Friday, May 13, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၁၃ ရက်)

- လူထုအခြေပြု အဖွဲ့များ ဖွံ့ဖြိုးရေး NLD ကြိုးပမ်း
- မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည် ပြော
- အယက်အကန်ကြားမှ ဗေဒါကျောင်း
- နိုင်ငံရေးအကျဉ်းသားတွေလွတ်ဖို့ အစီအစဉ်ရှိကြောင်း ဦးသိန်းစိန် အကြံပေးပုဂ္ဂိုလ်ပြော
- True News နှစ်ပတ် အပိတ်ခံရ
- အောင်သင်္ခ ၂ မှ သဘာဝဓာတ်ငွေ့ ကုဗပေ ၂၅ သန်းကျော်ထွက်
- ရော့စ်ဒန်ကလေအမှု တရားလို အမှုရုပ်သိမ်း
- ပြည်တွင်း ပြုပြင်ပြောင်းလဲရေးကို အဓိက ထားသင့်ကြောင်း ဒေါ်စု ဝေဖန်
- ကလေးစစ်သားပြဿနာ ဖြေရှင်းရေး ကုလ အတွင်းရေးမှူးချုပ် အကြံပြု
- ကရင် ရွာပေါင်း ၁၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်
- ကြံ့ဖွံ့ ဗိုလ်ချုပ်ဟောင်း မဲမသမာမှု ထင်ရှားပါက နုတ်ထွက်ရမည်
- ဝီကီလိခ်စ် တည်ထောင်သူ ဩစတြေးလျ ငြိမ်းချမ်းရေးဆု ရရှိ
- စာနယ်ဇင်းရက်တိုသင်တန်း NLD ဖွင့်လှစ်ပို့ချမည်
- ဆေးကုသမှုစောလျှင် HIV ကူးစက်မှု လျော့နည်း
- စိမ်းလဲ့ကန်သာလမ်း ငါးလောင်းပြိုင် လူသတ်မှု အမွေခွဲပြီ

လူထုအခြေပြု အဖွဲ့များ ဖွံ့ဖြိုးရေး NLD ကြိုးပမ်း
လင်းသန့် Thursday, 12 May 2011 12:46

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုဖြင့် လူထုအခြေပြု အဖွဲ့အစည်းများ ကျယ်ပြန့်စွာ ပေါ်ပေါက်လာရေး အတွက် ဧပြီနှင့် မေလများအတွင်း တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။

လယ်သမားများအား လယ်ယာမြေဖွံ့ဖြိုးရေး သင်တန်းများပေးခြင်းနှင့် လယ်သမားသမဂ္ဂများ ပေါ်ထွန်းရေး လှုပ်ရှားနေကြ သူများနှင့် ဆွေးနွေးကူညီမှုများကို NLD က လတ်တလော ဆောင်ရွက်ပေးနေသည်။

လယ်သမားသမဂ္ဂများ ပေါ်ထွန်းရေး လှုပ်ရှားနေကြသူများ၌ NLD ပါတီဝင် မဟုတ်သူများနှင့် NLD ပါတီဝင်များပါဝင်သည်။

“ဒီမိုကရေစီစနစ် အမှန်တကယ်ကျင့်သုံးနိုင်ဖို့အတွက်က ဒီလို လယ်သမားတွေ၊ အလုပ်သမားတွေရဲ့ အခွင့်အရေး ကာကွယ်ပေးနိုင်တဲ့ အစည်းအရုံးတွေ ပေါ်ပေါက်လာဖို့ဆိုတာ မရှိမဖြစ် လိုတယ်၊ ဒီလို သမဂ္ဂတွေခေါ်ခေါ်၊ အစည်းအရုံး ပြောပြော ပေါ်ပေါက်ဖို့ စိတ်အားထက်သန်တဲ့သူတွေနဲ့ ဆွေးနွေးမှုတွေ၊ ကူညီမှုတွေလုပ်နေတယ်” ဟု NLD ခေါင်းဆောင် တဦးဖြစ်သည့် ဦးဝင်းထိန်က ဧရာဝတီကိုပြောသည်။

၂၀၀၉ ခု ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသော မြန်မာနိုင်ငံ သန်းခေါင်စာရင်းအရ လူဦးရေ ၅၉ သန်း ကျော် ရှိပြီး ၇၀ ရာခိုင်နှုန်းကျော်သည် လယ်သမားများဖြစ်၍ စိုက်ပျိုးရေးနိုင်ငံဖြစ်ကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန စာရင်းဇယားများတွင် ဖော်ပြထားသည်။

“မြန်မာနိုင်ငံက စိုက်ပျိုးရေးနိုင်ငံဖြစ်တော့ လယ်သမားအရေး အကာအကွယ်ပေးဖို့လိုတယ်။ အခု အဖွဲ့ချုပ်က ကျနော် တို့ ဖြစ်ချင်တာတွေကို အကူအညီပေးတော့ ပိုအားရတာပေါ့ဗျာ။ ကျယ်ပြန့်ဖို့ဆိုတာက ကျနော်တို့ကကြိုးစားရမှာပဲ။ ဒေါ် အောင်ဆန်းစုကြည်က ကျနော်တို့ဆန္ဒကို အလေးအနက်ထားတာကို ကျနော်တို့ဂုဏ်ယူတယ်”ဟု လယ်သမား သမဂ္ဂ ပေါ်ပေါက်ရေးကြိုးပမ်းနေသည့် အမည်မဖော်လိုသူ လယ်သမားတဦးက ပြောသည်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)ပြဌာန်းချက်များနှင့်အညီ အခြေခံအလုပ်သမားအစည်းအရုံးများ အလုပ်ဌာနအလိုက် ဖွဲ့စည်း၍ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားအစည်းအရုံး အဖွဲ့ချုပ်(Trades Union Congress)ဖွဲ့စည်းတည်ထောင်ပြီးအလုပ် သမားအကျိုး အမြဲတမ်း ကာကွယ်စောင့်ရှောက်သွားမည် ဖြစ်သည်ဟု NLD ၏ ပြီးခဲ့သည့် အလုပ်သမားနေ့ ကြေညာချက် တွင်ဖော်ပြထားသည်။

သက်ဆိုင်ရာ စက်ရုံ အလုပ်ရုံ အလုပ်သမား၏ အခွင့်အရေး ကာကွယ်ရန်အတွက် တက်ကြွလှုပ်ရှားနေသူများနှင့် ဆွေးနွေးပြီး NLD ပါတီအနေဖြင့် လိုအပ်သည်များကို ကူညီထောက်ပံ့နေသည်ဟု သိရသည်။

“ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တာက ဘယ်နိုင်ငံရေးပါတီအသင်းအဖွဲ့ကမှ ဒီလို သမဂ္ဂတွေ၊ အစည်း အရုံး တွေကို မလွှမ်းမိုး စေချင်ဘူး”ဟု ဦးဝင်းထိန် က ဆက်လက်ပြောသည်။

အလုပ်သမားသမဂ္ဂများ ပေါ်ပေါက်ရေးကြိုးပမ်းနေကြသူများက ၄င်းတို့အနေဖြင့် တရားဝင် သမဂ္ဂပေါ်ပေါက်ရေး ဆက် လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး NLD နှင့်လက်တွဲသွားမည်ဟုလည်း ဆိုသည်။ ၄င်းတို့မှာ သိုသိပ်စွာလုပ်ဆောင်နေရကြောင်း သိရသည်။

NLD ပါတီသည် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီးနောက်ပိုင်း လူမှုကူညီရေးလုပ်ငန်းများ၊ လူငယ် ကွန်ရက်များ၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဟောပြောပွဲများ၊ ပညာရေးဆိုင်ရာ လုပ်ငန်းများ စသည် တို့ကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့သည်။

လာမည့် ဇွန်လပိုင်းမှ စတင်၍ NLD က ဆယ်တန်း ဖြေဆိုမည့် အဖွဲ့ဝင်လူငယ်များကို အခမဲ့ ပညာ သင်ကြားပေးမည် ဖြစ် ကြောင်း၊ လတ်တလော၌ သင်ကြားမည့် လူငယ် ၃၀ ခန့်ရှိပြီး NLD မှ ဆရာ၊ ဆရာမ များက သင်ကြားပေးရန် စီစဉ် ထားကြောင်း သိရသည်။

NLD ပါတီသည် မြန်မာနိုင်ငံဒီမိုကရေစီ စနစ် ရှင်သန်ကြီးထွားစေရေးအတွက် လူထုအခြေပြုအဖွဲ့အစည်းများ ခိုင်မာစွာ ပေါ်ထွန်းရေး အရှိန်မြှင့်လုပ်ဆောင်နေမှုများအပေါ် အစိုးရသစ်အနေနှင့်လည်း ပြင်းထန်သော ဟန့်တား ဝေဖန်မှုမျိုး မတွေ့ရသေးပေ။

သို့သော် အစိုးရသစ်တက်လာပြီးနောက်ပိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၏ ရွေးကောက်ပွဲဝင်ပါတီများကို ပေးပို့ သည့် ညွှန်ကြားချက်တခုတွင် NLD ကို တိုက်ရိုက်မရည်ညွှန်းသော်လည်း တရားမ၀င်အသင်းတခုအသွင် ဖော်ပြခဲ့ သည် ဟု သိရသည်။ ယင်းညွှန်ကြားချက်မှာ နိုင်ငံရေးပါတီများသည် တရားမ၀င် အဖွဲ့အစည်းများနှင့် မဆက်သွယ်ရ ဟူသော ညွှန်ကြားချက်ဖြစ်သည်။

NLD ပါတီသည် နအဖ စစ်အစိုးရကျင်းပပေးသည့် ၂၀၁၀ ရွေးကောက်ပွဲမ၀င်ရန် ဆုံးဖြတ်ပြီး ပါတီမှတ်ပုံတင်ရန်အတွက်လည်း ဥပဒေအရ တရားဝင်တည်ရှိနေဆဲဖြစ်၍ ထပ်မံမှတ်ပုံမတင်ဟု ငြင်းဆိုခဲ့သည်။

မြန်မာအစိုးရသစ်၏ ပြည်ထောင်စုဝန်ကြီးများ အနေဖြင့်လည်း အလုပ်သမား၊ လယ်သမားများ၏ အကျိုးအတွက် သက်ဆိုင်ရာ တိုင်း၊ ဒေသကြီး အစိုးရ ၀န်ကြီးများနှင့် လက်တွဲပြီးဆောင်ရွက်သွားမည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော
2011-05-12 RFA

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ တရပ် ပေါ်ပေါက်ခဲ့ပေမယ့် အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

အခု အပတ်အတွင်း ဂျာမနီ ရုပ်သံသတင်းဌာန DW-TV နဲ့ တယ်လီဖုန်း ဆက်သွယ် မေးမြန်းခန်းမှာ မိမိအနေနဲ့ အခုအချိန် အထိ မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ ဘာတခုမှ မတွေ့ရသေးကြောင်း၊ ရွေးကောက်ပွဲ တရပ်ရှိခဲ့ပြီး ဒီရွေးကောက်ပွဲ အပြီး အစိုးရသစ် ဟာလည်း ရွေးကောက်ပွဲ မတိုင်ခင် အစိုးရ လက်ထက်က လူတွေပဲ ဖြစ်ကြောင်း၊ တကယ်စင်စစ် ပြောင်းလဲလာမလား ဆိုတာတော့ စောင့်ကြည့်နေရဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွှတ် မပေးမချင်း၊ မိမိတို့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မပေးမချင်း၊ မြန်မာနိုင်ငံမှာ အမှန် တကယ် ပြောင်းလဲတယ်ဆိုတာ မိမိ မယူဆဘူးလို့လည်း ဂျာမန် ရုပ်သံဌာနနဲ့ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။

မြန်မာနိုင်ငံက အာစီယံနိုင်ငံတွေကို အဆိုပြုထားတဲ့ ၂၀၁၄ အာစီယံ ဥက္ကဌ နေရာကို အာစီယံက ပေးအပ်တာဟာ မြန်မာ့ ဒီမိုကရေစီရေး အတွက် ဘယ်နည်းနဲ့မှ အထောက်ကူ မရနိုင်ကြောင်း၊ ဒါပေမယ့် အာစီယံ ဥက္ကဌ နေရာ အတွက် အခြေအနေ သတ်မှတ်ချက်တွေ ပါရှိမယ် ဆိုရင် အထောက်အကူ ပြုနိုင်ကြောင်း၊ ဥပမာ ဥက္ကဌ နေရာ မရယူခင် အပြောင်းအလဲ တချို့ လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုတဲ့ အချက်မျိုး ပါဝင်တယ် ဆိုရင် မြန်မာ့ ဒီမိုကရေစီရေး အတွက် အထောက်အကူ ဖြစ်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တယ်လို့ သိရပါတယ်။

အယက်အကန်ကြားမှ ဗေဒါကျောင်း
သဲသဲ | ကြာသပတေးနေ့၊ မေလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၅၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ အတိုက်အခံ လှုပ်ရှားသူများ တည်ထောင်ထားသော ဗဟုသုတတိုးပွားရာ သင်တန်းကျောင်းကို နေရာဆက်မငှားရန် ဒေသအာဏာပိုင်များက အိမ်ရှင်သို့ဖိအားပေးမှု ရန်ကုန် သင်္ကန်းကျွန်းတွင် ဖြစ်ပွားခဲ့သည်။

သင်္ကန်းကျွန်း ၁၆ ရက်ကွက် သုမနလမ်း အမှတ် ၄၅၃ ရှိ သင်တန်းနေရာကို ဆက်ငှားလျှင် အိမ်သိမ်းခံရမည်ဟု ရပ်ကွက်အာဏာပိုင်များက ခြိမ်းခြောက်ပြီးနောက် အိမ်ရှင်က အမြန်ဆုံး ပြောင်းရွှေ့ပေးရန် ပြောလာသည်ဟု ဗေဒါအင်စတီကျူ Baydar Institute ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်ဦးက ပြောသည်။

အိမ်ရှင်နှင့်သဘောတူချက်တွင် ၆ လ အငှားချုပ်ဆိုထားသည်။ ယခုတခါ ပြောင်းရွှေ့ရလျှင် လေးလအတွင်း သုံးကြိမ်မြောက် နေရာပြောင်းခြင်း ဖြစ်မည်။

“ ကျောင်းရွှေ့ပြီး ၂ ရက်လောက်လည်း နေရော၊ မြို့နယ် အုပ်ချုပ်ရေးမှူးက အိမ်ရှင်ကို ခေါ်ပြီး လက်မှတ်ထိုးခိုင်းတယ်။ ရွှေ့ခိုင်းတယ်ကြားတယ်။ အဲဒါ အိမ်ရှင်က နေ့တိုင်းလာပြီး သူ့အိမ်ကို သိမ်းမှာ ကြောက်တယ်၊ စိုးရိမ်တယ် ဆိုပြီး လာလာပြောတယ်” ဟု ဦးမြင့်ဦးက မဇ္ဈိမသို့ ပြောသည်။

ဗေဒါကျောင်းအုပ်ချုပ်သူများက သင်္ကန်းကျွန်းအခြေစိုက် အမျိုးသားဒီမိုကရေစီအင်အားစု NDF လွှတ်တော် အမတ် ဦးသိန်းညွန့်အနေဖြင့် ကျောင်းဆက်လက်ဖွင့်ခွင့်ရရေး ကူညီပေးရန် မေတ္တာရပ်ခံထားကြသည်ဟု ဆိုသည်။

တက္ကသိုလ်ဝင်တန်းအောင်သူများမှ ဘွဲ့ရသူများအထိ တက်ရောက်သင်ကြားနိုင်သော ဗေဒါကျောင်း၌ လူမှုရေးသိပ္ဗံ ၊ ကမ္ဘာ့ပဋိပက္ခများအကြောင်း ၊ အရှေ့တောင်အာရှ နိုင်ငံများကို လေ့လာခြင်း နှင့် အခြေခံအင်္ဂလိပ် ဘာသာရပ်များကို နှစ်ပတ်ကြာ အခမဲ့ပို့ချပေးနေသည်။

တိုင်းနှင့်ပြည်နယ်များမှ လာရောက်သည့် သင်တန်းသား ၃ဝ ကျော်ကို ကျောင်းအိပ်ကျောင်းစား သင်ကြားပေးနေရာ အပတ်စဉ် ၆ အထိ ရှိပြီဖြစ်သည်။

သင်တန်းဆင်းပွဲများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဒုဥက္ကဋ္ဌ ဦးတင်ဦးနှင့် ပါတီခေါင်းဆောင်များ လာရောက်လေ့ရှိပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာများ ပို့ပေးခဲ့သည်။

အဖွဲ့ဝင် ၂ဝ ရှိ Baydar Institute ဦးဆောင်သူများတွင် NLD ပါတီဝင်အချို့၊ ကိုမျိုးရန်နောင်သိန်း၊ ရွေးကောက်ပွဲတွင် တသီးပုဂ္ဂလ ယှဉ်ပြိုင်ခဲ့ကြသည့် ဦးဝင်းချို ၊ တောင်ဥက္ကလာမှ ဒေါက်တာစောနိုင်၊ ၈၈ မျိုးဆက် ကိုဖြိုးမင်းသိန်းတို့ ပါဝင်သည်။

ဒေသအာဏာပိုင်များက အိမ်ရှင်များကို လက်မခံရန် ခြိမ်းခြောက်ဖိအားပေးရာက ဤနှစ်ဆန်းကစဖွင့်သော ဗေဒါမှာ တာမွေမှ စမ်းချောင်း၊ စမ်းချောင်းမှ သင်္ကန်းကျွန်းသို့ ရောက်ရှိလာသည်။

“ပြည်သူလူထုတွေရဲ့ပညာပေးလုပ်ငန်းတွေကို အစိုးရကမလုပ်နိုင်လို့ တခြားစေတနာရှိသူတွေက လုပ်တော့လည်း ဖိအားအမျိုးမျိုးတွေနဲ့ အနှောက်အယှက်ပေးတယ်ဆိုတာကတော့ နဂိုက စစ်အစိုးရနဲ့ နောက်တက်တဲ့ ပြည်ထောင်စု သမ္မတ အုပ်ချုပ်တဲ့ဟာနဲ့ပေါ့လေ ဘာမှမထူးသလိုပါပဲ” ဟု ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးမြင့်ဦးက ပြောသည်။

နိုင်ငံရေးအကျဉ်းသားတွေလွတ်ဖို့ အစီအစဉ်ရှိကြောင်း ဦးသိန်းစိန် အကြံပေးပုဂ္ဂိုလ်ပြော
2011-05-12 RFA

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ အစီအစဉ် ရှိပေမယ့် တည်တည်ငြိမ်ငြိမ် ဖြစ်လာမယ့် အခြေအနေတွေကို စောင့်ဆိုင်းနေတယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောကြားကြောင်း သူ့ရဲ့ နိုင်ငံရေးအကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ် က RFA ကို မနေ့က ပြောကြားပါတယ်။

"အဲဒါက သမ္မတကြီး ကိုယ်တိုင် ပြောတယ်။ အစီအစဉ် ရှိပါတယ်တဲ့။ သို့သော်လည်း civility တော့ သူ နဲနဲ တော့ ထိမ်းမှာပေါ့ဗျာ။ political will က သူက ပြောပြီးပြီလေ။" ဒါပေမယ့် ပြည်တွင်း အခြေအနေလား၊ နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ အခြေအနေတွေလား ဆိုတာကိုတော့ ဒေါက်တာ နေဇင်လတ်က အသေးစိတ် မပြောဆိုပါဘူး၊

အရှေ့ အလယ်ပိုင်း အာရပ် နိုင်ငံတွေနဲ့ အာဖရိကတိုက် နိုင်ငံတွေမှာ ပေါ်ပေါက်နေတဲ့ အာဏာရှင် အစိုးရ ဆန့်ကျင်ရေး လူထု ဆန္ဒပြပွဲတွေကို ဦးသိန်းစိန်ရဲ့ မြန်မာ အစိုးရကလည်း အလေးထား စောင့်ကြည့်ပြီး နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ့် ကိစ္စကို ချင့်ချိန် နေတယ်လို့ မြန်မာ့အရေး လေ့လာသူ တချို့က ပြောပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့တော်မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး ညီလာခံကို တက်ရောက်ခဲ့ပြီး၊ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဌ တာဝန် ပေးအပ်ရေး အတွက် ကြိုးပမ်းခဲ့ပေမယ့် တိကျတဲ့ အဖြေမရရှိခဲ့ပါဘူး။

သမ္မတ ဦးသိန်းစိန်နဲ့အတူ အာဆီယံ ထိပ်သီး ညီလာခံ ခရီးစဉ်ကို လိုက်ပါသွားခဲ့တဲ့ သမ္မတ နိုင်ငံရေး အကြံပေး ပုဂ္ဂိုလ် ဒေါက်တာ နေဇင်လတ်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။


True News နှစ်ပတ် အပိတ်ခံရ
ထွန်းထွန်း| ကြာသပတေးနေ့၊ မေလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၁ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက် စာပေစိစစ်ရေး၏ ပထမဆုံးအကြိမ် ပိတ်ပင်မှုအဖြစ် ရန်ကုန်အခြေစိုက် သစ္စာသတင်း ခေါ် True News ဂျာနယ်အား ထုတ်ဝေခွင့် နှစ်ပတ် ပိတ်လိုက်ကြောင်း ပြည်တွင်း ဂျာနယ်အသိုင်းအဝိုင်းထံမှ သိရှိရသည်။

ဆိုင်းငံ့ပြုလုပ်ထားသည့် သတင်းကို ဖော်ပြမှုဖြင့် ခံဝန်လက်မှတ် ရေးထိုးခိုင်းကာ ဂျာနယ်အား နှစ်ပိတ် ရပ်နားခိုင်းခြင်း ဖြစ်သည်။

“ဒီကနေ့ နေ့ခင်းက စာပေစိစစ်ရေးရုံးက ဖုန်းဆက်ခေါ်လို့ သူတို့ စာပေစိစစ်ရေးရုံးကို သွားပြီး လက်မှတ်ထိုးခဲ့ရတယ်တဲ့” ဟု ဂျာနယ်နှင့် နီးစပ်သူတဦးက မဇ္ဈိမကို ပြောသည်။

ဂျာနယ် အတွဲ ၃၊ အမှတ် ၃၄ တွင် ဖော်ပြခဲ့သည့် “ကျပ် ၁၅ သိန်းတန် GSM ပိုင်ဆိုင်သူများ ကျပ် တသိန်းရှစ်သောင်း ထပ်မံပေးသွင်းလျှင် ငါးသိန်းတန် GSM ဖုန်းတလုံး ရမည်” ဟူသည့် သတင်းကြောင့် အပိတ်ခံရခြင်းဖြစ်ပြီး၊ ယင်းသတင်းမှာ စာပေစိစစ်ရေးရုံးက ထုတ်ဝေရန် ခွင့်ပြုပြီးကြောင်း ဂျာနယ်တိုက်နှင့် နီးစပ်သူတဦးက ဆိုသည်။

True News တိုက်သို့ ဆက်သွယ်ခဲ့ရာ ဖြေကြားရန် ငြင်းဆန်သည်။

အောင်သင်္ခ ၂ မှ သဘာဝဓာတ်ငွေ့ ကုဗပေ ၂၅ သန်းကျော်ထွက်
မျိုးသန့် | ကြာသပတေးနေ့၊ မေလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၃၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ထိုင်းကုမ္ဗဏီက တူးဖော်ခွင့်ရထားသော မွန်ပြည်နယ်အတွင်းရှိ သဘာဓာတ်ငွေ့တွင်းသစ်မှ တနေ့လျှင် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၅ သန်းကျော် ထွက်ရှိမည်ဟု ကြာသပတေးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖေါ်ပြသည်။

စမ်းသပ်တူးဖော်မှုအရ မုတ္တမကမ်းလွန်ဒေသ လုပ်ကွက်အမှတ် ၃ (M-3) တွင်တည်ရှိသည့် အောင်သင်္ခ အမှတ် ၂ တွင်းသည် တနေ့လျှင် ရေနံစိမ်း အပေါ့စား ၁၅၄ စည်နှင့် သဘာဝဓာတ်ငွေ့ ကုဗပေ ၂၅.၈ သန်း ထွက်ရှိသည်ဟု ရေးသားထားသည်။

PTT တူးဖော်ရေးနှင့် ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလိမိတက် PTTEP လုပ်ကွက်အမှတ် ၃ နှင့် ၄ တွင် တူးဖော်ထုတ်လုပ်ခွင့်အတွက်
မြန်မာ့စွမ်းအင်ဝန်ကြီးဌာနနှင့် ၂ဝဝ၄ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။ လုပ်ကွက် ၄ သည် တူးဖော်မှုပြီးစီးသွား၍ မေ ၁ ရက်နေ့တွင် လုပ်ငန်းများ ရပ်နားလိုက်ပြီဖြစ်သည်။

လက်ရှိတွင် PTTEP အနေဖြင့် မုတ္တမကမ်းလွန်လုပ်ကွက် ၃၊ ၇၊ နှင့် ၁၁ တို့တွင်ရင်းနှီးမြှုပ်နှံထားသည်။ ၂ဝ၁၃ ခုနှစ်တွင် ဇောတိကစီမံကိန်းမှ ထုတ်လုပ်မှုများ စတင်ပြုလုပ်မည်ဖြစ်သည်။

ရော့စ်ဒန်ကလေအမှု တရားလို အမှုရုပ်သိမ်း
မျိုးသိဏ်း | ကြာသပတေးနေ့၊ မေလ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၁ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။ ။ မြန်မာတိုင်းမ် စီအီးအိုဟောင်း သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေအမှုကို ကမာရွတ်မြို့နယ် တရားရုံးတွင် ကြာသပတေးနေ့နံနက်က ထပ်မံစစ်ဆေးခဲ့ရာ တရားလိုဖြစ်သူ မခိုင်ဇာလင်းက အမှုကိုရုပ်သိမ်းလိုကြောင်း တရားရုံးသို့ ဒုတိယအကြိမ် ထပ်မံလျှောက်ထားခဲ့သည်။

အဖြစ်အပျက်ကို တိတိကျကျမမှတ်မိဘဲ ဒေါသအလျောက် စွဲဆိုတိုင်ကြားခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျန်းမာရေး မကောင်းဟူသော အကြောင်းပြချက်ဖြင့် အမှုရုပ်သိမ်းရန် လျှောက်ထားရခြင်းဖြစ်ကြောင်း မခိုင်ဇာလင်းက တရားရုံးတွင် ထွက်ဆိုခဲ့သည်။

တဦးတယောက်၏ ခြိမ်းခြောက်ခြင်း၊ တိုက်တွန်းခြင်းများမပါဘဲ ကိုယ်ပိုင်ဆန္ဒအရ ရုပ်သိမ်းခြင်းဖြစ်ကြောင်း မခိုင်ဇာလင်းက ဝန်ခံထွက်ဆိုပြီးနောက် ကမာရွတ်မြို့နယ် တရားသူကြီးက အမှုရုပ်သိမ်းခွင့် လျှောက်လွှာကို လက်ခံခဲ့သည်။

အမှုရုပ်သိမ်းလိုကြောင်း လျှောက်လွှာတွင် ကမာရွတ်မြို့နယ် ရဲစခန်းတွင်ကတည်းက အမှုကို တိုင်ကြားခြင်းသာဖြစ်ပြီး အမှုဖွင့်လိုခြင်းမရှိဟု လက်မှတ်ရေးထိုးခဲ့ကြောင်း၊ တရားရုံးသို့ရောက်ရှိစဉ် ကလည်း အမှုရုပ်သိမ်းပေးရန် ပထမအကြိမ် လျှောက်ထားခဲ့ကြောင်း ထည့်သွင်းဖော်ပြထားသည်။

တရားခွင်အတွင်း မစ္စတာရော့စ်ဒန်ကလေ၏ ရှေ့နေတဦးဖြစ်သော ဦးအောင်သန်းစိုး၏ ပြန်လှန်မေးခွန်းတရပ်တွင် အခင်းဖြစ်သည့်နေ့က မစ္စတာရော့စ်ဒန်ကလေ၏ အိမ်သို့အသွား ကားပေါ်တွင် မြူးတူးခုန်ပေါက်ခဲ့၍ ကားအမိုး၊ နံရံများနှင့် ထိခိုက်မိခြင်းများ၊ အိမ်သို့ရောက်ပြီး နောက်ဆက်တွဲ အဖြစ်အပျက်များကို မခိုင်ဇာလင်းအနေဖြင့် အမူးလွန်နေ၍ မမှတ်မိသည်မှာ မှန်ကန်ပါသလားဟု မေးမြန်းရာ သူက မမှတ်မိကြောင်း ထွက်ဆိုသွားသည်။

တရားခွင်သို့ မြန်မာတိုင်းမ်စ် စီအီးအိုအသစ် ဒေါက်တာတင်ထွန်းဦး၊ မြန်မာတိုင်းမ် ဝန်ထမ်းများနှင့်၊ သြစတြေးလျ သံရုံးမှ ကောင်စစ်အရာရှိ၊ ပြည်တွင်းပြည်ပ သတင်းစာဆရာများ တက်ရောက်ခဲ့သည်။ အမှုကို မေလ ၂၄ ရက်တွင် ဆက်လက် စစ်ဆေးမည်ဟု ချိန်းဆိုသတ်မှတ်ခဲ့သည်။

ပြည်တွင်း ပြုပြင်ပြောင်းလဲရေးကို အဓိက ထားသင့်ကြောင်း ဒေါ်စု ဝေဖန်
By ဒေါ်ခင်မျိုးသက် ကြာသပတေး, 12 မေ 2011

မြန်မာနိုင်ငံကို ၃ ရက်ကြာခရီး လာရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) ဟာ သူ့ရဲ့ ဒုတိယမြောက်နေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ပါ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ NLD ပါတီ တရားဝင် ရပ်တည်နိုင်ရေး မြန်မာအစိုးရကို တိုက်တွန်းဖို့ NLD ပါတီဘက်က တောင်းဆိုခဲ့ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရသစ်ရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ နမ်ဘီးယားဟာ ကြာသပတေးနေ့ ညနေ ၅ နာရီမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တနာရီကြာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

မစ္စတာ နမ်ဘီးယားရဲ့ အခု လာရောက်မှုဟာ အရင် ကုလသမဂ္ဂ ကိုယ်စားလှယ် အီဘရာဟင်မ် ဂမ်ဘာရီ (Ibrahim Gambari) လာရောက်ခဲ့တုန်းက အနေအထားနဲ့ ဘယ်လိုကွာခြားတယ် ဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောပြပါတယ်။

“အခုက အရပ်သား အစိုးရအဖြစ် တက်နေပြီဆိုတော့ ပိုပြီးတော့ မျှော်လင့်ချက် ရှိနိုင်မလားလို့ သူတို့က ယူဆပါတယ်။”

မြန်မာနိုင်ငံမှာ အရပ်သား အစိုးရ ပြောင်းလဲ အုပ်ချုပ်နေပြီ ဖြစ်တဲ့အတွက် နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေး ကိစ္စတွေမှာ အရင်ကထက်စာရင် တိုးတက်မှုတွေ ရှိလာမယ်လို့ ကုလသမဂ္ဂဘက်က မျှော်လင့်ထားတဲ့ အကြောင်းလည်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရဘက်က ၂၀၁၄ ခု အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဖြစ်ဖို့အတွက် ကမ်းလှမ်းထားတာနဲ့ ပတ်သက်လို့လည်း အာဆီယံ ဥက္ကဋ္ဌ ဖြစ်ဖို့ထက် မြန်မာနိုင်ငံတွင်းက ပြုပြင်ပြောင်းလဲသင့်တဲ့ ကိစ္စတွေကို ပြုပြင်ဖို့ ကိစ္စဟာ အရေးကြီးတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ မြန်မာပြည်သူတွေနဲ့ ထိတွေ့ပြီး အပြောင်းအလဲတွေ ဖော်ဆောင်ဖို့ အတွက်က ပိုပြီး အရေးကြီးတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ မြန်မာနိုင်ငံကို ရောက်လာတဲ့ မစ္စတာ နမ်ဘီးယားဟာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ဦးဆောင်တဲ့ ၀န်ကြီးဌာန အသီးသီးက ဌာနဆိုင်ရာ အကြီးအကဲတွေ ပါဝင်တဲ့ မြန်မာအစိုးရသစ် အဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ကုလသမဂ္ဂ ကိုယ်စားလှယ် အနေနဲ့ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့ ဆွေးနွေးခဲ့တာတွေနဲ့ ပတ်သက်ပြီး NLD ကို ရှင်းပြခဲ့တယ်လို့ NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“မစ္စတာ နမ်ဘီးယားဘက်က သူ နေပြည်တော်မှာ ဦးသိန်းစိန် အစိုးရ ၀န်ကြီးတချို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေကို သူက တင်ပြတယ်။ အဲဒီလို တွေ့ဆုံရာမှာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က မှာကြားချက်တွေကို သူ တင်ပြခဲ့ကြောင်း၊ တွေ့ဆုံခဲ့တဲ့ အခြေအနေတွေကို တင်ပြတယ်လို့ ပြောပါတယ်။ သူ့ဘက်ကတော့ တင်ပြရမယ့် ၀တ္တရားအတိုင်း တင်ပြခဲ့တာပါပဲတဲ့၊ သူတို့ဘက်က တုံ့ပြန်မှုတွေကတော့ အခုထိတော့ မယ်မယ်ရရ တခုခု ပြောဖို့ မရှိပါဘူးတဲ့။ သို့သော်လည်း အခြေအနေက တိုးတက်လာလေမလားလို့ သူတော့ မျှော်လင့်မိပါတယ် ဘာညာနဲ့ အဲဒီလို သူပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသား လွတ်ရေးကိစ္စ၊ အဲဒီမှာလည်း မစ္စတာ နမ်ဘီးယား သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ နေပြည်တော်မှာ တွေ့တဲ့အခါ ဒီကိစ္စကို ပြောခဲ့ပြီး ဖြစ်ပါတယ်တဲ့။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ဒီအချက်ကို ထပ်လောင်းပြီး ပြောကြားလိုက်ပါတယ်တဲ့။ ကျနော်လည်း ပြောခဲ့ပါတယ် ဆိုတာ သူက အဲဒီလို ပြောပါတယ်။”

မစ္စတာ နမ်ဘီးယားဟာ ကြာသပတေးနေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးအပြီး NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ NLD အနေနဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်ကို အချက် ၃ ချက် တင်ပြခဲ့တယ်လို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဦးဝင်းတင်က ပြောပါတယ်။

“တစ်အချက်ကတော့ NLD ရဲ့ တရားဝင် ရပ်တည်ခွင့်ကို ကုလသမဂ္ဂကလည်း ဖိအားပေးသင့်တယ်၊ တောင်းဆိုသင့်တယ်။ နောက်တချက်ကတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က တဆင့်ပေါ့၊ ဖိအားပေးပေးပါဆိုတာ အဲဒါတွေ ကျနော်တို့ ပြောတယ်။

နောက်တခုကတော့ မစ္စတာ နမ်ဘီးယားတို့ လာနေတယ် ဆိုတာက ကုလသမဂ္ဂ အတွင်းဝန်ချုပ်ရဲ့ ကိုယ်စားလှယ် အနေနဲ့ လာတာကိုး။ ဆိုတော့ ဒါ ဘာမှ သိပ်ပြီး ထိရောက်နိုင်တဲ့ဟာ မရှိဘူး။ သူက ကုလသမဂ္ဂ အတွင်းဝန်ချုပ်က မှာတဲ့စကားတွေ ဒီမှာလာပြော ပြီးတော့၊ ဒီကပြောတဲ့ဟာတွေ ကုလသမဂ္ဂ အတွင်းဝန်ချုပ်ကို ပြန်ပြီးတော့ ပြော၊ ဒါပဲ ရှိနိုင်တယ်။

“အဲတော့ ကုလသမဂ္ဂရဲ့ အမြဲတမ်း သံတမန် ခန့်ထားရေးကို ကျနော်တို့က ဟိုတပတ်တုန်းကလည်း တင်ပြလိုက်ပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ဘယ်လို ဆက်လက် ဆောင်ရွက်မှာလဲ ဆိုတော့ သူ ကုလသမဂ္ဂ အတွင်းဝန်ချုပ်ကို တင်ပြပြီးပါပြီ။ ကုလသမဂ္ဂ အတွင်းဝန်ချုပ်ကလည်း ဒီကိစ္စကို စဉ်းစားပြီးတော့ ဆောင်ရွက်နိုင်အောင် လုပ်ပါမယ်ဆိုတာ မှာလိုက်ပါတယ်ဆိုတာ အဲဒါကို ပြန်ပြောတယ်။”

NLD အနေနဲ့ မစ္စတာ နမ်ဘီးယားဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကိုယ်စားလှယ် အဖြစ်နဲ့ လာရောက်နေတာမို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်မျိုး ချမှတ် ပြောဆို အကြံပေးနိုင်တာမျိုး မရှိတဲ့အတွက် ကုလသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်တယောက် ခန့်အပ် ဆွေးနွေးဖို့ပဲ လိုလားတယ်လို့ ဦးဝင်းတင်က ပြောပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေ သိသိသာသာ ပြောင်းလဲမှု မရှိသေးဘဲနဲ့ မြန်မာအစိုးရသစ် အဖွဲ့က သူ့ရဲ့ တရားဝင် ရပ်တည်မှုအတွက် ကုလသမဂ္ဂကို အသုံးချတာမျိုး အဖြစ်မခံသင့်ဘူးလို့ Human Rights Watch (HRW) လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကြီးက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန် သတိပေးခဲ့ပါတယ်။

ကလေးစစ်သားပြဿနာ ဖြေရှင်းရေး ကုလ အတွင်းရေးမှူးချုပ် အကြံပြု
2011-05-12 RFA

မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို စစ်သားအဖြစ် စုဆောင်းတဲ့ ကလေး စစ်သား ပြဿနာ ဖြေရှင်းနိုင်ဖို့ မြန်မာအစိုးရအနေနဲ့ စနစ်ကျတဲ့ အမျိုးသားစီမံကိန်း တရပ်လိုအပ် ကြောင်း မေလ ၁၁ ရက် မနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာက ထောက်ပြအကြံ ပေးလိုက်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ ၂၀၁၁ ပြည့်နှစ်အတွက် လက်နက်ကိုင် ပဋိပက္ခများ အကြားက ကလေးသူငယ်များ အရေးဆိုင်ရာ အစီရင်ခံစာမှာ အခုလို ရေးသား ဖော်ပြလိုက်တာ ဖြစ်ပြီး မြန်မာနိုင်ငံက ကလေးစစ်သား ပြဿနာမှာ အပြုသဘော တိုးတက်မှုတွေ ရှိပေမဲ့ အစိုးရအနေနဲ့ ကလေးတွေကို တပ်မတော်ကြည်းတပ်က စစ်သားအဖြစ် စုဆောင်းထားတာကို စနစ်တကျ ရှာဖွေ ဖော်ထုတ်ပြီး ရှာဖွေတွေ့ရှိတာနဲ့ တမှုချင်း တာဝန်က ကင်းလွတ်ခွင့်ပေးတဲ့ စီမံကိန်းမျိုး ရေးဆွဲ ပြဌာန်းဆောင်ရွက်ဖို့ လိုနေသေးကြောင်း ထောက်ပြထားပါတယ်။

မြန်မာအစိုးရ နိုင်ငံခြားရေးဌာန တရားဝင်စာရင်းအရ ၂၀၁၀ ပြည့်နှစ်အတွင်း ကလေးစစ်သား အဖြစ်ကနေ တပ်က မိသားစုထံ ပြန်ပို့ပေးခဲ့တဲ့ ကလေးသူငယ် အရေအတွက်ဟာ ၁၁၀ ရှိပြီး ဒီအထဲက ၄၀ ဟာ ILO ကတဆင့် တိုင်ကြားလို့ အရေးယူခဲ့တဲ့ အမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


ILO ရဲ့ အတွေ့အကြုံအရ မြန်မာစစ်တပ်ရဲ့ တပ်သား စုဆောင်းရေးဌာန ၄ ခုထဲက ရန်ကုန်တိုင်း ဒညင်းကုန်း တပ်သားစုဆောင်းရေး အမှတ် ၁ တပ်ဟာ ကလေးသူငယ် ပါလာရင် ကနဦးကတည်းက လက်မခံပဲ ငြင်းပယ်တာတွေ့ရတယ်လို့လည်း အစီရင်ခံစာက ရေးပါတယ်။

ကလေးစစ်သား စုဆောင်းမှုကို မြန်မာစစ်တပ်အပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်တွေ ဖြစ်တဲ့ DKBA ၊ KNU/KNLA ၊ KIA ၊ KNPP-KA ၊ KPF ၊ SSA-South ၊ UWSA ၊ CNF/CNA စတဲ့ တပ်တွေမှာလည်း ကလေး တပ်သားတွေ ရှိနေတယ်ဆိုတာ ခိုင်လုံတဲ့ သတင်း အထောက်ထားတွေအရ သိရကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် တိုင်းရင်းသားဒေသတွေမှာ ကလေး သူငယ်တွေ ဓားစာခံဖြစ်ပြီး သေဆုံးရတာတွေ ရှိကြောင်းလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကရင် ရွာပေါင်း ၁၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲဖြစ်
သန်းထိုက်ဦး Thursday, 12 May 2011 18:32

ကရင်ပြည်နယ် ဖာပွန် ခရိုင် လူသော မြို့နယ်ရှိ ရွာပေါင်း ၁၀၀ ကျော်မှ လူဦးရေ ၉၀၀၀ နီးပါး စားနပ် ရိက္ခာ အကျပ် အတည်း ကြုံတွေ့နေရကြောင်း ကရင် လူ့အခွင့်အရေး အဖွဲ့ (KHRG)က ပြောသည်။

ယင်း ကျေးရွာများ၌ စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရခြင်းသည် လွန်ခဲ့သည့် နှစ်က မိုးခေါင်ခြင်း၊ အစိုးရစစ်တပ်များ စစ်အင်အားတိုးချဲ့လာသည့်အတွက် လယ်သမားများက စိုက်ပျိုးရေးလုပ်ငန်းများ မလုပ်ကိုင်ရဲခြင်းတို့ကြောင့် ဖြစ်ကြောင်း KHRG မှ ကွင်းဆင်း တာဝန်ခံ စောအဲလ်ဘတ်က ဧရာဝတီသို့ ပြောသည်။

“အခု လောလောဆယ် တချို့ မိသားစုတွေဆိုရင် အစားအစာတွေ မရှိတော့ဘူး၊ တခြားရှိတဲ့ လူတွေဆီက ချေးငှားစား၊ ၀ယ်စားနေ ကြရတယ်၊ အရင်ကဆို ထမင်း သုံးနပ် စားတယ်၊ အခုဆိုရင် တစ်နပ်ပဲ စားတော့တယ်၊ တခြား ဟင်းသီး ဟင်းရွက် တွေနဲ့ရော ပြီးတော့ ချက်စားတာတို့ အဲဒီလိုမျိုးတွေ ဖြစ်နေကြတယ်”ဟု ၎င်းက ဆိုသည်။

မိသားစုဝင်တချို့မှာမူ ၎င်းတို့၏ ကလေးငယ်များကိုသာ အစားအသောက်များ ကျွေးရပြီး မိဘများက အငတ်ခံနေရကြောင်း သိရသည်။

စောအယ်လ်ဘတ်က“မိသားစု တွေက အစာရေစာတွေ ပြတ်တောက်နေတယ် ဆိုတာရယ် နောက်နှစ် ရိတ်သိမ်းချိန်အထိ ရိက္ခာ တွေထားလို့ မရတော့ ဘူးဆိုတာတွေကို ကျနော့်တို့ အဖွဲ့အစည်းကို လာပြောကြတယ်”ဟု ပြောသည်။

“အစာရေစာ ပြဿနာက ရှောင်ပုန်းနေရတဲ့ ရွာသားတွေ အတွက် စိန်ခေါ်မှု တခုပါ”ဟု ၎င်းက ဆက်ပြောသည်။

ကရင် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(KORD) အတွင်းရေးမှူး ထူးခလိကမူ တချို့သော ရွာ များက အစာရေစာအတွက် တောထဲတွင် အမဲလိုက်ရကြောင်း၊ နေစဉ်ဘ၀ ရပ်တည်ရေးအတွက် အခြားသော ရွာများသို့ သွား ရောက်ကာ အလုပ်အကိုင်ရှာဖွေရကြောင်း ဆိုသည်။

စောအယ်လ်ဘတ်နှင့် အဖွဲ့သည် အချက်အလက် ရရှိရန် ၂၀၁၁ ဖေဖော်ဝါရီလမှ မတ်လ အထိ အစာရေစာရှားပါးနေသော ဒေ သ များ၌ အင်တာဗျူး အမြောက်အမြား ပြုလုပ်ခဲ့ပြီး မေလ ၁၁ ရက်က အစီရင်ခံစာ တစောင်လည်း ထုတ်ပြန်ထားသည်။

KHRG ကို ၁၉၉၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ဝေးလံခေါင်းပါးသော ဒေသများရှိ မြို့ရွာများနှင့် ပတ်သက်၍ ဓာတ်ပုံ သက်သေ အထောက် အထားများဖြင့် မှတ်တမ်းတင်နေသော လွတ်လပ်သည့် အဖွဲ့အစည်း တခုဖြစ်သည်။

လတ်တလော ဒေသခံများ ကြုံတွေ့နေရသော စားနပ်ရိက္ခာ အတွက် နိုင်ငံတကာရှိ လူ့အခွင့်အရေး အဖွဲ့အစည်းများ အနေဖြင့် အကူအညီများ ရရှိရန် တောင်းဆိုပေးခြင်း ဖြစ်ကြောင်း KHRG က စောအဲလ်ဘတ်က ပြောသည်။

“အစာရေစာ ပြတ်လတ်နေတဲ့ ရွာသားတွေကို အရေးပေါ် အကူအညီ ပေးဖို့က အရေးကြီးဆုံးပါပဲ၊ မွေးရပ်မြေမှာ ဆက်ပြီး လုပ် ကိုင် စားသောက်ချင်တဲ့ သူတွေရှိသလို အစာရေစာ ရှာဖွေမရဘဲ တိုက်ပွဲတွေကြောင့် ဒုက္ခသည် ဖြစ်သွားနိုင်တဲ့ မိသားစုတွေ လည်း ရှိနေတယ်”ဟု ၎င်းက ဆိုသည်။

ကရင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး ကော်မတီ (CIDKP)မှ စောစတိဗ်ကလည်း နေ့စဉ်နှင့်အမျှ တိုက်ပွဲများ ဖြစ်ပွားနေ သည့် ယခုနှစ်အတွင်း အစာရေစာ ပြတ်လပ်မှုများသည် ပြီးခဲ့သော နှစ်များထက် ပိုမိုဆိုးဝါးလာသည်ဟု ပြောသည်။

ကြံ့ဖွံ့ ဗိုလ်ချုပ်ဟောင်း မဲမသမာမှု ထင်ရှားပါက နုတ်ထွက်ရမည်
လင်းသန့် Thursday, 12 May 2011 19:15

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့) ကိုယ်စားလှယ် ဗိုလ်ချုပ်ဟောင်း အုန်းမြင့်သည် ရွေးကောက်ပွဲကာလ မဲမသမာမှုများ ရှိသည်ဟူသည့် စွပ်စွဲချက်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်၏ ကြားနာမှုတွင် ထင်ရှားပါက ပြည်သူ့ကိုယ်စားလှယ် အဖြစ်မှ နုတ်ထွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီမှ ကိုယ်စားလှယ် ဒေါ်ဘောက်ဂျာက ရွေးကောက်ပွဲကာလ၌ ဗိုလ်ချုပ်ဟောင်း အုန်းမြင့်သည် မဲမသာမှုများလုပ်ခဲ့သည်ဟု ရွေးကောက်ပွဲ ကော်မရှင်သို့ တိုင်ကြားခဲ့ရာ လာမည့် မေလ ၃၀ နှင့် ၃၁ ရက်များတွင် ကြားနာမည်ဖြစ်သည်ဟု မန္တလေးမှ ရှေ့နေ ဦးမြင့်သွင် က ဧရာဝတီကိုပြောသည်။

ဗိုလ်ချုပ်ဟောင်း အုန်းမြင့်သည် ယခုအခါ ၀န်ကြီးတာဝန်ထမ်းဆောင်နေပြီး ရွေးကောက်ပွဲကော်မရှင်က တိုင်ကြားသူမှန်ကန်ကြောင်း အမိန့်ချမှတ်ပါက ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင်ပြဌာန်းထားကြောင်း ဒေါ်ဘောက်ဂျာ၏ ရှေ့နေ ဦးမြင့်သွင် က ဆက်လက်ရှင်းပြသည်။

၎င်းသည် ကြံ့ဖွံ့ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခံရပါက ၀န်ကြီး ရာထူးမှလည်း နုတ်ထွက်ပေးရမည် ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်က မဲမသမာမှုများဖြင့် တိုင်ကြားထားသော အမှုများကို ဆက်လက် ကြားနာနေပြီး ရွေးကောက်ပွဲကာလအတွင်း ပဲခူးတိုင်း ရွှေကျင်မြို့နယ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (တစည) က ကိုယ်စားလှယ် ၃ ဦး မဲမသမာမှုများလုပ်ခဲ့သည်ဟု ကြံ့ဖွံ့ပါတီက စွပ်စွဲတိုင်ကြားသော အမှုကိုလည်း ရွေးကောက်ပွဲကော်မရှင်က ကြားနာပြီး နောက် တစည ကိုယ်စားလှယ် ၃ ဦးကို အနိုင်ပေးခဲ့သည်ဟုလည်း ဦးမြင့်သွင်က ပြောပြသည်။

အလားတူ NDF ပါတီ၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးနှင့် ၄င်းအား မဲဆွယ်ပေးခဲ့သူ ပဲခူးမြို့ လမ်းပြကြယ် ဦးအေးမြင့်တို့ကို ရွေးကောက်ပွဲကော်မရှင်က မေလ ၁၃ ရက်နေ့တွင် ကြားနာဖြေရှင်းချက်ပေးရန် ဆင့်ခေါ်ထားကြောင်း သိရသည်။

ဒေါက်တာမြတ်ဉာဏစိုးကို တိုင်ကြားသူမှာ ကြံ့ဖွံ့ပါတီကိုယ်စားလှယ် ဦးမြတ်သူ ခေါ် စာရေးဆရာ ကျော်ဇင်ညွန့် ( တက္ကသိုလ်မြတ်သူ)ဖြစ်သည်။

ပဲခူးမြို့လမ်းပြကြယ် ဦးအေးမြင့်က“ကျနော်က ဒေါက်တာမြတ်ဉာဏစိုးဘက်က သက်သေကြားနာမှာပါ။ ဟိုဘက်က အချက် ၈ ချက်နဲ့တိုင်ထားတာပေါ့။ အရင်တခေါက်က ၇ ချက်ကိုရှင်းလင်းတင်ပြပြီးလို့ အခု ကျန်နေတဲ့ တချက်ဖြစ်တဲ့ ကျနော်က ပုတ်ခတ်ပြောဆို မဲဆွယ် ခဲ့မှုမရှိတာကို သက်သေခံဖို့ ကျနော်လည်း မနက်ဖြန် နေပြည်တော်အရောက်သွားရမယ်၊ သူလည်း နေပြည်တော် ရောက်နေပြီ” ဟု ဧရာဝတီကိုပြောသည်။

ဧရာဝတီ က နေပြည်တော်ကိုရောက်ရှိနေသည့် စွပ်စွဲခံရသော ဒေါက်တာ မြတ်ဉာဏစိုးနှင့် စွပ်စွဲသူ တက္ကသိုလ်မြတ်သူ တို့အား တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိပေ။

၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ကြံ့ဖွံ့ပါတီမှ မဲမသမာမှုများလုပ်ခဲ့သည်ဟူသော သတင်းများထွက်ပေါ်ခဲ့ပြီး မဲမသမာ မှုများလုပ်ခဲ့သူ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များအပေါ် တရားစွဲဆိုနိုင်ရေး ရဲစခန်းသို့တိုင်ကြားခဲ့သောအမှုပေါင်း၂၀ ကျော်မှာ ရဲ စစ်ချက်များတချို့ပြီးသွားသော်လည်း တရားရုံးသို့ အမှုဆွဲတင်ရမည့်အဆင့်သို့ မရောက်သေးကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ(မြန်မာနိုင်ငံ)မှ ဥက္ကဌဖြစ်သူ ဦးရဲထွန်း က ပြောပြသည်။

“ကျနော်တို့ က ရဲစခန်းကနေ ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်တွေကို ရွေးကောက်ပွဲမှာ မဲမသမာလို့ တရားစွဲတာ၊ ဒလမြို့ နယ် မှာ ၁၃ မှုရှိတယ်။ ကျန်တာတွေလည်း တိုင်ထားတယ်။ ဦးအေးလွင်တို့ပါတီက စွဲထားတာလည်းရှိတယ်။ အားလုံးပေါင်း ရင်တော့ ၃၀ ကျော်လောက်ရှိတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားသည့် မဲမသမာမှု၂၉ မှုရှိရာ၂၇ မှုသည် ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်များက အခြားပြိုင်ဘက် နိုင်ငံရေးပါတီကိုယ်စားလှယ်များကို စွပ်စွဲတိုင်ကြားထားခြင်းဖြစ်ပြီး ၂ မှုကသာ ကြံ့ဖွံ့ပါတီကိုယ်စားလှယ်များကို ပြန်လည် တိုင်ကြားထားသည်။

ပဲခူးတိုင်း ကြို့ပင်ကောက် မြို့နယ်ကိုယ်စားလှယ် ကြံ့ဖွံ့ပါတီမှ ဦးသန့်စင်ကိုလည်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) မှ ဒေါ်ချိုချိုကျော် ငြိမ်းက ကန့်ကွက်တိုင်ကြားထားသည်။

“အမှန်က အစိုးရအဖွဲ့မဖြစ်မီ ဒီကြားနာမှုတွေက ပြီးစီးသွားသင့်တယ်။ အခုက ဥပဒေ ရဲ့လုပ်ထုံးလုပ်နည်းက လွဲချော် နေ သလိုဖြစ်နေပြီး သေချာခိုင်မာတဲ့ ဥပဒေ တခုဖြစ်ထွန်းလာအောင် လုပ်ဖို့လိုတယ်”ဟု ရှေ့နေဦးမြင့်သွင်က ထောက်ပြဝေ ဖန်သည်။

ဝီကီလိခ်စ် တည်ထောင်သူ ဩစတြေးလျ ငြိမ်းချမ်းရေးဆု ရရှိ
Thursday, 12 May 2011 02:03 မောက္ခ နိုင်ငံတကာသတင်း

လျှို့ဝှက် အမေရိကန် သံတမန် ကေဘယ်လ် ထောင်ပေါင်းများစွာ ဖွင့်ချပြီး ၀ါရှင်တန် အစိုးရကို ဒေါသအမျက် ချောင်းချောင်း ထွက်စေခဲ့တဲ့ ၀ီကီလိခ်စ် ၀ဘ်ဆိုဒ် တည်ထောင်သူ ဂျူလီယန် အဆန်း ကို‘ရဲစွမ်းသတ္တိ အပြည့်ဖြင့် လူ့အခွင့်အရေး’ ဆောင်ရွက်မှု အတွက် Sydney Peace Foundation အဖွဲ့က ရွှေတံဆိပ်ဆု ချီးမြှင့်လိုက်သည်။

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့နှင့် ဆစ်ဒနီတက္ကသိုလ်တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ၄င်း အဖွဲ့က လန်ဒန်မြို့တွင် သွားရောက်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပြီး၊ ‘အစိုးရတစ်ခုရဲ့ ရာစုနှစ်များစွာ အရိုးစွဲကျင့်သုံးနေသည့် လျှို့ဝှက်ချက်များကို စိန်ခေါ်နိုင်ခဲ့မှု၊ လူထု သိသင့်သိထိုက်တဲ့ အခြေခံ သတင်းရင်းမြစ်များ ပေးစွမ်းနိုင်မှု’ တို့အတွက် ဂုဏ်ပြုချီးမြှင့်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ဆစ်ဒနီ ငြိမ်းချမ်းရေး ဖောင်ဒေးရှင်းမှ ပါမောက္ခ Stuart Rees က “တရားမျှတမှုနဲ့ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်း လုပ်ဆောင်တာမှာ ပြဿနာတွေ၊ အငြင်းပွားမှုတွေ မလွှဲသာမရှောင်သာ ရှိနေတတ်ပါတယ်။

ဒါပေမဲ့ ၀ီကီလိခ်စ်နဲ့ ဂျူလီယန် အဆန်း က ဂျာနယ်လစ်ဇင်၊ အင်ဖော်မေးရှင်း လွတ်လပ်မှုနဲ့ ၂၁ ရာစု နိုင်ငံရေး တို့အတွက် အပြောင်းအလဲတွေ အများကြီး သယ်ဆောင်ပေးခဲ့တယ်” ဟု ဆုချီးမြှင့်ပွဲတွင် ပြောကြားခဲ့သည်။

ဆက်ပြီး ပါမောက္ခက ဩစတြေးလျ အစိုးရနှင့် အမေရိကန် အစိုးရတို့ကို အာဏာရှင်နိုင်ငံတို့ရဲ့ အပြုအမူမျိုးတွေ လိုက်မလုပ်ကြဖို့ ဝေဖန်သတိပေး ပြောခဲ့သည်။

အမေရိကန် ကွန်ဆာဗေးတစ် နိုင်ငံရေးသမား အချို့က ၀ီကီလိခ်စ်ကို နိုင်ငံတကာ အကြမ်းဖက် အဖွဲ့အစည်း အဖြစ် အမည်တပ် အရေးယူလိုကြသည်။

ဝီကီလိခ်စ်က ပြီးခဲ့တဲ့ နှစ်တွင် လျှို့ဝှက် ကေဘယ်လ် ၂၅၀,၀၀၀ ကျော် လိခ်စ် လုပ်ခဲ့ပြီး မီဒီယာလောကနှင့် သံတမန်လောကကို အုတ်အော်သောင်းတင်း ပွဲဆူစေခဲ့သည်။ ဆော်ဒီ ခေါင်းဆောင်များက အမေရိကန်မှ အီရန်ကို ၀င်တိုက်ဖို့ တိုက်တွန်းမှုမျိုး ကဲ့သို့ အရေးကြီးတဲ့ လျှို့ဝှက်ချက်များ ဖွင့်ချခဲ့သည်။
ဂျူလီယန် အဆန်း နှင့်အတူ အခြား ဆုရသူနှစ်ဦးမှာ ဒလိုင်းလားမားနှင့် နယ်လ်ဆင် မင်ဒဲလား တို့ ဖြစ်သည်။

စာနယ်ဇင်းရက်တိုသင်တန်း NLD ဖွင့်လှစ်ပို့ချမည်
2011-05-12 RFA

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှာ သတင်းနဲ့ စာနယ်ဇင်း ရက်တိုသင်တန်းတခုကို လာမဲ့ မေလ ၁၈ ရက်နေ့မှာ စတင် ဖွင့်လှစ်မယ်လို့ သတင်းရရှိပါတယ်။

အဲဒီသင်တန်းမှာ ဝါရင့် သတင်းစာဆရာကြီးတွေ ဖြစ်တဲ့ ဦးဝင်းတင်၊ ဦးသာဘန်း၊ ဦးမိုးသူ၊ ဦးအုန်းကြိုင်၊ ဖျာပုံနီလုံဦးနဲ့ မုံရွာအောင်ရှင်တို့က ပို့ချမှာ ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သင်တန်း ဖြစ်မြောက်ရေး ကူညီပံ့ပိုးနေတဲ့ NLD လူငယ်တာဝန်ခံ ကိုမျိုးညွန့်က RFA ကို အခုလို ပြောပါတယ်။

“၁၈ ရက်နေ့မှာ သင်တန်း ဖွင့်ပွဲ လုပ်မယ်။ သင်တန်းက ၅ ရက် ပြီးမှာ။ ကျွန်တော်တို့ ၁၈ ရက်နေ့က စပြီး ၂၂ ရက်ထိ သတင်းနဲ့ ပတ်သက်ပြီးတော့ သတင်းလှည့်နည်းပါ အကုန်လုံး ပါမယ်ပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့ စာနယ်ဇင်းဆိုတော့ အကုန်လုံး ပါတယ်ခင်ဗျ။ ကျွန်တော်တို့က သင်တန်းလို့ ဆိုပေမဲ့ အခုဟာက ဘယ်လိုပြောရမလဲ ဆိုလို့ ရှိရင် ဝပ်ရှော့သဘောမျိုးပါပဲ။”

သင်တန်းသားတွေကိုတော့ NLD လူငယ် အဖွဲ့ဝင်ထဲက တိုင်းနဲ့ ပြည်နယ်အလိုက် ခေါ်ထားပြီး တိုင်းတတိုင်း၊ ပြည်နယ်တခုကို ၃ ယောက်စီ တက်ခွင့်ရမယ်လို့ သိရပါတယ်။

ဆေးကုသမှုစောလျှင် HIV ကူးစက်မှု လျော့နည်း
By ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 12 မေ 2011

HIV ရောဂါပိုး ရှိနေတဲ့ လူနာတွေကို သူတို့ရဲ့ ခန္ဓာကိုယ်တွင်း ရောဂါခုခံမှုစနစ်တွေ အတော်လေး သန်စွမ်း အားကောင်းနေချိန်မှာ စောစောစီးစီး ကုသမယ်ဆိုရင် သူတို့ရဲ့အဖော်ဆီ ရောဂါပိုး ပျံ့နှံ့ကူးစက်မယ့် အန္တရာယ်ကို သိသိသာသာ လျှော့ချနိုင်တယ်ဆိုတာ လေ့လာမှု အသစ်တခုကနေ ဖော်ထုတ်လိုက်ပါတယ်။

အမေရိကန် အမျိုးသား ကျန်းမာရေး ဌာနရဲ့ ရန်ပုံငွေ အထောက်အပံ့နဲ့ လုပ်ခဲ့တဲ့ စမ်းသပ် လေ့လာမှုမှာ ကမ္ဘာတ၀န်း နေရာပေါင်း ၁၃ နေရာက စုံတွဲပေါင်း ၁,၇၀၀ ကျော် ပါဝင်ခဲ့ပါတယ်။ စုံတွဲအားလုံးနီးပါးဟာ လိင်မတူသူနဲ့ ကာမဆက်ဆံသူတွေ ဖြစ်ကြပါတယ်။

HIV ရောဂါပိုး ရှိသူတွေကို ARV ဆေး စောစောစီးစီး တိုက်မယ်ဆိုရင် ရောဂါပိုးမရှိတဲ့ သူတို့ရဲ့ အဖော်ဆီ ရောဂါကူးစက်မှုကို ၉၆% ထိ လျှော့ချနိုင်တယ်ဆိုတာ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ကုသမှု ချက်ချင်းမရတဲ့ HIV ရောဂါပိုးရှိသူ ပါဝင်တဲ့ စုံတွဲပေါင်း ၈၇၇ ခုမှာ အဖော် ၂၇ ယောက်ဆီ ရောဂါပိုး ကူးစက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း စောစောစီးစီး ကုသမှု ခံယူတဲ့ စုံတွဲတွေထဲမှာတော့ အဖော်တယောက်ကိုပဲ ရောဂါပိုး ကူးစက်ခဲ့ပါတယ်။

စမ်းသပ် လေ့လာမှုကို ၂၀၁၅ ခုနှစ်ကျမှ အဆုံးသတ်မှာ ဖြစ်ပေမဲ့ ရလဒ်တွေက အရမ်း ထူးခြားနေတာကြောင့် လေ့လာတွေ့ရှိချက်ကို စောစောစီးစီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

စိမ်းလဲ့ကန်သာလမ်း ငါးလောင်းပြိုင် လူသတ်မှု အမွေခွဲပြီ
[By Yangon PressInternational]

ရန်ကုန်၊ မေ ၁၂ ၊ ၂၀၁၁ (YPI) - ရန်ကုန်မြို့ စိမ်းလဲ့ကန်သာလမ်းတွင် ၂၀၀၈ ခုနှစ် မတ်လက ဖြစ်ပွားခဲ့သည့် ငါးလောင်းပြိုင်လူသတ်မှုမှ ကျန်ရစ်သည့် ပိုင်ဆိုင်မှုပစ္စည်းများအား သေဆုံးခဲ့သူများ၏ဆွေမျိုးရင်းသူ နှစ်ဦးကို မကြာမီက ခွဲဝေပေးလိုက်ပြီဟု ၄င်းတို့နှင့်နီးစပ်သူ တဦးကပြောသည်။

သေဆုံးသူ ဦးချာလီ၏ ညီဖြစ်သူနှင့် ဒေါ်စန်းစန်းမြဘက်မှ အဖေတူ အမေကွဲ မောင်ဖြစ်သူတို့အား တ၀က်စီ ဝေခွဲရရှိခဲ့ပြီး အတော်များပြားသည့် ငွေပမာဏကို အစိုးရဘဏ္ဍာနှင့် မေတ္တာကြေးအဖြစ်လည်း ပေးအပ်ခဲ့ရသည်ဟု ဆိုသည်။

လူသတ်မှုဖြစ်ပွားပြီးနောက် နေအိမ် ကားများနှင့် စိန်ရွှေ ရတနာများအား အစိုးရက တာဝန်ယူ သိမ်းဆည်းထားခဲ့သည်။ လူသတ်မှုဖြစ်ပွားပြီးနောက် ၃ လကြာမျှ ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် ဦးချာလီနှင့် ဒေါ်စန်းစန်းမြ၏ သားမက်ဖြစ်သူ သုဇော်အား ပိုင်ဆိုင်မှုပစ္စည်းများ ခွဲဝေပေးခြင်းမရှိခဲ့ပါ။

ပိုင်ဆိုင်မှု ပစ္စည်းများ၏ တန်ဖိုးမှာ အလွန်များပြားပြီး အသတ်ခံရရာ အိမ်နှင့် ကား ၄စီးအား ကျပ် သိန်း ၃ သိန်းဝန်းကျင်ဖြင့် တန်ဖိုးဖြတ်ခဲ့သလို ကျပ် သိန်း ၂ ထောင် ၃ ထောင်တန်သည့် တစ်ပွင့်စိန်များလည်း ပါဝင်သည်ဟု နီးစပ်သူက ပြောသည်။

အခင်းဖြစ်ပွားရာနေရာတွင် မိသားစုအရင်းများအားလုံး သေဆုံးခဲ့ကြရသဖြင့် လူသတ်သမားများ လက်ထဲမည်၍ မည်မျှ ပါသွားသည်၊ မည်မျှ ကျန်ရစ်သည်ကို အတိအကျပြောနိုင်သူမရှိဟုလည်း သတင်းရင်းမြစ်များက ဆိုသည်။

၎င်းလူသတ်မှုတွင် မိသားစုဝင် ၄ ဦးနှင့် အိမ်ဖေါ်တဦးတို့ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ဖြစ်ပွားသည့်နေရာသည်လည်း နိုင်ငံတော်ဧည့်ရိပ်သာနှင့် မဝေးသလို လူကုံထံများနှင့် သံတမန်များ နေထိုင်ကြသည့် တက္ကသိုလ်ရိပ်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် အတွက် လူစိတ်ဝင်စားခံရဆုံး လူသတ်မှုတစ်မှု ဖြစ်ခဲ့သည်။

နေ့ခင်းအချိန်တွင် ကားဖြင့်ဝင်လာပြီး အိမ်ရှိမိသားစုအားလုံးကို သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းအား အဆိုပါလမ်းသွယ်ရှိ နိုင်ငံတော် ဧည့်ဂေဟာတ၀ိုက်တွင် ထားရှိသည့် လုံခြုံရေးရဲများ မသိရှိလိုက်သည့် အဖြစ်ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ထူးဆန်းနေသည်ဟု ရန်ကုန်မြို့ခံအချို့ ဝေဖန်ခဲ့ကြသည်။

အသတ်ခံရသူများမှာ တောင်ပိုင်စော်ဘွားကြီး စပ်ခွန်ဖ၏ သားဖြစ်သူ ဦးချာလီနှင့် မိုးကုတ် ဦးမြမောင်တို့၏ သမီးဖြစ်သူ ဒေါ်စန်းစန်းမြ၊ သမီး ၂ ဦးနှင့် အိမ်ဖေါ်တဦးတို့ ဖြစ်သည်။ သေနတ်သမားများက လက်၊ မျက်နှာနှင့် ဦးခေါင်းတို့ကို သေနတ်ဖြင့် အချက်များစွာ ပစ်သတ်ခဲ့ပြီး မီးခံသေတ္တာအတွင်းမှ ဒေါ်လာငွေများ တန်ဖိုးကြီး စိန်ရွှေ ရတနာများအား ယူဆောင်သွားခဲ့သည်။

လူသတ်သမားများ အနေဖြင့် မီးခံသေတ္တာ ၁၀ လုံးအနက် ၇ လုံးသာ ဖွင့်နိုင်ခဲ့ပြီး ၃လုံးမှာ ဖွင့်မရသဖြင့် ကျန်ရစ်ခဲ့သည်။ အဆိုပါ ကျန်ရစ်သည့် မီးခံသေတ္တာတွင်းမှ ဒေါ်လာငွေများ ၊ စိန်နှင့် အခြားရတနာ အများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု ထိုစဉ်ကပါဝင်ခဲ့သူ ရဲဝန်ထမ်းတဦးကပြောဆိုသည်။

အဆိုပါလူသတ်မှုဖြစ်ပွားခဲ့ပြီး ၃ လကျော်အကြာတွင် နေပြည်တော်၌ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရဲချုပ် ခင်ရီက “နီးစပ်နေပါပြီ ၊ မှန်းဆထားသည့်အချက်များ ရှိနေပါပြီ” ဟု ပြောဆိုခဲ့သည်။

လူသတ်မှု ဖြစ်ပွားပြီး ၃ နှစ်ကျော်ကြာသည်အထိ တရားခံကို ဖမ်းဆီးနိုင်ခြင်းမရှိသေးပဲ ယခုလို အမွေခွဲဝေခြင်းကို တရားရုံးမှတဆင့် ပြုလုပ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

No comments: