Sunday, May 8, 2011

ဒီနေ့ဖတ်စရာ သတင်းများ (မေလ ၈ ရက်)

- ရှမ်းမြောက်ပိုင်း အစိုးရ ဝန်ထမ်းများ အသတ်ခံရ
- CDMA 450 နှင့် 800 MHz ဖုန်းချပေးမှု အကန့်အသတ်မရှိ ရပ်ဆိုင်း
- အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် မြန်မာ အဆိုပြုချက် စင်ကာပူ ကန့်ကွက်
- မြန်မာကို အာဆီယံ ဥက္ကဋ္ဌ ပေးရေးဆုံးဖြတ်ရန် ရွှေ့ဆိုင်း
- စင်္ကာပူက မြန်မာပရဟိတအဖွဲ့ ၈ ဖွဲ့က မြန်မာပြည်သို့ မြွေဆေးလှူဒါန်းကြ
- ပဲခူး NLD ကျန်းမာရေးကွန်ရက်အဖွဲ့ နွမ်းပါးသူများကို အခမဲ့ ကုသပေး
- မြန်မာ ဥက္ကဋ္ဌဖြစ်ရေး အာဆီယံ မူအားဖြင့် သဘောတူ
- ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ
- ကန်ဒါဟာနယ် အစိုးရရုံး တာလီဘန် ဝင်တိုက်
- အေးရှားဝေါလ် ပရောဂျက်ကြောင့် လူနေရပ်ကွက်များ ရေကြီး
- တစ်ထောင် ကျပ်တန် ငွေစက္ကူအတုများ နိုင်ငံတဝှမ်းတွင် သိမ်းဆည်းရမိ
- ကော့သောင်းတွင် အစိုးရ ရေတပ်က မွတ်စလင် ၃၀ ဦး ဖမ်းဆီးရမိ


ရှမ်းမြောက်ပိုင်း အစိုးရ ဝန်ထမ်းများ အသတ်ခံရ
သန်းထိုက်ဦး Saturday, 07 May 2011 22:38 (ဧရာဝတီ)

စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်သော ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တပ်ဖွဲ့များ စစ်ဖြစ်ပွားရာဒေသများတွင် အစိုးရပညာရေး ၀န်ထမ်းများ အသတ်ခံရမှု ရှိကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ကွန်ခိုက်ကျေးရွာမှ ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ၄ ဦး ပြီးခဲ့သည့် ဧပြီလ အတွင်း၌ သေဆုံးခဲ့ကြောင်း သီပေါမြို့နယ် ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“ကွန်ခိုက်ကျေးရွာမှာ ကျောင်းဆရာမနဲ့ သူ့အမျိုးသားရယ်၊ ကျောင်းစောင့် ကချင်အဘိုးကြီး တယောက်နဲ့ သူ့အမျိုးသမီးရယ် အဲဒီ ၄ ယောက် အသတ်ခံရတယ်” ဟု ၎င်းက ဆိုသည်။

ယင်းသို့ အသတ်ခံရပြီးနောက် ယခုအခါ ဒေသခံများနှင့် ကျောင်းဆရာ၊ ဆရာမများ၊ ဆေးရုံဝန်ထမ်းများမှာ ညဘက် အပြင် မထွက်ရဲကြကြောင်း သီပေါမြို့နယ် ဒေသခံက ဆက်ပြောသည်။

အလားတူပင် တန့်ယန်းမြို့နယ်ရှိ ကျေးရွာတချို့တို့တွင်လည်း ကျောင်းဆရာ၊ ဆရာမနှင့် ဒေသခံရွာသားတချို့ အသတ်ခံရကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ပြောသည်။

SSA-N က ကျောင်းဆရာ၊ ဆရာမများ အသတ်ခံရမှုသည် ၎င်းတပ်ဖွဲ့ဝင်များ၏ လက်ချက် မဟုတ်ကြောင်း လွန်ခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင် ငြင်းဆိုထားသည်။ အဖြစ်မှန်ကို သိရှိနိုင်ရန်အတွက်လည်း SSA-N က စုံစမ်းရေး ကော်မတီဖွဲ့၍ အချက်အလက်များ စတင် စုဆောင်းနေကြောင်းလည်း သိရသည်။

ဦးစိန်ကြည်၏ အဆိုအရ သီပေါမြို့နှင့် တန့်ယန်းမြို့နယ်တို့တွင် ကျောင်းဆရာ၊ ဆရာမ အပါအ၀င် ဒေသခံ ၉ ဦးခန့် အသတ် ခံရကြောင်းလည်း သိရှိရသည်။

ကျောင်းဆရာ၊ ဆရာမများ အသတ်ခံရမှုနှင့် ပတ်သက်၍ မည်သူ့လက်ချက် ဖြစ်သည်ကိုမှု မသိရှိရသေးပေ။ သို့သော် SSA-N တပ်ဖွဲ့ လက်ချက်ရော အစိုးတပ်များ၏ လက်ချက်ပါ ဖြစ်နိုင်ကြောင်း ဒေသခံများ၏ ထင်မြင်ယူဆချက်များလည်း ပေါ်ပေါက်နေသည်။

သီပေါမြို့နယ် ဒေသခံတဦးက “ဒါမျိုးဆိုတာက တကယ်လို့များ ပုဂ္ဂိုလ်ရေး ရန်ငြိုးရှိရင်လည်း အဲဒီလူက သတင်းပေးပဲ ဘာညာ ဆိုပြီးတော့ အဲဒီလိုမျိုး ပြောလိုက်လို့ရှိရင်လည်း ခံရတတ်တယ်။ ပြောရမယ် ဆိုရင်တော့ စစ်ဖြစ်ရင်တော့ ပြည်သူလူထုက မြေစာပင်ပါပဲဗျာ” ဟု ပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ ရှမ်းပြည်နယ်ရှိ မြို့နယ် ၅ မြို့နယ်များတွင် SSA-N တပ်ဖွဲ့နှင့် အစိုးရတပ်များ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ရှမ်းပြည် တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေများဖြစ်သော မိုင်းရူး၊ မိုင်းယန်း၊ တန့်ယန်း၊ ကျေးသီး၊ လားရှိုးမြို့နယ်အပြင် သီပေါမြို့အပါအ၀င် နမ့်ဆန်မြို့နှင့် မိုးမိတ်မြို့နယ် စသည့်မြို့နယ်များအထိ တိုက်ပွဲများ ပျံ့နှံ့ခဲ့ကြောင်း သိရသည်။

ယခင် မြန်မာ စစ်အစိုးရသည် ၂ဝ၁ဝ ရွေးကောက်ပွဲ မတိုင်မီ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ကူးပြောင်းရေးအတွက် ကြိုးပမ်းခဲ့ရာ SSA-N က လက်မခံသဖြင့် စစ်ရေးအရ နှစ်ဘက် တင်းမာနေခဲ့သည်။

စစ်အစိုးရက အပစ်ရပ် တပ်ဖွဲ့များကို နယ်ခြားစောင့်တပ် ပြောင်းလဲဖွဲ့စည်းရေးအတွက် ၂၀၀၉ ခုနှစ် ဧပြီလကတည်းက စတင် အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်သည်။

၁၉၈၉ မှ ၁၉၉၅ အတွင်း အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးယူခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၇ ဖွဲ့ ရှိသည်ဟု စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

CDMA 450 နှင့် 800 MHz ဖုန်းချပေးမှု အကန့်အသတ်မရှိ ရပ်ဆိုင်း
ဆက်လင်း Saturday, 07 May 2011 22:42 (ဧရာဝတီ)

အစိုးရနှင့် နီးစပ်သူ ဦးတေဇပိုင် ထူးထရေးဒင်းကုမ္ပဏီ လုပ်ငန်းခွဲတခုဖြစ်သည့် Elite ကုမ္ပဏီက ရောင်းချပေးနေသည့် CDMA 800 နှင့် 450 MHz ဖုန်းများ ချထားပေးမှုကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ကြောင်း မိုဘိုင်းဖုန်း လျှောက်ထားသည့် ၀န်ဆောင်မှုလုပ်ကိုင်နေသော ဖုန်းဆိုင်များမှ သိရသည်။

CDMA 450 MHz ဖုန်းများ ချထားပေးမှုကို ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်နေ့ကတည်းက ရပ်နား ထား ခဲ့ပြီး CDMA 800 MHz ဖုန်းများချထားပေးမှုကို ယမန်နေ့မှစ၍ ရပ်နားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အကြီးတန်းအရာရှိတဦးက အတည်ပြုပြောကြားသည်။

အဆိုပါ အကြီးတန်းအရာရှိက “လိုင်းတွေအရမ်းကြပ်သွားမှာစိုးလို့ ခဏရပ်လိုက်တာပါ။ တာဝါတိုင်အသစ်တွေ ထပ်ထောင်ပြီးရင် ပြန်ချပေးသွားမှာပါ” ဟု ဆက်ပြောသည်။

CDMA 450 MHz ဖုန်းများမှာ ချထားပေးမှု ရပ်ဆိုင်းလိုက်သည့်နေမှစ၍ ဈေးတက်သွားခဲ့ပြီး ယခင်က ပြင်ပပေါက်ဈေး ငါးသိန်းခွဲခန့်သာရှိရာမှ ခြောက်သိန်းခန့်အထိ မြင့်တက်သွားခဲ့သည်။

“လူကြီးလက်မှတ်နဲ့လာတဲ့ ဖုန်းလျှောက်လွှာတွေကိုတော့ တလုံးစနှစ်လုံးစ ဆက်ချပေးနေပါတယ်။ အရင်လို တနေ့ တရာနှစ်ရာ လာလျှောက်သလောက် ချပေးတာတော့ မလုပ်တော့ဘူး” ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း တယ်လီဖုန်းလျှောက်ထားမှု လျှောက်လွှာလက်ခံဌာနမှ ၀န်ထမ်းတဦးက ပြောသည်။

တယ်လီဖုန်းလျှောက်ထားမှုဝန်ဆောင်မှုဆောင် ရွက်ပေးနေသည့်အရောင်းဆိုင်တစ်ဆိုင်က “800 MHz ဖုန်းကလည်း ချထားပေးစရာ အလုံးတသောင်းလောက်ပဲ ကျန်တော့တယ်။ ဒါမကုန်မချင်းတော့ နည်းနည်းချင်း ထပ်ချပေးသွားမယ် ထင်တယ်” ဟု ဆိုသည်။

Mr. Fone အရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက “450 MHz ဖုန်း တွေကတော့ ရပ်သွားတာ ဆယ်ရက်လောက် ရှိပြီဆိုတော့ ငါးသောင်းလောက် ဈေးတက်သွားတယ်။ 800 MHz တွေလည်း မချပေးတာ အခုမှဆိုတော့ ဈေးတက်မတက်တော့ မသိဘူး။ ဒါပေမယ့် ဒီဖုန်းတွေက တဆင့်ပြန်ဝယ်ရင် အခုလေးသိန်းခွဲလောက်ပဲ ဈေးပေါက်တော့တာဆိုတော့ အများကြီးတော့ မတက်လောက်ပါဘူး” ဟု ရှင်းပြသည်။

ပြည်ထောင်စု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဦးသိန်းထွန်းက မြန်မာနိုင်ငံတွင် လက်ကိုင်ဖုန်း ဆက်သွယ်ရေးလိုင်း အင်အားကို သန်း ၃၀ အထိ တိုးချဲ့သွားမည်ဟု ယခင်လက ကျင်းပသည့် ၁/၂၀၁၁ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေး အစည်းအဝေးတွင် ထည့်သွင်းပြောကြားသွားခဲ့သည်။

ရန်ကုန်မြို့ရှိ စီးပွားရေးလုပ် ငန်းရှင်တဦးက “ဦးသိန်းစိန်က လက်ရှိ သူဌေးကြီး (Tycoon) တွေကို တယောက်မှ ကြည့်မရဘူး။ အခု Elite က ချပေးတဲ့ဖုန်းတွေကို ရပ်လိုက်တာလည်း ဆက်သွယ်ရေးလုပ်ငန်း အားလုံးကို ဦးတေဇတယောက်တည်းက ချုပ်ထားတာ မဖြစ်စေချင်ဘူးထင်တယ်။ ဆက်သွယ်ရေးဝန်ကြီး ပြောသွားတဲ့ သန်း ၃၀ ကလည်း GSM စနစ်နဲ့ဖုန်းတွေပဲ ဖြစ်ဖို့များတယ်။ ဦးတေဇကို လုပ်ပိုင်ခွင့်တွေ ထပ်ပေးတော့မယ့်ပုံ မရှိတော့ဘူး” ဟု သုံးသပ်သည်။

ဇန်န၀ါရီလ ၁၈ ရက်နေ့မှစ၍ ကျပ် ၅ သိန်းတန် CDMA 800 MHz ဖုန်းများကို အင်တာနက် အသုံးပြုခွင့် တရားဝင်ပေးခဲ့သော်လည်း အင်တာနက်လိုင်း နှေးကွေးခြင်း၊ ပြတ်တောက်ခြင်း၊ SIM ကတ်များ ပျက်စီးခြင်းတို့ကြောင့် သုံးစွဲသူများ အခက်အခဲ ဖြစ်နေကြောင်းလည်း သိရသည်။

CDMA 800 MHz ဖုန်းများကို ၂၀၁၀ နှစ်ဆန်းပိုင်းတွင် စတင်ချထားပေးခဲ့ပြီး CDMA 450 MHz ဖုန်းများကို ၂၀၁၀ သြဂုတ်လတွင် စတင်ချထားပေးခဲ့သည်။

အာဆီယံ အလှည့်ကျဥက္ကဋ္ဌတာဝန် မြန်မာ အဆိုပြုချက် စင်ကာပူ ကန့်ကွက်
2011-05-07 RFA

၂ဝ၁၄ ခုနှစ်အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန် ရယူဖို့ မြန်မာနိုင်ငံက အဆိုပြုထားတဲ့ ကိစ္စကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ဒီကနေ့စတင် ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးမှာ စင်္ကာပူနိုင်ငံက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

အာဆီယံညီလာခံနဲ့ နီးစပ်သူ အရာရှိတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထိုင်းနိုင်ငံအခြေစိုက် The Nation သတင်းစာကြီးရဲ့ အင်တာနက်စာမျက်နှာမှာ အခုလို ဖော်ပြထားပါ။ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် လက်ခံမခံ ဆုံးဖြတ်ချက်ကို ရွှေ့ဆိုင်းရဖို့ အလားအလာရှိတယ်လို့လည်း ဆိုပါတယ်။

တကယ်လို့ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ်အတွက် အလှည့်ကျဥက္ကဋ္ဌနေရာ ပေးဖို့ အများသဘောတူညီချက် မရရှိခဲ့ရင် မူလ သတ်မှတ်ထားတဲ့အတိုင်း ၂ဝ၁၆ ခုနှစ်ကျမှသာ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူရဖို့ ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံဟာ ၂ဝဝ၆ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဖို့ ရှိပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာဖိအားကြောင့် အလှည့် ကျော်ခဲ့ပါတယ်။ အခု ၂ဝ၁၄ ခုနှစ်ဟာ လာအိုနိုင်ငံရဲ့ အလှည့်ဖြစ်ပေမယ့် လာအိုအစား မြန်မာက အလှည့် ဝင်ယူဖို့ အဆိုပြုထားတာ ဖြစ်ပါတယ်။

အာဆီယံဥက္ကဋ္ဌနေရာကို နှစ်စဉ် တနိုင်ငံချင်း အလှည့်ကျ တာဝန်ယူဖို့ သတ်မှတ်ထားချက်အရ ၂ဝ၁၂ အတွက် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ကို ကမ္ဘောဒီးယား၊ ၂ဝ၁၃ အတွက် ဘရူနိုင်း၊ ၂ဝ၁၄ လာအိုနဲ့ ၂ဝ၁၅ မှာ မလေးရှားနိုင်ငံတို့က တာဝန်ယူရမှာ ဖြစ်ပါတယ်။

မြန်မာကို အာဆီယံ ဥက္ကဋ္ဌ ပေးရေးဆုံးဖြတ်ရန် ရွှေ့ဆိုင်း
ခင်ဦးသာ ဧရာဝတီ ။ 7 - မေ - 2011

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန်အား လာမည့် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံကို လွှဲပြောင်းပေရေးအတွက် ဆုံးဖြတ်ချက်ကို ယခုနှစ်နှောင်းပိုင်းအထိ ရွှေ့ဆိုင်းထားမည်ဟု လက်ရှိ ဥက္ကဋ္ဌ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မစ္စတာ နာတာလ်ဂဲဝါး (Mr Natalegawa) က ပြောဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်များနှင့်ပတ်သက်၍ အချက်အလက် ရှာဖွေရေးအဖွဲ့တခု မကြာမီရက်သတ္တပတ်အတွင်း စေလွှတ် မည်ဖြစ်ပြီး မြန်မာပြည် အာဆီယံ ဥက္ကဋ္ဌ တာဝန်ပေးရေးကို အလောသုံးဆယ် လုပ်ဆောင်သွားမည် မဟုတ်ဟု မစ္စတာ နာတာလ်ဂဲဝါး က ဧရာဝတီသို့ ယနေ့ ပြောသည်။

“ဒီခရီးစဉ်ကနေ နိုင်ငံရေးအခြေအနေတွေ၊ အစိုးရသစ်ဟာ ဘာအပြောင်းအလဲတွေ လုပ်ထားပြီလဲ ဆိုတာတွေ လေ့လာသွားမယ်၊ လေ့လာပြီးမှ ဥက္ကဋ္ဌ တာဝန်ပေးသင့်မပေးသင့် စဉ်းစားသုံးသပ် သွားမယ်”ဟု အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီးက ဆက်ပြောသည်။

မြန်မာနိုင်ငံသည် အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူမည်ဆိုပါက အာဆီယံထိပ်သီးအစည်းအဝေး ကျင်းပနိုင်ခြေရှိမရှိဆိုသည် ကိုလည်း အကဲဖြတ်ရမည်ဟု မစ္စတာ နာတာလ်ဂဲဝါး က ဆိုသည်။

မြန်မာနိုင်ငံအား အာဆီယံဥက္ကဋ္ဌ တာဝန်ပေးရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံသို့ လာရောက်မည့် ကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံလိုကြောင်း မစ္စတာ နာတာလ်ဂဲဝါးက ပြောဆိုသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြီးခဲ့သည့်လတွင် ကျင်းပခဲ့သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ မြန်မာ အစိုးရသစ်၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ၂၀၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူရေး အတွက် လျှောက်ထားခဲ့သည်။

“မြန်မာနိုင်ငံတွင်းက နိုင်ငံရေးအခြေအနေတွေကို မသုံးသပ်နိုင်ဘဲနဲ့ အစိုးရသစ်ကို လူအများရဲ့ ယုံကြည်မှုတွေပေးဖို့ ဖိအား ပေး တာမျိုးကို လက်မခံနိုင်ဘူး”ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ၌ မေလ ၇ ရက်နှင့် ၈ ရက်နေ့တွင် ပြုလုပ်မည့် ၁၈ ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး (The 18th Asean Summit) မတိုင်မီ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ အာဆီယံ ဥက္ကဋ္ဌ တာဝန်အား မြန်မာကို ပေးသင့်မပေးသင့် ကိစ္စများကို အကြိုဆွေးနွေးခဲ့ကြသော်လည်း အဖြေမရကြသေးပေ။

မြန်မာနိုင်ငံ သမ္မတသစ် ဦးသိန်းစိန်သည် နံနက်ဖြန်ပြုလုပ်မည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ပြီး ၎င်း၏ အစိုးရသစ်အား အာဆီယံနှင့် နိုင်ငံတကာ၏ ထောက်ခံမှုရရှိရေးတို့ကို လိုလားသည့် လက္ခဏာများကိုလည်း တွေ့နေရသည်။

မြန်မာနိုင်ငံ၌ စစ်တပ်မှအရပ်သားပုံစံပြောင်းလာသော အစိုးရကို အပြုသဘောဆောင်သော အပြောင်းအလဲဟု ရှုမြင်ကြပြီး သမ္မတသစ် ဦးသိန်းစိန်သည် ဆွေးနွေးရ လွယ်ကူသော သဘောထားပျော့ပျောင်းသည့် ခေါင်းဆောင်တဦး ဖြစ်မည်လိမ့်ဟု အာရှသံတမန်များက မျှော်လင့်နေကြကြောင်း သိရသည်။

ထိုင်းဝန်ကြီးချုပ် အဖီဆစ်ဝေ့ချာချီဝက “မြန်မာအစိုးရသစ်နဲ့ ထိတွေ့ဆက်ဆံဖို့နည်းလမ်းကလွဲရင် တခြားရွေးချယ်စရာ ဘာမှမရှိဘူး၊ ထိတွေ့ဆက်ဆံမှုမလုပ်ဘူး ဆိုရင်မြန်မာပြည်သူတွေရဲ့အခြေအနေဟာ လက်ရှိထက် အများကြီး ဆိုးသွားလိမ့်မယ်” ဟု မကြာသေးခင်က ဧရာဝတီကို ပြောဆိုခဲ့သည်။

မြန်မာနိုင်ငံအား အာဆီယံ ဥက္ကဋ္ဌတာဝန်ပေးရေးမပေးရေး ကိစ္စသည် အာဆီယံအဖွဲ့ကြီးအပြင် အနောက်နိုင်ငံများ ထောက်ခံမှုလည်း လိုအပ်ပြီး အမေရိကန်အစိုးရသည် မြန်မာနိုင်ငံရေးအခြေအနေ တိုးတက် ပြောင်းလဲလာမှု မတွေ့ရသေးဟုဆိုကာ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန်ယူရေးကို ကန့်ကွက်ထားသည်။

မစ္စတာနာတာလ်ဂဲဝါးသည် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် မြန်မာအစိုးရကို တောင်းခံခဲ့သော်လည်း ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရသစ်သည် အလုပ်များလွန်းနေသေးသည်ဟု ဆိုကာ လာရောက်ခွင့်မရခဲ့ပေ။

သို့သော် အာဆီယံ ထိပ်သီးအစည်းအဝေးပြုလုပ်ရန် ရက်ပိုင်းအလို မေလ ၃ ရက်နေ့၌ ၎င်းအား လာရောက် လည်ပတ်ခွင့် ပြုကြောင်း မစ္စတာနာတာလ်ဂဲဝါး က ဆက်ပြောသည်။

“အာဆီယံ ထိပ်သီးအစည်းအဝေး ကိစ္စနဲ့အလုပ်များနေတဲ့အချိန်မှာ ချက်ချင်း လာခွင့်ပြုတော့ ကျနော်လည်း မသွားနိုင်တော့ဘူးပေါ့” ဟု ၎င်းက ဆိုသည်။

“မြန်မာစိုးရက သူ့အကျိုးစီးပွားအတွက် ကျနော့်ကို အသုံးချလိုက်မှာလည်း ကျနော်စိုးရိမ်တယ်ဗျာ”ဟုလည်း မစ္စတာ နာတာလ်ဂဲဝါး က ဆက်ပြောသည်။

ဂျကာတာ၌ ယမန်နေ့ကပြုလုပ်သော အာဆီယံ အဆင့်မြင့်အရာရှိများ အစည်းအဝေး(The ASEAN Senior Officials Meeting)၌၂၀၁၄ အတွက်အာဆီယံ ဥက္ကဋ္ဌ တာဝန်အား မလေးရှားနိုင်ငံကသာ ယူသင့်ပြီး မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်မှသာ ယူသင့်သည်ဟု စင်္ကကာပူကိုယ်စားလှယ်က ပြောဆိုပြီး ထိုင်းကိုယ်စားလှယ်ကမူ ၂၀၁၄ တွင်မြန်မာနိုင်ငံက ယူလျှင် လည်း ပြဿနာမရှိဟု ပြောဆိုခဲ့သည်။

၂၀၀၆ ခုနှစ် အာဆီယံ၏ ဥက္ကဋ္ဌတာဝန်ယူရန် အလှည့်ကျခဲ့သေည်လည်း ယခင် နအဖစစ်အစိုးရသည် အနောက်နိုင်ငံများ၏ ဖိအားများ၊ အမေရိကန်အစိုးရ၏ ဖိအားများ စသည်တို့ကြောင့် ဥက္ကဋ္ဌ တာဝန်ယူရန် မြန်မာအစိုးရအနေဖြင့် အဆင်သင့်မဖြစ် သေး ဟု ဆိုကာ ၂၀၀၅ ခုနှစ်က ငြင်းပယ်ထားခဲ့သည်။

စင်္ကာပူက မြန်မာပရဟိတအဖွဲ့ ၈ ဖွဲ့က မြန်မာပြည်သို့ မြွေဆေးလှူဒါန်းကြ 
မိုးမခရွာဆော်ကြီး၊ ဓာတ်ပုံသတင်း မေ ၇၊ ၂၀၁၁

သတင်းလက်ခံရရှိတာကို တင်ဆက်လိုက်ပါတယ်။ သာဓု ခေါ်ကြပါ။

စင်္ကာပူနိုင်ငံ ပရဟိတ ၈ ဖွဲ့ စုပေါင်းလှူဒါန်း ကြသော မြွေဆိပ်ဖြေဆေးနှင့် အသက်ကယ်ဆေးများ ၀ယ်ယူနိုင်ရန် အလှူငွေ ကျပ် သိန်း ၅၀ ကျော်ကို မေလ ၅ ရက် ၂၀၁၁ ညနေ ၉ နာရီက မြင်းမူ တိပိဋကဆရာတော်ကြီးထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။

အသင်းများအလိုက် ကောက်ခံရရှိသော စာရင်းကိုလည်း အခုလို တင်ပြထားပါတယ်။

စနေဓမ္မမိတ်ဆွေများ အဖွဲ - စင်္ကာပူဒေါ်လာ ၁၁၀၀.၀၀
ဗုဒ္ဓအလင်းရောင်ပါရမီဖြည့် အသင်း - - စင်္ကာပူဒေါ်လာ ၁၀၀၀.၀၀
သာသနာ့ရောင်ခြည် အသင်း - စင်္ကာပူဒေါ်လာ ၅၀၀.၀၀
ထားဝယ် မိသားစု အသင်း - စင်္ကာပူဒေါ်လာ ၂၀၀.၀၀
အောင်လံ သုခိတာ အသင်း - စင်္ကာပူဒေါ်လာ ၇၀၀.၀၀
PSA မြန်မာ မိသားစု - စင်္ကာပူဒေါ်လာ ၂၇၀၅.၀၀
Lotus Foundation - စင်္ကာပူဒေါ်လာ ၃၃၀.၀၀
Abidhamma Foundation - စင်္ကာပူဒေါ်လာ ၅၆၅.၀၀
စုစုပေါင်း ကောက်ခံငွေ - စင်္ကာပူဒေါ်လာ ၇၄၀၇.၀၀

မြွေဆိပ်ဖြေဆေးနှင့်အသက်ကယ်ဆေး လှူဒါန်းလိုသူများ၊ ဆက်သွယ် လှူဒါန်း နိုင် ရန် -
၁။ ဦးအေးငြိမ်း ဖုံး ၉၇၃၀၃၀၂၇
၂။ ဦးနွယ်ဝင်း ဖုံး ၉၂၃၀၁၃၀၄
၃။ ကိုဇော်မျိုးမင်း ဖုံး ၈၂၆၁၉၅၈၁
၎။ ဒေါ် ဆုရည်မွန် ဖုံး ၈၃၁၄၅၆၇၅
၅။ ဒေါ်မူယာနွယ် ဖုံး ၈၁၃၄၃၃၁၇

ပဲခူး NLD ကျန်းမာရေးကွန်ရက်အဖွဲ့ နွမ်းပါးသူများကို အခမဲ့ ကုသပေး
2011-05-07 RFA

ပဲခူးမြို့ NLD ကျန်းမာရေးကွန်ရက် အဖွဲ့က ကြီးမှူးပြီး မြို့ပေါ်ရှိ ပရဟိတ ဆရာတော် ဦးကိတ္ထိကျောင်းတိုက်မှာ ပဲခူးမြို့နယ် ကျေးရွာပေါင်းစုံက လူမျိုးဘာသာမရွေး၊ ကလေးလူကြီးမကျန် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးကြည့်ရှု ကုသပေးပြီး ဆေးဝါး တွေ အခမဲ့ ပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အခုလို စစ်ဆေး ကြည့်ရှု ကုသရာမှာ ဆရာဝန်တွေ ဖြစ်ကြတဲ့ ဒေါက်တာအောင်ခင်နဲ့ ဒေါက်တာစန်းမောင်မောင် တို့က စေတနာ့ဝန်ထမ်း စမ်းသပ်ကုသပေးခဲ့ရာမှာ ငွေကြေးမတတ်နိုင်သူ အနီး ပတ်ဝန်းကျင် ကျေးရွာတွေက ကလေးလူကြီး စုစုပေါင်း တရာနီးပါး လာရောက် ဆေးကုသ ခံယူခဲ့ကြတယ်လို့ သိရပါတယ်။

အပြင်ဆေးခန်းတွေမှာ ငွေကြေးမတတ်နိုင်သူတွေကို အခုလို အခမဲ့ ဆေးစစ်ဆေး စမ်းသပ်၊ ကုသပေးတဲ့အပြင် လိုအပ်တဲ့ ဆေးဝါးတွေကိုပါ ကွန်ရက်အဖွဲ့က ပေးလှူခဲ့တာနဲ့ ပတ်သက်လို့ NLD ကျန်းမာရေးကွန်ရက်အဖွဲ့ လူငယ်အဖွဲ့ဝင်တဦးက အခုလို ပြောပြပါတယ်။

“ကျနော်တို့ ပြည်သူတွေ အနေအထားနဲ့ကလည်း ငွေရေးကြေးရေး မတတ်နိုင်ဘူးဗျ။ တခြား ဆေးခန်းတွေ သွားမယ်ဆိုရင် ၃ ထောင် ၄ ထောင် ကုန်တယ်။ တနေ့ရှာတာမှ ၂ ထောင်၊ ၂ ထောင့် ၅ ရာပဲ ရတယ်။ အဲဒီလို အကုန်အကျမျိုး ရှိတဲ့အခါကျတော့ သူတို့မှာ မသွားနိုင်ဘူး။ အိမ်မှာပဲ ဆေးမြီးတိုလေးတွေနဲ့ ကုသနေရတယ်။ အခုလို ကျနော်တို့ သွားကုသတဲ့အခါကျတော့ သူတို့တွေ အရမ်းပျော်တယ်။ ပရဟိတ ဦးကိတ္ထိကျောင်းက ဓမ္မာရုံမှာ ထိုင်ပြီးတော့ ဆေးဝါးကုသပေးတာပါ”

ဆရာတော် ဦးကိတ္ထိကလည်း ဆေးဝါးကုသဖို့ လာရောက်ကြတဲ့ ပြည်သူတွေကို ထမင်းကျွေးမွေးပြီး ဧည့်ခံခဲ့တယ်လို့လည်း သိရပါတယ်။

အခုလို ပဲခူး NLD ကျန်းမာရေးကွန်ရက်အဖွဲ့က ပြည်သူတွေကို အခမဲ့ ကျန်းမာရေး စစ်ဆေးကုသမှု ပြုလုပ်ပေးတာ အခုတကြိမ်နဲ့ ဆိုရင် တတိယအကြိမ် ရှိပြီလို့လည်း NLD ကွန်ရက်အဖွဲ့က ပြောပါတယ်။

မြန်မာ ဥက္ကဋ္ဌဖြစ်ရေး အာဆီယံ မူအားဖြင့် သဘောတူ
By ဦးဇော်ဝင်းလှိုင် စနေ, 07 မေ 2011

၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ပေးဖို့ အာဆီယံ အဖွဲ့က မူအားဖြင့် သဘောတူ လိုက်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာအစိုးရက ခေါ်လာတဲ့ ကိုယ်စားလှယ် အဖွဲ့ကို လူမှုအခြေပြု ကိုယ်စားပြု အဖွဲ့အဖြစ် အာဆီယံ ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံတဲ့အထဲကို ပါဝင်တက်ရောက်ခွင့် ပြုလိုက်ပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံ ၂၀၁၄ ခုနှစ်မှာ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူရေး ကိစ္စဟာ အခုကျင်းပဆဲ ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲမှာ လူအများ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အကြောင်းအရာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး အမျိုးမျိုးကို ဆက်လက် ချိုးဖောက်နေဆဲ ဖြစ်တာမို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မဖြစ်သင့်သေးဘူးဆိုပြီး ရှုတ်ချ ကန့်ကွက်နေသူတွေလည်း ရှိပါတယ်။ ဒီကြားထဲမှာမှ ဒီကနေ့ စတင်ကျင်းပတဲ့ ထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာနိုင်ငံကို အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖို့ မူအားဖြင့် သဘောတူလိုက်ကြတာပါ။

ဒါပေမဲ့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ ထူးခြားတဲ့ ပြောင်းလဲမှု မရှိသေးတဲ့အပြင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲ ဖြစ်တာကြောင့် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖို့ မသင့်သေးဘူးလို့ AIPMC မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ် အင်ဒိုနီးရှား လွှတ်တော်အမတ်လည်းဖြစ်တဲ့ အီဗာ ဆွန်ဒါရီ (Eva Sundari) က ပြောပါတယ်။

“လက်ရှိအခြေအနေမျိုးမှာ မြန်မာနိုင်ငံ ဆက်ရှိနေသ၍တော့ အလှည့်ကျဥက္ကဋ္ဌ ဖြစ်လာရင် နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားမှာ မြန်မာနိုင်ငံဟာ အာဆီယံအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်နေဦးမှာပါ။ အပြင်လူတွေ အတွက်ကလည်း အခုလို ကိုယ့်လူမျိုး ဖိနှိပ်နေတဲ့ အစိုးရ၊ လူ့အခွင့်အရေးတွေ ချိုးဖောက်နေတဲ့ အစိုးရနဲ့ ထိတွေ့ ဆက်ဆံလိုကြမှာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံအနေနဲ့ တိုင်းပြည်အတွင်းက အခြေအနေတွေ တိုးတက်ကောင်းမွန်အောင် မလုပ်သေးသ၍တော့ အာဆီယံအတွက်ရော အာဆီယံနဲ့ ထိတွေ့ ဆက်ဆံကြမယ့် နိုင်ငံတွေ အတွက်ပါ အကျိုးဖြစ်ထွန်းစေမှာလည်း မဟုတ်ပါဘူး။”

တဘက်မှာ အင်ဒိုနီးရှားနိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေတဲ့ကာလ ဖြစ်တာကြောင့် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်မယူခင် ကြိုတင် ကန့်သတ်ချက်တွေထဲ မြန်မာနိုင်ငံ အတွင်းက လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာအောင် အရင်လုပ်ဆောင်ဖို့ တိုက်တွန်းလိမ့်မယ်လို့လည်း အီဗာ ဆွန်ဒါရီက ပြောပါတယ်။

ဒီအတောအတွင်း ဒီနေ့စတင်ပြုလုပ်တဲ့ အာဆီယံ ထိပ်သီးများရဲ့ စည်းဝေးပွဲမှာ အစိုးရခေါင်းဆောင်တွေ နိုင်ငံခေါင်းဆောင်တွေအပြင် အာဆီယံ တခုလုံးရဲ့ လူထုကို ကိုယ်စားပြုတဲ့ ACSC လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ် တချို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီ လူထုအခြေပြု အဖွဲ့တွေက ကိုယ်စားလှယ် ၇ ဦးကို ရွေးချယ်ပြီး ထိပ်သီးစည်းဝေးပွဲတက်ဖို့ စေလွှတ်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်စားလှယ် ရွေးချယ်တဲ့ နေရာမှာ မြန်မာဘက်က ပြည်ပအခြေစိုက် လူထုအခြေပြု အဖွဲ့အစည်းတွေအပြင် မြန်မာအစိုးရက ခေါ်လာတဲ့ အကြံပေး အဖွဲ့ဝင်တွေကလည်း လူထုအခြေပြု ကိုယ်စားလှယ်တွေအဖြစ် ပါဝင်လာတာကြောင့် မြန်မာအဖွဲ့ ၂ ဖွဲ့ဖြစ်နေပြီး ကိုယ်စားလှယ်ရွေးဖို့ အခက်အခဲ ကြုံခဲ့ရတဲ့အကြောင်း လူထုအခြေပြု အစည်းဝေးကို တက်ရောက်ခဲ့တဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့ Burma Partnership အဖွဲ့က မခင်ဥမ္မာက ပြောပါတယ်။

“မြန်မာနိုင်ငံ မပါရခြင်း အကြောင်းရင်းကလည်း ဘာကြောင့်လဲဆိုရင် ရဲမှူးကြီးဟောင်း တယောက်က ဦးဆောင်လာတဲ့၊ အခု အသစ်ခန့်အပ်လိုက်တဲ့ သမ္မတ အကြံပေးလို့ ပြောနေတဲ့ ဒေါက်တာ နေဇင်လတ်တို့၊ ဦးမောင်မောင်လှိုင်တို့၊ ဦးစစ်အေးတို့ ပေါင်းပြီးတော့မှ လာတဲ့အဖွဲ့ ရှိတယ်။ အဲဒီအဖွဲ့က ကျမတို့ လူထု အခြေပြု အဖွဲ့တွေရဲ့ ညီလာခံမှာ လာတက်ကြတယ်။ တက်ပြီးတော့မှ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး သူတို့က တက်ဖို့လုပ်တယ်။ ဒီ Civil Society တွေရဲ့ ကိုယ်စားလှယ် စာရင်းထဲမှာ ပါဖို့ ကြိုးစားတယ်။

“သူတို့က လာပြီး ကျမတို့ ကိုယ်စားလှယ်ကို နောက်ဆုတ်ခိုင်းတယ်။ သူတို့က နောက်မဆုတ်ပေးဘူး။ သူတို့က အစိုးရလူတွေ ဖြစ်တယ်၊ အစိုးရ ကိုယ်စားပြုတွေ ဖြစ်တယ်။ Civil Society လည်း မဟုတ်ဘူး။ ပြီးတော့ လုပ်ထုံးလုပ်နည်းတွေလည်း မမှန်ဘူး၊ မရှိဘူး။”

လူထုအခြေပြု အဖွဲ့အစည်းတွေကို ကိုယ်စားပြု တက်ရောက်မယ့် ကိုယ်စားလှယ်တွေဟာ အစိုးရက စေလွှတ်တဲ့သူ မဖြစ်စေရဘဲ အမှန်တကယ် လူထုကို အခြေပြုတဲ့ အဖွဲ့အစည်းတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ် ဖြစ်ရမယ်ဆိုတဲ့ မူရှိထားတာကြောင့် အခုလို မြန်မာအစိုးရ ကိုယ်စားလှယ်တွေ အဓမ္မပါဝင်ဖို့ ကြိုးစားတာဟာ လုပ်ထုံးလုပ်နည်းတွေနဲ့ ကိုက်ညီခြင်း မရှိဘူးလို့လည်း မခင်ဥမ္မာက ပြောပါတယ်။

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ စစ်မှန်တဲ့ လူထုအခြေပြု အဖွဲ့အစည်း မဟုတ်တဲ့အတွက် အာဆီယံ ထိပ်သီးခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ့်အထဲ မပါဖို့ အားလုံးက ၀ိုင်းဝန်း ကန့်ကွက်နေတဲ့ ကြားကပဲ ဒီ စည်းဝေးပွဲကို အတင်းတက်ရောက်ခဲ့တာလို့ လူထုအခြေပြု အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေက ပြောပါတယ်။

အာဆီယံ ထိပ်သီးစည်းဝေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ စနေနေ့က စတင်တာဖြစ်ပြီး ၂ ရက်ကြာ ကျင်းပမှာ ဖြစ်ပါတယ်။

ဂျော်ဒန်ရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ
2011-05-07 RFA

အရှေ့အလယ်ပိုင်း အာရပ်နိုင်ငံတခု ဖြစ်တဲ့ ဂျော်ဒန်နိုင်ငံ ဟာဆန်းမြို့ အိုအေစစ် အထည်ချုပ်စက်ရုံက မြန်မာအလုပ်သမား နှစ်ရာကျော်ဟာ အခြေခံလစာငွေ တိုးပေးဖို့ ဧပြီလ (၂၄) ရက်နေ့က စပြီး ဆန္ဒပြနေကြောင်း သတင်းရရှိပါတယ်။

ရန်ကုန်မြို့မှာ ပွဲစားနဲ့ စာချုပ်ချုပ်စဉ် အခြေခံလစာအဖြစ် ဂျော်ဒန်နိုင်ငံသုံးငွေ JD (၁၁ဝ) ပေးမှာဖြစ်ပြီး အဲဒီနောက်ပိုင်း JD (၂ဝဝ) ကျော်အထိ တိုးမြင့် ပေးသွားမယ်လို့ ကတိပေးခဲ့ပေမယ့် ကတိအတိုင်း ဖြစ်မလာတဲ့အပြင် စားစရိတ် ဖြတ်တောက်တာ၊ ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျငွေ ထုတ်မပေးတာတွေကြောင့် အခုလို ဆန္ဒပြရတာဖြစ်ကြောင်း ဆန္ဒပြရာမှာ ပါဝင်သူ မမေမျက်ဝန်းက RFA ကို ပြောပါတယ်။

ဂျော်ဒန်နိုင်ငံမှာ နိုင်ငံခြားသားတွေ ရသင့်တဲ့ အခြေခံလစာအဖြစ် JD (၁၁ဝ) သတ်မှတ်ထားပြီး ဂျော်ဒန် နိုင်ငံသားတွေအတွက် အခြေခံလစာကတော့ JD (၁၅ဝ) ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားသားတွေ အလုပ်လုပ်နေတဲ့ တခြား အထည်ချုပ် စက်ရုံတွေမှာတော့ စားစရိတ်လည်း မဖြတ်တဲ့အပြင် ကျန်းမာရေး စောင့်ရှောင့်မှုတွေလည်း ပေးပြီး လစာငွေလည်း ပိုပေးကြောင်း သိရပါတယ်။

အခု ဆန္ဒပြနေကြတဲ့ စက်ရုံမှာ မြန်မာအလုပ်သမား ၂၃၅ ဦး ရှိပါတယ်။ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံသားတွေလည်း လုပ်ကိုင်နေကြပြီး တရုတ်နဲ့ ဗီယက်နမ် နိုင်ငံသားတွေက လွဲလို့ ကျန်တဲ့ နိုင်ငံသားတွေ အားလုံး ဆန္ဒပြနေကြတယ်လို့ သိရပါတယ်။

ကန်ဒါဟာနယ် အစိုးရရုံး တာလီဘန် ဝင်တိုက်
By ဗွီအိုအေ (မြန်မာဌာန) စနေ, 07 မေ 2011

အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက ကန်ဒါဟာ (Kandahar) မြို့က နေရာအများအပြားကို တာလီဘန် တွေက တိုက်ခိုက်နေလို့ လူအနည်းဆုံး ၂၄ ဦး ဒဏ်ရာရရှိသွားပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ခြံဝန်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဇာလ်မေး အာယူဘီ (Zalmay Ayoubi) က အဲဒီခြံဝန်းထဲကနေ ဖုန်းနဲ့ လှမ်းပြောသွားပါတယ်။

ရဲစခန်းတခု အပါအဝင် မြို့ရဲ့ တခြားအပိုင်းတွေမှာလည်း သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရတယ် လို့ ပြောကြပါတယ်။

တိုက်ခိုက်မှုတွေက စနေ မွန်းလွဲပိုင်းမှာ စတင် ဖြစ်ပွားတာဖြစ်ပြီး စစ်သွေးကြွတွေက လက်နက်ငယ်တွေ၊ RPG ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေကြတယ်ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။ တိုက်ပွဲတွေ စတင်ပြီး နာရီ တော်တော်ကြာကြာထိလည်း သေနတ်သံတွေ ကြားနေရဆဲလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

တာလီဘန်တို့က ဒီတိုက်ခိုက်မှုတွေကို သူတို့ လုပ်ဆောင်တာပါလို့ ပြောနေပြီး နွေဦး ထိုးစစ်တွေ စတင်မယ် လို့ တာလီဘန်က ကြေညာပြီး တပတ်အကြာမှာပဲ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားတာပါ။

အိုစမာ ဘင်လာဒင် (Osama Bin Laden) အသတ်ခံလိုက်ရတာဟာ သူပုန်တွေကို စိတ်ဓာတ် တက်ကြွ အောင် လုပ်ဆောင်ပေးလိုက်တာပဲ ဆိုပြီး တာလီဘန်တို့က ကြေညာချက် ထုတ်လိုက်ပြီး နောက်တရက်မှာ ကန်ဒါဟာမြို့မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားတာပါ။

ဒါပေမဲ့ အခု တိုက်ခိုက်မှုတွေက လက်တုံ့နှင်း လုပ်ဆောင်တာ မဟုတ်ပါဘူးလို့ စစ်သွေးကြွတွေရဲ့ ပြောရေး ဆိုခွင့် ရှိသူက ပြောပါတယ်။

အေးရှားဝေါလ် ပရောဂျက်ကြောင့် လူနေရပ်ကွက်များ ရေကြီး

ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့ နယ် ဟုမ်းလမ်းမှတ်တိုင်အနီးတွင် အေးရှားဝေါလ်ကုမ္ပဏီက ဆိပ်ခံတံတားဆောက်လုပ်နေပါသည်။ကြည့်မြင့်တိုင်မြို့နယ် ထီးတန်းရပ်ကွက်၊ ဆေး/ငြိမ်းရပ်
ကွက်များမှ ရေဆိုးများ ရန်ကုန်မြစ်တွင်းသို့ စီးဆင်းသည့် မြောင်းကြီးမှာ ယင်းပရောဂျက်ကြောင့် ပိတ်ဆို့သွားပါသည်။

ယခင်နှစ်များက မိုးရေချိန်အလွန်အမင်း များပြားချိန်နှင့် ထူးကဲဒီရေတက်ချိန်များမှအပ ကျနော်တို့ရပ် ကွက်များအတွင်း ရေလျှံခြင်းမရှိပါ။ ယခုနှစ်တွင် ရေဆင်းမြောင်း ပိတ်ဆို့နေသဖြင့် မိုးရွာသွန်းချိန်တိုင်း
လူနေရပ်ကွက်များအတွင်းသို့ ရေဆိုးများ ဝင်ရောက်လာပြီး နေအိမ်အများအပြား ရေလျှံနစ်မြုတ်သလို ရပ်ကွက်တွင်းနေထိုင်သူများ သွားလာရာတွင် အခက်အခဲများကြုံတွေ့နေရပါသည်။ ရေများမှာ ရေဆိုး
များဖြစ်၍ ခြင်များလည်း ပေါလာပါသည်။

သို့ဖြစ်၍ ရပ်ကွက်သူ ရပ်ကွက်သားများ၏ အခက်အခဲကို မီဒီယာများ၊ သတင်းဌာနများမှ တဆင့် အများသိစေရန် ဖော်ထုတ်ပေးပါရန် မေတ္တာရပ်ခံပါသည်။
ယနေ့ မနက်ပိုင်းက မိုးရွာသွန်းချိန် အနေအထား၊ အေးရှားဝေါလ်ပရောဂျက်က ပိတ်ဆို့ထားသည့်
ရေဆင်းမြောင်းပုံများကို ပေးပို့လိုက်ပါသည်။

တစ်ထောင် ကျပ်တန် ငွေစက္ကူအတုများ နိုင်ငံတ၀ှမ်းတွင် သိမ်းဆည်းရမိ

မြန်မာ နိုင်ငံတော် ဗဟိုဘဏ် မှ ၁၉၉၈ ခုနှစ် တွင် နိုင်ငံတွင်း သုံး ငွေကြေး နှင့် နိုင်ငံခြား ငွေကြေး များ နှင့် ပါ လဲလှယ် နိုင်ရန် ထုတ်လုပ် ခဲ့ သည့် ၁၀၀၀ ကျပ် တန် ငွေ စက္ကူ အတု များ ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီ၊ လားရှိုး၊ တာချီလိတ် ၊ မော်လမြိုင်၊ ဘားအံ၊ မြ၀တီ ၊ ပုဂံ နှင့် မြစ် ကြီး နား မြို့ များ တွင် ဧပြီ လ နှင့် မေ လ အတွင်း ကျပ်ငွေ သိန်း တစ်သောင်း ရှစ်ထောင် ကျော် ဖိုးခန့် ဖမ်း ဆီး ရမိ သည် ဟု Freedom News Group မှ သတင်း ရရှိသည်။

မြန်မာ ၀ီကီလိခ် မှာ ရရှိခဲ့သော သတင်း အချက် အလက် များ အရ ရန်ကုန် မြို့ ရှိ အထူး စုံစမ်း စစ်ဆေးရေး ဦးစီးဌာန မှ တာဝန်ရှိသူများ သည် ဧပြီလ အတွင်း က သတင်းအရ ရန်ကုန် မြို့  ရှိ ဟိုတယ် နှင့် နေအိမ် အချို့ တွင် ငှားရမ်း နေထိုင်သူများ အား ၀င်ရောက် ရှာဖွေ ဖမ်းဆီးရာ ၁၀၀၀ ကျပ်တန် ငွေ စက္ကူ အတု သိန်း ၉၀၀၀ ဖိုးခန့်  နှင့် လူ ရှစ်ဦး ကို ဖမ်း ဆီး ရမိ ပြီး နှစ် ဦးမှာ ပြည်ထောင် စု ကြံ့ခိုင် ရေး နှင့် ဖွံ့ ဖြိုး ရေး ပါတီ ၀င်များ ဖြစ်ပြီး ထိုသူ နှစ်ဦးမှာ ရန်ကုန် မြို့  မြို့ တော် ခန်း မရှေ့  နှင့် ဗိုလ်အောင် ကျော် လမ်း တို့ တွင် နိုင်ငံခြား လဲလှယ် ရေး လုပ်ငန်းများ နှင့် ဆက် စပ် နေသောသူ များ ဖြစ်သည် ဟု သတင်း ရရှိသည်။

မူဆယ် မြို့ တွင် ဧပြီလ ၂၃ ရက် နေ့ နှင့် ၂၄ ရက်နေ့ တွင် ဖမ်းဆီး ရမိပြီး မူဆယ် မှ ဖမ်းဆီး ရမိ သူ နှစ်ယောက် ၏ ထွက်ဆိုချက် များ ကို အခြေခံ ပြီးလိုက် လံ ဖမ်းဆီးရာ တာချီလိတ် ၊ မန္တလေး နှင့် မြ၀တီ မြို့ များ တွင် ယခု တစ် ပတ် အတွင်း ဆက် တိုက် ဖမ်း ဆီး ရမိ သည် ဟု သတင်း ရရှိသည်။

၁၀၀၀ ကျပ်တန် ငွေစက္ကူ အတု များ သည် တရုတ် ၊ ထိုင်း နှင့် လာအို နိုင်ငံ ဘက်များ မှ အများ ဆုံး ၀င်ရောက် လာခြင်း ဖြစ်ပြီး နယ်စပ် ဒေသ ကုန်စည် နှင့် ငွေကြေး လဲလှယ်မှု များ တွင် ငွေစက္ကူ အတု များ က အလို အလျှောက် ပါဝင် လာပြီး ယခု ကဲ့သို့ ငွေ စက္ကူ အတု အမြောက် အများ ဖမ်း ဆီးရမိမှု မှာ စစ်အစိုးရ သစ် လက်ထက် တွင် ပထမ ဆုံး အကြိမ် ဖြစ် ပြီး မည်သည့် အခါ ကမျှ ပွင့်လင်းမြင်သာမှု မရှိ ခဲ့သည့် စစ်အစိုး တစ်လျှောက် လုံးတွင် လည်း ပထမ ဆုံး အကြိမ် ဖြစ် နိုင်သည် ဟု ဆိုသည်။

ယခင် က ငွေစက္ကူ အတုများ မှာ ရံဖန် ရံခါ ဆိုသလို ဖမ်းဆီး ရမိသော်လည်း ယခု ဖမ်းဆီး ရမိသည့် ပမာဏ လောက် များပြား ခြင်း မရှိ ဟု သိရသည်။ တောင်ဥက္ကလာ ပ မြို့ နယ် နှင့် မြောက်ဥက္ကလာ ပ မြို့ နယ် များ တွင် ငွေစက္ကူ အတု သိမ်းဆည်း ရမိသည့် အိမ်များမှာ စစ်တပ် အရာရှိ ဟောင်းများ နှင့် ကြံခိုင်ရေး ပါတီဝင် များ နှင့် ဆက်နွယ်မှု ရှိသည့် အိမ်များ ဖြစ်သည် ဟု သတင်း ရရှိသည်။

မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ငွေစက္ကူ ပုံနှိပ် ထုတ်ဝေ ရေး ဦးစီးဌာန သည်တစ် နှစ် လျှင် ၁၀၀၀ ကျပ်တန် ရွက် ရေ သိန်း ၈၀ ခန့်  နှစ် စဉ် ပုံနှိပ် ထုတ်ဝေသော် လည်း နိုင်ငံ တွင်း စီဆင်း နေသည့်  ပမာဏာ မှ ထိုထက် မက များ ပြား သည် ဟု ဘဏ္ဍာရေး နှင့် အခွန် ၀န်ကြီး ဌာန မှ ၀န်ထမ်း တစ်ဦး က Freedom News Group သို့ ပြောသည်။

အစိုးရ တာဝန် ရှိသူများသည် လတ်တလောဖမ်းဆီးရမိသည့် ငွေစက္ကူ အတု များ နှင့် ပတ်သက် ပြီး အများ ပြည် သူ သိရှိရန် သတင်း ထုတ် ပြန် နိုင်ဖွယ် ရှိသည် ဟု ရန်ကုန် တိုင်း ရဲတပ် ဖွဲ့ မှုး ရုံးမှ အရာရှိ တစ်ဦးက ပြောသည်။

၁၉၉၈ ခုနှစ် တွင် ၁၀၀၀ ကျပ်တန် ဆိုက်ကြီး ထုတ်ဝေ ပြီး ၂၀၀၄ ခုနှစ် တွင် ဆိုက်သေး ပြောင်းလဲ ထုတ်ဝေခဲ့သည်။

ကော့သောင်းတွင် အစိုးရ ရေတပ်က မွတ်စလင် ၃၀ ဦး ဖမ်းဆီးရမိ
မေလ ၇ ရက်။ (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်တွင် မွတ်ဆလင်လူမျိုး ၃၀ဦး စီးနင်းလိုက်ပါလာသော စက်လှေတစ်စင်းကို အစိုးရ စစ်ရေ ယာဉ်အမှတ်(၅၀၃)မှ ဗိုလ်ကြီးဝင်းသိန်းဇော် ဦးစီးသည့် ရေတပ်ဖွဲ့က မေလ (၂)ရက်နေ့တွင် ဖမ်းဆီးခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက်အရ သိရသည်။

အစိုးရ ရေတပ်အခြေစိုက်ရာ သံကျွန်းစခန်းနှင့် ၁၀ကီလိုမီတာ အကွာအဝေးတွင် အဆိုပါ မွတ်ဆလင်(၃၀)ဦးအား မသင်္ကာသ ဖြင့် ၀င်ရောက်စစ်ဆေးရာမှ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ၎င်းတို့သည် စစ်တွေမြို့မှ ထိုင်းနိုင်ငံတောင်ပိုင်း ဖာ့တိုက်ဘက်သို့ တရား မ၀င် သွားရောက်မည့်သူများဖြစ်သောကြောင့် မြိတ်မြို့ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်သို့ ယခု ပို့ဆောင်လိုက်ပြီဟု စစ်တပ်သတင်း ရပ်ကွက်က ဆိုသည်။

တနင်္သာရီတိုင်းရှိ စစ်တပ်နှင့် နီးစပ်သူတစ်ဦးက “ရခိုင်ပြည်နယ် စစ်တွေ-မော်လမြိုင်လမ်းကြောင်းကနေ လာတယ်။ ည ၂နာရီ အချိန်မှာ ဖမ်းဆီးရမိတာဖြစ်တယ်။ သူတို့တွေဟာ မြန်မာနိုင်ငံသားကဒ် ကိုင်ဆောင်ပေမယ့် ထိုင်းနိုင်ငံကို အလုပ်ထွက်လုပ် မယ့် စာရွက်စာတမ်းမပါတဲ့အတွက် ဖမ်းဆီးလိုက်တာဖြစ်တယ်။ အကုန်လုံးက အမျိုးသားချည်းပဲ။ အခု ကရခကို ပို့လိုက်ပြီ။” ဟု ပြောသည်။

ကော့သောင်းခရိုင်တွင် ယခင်ကလည်း ထိုင်းနိုင်ငံသို့ အလုပ်ထွက်လုပ်ရန်အတွက် တရားမ၀င်သည့် ရေကြောင်းခရီးဖြင့် လာ ခဲ့ကြသည့် ရခိုင်ပြည်နယ်မှ မွတ်ဆလင်များမှာ မြန်မာအာဏာပိုင်များ၏ ဖမ်းဆီးမှုကို မကြာခဏ ခံရကာ ပြန်ပို့ခြင်းခံခဲ့ကြရသည်ဟု အဆိုပါ စစ်တပ်နှင့် နီးစပ်သူက ပြောသည်။


 

No comments: