပါမယ်။ အပြောမှား အဆိုမှား ဖြစ်သွားရင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်သွားစေနိုင်ပါတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment