Friday, April 29, 2011

ဒီနေ့ ဖတ်စရာ သတင်းများ (ဧပြီ ၃၀)

- စစ်အစိုးရနှင့် သဘောတူညီချက်များကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ထုတ်ဖော်ပြောကြား
- အစိုးရသစ်လက်ထက် သတင်းလွတ်လပ်ခွင့် မျှော်လင့်ချက်မရှိ
- မြန်မာ ကွန်ရက်အဖွဲ့ ၁၁ ဖွဲ့က ဦးသိန်းစိန်အစိုးရကို ဝေဖန်ထောက်ပြ
- ကျောက်ဖြူ ပြည့်တန်ဆာခန်းများ အာဏာပိုင်များ ကာကွယ်ပေးနေ
- စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာအစိုးရ သက်ဆိုင်မှုမရှိဟု အကြံပေးပုဂ္ဂိုလ် ပြောကြား
- နိုင်ငံရေးအကျဉ်းသား လွှတ်ရန် မြေအောက် ၁၁ ဖွဲ့ တိုက်တွန်း
- တိုက်ပွဲတွေဆက်ဖြစ်၊ စစ်သားနဲ့အရပ်သားတွေ သေ
- သတ်မှတ်နယ်မြေ မကျော်ဖို့ အပစ်ရပ်အဖွဲ့များကို အစိုးရစစ်တပ် သတိပေး
- အစိုးရပြောင်းသော်လည်း အုပ်ချုပ်ရေးပုံစံ မပြောင်း၍ ပြည်သူများ မကျေနပ်
- ဝနဲ့ မိုင်းလား တပ်ရုပ်ဖို့ အစိုးရဖိအားပေး
- ရထားလမ်းအတွက် မြန်မာ-တရုတ် လက်မှတ်ထိုး
- အွန်လိုင်းပေါ်တွင် လက်မှတ်ထိုးနိုင်သည့် ဖောင်


စစ်အစိုးရနှင့် သဘောတူညီချက်များကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ထုတ်ဖော်ပြောကြား
2011-04-29 RFA

၂၀၀၃ မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီအရေးအခင်း နောက်ပိုင်း၊ ၂၀၀၄ ခုနှစ် မေလ အမျိုးသားညီလာခံ ပြန်မစမီကာလအတွင်း စစ်အစိုးရ အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆွေးနွေးရရှိခဲ့တဲ့ သဘောတူညီချက်တွေကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံးအကြိမ်အဖြစ် RFA ကနေ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီပဲယင်းအဖြစ်အပျက် အပြီး စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ NLD ခေါင်းဆောင်တွေအကြား လျှို့ဝှက် ဆွေးနွေးပွဲတွေ အကြိမ် တော်တော်များများ ရှိခဲ့ပါတယ်။ ထိခိုက်နစ်နာသူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရေး အပါအဝင် အချက် ၄ ချက်ကို အာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“ ဒီပဲယင်း ကိစ္စအပြီးမှာ အာဏာပိုင်တွေနဲ့ တွေ့ဆုံစကားပြော သဘောတူညီမှုယူခဲ့တဲ့ အချက်တွေက “၁။ ဒီပဲယင်း အဖြစ်အပျက် ကို စုံစမ်းစစ်ဆေးရန်၊ ၂။ အဲဒီဖြစ်စဉ်မှာ ထိခိုက်နစ်နာခဲ့သူတွေကို ထိုက်သင့်တဲ့ နစ်နာကြေးပေးရန်၊ ၃။ နောင်အခါမှာ ဒီလိုအဖြစ်အပျက်မျိုး ထပ်မံမဖြစ်ဖို့ နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန်၊ ၄။ ဒီပဲယင်းနဲ့ပတ်သက်လို့ အဖမ်းဆီးခံနေရသူတွေ အားလုံးကို ပြန်လွှတ်ပေးရန် ဆိုတာတွေ ဖြစ်ပါတယ်။”

ဒီပဲယင်းအရေးအခင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောကြားချက်တွေကို မကြားရသေး တဲ့အတွက် ပြောဆိုဝေဖန်မှုတချို့ ပေါ်ပေါက်နေစဉ် အတွင်း RFA က အပတ်စဉ် ထုတ်လွှင့်နေ့တဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်အတွက် သောတရှင်တဦးက မေးမြန်းခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အစိုးရနဲ့ အဲဒီလို သဘောတူညီချက်တွေ ရရှိပြီးကာမှ အာဏာပိုင်တွေဖက်က ကတိဖျက်ခဲ့လို့ အမျိုးသားညီလာခံ တက်ရောက်ရေး အပါအဝင် သဘောတူညီမှု အားလုံး ပျက်ပြား ခဲ့ရတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

“NLD ဖက်ကတော့ မိမိတို့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကို အမျိုးသားညီလာခံလွှတ်ဖို့ သဘောတူလိုက်ပါတယ်။ ဒီအချက်အားလုံးကို နှစ်ဦးနှစ်ဖက် လက်ခံပြီးမှ အမျိုးသားညီလာခံစဖို့ ရက် အနည်းငယ်လေးအလိုမှာ အန်တီ့ကို မလွှတ်ပေးဘူး ပြောတာကစပြီး သဘောတူညီချက်တွေရော ဆွေးနွေးတာတွေရော ပျက်သွားပါတယ်။ “

၂၀၀၃ ခုနှစ်မေလက အထက်မြန်မာပြည် စည်းရုံးရေးခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာ အနီး မှာ အာဏာပိုင်တွေရဲ့ သြဇာခံလို့ လူအများက ယုံကြည်ယူဆကြတဲ့ တုတ်၊ ဓား လက်နက်ကိုင် လူရမ်းကား အမြောက်အမြားက ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား NLD အဖွဲ့ဝင်တွေကို ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာမှာ လူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ယဉ်မောင်းသူရဲ့ကျွမ်းကျင်မှု ကြောင့် အဲဒီတိုက်ခိုက်မှုက မိမိ လွတ်မြောက်ခဲ့ကြောင်း RFA ကို ပြောပါတယ်။

“အတိုချုံးပြောရမယ် ဆိုရင်တော့ ကားမောင်းတဲ့လူငယ်က အင်မတန်မှ ကျွမ်းကျင်လို့ ဘယ်သူလို့ မှန်းရခက်တဲ့သူတွေက လမ်းကို အတားအဆီးတွေနဲ့ ပိတ်ဆို့ဖို့ ကြိုးစားနေတဲ့အထဲက နေပြီးတော့ ဖောက်ထွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။”

အခက်အခဲတွေ မည်မျှရှိပေမဲ့လည်း နောက်မျိုးဆက်သစ်တွေရဲ့အကျိုးအတွက် မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အောင်မြင်တဲ့အထိ မဆုတ်မရွံ့ ဆက်လက် ဆောင်ရွက်မှာ ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး အပြည့်အစုံကို RFA က ဒီအပတ် ထုတ်လွှင့်မဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် အစီအစဉ်မှာ နားဆင်ရမှာ ဖြစ်ပါတယ်။

အစိုးရသစ်လက်ထက် သတင်းလွတ်လပ်ခွင့် မျှော်လင့်ချက်မရှိ
ဧရာဝတီ Friday, 29 April 2011 11:51

မြန်မာအစိုးရသစ် စတင် အာဏာရယူလာသည်မှာ ၁ လနီးပါး ကြာမြင့်လာပြီ ဖြစ်သော်လည်း သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်မရရှိသေးဘဲ အစိုးရသစ်ကို တိုက်တွန်းဝေဖန် ထောက်ပြသော သတင်းများ၊ အစိုးရ၀န်ထမ်း လာဘ်ပေးလာဘ်ယူ သတင်းများ အပါအ၀င် သတင်းအများစုကို ဖြုတ်ပယ်မှုများ ရှိနေသေးကြောင်း သတင်းရရှိသည်။

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများတွင် ဒီမိုကရေစီ အစိုးရအတွက် စတုတ္ထမဏ္ဍိုင်ဟုခေါ်သော သတင်း မီဒီယာများ၏ ကဏ္ဍ အရေးကြီးကြောင်း ထည့်သွင်းပြောဆိုခဲ့သော်လည်း ယခုအချိန်အထိ သတင်းလွတ်လပ်ခွင့် မပေးဘဲ ပိတ်ပင်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း သိရသည်။

“အရင်ထက် စာရင်တော့ စိစစ်ရေးက သတင်းတွေ လွှတ်ပေးတာရှိပါတယ်။ ဒါပေမယ့် သတင်းမီဒီယာတွေ အဓိက လုပ်ရမယ့် အစိုးရ၀န်ထမ်း လာဘ်ပေးလာဘ်ယူ ကိစ္စတွေ၊ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲသင့်တဲ့ အကြောင်းတွေကိုတော့ အခုအချိန်အထိ ဖော်ပြခွင့်မပေးသေးဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းသမားတဦးက ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် လက်မှတ်ထိုး လှုပ်ရှားမှုသတင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်မှုအပေါ် အပြုသဘော ကြိုဆိုသည်ဆိုသော သတင်း၊ ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာ့နိုင်ငံရေးတွင် ပါဝင်ခွင့်ပေးရန် နိုင်ငံရေးအင်အားစုများက တောင်းဆိုသည့် သတင်း စသည်ဖြင့်ဖော်ပြနိုင်ရန် သတင်းဂျာနယ်တချို့က စာပေစိစစ်ရေးကို တင်ပြကြကြောင်း၊ သို့ရာတွင် စာပေစိစစ်ရေးက ယင်းသတင်းများအား လုံးဝ ဖော်ပြခွင့်မပေးဘဲ ဖြုတ်ပယ်ခဲ့ကြောင်း သိရှိရသည်။

“နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပတ်သက်လို့ ပြည်တွင်း မီဒီယာတွေကို ကျယ်ကျယ်လောင်လောင် ပြောလာတယ်။ စာပေစိစစ်ရေးက အဲဒီ သတင်းတွေမှန်သမျှကို လုံးဝပယ်ချတယ်။
နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး လက်မှတ်ထိုး လှုပ်ရှားမှုသတင်းတွေလည်း ဖော်ပြခွင့်မရဘူး။ ဒါက သတင်း လွတ်လပ်ခွင့် မရသေးဘူးဆိုတာ ထင်ထင်ရှားရှား ပြနေပါတယ်” ဟု သတင်းဂျာနယ် အယ်ဒီတာဦးက ဆိုသည်။

ယခုတပတ်ထုတ် သတင်းဂျာနယ်များတွင် နာရေးကူညီမှုအသင်း ၁၀ နှစ်ပြည့် အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည့် ဓာတ်ပုံများကို ဂျာနယ် အတွင်းစာမျက်နှာများတွင် ဖော်ပြခွင့် ပြုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က နာရေးကူညီမှုအသင်းသို့ အမေရိကန်ဒေါ်လာ ၁ သောင်းခွဲ လှူဒါန်းသည့် သတင်းနှင့် NLD မှ ဦးဝင်းတင်က ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ နာရေးကူညီမှုအသင်း ၁၀ နှစ်ပြည့် အခမ်းအနား တက်ရောက်သည်ဆိုသော သတင်းများကိုမူ စာပေ စိစစ်ရေးက ဂျာနယ်အများစုတွင် ဖြုတ်ပယ်ခဲ့သည်။

သို့ရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ဝင် ဒေါက်တာတင်ထွန်းဦး အမှုဆောင်ဒါရိုက်တာအဖြစ် တာဝန်ယူသော Myanmar Times ဂျာနယ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံအောက်၌ ပုံစာအဖြစ် ငွေလှူသည့် အကြောင်းကို ဖော်ပြခွင့် ပြုထားသည်။

အစိုးရ ၀န်ထမ်းများအကြား ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသော လာဘ်ပေးလာဘ်ယူ သတင်းများလည်း ဖော်ပြခွင့် မရကြောင်း ဂျာနယ်အသိုင်းအဝန်းက ပြောသည်။

“မှတ်ပုံတင်လုပ်ဖို့ လ၀က ကို ပိုက်ဆံပေးရတာ၊ ရန်ကုန်လေဆိပ်မှာ ပြန်လာတဲ့ အလုပ်သမားတွေကို ပိုက်ဆံ တောင်းနေတာ၊ ဆေးရုံတွေမှာ ပိုက်ဆံပေးမှ ခွဲစိတ်ပေးတာ အဲဒီလို သတင်းမျိုးတွေက လူထုကြားထဲက တက်လာတဲ့ သတင်းတွေပါ။ ဒါပေ မယ့် စာပေစိစစ်ရေးက ဒါမျိုးတွေကို ဖော်ပြခွင့်မပေးသေးဘူး။ ဒီသတင်းတွေက တကယ့်ကို လူထုအကျိုးပြု သတင်းတွေ ဖြစ်တဲ့အတွက် ဖော်ပြခွင့်ပေးသင့်ပါတယ်”ဟု သတင်းအယ်ဒီတာ တဦးက ဆိုသည်။

မကြာသေးမီကလည်း သာသနာရေး ဝန်ကြီးဌာနမှ သတင်းများ ပြည်ပမီဒီယာများသို့ ပေါက်ကြားမှုကြောင့် ဝန်ထမ်းများအား ခေါ်ယူစစ်မေးခြင်း၊ နယ်ပြောင်းအရေးယူခြင်းတို့ ပြုခဲ့သည်။

သတင်းဂျာနယ် အများစုက နေ့စဉ်သတင်းစာ ထုတ်ဝေခွင့်ရရှိရန် မျှော်လင့် နေကြသော်လည်း ယခုအချိန်အထိ အစိုးရက တရားဝင် ခွင့်ပြုချက် မပေးသေးဘဲ စစ်တပ် ကျောထောက်နောက်ခံပေးထားသော မြ၀တီသတင်းစာ တစောင်ကိုသာ ထုတ်ဝေခွင့် ပေးခဲ့ခြင်းက မမျှတသော လုပ်ရပ်ဖြစ်ကြောင်း သတင်းဂျာနယ် အသိုင်းအ၀န်းက ပြောဆိုနေကြသည်။

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဟောင်း ဦးတင့်ဆွေကမူ သတင်းဂျာနယ်နှင့် ဘာသာရေး စာစောင်များမှအပ အားကစား၊ နည်းပညာ၊ ဖျော်ဖြေရေး၊ သုတ၊ ရသ၊ ကလေးစာပေ အပါအ၀င် စာပေ အမျိုးအစား ၆ မျိုးကို စာပေစိစစ်ရေး တင်ရန် မလိုဘဲ ထုတ်ဝေခွင့်ပေးမည်ဟု ပြောဆိုခဲ့သည်။

မြန်မာ ကွန်ရက်အဖွဲ့ ၁၁ ဖွဲ့က ဦးသိန်းစိန်အစိုးရကို ဝေဖန်ထောက်ပြ
2011-04-29

ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နဲ့ အစိုးရအပေါ် သုံးသပ်ချက်နဲ့ ပြည်သူလူထုသို့ အသိပေးတင်ပြချက်တစောင်ကို ဒီမိုကရေစီရေး အင်အားစု ကွန်ရက် ၁၁ ဖွဲ့က ဧပြီ ၂၉ ရက် ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဦးသိန်းစိန်အစိုးရအဖွဲ့မှာ ၃၅ နေရာရှိတဲ့အနက် စစ်ဖက်က ၂၆ နေရာယူထားပြီး ကျန်နေရာတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက နေရာယူထားတာကို သုံးသပ် တင်ပြထားတဲ့အကြောင်း ကွန်ရက်တဖွဲ့ဖြစ်တဲ့ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များ အင်အားစုက ကိုရန်နိုင်က ပြောပါတယ်။

“ဦးသိန်းစိန် သမတလုပ်တဲ့ ဒီ ၂၀၁၀ အလွန် အစိုးရဟာ ဒီ ၂၀၀၈ နာဂစ် ဖွဲ့စည်းပုံနဲ့ ဥပဒေရေး၊ တရားရေးတို့၊ အုပ်ချုပ်ရေးတို့ စတဲ့ ကဏ္ဍတွေမှာ စစ်အုပ်စု ထိပ်သီးခေါင်းဆောင်တွေကပဲ နေရာယူထားတာကို ကျွန်တော်တို့ သုံးသပ် တွေ့ရှိရတယ်။ အရပ်ဝတ် စစ်ဗိုလ်တွေ အနေနဲ့ရော နောက်တခါက စစ်ဖက်ကနေ စည်းရုံးထားတဲ့ ဒီ ကြံ့ဖွတ်ပါတီ ထိပ်သီးတွေကပဲ ဒီ အစိုးရအဖွဲ့မှာ အသီးသီး နေရာယူထားတာကို ကျွန်တော်တို့ သုံးသပ်တွေ့ရှိရတယ်။”

“နောက် တချက်က ဒီ ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ ဒီကြံ့ဖွတ်စစ်အစိုးရဟာ စစ်အာဏာရှင်စနစ်ကို ကိုယ်စားပြုတဲ့ အစိုးရတရပ် အဖြစ်ကနေပြီးတော့ ဒီမိုကရေစီစနစ်ကို လမ်းကြောင်းက အမှန်တကယ် သွားမယ်ဆိုရင် တိုင်းပြည်အတွင်းမှာ ပထမဦးဆုံး အနေနဲ့ ကျွန်တော်တို့ အခု တောင်းဆိုထားတဲ့ အချက်တွေကို ပြုလုပ်ပေးဖို့ လိုအပ်တယ်ဆိုတာကို ထောက်ပြထားတယ်။”


ကြေငြာချက်မှာ နိုင်ငံရေး အကျဉ်းသားတွေအားလုံး ချွင်းချက်မရှိ လွှတ်ပေးဖို့၊ ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်း ငြိမ်းချမ်းရေး ချက်ချင်း ဆောင်ရွက်ဖို့၊ စစ်အစိုးရလက်ထက် တလျှောက်လုံးမှာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု နယ်ပယ်တွေမှာ ဒီမိုကရေစီ အခွင့်အရေးတွေ တားဆီးပိတ်ပင်တဲ့ အမိန့်ကြေညာချက်တွေကို ဖျက်သိမ်းပေးဖို့၊ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့် အပါအဝင် လူထုလူတန်းစား အလွှာ အသီးသီးရဲ့ အသင်းအပင်း ဖွဲ့စည်းခွင့်နဲ့ စည်းရုံး လှုပ်ရှားခွင့်တွေ ခွင့်ပြုဖို့နဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ရေးဆွဲရေးအတွက် သက်ဆိုင်တဲ့ အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာတွေကို တောင်းဆိုထားပါတယ်။

ဒီအချက်တွေ မဖြည့်ဆည်းဘူးဆိုရင် အစိုးရ နာမည်ကို ဘယ်လို တပ်တပ်၊ လွှတ်တော်ကို ဘယ်လို ပုံစံနဲ့ပဲ ကျင်းပကျင်းပ ဟန်ပြလုပ်ရပ်တွေပဲ ဖြစ်တာမို့ စစ်အာဏာရှင် စနစ်ကို ဆက်ကျင့်သုံးပြီး တိုင်းပြည်ကို လိမ်ညာနေတာပဲ ဖြစ်တယ်လို့ ထောက်ပြထားပါတယ်၊

ဒီ ကြေငြာချက်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၊ ၈၈ မျိုးဆက် ကျောင်းသားများ။ ရက္ခအလင်းတန်း၊ ရွှေဝါရောင်တော်လှန်ရေး၊ ရန်ကုန်တိုင်းအတွင်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ကျောင်းသားလူငယ်များ အင်အားစု၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်၊ ၂၀၀၇ မျိုးဆက် ကျောင်းသားများ သမဂ္ဂ၊ ရခိုင်ကျောင်းသားများ သမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ၊ အခြေခံပညာ ကျောင်းသားများ သမဂ္ဂနဲ့ မြေလတ် ကျောင်းသားများ အဖွဲ့တို့က ပူးပေါင်း ထုတ်ပြန်လိုက်တာပါ။

ကျောက်ဖြူ ပြည့်တန်ဆာခန်းများ အာဏာပိုင်များ ကာကွယ်ပေးနေ
ခင်ဦးသာ Friday, 29 April 2011 16:31

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ရှိ ရပ်ကွက်တချို့၌ ကာရာအိုကေဆိုင်များ၊ ပြည့်တန်ဆာ လုပ်ငန်းများ ပေါများလာပြီး ထိုလုပ်ငန်းများ၏ လုံခြုံရေးကို သက်ဆိုင်ရာ အာဏာပိုင်များက အခကြေးငွေယူကာ တာဝန်ယူ ဆောင်ရွက်ပေးနေကြောင်း သတင်းရရှိသည်။

“ည ၉ နာရီ၊ ၁၀ နာရီလောက်ဆိုရင် ရေနက်ဆိပ်ကမ်းအတွက် ရောက်နေတဲ့ တရုတ်နိုင်ငံသားတွေက ပိုက်ဆိပ် ရပ်ကွက်ဘက်ကို အလှူသွားသလိုပဲ အစုလိုက် အပြုံလိုက် သွားနေကြတာ။ သူတို့ရဲ့လုံခြုံရေးကို ရဲတပ်ဖွဲ့နဲ့ ရပ်ကွက်၊ မြို့နယ် အာဏာပိုင်တွေက တာဝန်ယူပေးထားတယ်” ဟု ကျောက်ဖြူမြို့ခံ တဦးက ပြောသည်။

ကျောက်ဖြူမြို့တွင် ၂၀၁၀ ပြည့်နှစ် နှောင်းပိုင်းမှစ၍ ပြည့်တန်ဆာ လုပ်ငန်းများ ပေါများလာကြောင်း၊ ရန်ကုန်မြို့မှ လိင်အလုပ်သမ ရာနှင့်ချီ ခေါ်ဆောင်လာကာ ပိုက်ဆိပ်ရပ်ကွက်၊ ဆားပြင်ကွင်းရပ်ကွက်၊ စေတီတောင် ရပ်ကွက်တို့၌ ဖွင့်လှစ်ထားသော ပြည့်တန်ဆာခန်းများတွင် လုပ်ကိုင်ခိုင်းထားကြောင်း သိရသည်။

ထိုလုပ်ငန်းများကို ပေါ်ပေါ်ထင်ထင် လုပ်ကိုင်နေကြသောကြောင့် ဒေသခံများက ၎င်းတို့၏ သားသမီးများ၊ ပညာသင်အရွယ် လူငယ်များအတွက် စိုးရိမ်မှုများဖြစ်နေကြသည်ဟု မြို့ခံများက ဆိုသည်။

ကျောက်ဖြူမြို့နယ် မဒေးကျွန်းပေါ်၌ တည်ဆောက်နေသော ကျောက်ဖြူရေနက် ဆိပ်ကမ်း စီမံကိန်း၊ သဘာဝဓာတ်ငွေ့ သန့်စင် စက်ရုံစီမံကိန်း လုပ်ငန်းများအတွက် ရောက်ရှိနေသော တရုတ်နိုင်ငံသားများ၏ လိင် ဖြေဖျော်ရေးအတွက် အဆိုပါ ပြည့်တန်ဆာခန်းများကို ဖွင့်လှစ်ထားခြင်းဖြစ်သည်ဟု ဒေသခံများက ရှင်းပြသည်။

စီမံကိန်းလုပ်ငန်းများအတွက် တရုတ်နိုင်ငံသားများ ထောင်နှင့်ချီ၍ ကျောက်ဖြူမြို့သို့ ရောက်ရှိနေပြီး မေလနှင့်ဇွန်လတွင် တရုတ်နိုင်ငံသား ၁၀၀၀ ခန့် ထပ်မံရောက်ရှိဦးမည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးလှမောင်တင်က ပြီးခဲ့သည့်ရက်ပိုင်းက ကျောက်ဖြူမြို့သို့ ရောက်လာစဉ် ပြောဆိုသွားကြောင်း မြို့ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) ၀င် တဦးက ပြောသည်။

“ဦးလှမောင်တင်က တရုတ်တွေရဲ့လုံခြုံရေး၊ နေထိုင်ရေးတွေကို ဒေသခံတွေ ပါဝင်ကူညီပေးဖို့လည်း ပြောသွားတယ်။ ဒီအပေါ်မှာ မြို့ခံတွေက ၀န်ကြီးချုပ်ကို မကျေမနပ် ဖြစ်နေကြတယ်” ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ကျောက်ဖြူမြို့သို့ ပြည်နယ်အစိုးရအဖွဲ့၏ တာဝန်ရှိသူ တဦးအနေဖြင့် လာ ရောက်ခဲ့သော်လည်း ကြံ့ဖွံ့ပါတီဝင်များနှင့်သာ တွေ့ဆုံခဲ့ပြီး တခြားသော အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ် များနှင့် တွေ့ဆုံမှုမရှိခဲ့ဟု သိရသည်။

“သူက ကြံ့ဖွံ့ပါတီဝင်ဆိုပေမယ့် ပြည်သူ့ကိုယ်စားလှယ်ဖြစ်နေပြီလေ။ ဒါပေမယ့် ပါတီစွဲ ပုဂ္ဂိုလ်စွဲ ထားနေတုန်းပဲ။ ဒေသခံ အားလုံးနဲ့ တွေ့ဆုံ ဆွေးနွေးသင့်ပါတယ်” ဟု ကျောက်ဖြူမြို့မှ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး (RNDP) ပါတီဝင် တဦးက ဝေဖန်သည်။

ကျောက်ဖြူမြို့ပေါ်၌ ပြည့်တန်ဆာလုပ်ငန်းများ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေသည့် ကိစ္စကိုမူ ပြည်နယ်ဝန်ကြီးက တစုံတရာ ပြောဆိုသွားခြင်း မရှိဟု သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်အပြင် အဖွဲ့ဝင် ၀န်ကြီးများသည်လည်း ကျောက်ဖြူမြို့သို့ မကြာခဏ ရောက်ရှိနေသည့်တိုင် ထိုဒေသ တ၀ိုက်၌ ဒေသအာဏာပိုင်များ၏ ခြိမ်းခြောက်မှု၊ ဒေသခံ စစ်တပ်၏ ဆက်ကြေး မတရားတောင်းခံနေမှု၊ အခွန်အခ မတရား
ကောက်ခံနေမှု များသည် တစုံတရာ အပြောင်းအလဲမရှိဘဲ ပိုမိုဆိုးလာသည်ဟု ကျောက်ဖြူဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းပေါ်ပေါက်ပြီးနောက်ပိုင်းတွင် လုံခြုံရေးအတွက်ဟုဆိုကာ စစ်တပ်အင်အားတိုးချဲ့လာပြီး ကျောက်ဖြူ လေတပ်စခန်း ဌာနချုပ် လက်အောက်ခံ စစ်တပ်မှ စက်လှေများသည် ပင်လယ်ပြင်အား ကြီးစိုး၍ ဆက်ကြေး တောင်းခံခြင်းများ ဆက်တိုက် လုပ်နေကြောင်း သိရသည်။

“ကျောက်ဖြူဆိပ်ကမ်းကို ဘယ်လိုလှေမျိုးပဲ လာလာ ပိုက်ဆံတောင်းတယ်၊ ပင်လယ်ထဲမှာ စစ်တပ်စက်လှေတွေ ဟိုနားတစင်း၊ ဒီနားတစင်း ဖြန့်ချထားပြီး မြင်တဲ့ စက်လှေတိုင်းကို ကပ်ခိုင်းတယ်၊ လှေပေါ်တွေ့တာယူတယ်၊ ပိုက်ဆံတောင်းတယ်၊ ကပ်ခိုင်းလို့ မကပ်ပေးရင် သေနတ်နဲ့ ပစ်တယ်” ဟု ကျောက်ဖြူ - တောင်ကုတ် ပြေးဆွဲနေသော စက်လှေပိုင်ရှင် တဦးက ဆိုသည်။

“မြို့ပေါ်သွားရင် ဟိုပစ္စည်းဝယ်လာပေးပါ၊ ဒီပစ္စည်းဝယ်လာပေးပါ ဆိုပြီးမှာတယ်။ ၀ယ်လာပေးပြီးရင် ပိုက်ဆံပြန်မပေးဘူး၊ကျေးဇူးပဲ သွားလို့ရပြီ ဆိုပြီး ပြောတယ်” ဟု စက်လှေပိုင်ရှင်က ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။

မောင်းလာသည့် စက်လှေအား ပိုက်ဆံတောင်းရန် ကမ်းကပ်ခိုင်းရာ အနည်းငယ်နောက်ကျသွား၍ ကျောက်ဖြူ မြို့နယ် အခြေစိုက် တပ်ရင်း ၅၄၂ မှ တပ်ကြပ် တဦးက သေနတ်ဖြင့် ပစ်ခတ်သောကြောင့် ကျောက်ဖြူမြို့ ကွင်းချောင်းအုပ်စု မင်းတပ်ချောင် ကျေးရွာမှ အသက် ၂၆ နှစ် အရွယ်ရှိ ကိုမောင်ဝင်း ပြီးခဲ့သည့် ၂၀၁၀ ဒီဇင်ဘာလကသေဆုံးခဲ့ရသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းအပြင် ၎င်းနှင့်ဆက်နွှယ်နေသော စီမံကိန်းများကို ကျောက်ဖြူမြို့နယ် မဒေးကျွန်း မလာကျွန်း၊ ကျောက်ဖြူမြို့ပေါ်တို့၌ အသီးသီး တည်ဆောက်နေကြပြီး သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့်အတူ
ကျောက်ဖြူ - လားရှိုး - မူဆယ်မှတဆင့် တရုတ်နိုင်ငံသို့ ဖောက်လုပ်မည့် မီးရထားလမ်း စီမံကိန်းကိုလည်း မကြာမီ တည်ဆောက်မည်ဟု သိရသည်။

မီးရထားလမ်း စီမံကိန်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံ China Railway Engineering Corporation ၏ ဥက္ကဋ္ဌ Mr-Li Chang Jin ဦးဆောင်သော တရုတ်အဖွဲ့နှင့် မြန်မာအစိုးရ တို့သည် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပြီး ထိုစီမံကိန်းသည် ၃ နှစ်ခန့်ကြာမြင့်မည်ဟု ဧပြီလ ၂၈ ရက်နေ့ထုတ် အစိုးရသတင်းစာများ၌ ရေးသားထားသည်။

စီးပွားရေးပိတ်ဆို့မှုနှင့် မြန်မာအစိုးရ သက်ဆိုင်မှုမရှိဟု အကြံပေးပုဂ္ဂိုလ် ပြောကြား
2011-04-29 , RFA

မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံတွေက စီးပွားရေးအရ ပိတ်ဆို့ အရေးယူထားတာဟာ မြန်မာအစိုးရနဲ့ သက်ဆိုင်မှု မရှိဘူးလို့ သမ္မတ ဦးသိန်းစိန်ရဲ့ စီးပွားရေး အကြံပေးအဖွဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခံထားရတဲ့ စီးပွားရေးပညာရှင် ဒေါက်တာ ဦးမြင့်က ပြောပါတယ်။

ဒေါက်တာ ဦးမြင့်ဟာ အင်္ဂလိပ်စာ၊ နိုင်ငံရေးသိပ္ပံနဲ့ ဘောဂဗေဒ ဘီအေဘွဲ့ကို ရန်ကုန်တက္ကသိုလ်၊ ဘောဂဗေဒ မဟာဘွဲ့ကို အမေရိကန် ကောနဲလ် တက္ကသိုလ်နဲ့ ဘောဂဗေဒပါရဂူဘွဲ့ကို အမေရိကန် ဘာကလေမြို့ ကာလီဖိုးနီးယား တက္ကသိုလ်တို့က ရရှိခဲ့ပြီး၊ ရန်ကုန် စီးပွားရေး တက္ကသိုလ်မှာ ကထိက ဌာနမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့အပြင် ESCAP လို့ခေါ်တဲ့ ကုလသမဂ္ဂ အာရှနဲ့ ပစိဖိတ်ဒေဆိုင်ရာ စီးပွားရေး ကော်မရှင်မှာလည်း အကြီးတန်း စီးပွားရေးအရာရှိအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးသူလည်း ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသား လွှတ်ရန် မြေအောက် ၁၁ ဖွဲ့ တိုက်တွန်း
မျိုးသန့် | သောကြာနေ့၊ ဧပြီလ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၃၂ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုနှင့် ပြည်တွင်း၌ မြေအောက်လှုပ်ရှားနေသည့် ကျောင်းသားအဖွဲ့များ အပါအဝင် ၁၁ ဖွဲ့က ဦးသိန်းစိန် အစိုးရကို သောကြာနေ့တွင် ကြေညာချက်ထုတ်၍ တိုက်တွန်းလိုက်သည်။

အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းသို့ အမှန်တကယ်သွားလိုကြောင်း ဖော်ပြလိုပါက ပထမဆုံးအဆင့်အနေဖြင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် နိုင်ငံရေး အင်အားစုများနှင့်ပါ တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု ၁၁ ဖွဲ့ ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

“နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်းသည် ကျန်တဲ့အရေး အားလုံးပါ ယိမ်းယိုင်နေတယ်။ အဲဒီအတွက် နိုင်ငံရေးတည်ငြိမ်မှု မရှိတဲ့အခါမှာ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးတွေသည် အားလုံး ချွတ်ခြုံကျတယ်။ အဲဒီအတွက် ဒီအရေးတွေ ကောင်းဖို့အတွက် နိုင်ငံရေးတည်ငြိမ်အောင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးပါ၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးကြပါလို့ ဦးဇင်းတို့ တိုက်တွန်းတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးမှ ဆရာတော် ဓမ္မသီရိက မဇ္ဈိမကို အမိန့်ရှိသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ၂ဝဝ၇ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် မြေလတ်ကျောင်းသားများအဖွဲ့များ ပါဝင်သည့် အဖွဲ့ ၁၁ ဖွဲ့၏ ကြေညာချက်တွင် ၂ဝဝ၈ အခြေခံဥပဒေသည် စစ်တပ်အုပ်စိုးသူ လူတန်းစားတရပ် ပေါ်ထွန်းလာရန် ရေးဆွဲထားသည့် ဥပဒေဖြစ်သည်ဟု ဝေဖန်ထားသည်။

စစ်တပ် ကြီးစိုးမည့် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ကြိုးပမ်းမည်ဖြစ်ပြီး၊ ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းထားသေးသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီးနောက် မြန်မာနိုင်ငံတွင် ကွန်ယက်ချိတ်ဆက်၍ နိုင်ငံရေးနှင့် လူမှုရေး လုပ်ငန်းများအတွက် လှုပ်ရှားမှုများ ကျယ်ပြန့်စွာ လုပ်ဆောင်လာကြသည်။ ကွန်ယက်ဖြင့် လှုပ်ရှားရာ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုသည့် လက်မှတ်ရေးထိုး ကောက်ခံမှုများ နိုင်ငံတဝှန်း ရှိနေသည်။

ဧပြီလ ၁၇ ရက်မှစ၍ လက်မှတ်များ ကောက်ခံခဲ့ရာ တသောင်းကျော် ရရှိကာ၊ ယခု လှုပ်ရှားမှုသည် ပြည်သူတရပ်လုံး ဆန္ဒဖြစ်ကြောင်း လက်မှတ်ကောက်ခံမှု ကွန်ယက်တွင် ဦးဆောင်ပါဝင်သူ ဦးဖြိုးမင်းသိန်းက ဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးဖို့၊ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ဆိုတဲ့ အခြေအနေတွေဟာ ပြည်သူလူထုတရပ်လုံးရဲ့ အသံ၊ ဒီမိုကရေစီရေး လှုပ်ရှားသူ အားလုံးရဲ့ တူညီတဲ့ အသံတခုပါပဲ။ တူညီတဲ့ လှုပ်ရှားမှုတွေ ဖြစ်လာတာပါပဲ” ဟု သူက ဆိုသည်။

၎င်းတို့သာမက ၂ဝ၁ဝ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၅ ပါတီကလည်း နိုင်ငံရေး အကျဉ်းသားများ အပါအဝင် အကျဉ်းကျခံများ လွှတ်ပေးရေး အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ပေးရန် ဦးသိန်းစိန် အစိုးရကို ယခုလ ၂၇ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုခဲ့သေးသည်။

အထင်ကရ စာရေးဆရာကြီးဖြစ်သူ ၉၃ နှစ်အရွယ် ဆရာကြီးဒဂုန်တာရာကလည်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးစေလိုကြောင်း ယခုလအတွင်း မဇ္ဈိမနှင့် အင်တာဗျူးတရပ်တွင် ပြောဆိုခဲ့သည်။

ထို့အပြင် မတ်လ လွှတ်တော်အစည်းအဝေးများအတွင်း အမျိုးသားလွှတ်တော်အမတ်များကပါ တင်ပြမှုများ ရှိခဲ့ပြီး၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ကမူ ၎င်းအဆိုသည် လွှတ်တော်တွင်း မဆွေးနွေးမီ ပြင်ပမီဒီယာများသို့ ပေါက်ကြားခဲ့ခြင်းကြောင့် ဆွေးနွေးမှုကို ပယ်ဖျက်ပစ်ခဲ့သည်။

မတ်လ ၂၂ ရက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင်လည်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ဦးစိုင်းလှကျော်က နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ရှိမရှိ မေးမြန်းခဲ့ရာ၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဦးမောင်ဦးက ထိုကိစ္စသည် အမျိုးသား လုံခြုံရေးကောင်စီ၏ လုပ်ပိုင်ခွင့်ဖြစ်သဖြင့် သမ္မတကျမ်းကျိန်ပြီးသည်အထိ စောင့်ဆိုင်းစေလိုကြောင်း ဖြေကြားခဲ့သည်။ သို့သော် သမ္မတ ကျမ်းကျိန်အပြီး တလကြာမြင့်သည့် ယခုအချိန်အထိ နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးသည်ကို မတွေ့ရသေးပေ။

မြန်မာအကျဉ်းထောင်များတွင် အကျဉ်းကျသံဃာ ၂၂၅ ပါး အပါအဝင် နိုင်ငံရေးအကျဉ်းသားပေါင်း ၂ဝ၇၆ ဦး ရှိကြောင်း AAPP-B ၏ ယခုလထုတ် စာရင်းတွင် ဖော်ပြထားသည်။ ပြန်လွှတ်ပေးရန်အတွက် ဦးသိန်းစိန် အစိုးရ၏ ဝန်ကြီးများနှင့် ဖွဲ့စည်းထားသည့် သာသနာ့နုဂ္ဂဟအသင်းအနေဖြင့် ကြိုးပမ်းသင့်ကြောင်းပါ ယနေ့ထုတ်ပြန်သည့် ကြေညာချက်တွင် ပါဝင်လက်မှတ်ရေးထိုးသူ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးမှ အသျှင်ဓမ္မသီရိက ပြောဆိုခဲ့သည်။

တိုက်ပွဲတွေဆက်ဖြစ်၊ စစ်သားနဲ့အရပ်သားတွေ သေ
Posted by admin on April 29, 2011 နေ့သစ်

ဗုဒ္ဓဟူးနေ့တညလုံးဖြစ်ပွားတဲ့ နယ်စပ်တိုက်ပွဲအတွင်းမှာ ထိုင်းစစ်သား ၁ ဦး၊ အရပ်သား ၁ ဦး သေပြီး၊ စစ်သား ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီအတောအတွင်းမှာ ဆူရင်ပြည်နယ်၊ ဖနွမ်ဒုံရတ်ခရိုင်အတွင်းက ရွာသား ၃ ယောက်ကို ကမ္ဗောဒီးယားစစ်သားတွေ အတွက် စားနပ်ရိက္ခာတွေပေးနေသလို ကမ္ဗောဒီးယား ဒုံးပျံပစ်ခတ်တိုက်ခိုက်မှုအတွက် ပစ်မှတ်တည်နေရာအညွှန်း တွေပေးတယ်လို့စွပ်စွဲပြီး ဖမ်းဆီးလိုက်ပါတယ်။ သက်သေအထောက်အထားမခိုင်လုံလို့ ကျေးရွာသူကြီးဟောင်း ဆ နတ်ဖင်ခေါက် ကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ ခန်ဖန်ဝေါင်ဆာနဲ့ ဆားမ်ဆုတ်ဖိုချိုင်းကိုတော့ ဆက်မေးစရာရှိ လို့ ထိန်းသိမ်းထားတုန်းပါ။

သူတို့တွေ စားနပ်ရိက္ခာတွေဝယ်ပြီး ကမ္ဗောဒီးယားစစ်သားတွေကို ဝေပေးနေတယ်။ ဆိုတဲ့ သတင်းကို စစ်တပ်က ရပြီး နောက်မှာ ဒီဖမ်းဆီးမှုတွေ ဖြစ်လာတာပါ။ BM 21 ဒုံးတွေ နောင်ခန်နား ရွာထဲကို မကြာခဏ ကျနေလို့ စစ်တပ်ကလည်း သံသယရှိလာတာပါ။ ရဲက သူတို့ဖုန်းထဲမှာ ကမ္ဗောဒီးယားဖက်ကသုံးတဲ့ ဒေသကုဒ်နံပတ်တွေ အများကြီး ရှာဖွေတွေ့ပါတယ်။ မနေ့မနက် ၈ နာရီ ၂၀ မှာ ပြီးသွားတဲ့ နောက်ဆုံးတိုက်ပွဲအပြီးမှာ ထိုင်းစစ်သား ၆ ယောက်နဲ့ အရပ် သား ၂ ယောက် သေပြီး စစ်သား ၅၈ ယောက် ဒဏ်ရာရပါတယ်။ ထိုင်းစစ်သားတွေက လက်နက် ငယ်တွေ စိန်ပြောင်းတွေနဲ့ မပစ်မီ ဆူရင်ဒေသမှာရှိတဲ့ ထာမူအင်နဲ့ထာခွိုင်ဘုရားကျောင်းထဲကို ကမ္ဗောဒီးယားတွေ အများကြီး ၀င်လာတဲ့အချိန် ဗုဒ္ဓဟူးနေ့ည ၈ နာရီဝန်းကျင်လောက်မှာ တိုက်ပွဲ စဖြစ်တာပါလို့ စစ်ဖက်ပြောရေးဆို ခွင့်ရှိသူတဦးက ပြောပါတယ်။ မနက် ၄ နာရီ ၀န်းကျင်လောက်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပါတယ်။ ထိုင်းစစ်သား တွေရှိတဲ့နေရာကို ဒုံးတွေ အမြောက်ဆံတွေ အကြီးအကျယ် ထိမှန်ပါတယ်။ ဒါပေမဲ့ မနက် ၆ နာရီလောက်မှာ ထိုင်းဖက်က ကမ္ဗောဒီးယားစစ်သားတွေကို အောင်မြင်စွာ မောင်းထုတ်နိုင်ခဲ့ပါတယ်။
ဆူရင်မှာရှိတဲ့ အစိုးရဆေးရုံ ၂ ရုံနဲ့ ဆေးခန်း ၁၅ ခန်း ကို ပိတ်ထားပါတယ်။ ဆေးခန်း ၉ ခန်းကိုတော့ ဖွင့်ထားပါသေး တယ်။ အခြေအနေဆိုးတဲ့ လူနာတွေကိုတော့ နယ်စပ်က ကီလိုမီတာ ၅၀ လောက်ဝေးတဲ့ ဆေးရုံတွေကို ပြောင်းရွှေ့ ထားပါတယ်။

သတ်မှတ်နယ်မြေ မကျော်ဖို့ အပစ်ရပ်အဖွဲ့များကို အစိုးရစစ်တပ်သတိပေး
2011-04-29 , RFA

နယ်စပ်ဒေသက အပစ်ရပ် တိုင်းရင်းသား ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင်တွေဟာ အစိုးရ သတ်မှတ်ပေးထားတဲ့ နယ်မြေက ကျော်လွန်ပြီး တခြားနေရာတွေ ရောက်ရှိလို့ တစုံတရာ ဖြစ်လာရင် မြန်မာစစ်တပ်အနေနဲ့ တာဝန်မယူနိုင်ဘူးလို့ အပစ်ရပ်အဖွဲ့တွေကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။

အစိုးရက သတ်မှတ်ပေးထားတဲ့ နေရာမှာ ရှိမနေပဲ သတ်မှတ်နယ်မြေထက် ကျော်လွန် ရောက်ရှိနေရင် မိမိတပ်ရှိရာ မိမိပြန်ဝင်ဖို့လည်း မှာကြားထားတယ်လို့ တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။

“နယ်စပ်ဒေသပေါ့၊ ဝ နဲ့ မုန်းလားဒေသမှာ ရှိတဲ့ သက်ဆိုင်ရာ ဗမာအစိုးရကနေပြီးတော့ အကြောင်းကြားတာ ရှိတယ်။ ကိုယ်သတ်မှတ်ထားတဲ့ နယ်မြေထဲက ထွက်တဲ့ တပ်တွေကို ပြန်သွင်းဖို့၊ မသွင်းလို့ သူတို့နဲ့ ထိပ်တိုက် သူတို့ ဗမာအစိုးရ နယ်မြေထဲမှာ တွေ့ရင် တိုက်ပွဲဖြစ်ရင် သူတို့ တာဝန် မယူဘူးပေါ့ဗျာ။”

“ဒီ အခု လက်ရှိ ရှိတဲ့ ဝ တပ်ဖွဲ့တို့၊ အထူးဒေသ (၄) တပ်ဖွဲ့တို့၊ အခြား ငြိမ်းချမ်းရေး ယူထားတဲ့ အဖွဲ့တွေ ဗမာအစိုးရက သတ်မှတ်ပေးတဲ့ နေရာရှိတယ်။ အဲဒီ နေရာ တွေကနေပြီးတော့ ကျော်ပြီးတော့ ထွက်နေတာ တွေ့ရင် ပြန်ဝင်ဖို့၊ ပြန်မဝင်ရင် သူတို့လည်း အခုဟာ နယ်မြေ ရှင်းလင်းရေး လုပ်မယ်။ နယ်မြေ ရှင်းလင်းရေး လုပ်နေတဲ့အောက်မှာ ထိတွေ့မှု ဖြစ်ရင် မကောင်းဘူး။ ကိုယ့်ဖာသာ တာဝန်ယူရမှာပဲ။ သူတို့ကတော့ တွေ့ရင် တိုက်မှာပဲ။”

ငြိမ်းချမ်းရေးတပ်ဖွဲ့ ကိုယ်စားလှယ်တွေကို ရွှေတြိဂံတိုင်းလို ရ-မ-ခ တိုင်းလို သက်ဆိုင်ရာ တိုင်းမှူးတွေက လူကိုယ်တိုင် ခေါ်တွေ့ပြီး မတ်လ ၂၄ ရက်လောက်က အကြောင်းကြားတာလို့ ဆိုပါတယ်။
လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ချိန်က အရင် စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ အပစ်ရပ်အဖွဲ့တွေ သဘောတူထားတဲ့ နယ်မြေတွေ ရှိခဲ့ပါတယ်။ အဲဒီ သတ်မှတ်နယ်မြေမှာပဲ နေထိုင်ဖို့ ခုလို ညွှန်ကြားတာဟာ ထိန်းချုပ်လိုတဲ့ ရည်ရွယ်ချက် ရှိပုံရတယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

“ဗမာအစိုးရက ထိန်းချုပ်တဲ့ သဘောပေါ့။ ကိုယ့်နေရာကိုယ် ထိန်းချုပ်တဲ့ သဘော။ နောက်တခုက အခု UNFC တို့ ဘာတို့ ဖွဲ့ပြီးတဲ့အခါမှာ၊ နောက်တခုက တပ်ပေါင်းစု လက်နက်ကိုင် အဖွဲ့အစည်းတွေက နေပြီးတော့ ကျွန်တော်တို့ ဒေသတွင်းကို လက်နက်ကိုင်နဲ့ ဝင်လာမှာတို့၊ ကျွန်တော်တို့နဲ့ ဆက်စပ် လှုပ်ရှားမှာတို့ ဘာတို့ ဟန့်တားချင်တဲ့ သဘောနဲ့ တူတယ်။ ကျွန်တော်တို့ နေရာမှာပဲ သတ်မှတ်ပြီးတော့ သူက ထိန်းချုပ်ထားချင်တဲ့ သဘောလည်း ဖြစ်တယ်။ အဲဒါကြောင့် သူက အဲလို အကြောင်းကြားတော့ ကျွန်တော်တို့ဖက်က မလိုအပ်တဲ့ စခန်းတွေပေါ့၊ အခုအခံလေးပေါ့၊ အဲဒီ ဒေသ စခန်းတွေ ဆုတ်ပေး၊ သူကတော့ အဲဒီ စခန်းတွေကိုတော့ တက်ယူတာတော့ မလုပ်သေးဘူး၊ အဲဒီနားတဝိုက် ရှင်းလင်းရေးတော့ လုပ်နေတယ်။”

အစိုးရပြောင်းသော်လည်း အုပ်ချုပ်ရေး ပုံစံ မပြောင်း၍ ပြည်သူများ မကျေနပ်
4/29/2011 နိရဉ္စရာ

အစိုးရ အပြောင်းအလဲ ဖြစ်သွားသော်လည်း အုပ်ချုပ်ရေး စနစ်ကို မပြောင်းသည့် အပြင် ကျေးရွာ ရယက ဥက္ကဌများကို အမည်ပြောင်းပြီး အုပ်ချုပ်ရေးမှူး အဖြစ် ဆက်ခန့်ထားသဖြင့် ပြည်သူများ အထူး မကျေမနပ် ဖြစ်နေကြကြောင်း သတင်း ရရှိသည်။

ရခိုင်ပြည်နယ်ရှိ ကျေးရွာများတွင် ယခင် ခန့်အပ်ထားခဲ့သော ရယကများမှာ ကြံ့ခိုင်ရေး ပါတီမှ သူတို့ စိတ်ကြိုက် ခန့်အပ်ထားသူများ ဖြစ်ပြီး လူထု သဘောဖြင့် ရွှေးချယ်ထားသော ရယက အဖွဲ့ဝင်များ မဟုတ်ကြောင်း ကျေးရွာသားများက ပြောသည်။

“ အခု ကျွန်တော်တို့ လူထုတွေ လိုလားနေတာက ကျေးရွာ ဥက္ကဌ အသစ်တွေကို လိုလားနေပါတယ်။ အရင်စနစ်နဲ့ အရင်လူတွေကို မလိုတော့ဘူး။ သူတို့က စစ်အုပ်ချုပ်ရေးတုန်းကတည်းက တက်လာတဲ့ သူတွေ ဖြစ်တဲ့ အတွက် အဲသလို စနစ်မျိုးနဲ့ဘဲ ရွာသားတွေကို ဆက် အုပ်ချုပ်နေတဲ့ အတွက် ရွာတွေမှာ ပြဿနာတွေ တက်နေတာတွေ အများကြီးပါဘဲ” ဟု ပေါက်တောမြို့နယ် ဆင်ပိုက်ရွာသား တစ်ဦးက ပြောသည်။

နအဖ စစ်အုပ်စုမှ ရေးဆွဲ အတည်ပြုခဲ့သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ရပ်ကွက် (သို့မဟုတ်) ကျေးရွာ အုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ် တစ်ဦးဦးကို ဥပဒေနှင့် အညီ ခန့်အပ် တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပါရှိသည်။

“ အခု သူတို့ ခန့်ထားတဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တစ်ဦးမှ အဲသလို ချမှတ်ထားတဲ့ စည်းကမ်းနဲ့ ကိုက်ညီတာ မပါဘူး။ သူတို့ဟာ ရပ်ရွာက ကြည်ညိုလေးစားတဲ့ သူတွေလည်း မဟုတ်ဘူး။ အကုန်လုံးက ကြံ့ခိုင်ရေးပါတီကို ထောက်ခံသူနဲ့ ကြံ့ခိုင်ရေး ပါတီဝင်တွေသာ ဖြစ်ကြပါတယ်” ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်တွင်မူ ကျေးရွာအုပ်ချုပ်ရေးမှူးများကို လူထုက လေးစားကြည်ညိုပြီး သိက္ခာ သမာဓိရှိသူများကို တာဝန်ပေးအပ်ခြင်း မဟုတ်ဘဲ မြို့နယ် အုပ်ချုပ်ရေးမှူးကို ငွေပေး နိုင်သူများကိုသာ တာဝန်ပေး ခန့်အပ်နေကြောင်း သတင်း ရရှိသည်။

ရတပ ပါတီ အအတွင်းရေးမှူး အဖွဲ့ဝင် ဦးခိုင်ပြည်စိုးက “ အခု မင်းပြားမြို့နယ်မှာ ကျေးရွာ အုပ်ချုပ်ရေးမှူး ဆက်လုပ်ချင်တဲ့ ရယက ဥက္ကဌတွေဆီက မြို့နယ် အုပ်ချုပ်ရေးမှူးက တစ်ဦးကို ကျပ် ၅၀၀၀၀ ကနေ ၃၀၀၀၀၀ ထိ တောင်းခံနေတယ်။ မပေးနိုင်ရင် ဖြုတ်ပစ်မယ်ဆိုတဲ့ အတွက် တောင်းတဲ့ငွေကို ပေးနေရတယ်လို့ ကြားခဲ့ပါတယ်” ဟု ပြောသည်။

အလားတူ မြေပုံမြို့နယ်မှာလည်း ယခင်က ရယက ဥက္ကဌဟောင်းများကို ကျေးရွာ အုပ်ချုပ်ရေးမှူးများ အဖြစ် ခန့်အပ်နေသဖြင် ကျေးရွာ အတော်များများတွင် ပြဿနာများ ပေါ်ပေါက်နေကြောင်း လွှတ်တော် အမတ် ဦးဖေသန်းက အတည်ပြု ပြောကြားသည်။

ဝနဲ့ မိုင်းလား တပ်ရုပ်ဖို့ အစိုးရဖိအားပေး
By ကိုမိုးဇော် သောကြာ, 29 ဧပြီ 2011

မြန်မာအစိုးရက သတ်မှတ်နယ်မြေပြင်ပမှာ တပ်စွဲထားတဲ့ ၀နဲ့ မိုင်းလား တပ်ဖွဲ့တွေကို ဒီလကုန်မှာ နောက်ဆုံး ထားပြီး ရုပ်သိမ်းဖို့နဲ့ တကယ်လို့ မရုပ်သိမ်းရင် စစ်ရေးနည်းအရ ဖြေရှင်းသွားမယ်လို့ ဒီရက်ပိုင်းအတွင်းမှာ အကြောင်းကြားလိုက်ပါတယ်။

မိုင်းလားတပ်ဖွဲ့ဘက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပဲ နေရာအချို့ကို ရုပ်သိမ်းခဲ့ပြီး ၀တပ်ဖွဲ့ဘက်ကတော့ ဒီလို ရုပ်သိမ်းဖို့ ကိစ္စကို သူတို့တပ်ဖွဲ့တွင်းမှာ ဆွေးနွေးနေဆဲဖြစ်တယ်လို့ သိရပါတယ်။ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ လက်မခံတဲ့ ၀နဲ့ မိုင်းလားတပ်တွေနဲ့ မြန်မာ အစိုးရသစ်အကြား ဆက်ဆံရေး နောက်ဆုံးအခြေအနေကို ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာအစိုးရဘက်က နှစ်ဘက်အပစ်အခတ်ရပ်စဲစဉ်က သဘောတူသတ်မှတ်ထားတဲ့ နှယ်မြေရဲ့ပြင်ပမှာ ရောက်ရှိနေတဲ့ UWSA ခေါ် ၀ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော်နဲ့ မိုင်းလားအဖွဲ့လို့ လူသိများတဲ့ NDAA ခေါ် အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်တို့ရဲ့ တပ်ဖွဲ့တွေကို ဒီလ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းဖို့အတွက် တောင်းဆိုတာဖြစ်ပါတယ်။

တောင်းဆိုတဲ့အတိုင်း မရုပ်သိမ်းဘူးဆိုရင် စစ်ရေးအရ အရေးယူမယ်လို့ မြန်မာစစ်တပ်ဘက်က ပြောဆိုကြောင်း ၀နဲ့ မိုင်းလားတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပါတယ်။

“အစိုးရက ၂၈ ရက်နေ့၊ မနေ့ကပေါ့ မွန်းလွဲပိုင်းမှာတဲ့ UWSA နဲ့ မိုင်းလားအဖွဲ့တွေကို သူတို့ ထိန်းချုပ်နယ်မြေ ပြင်ပ အနီးအနားတ၀ိုက်မှာ လှုပ်ရှားတပ်ဆိုက်နေတဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို ဒီဧပြီလကုန် ၃၀ ရက် နောက်ဆုံးထားပြီး ကိုယ့်နယ်မြေထဲကို အပြီးအပိုင် အကုန်လုံး နေရာတိုင်း တပ်ရုပ်ရမယ် ဆုတ်ထားရမယ်တဲ့။ ဒါမှမဟုတ်ရင် စစ်ရေးနည်း အသုံးပြုရလိမ့်မယ်တဲ့။ UWSA အဖွဲ့ဆိုရင် သူတို့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် လီကျူးလျက် ခေါ် ဦးအောင်မြင့်ကို ဖုန်းဆက်ပြောတယ်တဲ့။ နောက်ပြီးတော့ ကျိုင်းတုံမှာရှိတဲ့ မိုင်းလားကိုယ်စားလှယ် ရုံးတာဝန်ခံကို တြိဂံစစ်တိုင်းရုံးက ခေါ်ပြောတယ်ပေါ့။”

မြန်မာအစိုးရဘက်က ရုပ်သိမ်းခိုင်းတဲ့ နယ်မြေတွေကတော့ ဟိုပန်၊ ပန်လုံ၊ မက်မန်း၊ မိုင်းပေါက်နဲ့ မိုင်းဖျန်နယ်တွေမှာ ဖြစ်နိုင်တယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။ NDAA ခေါ် မိုင်းလားတပ်ဘက်ကတော့ တပ်စခန်း ၂ ခုကို အရင်ရက်တွေတည်းက ရုပ်သိမ်းခဲ့ကြောင်း သူက ပြောပါတယ်။

အခုလို သတ်မှတ်နယ်မြေ ပြင်ပရောက်နေတဲ့တပ်တွေကို ပြန်လည်ရုပ်သိမ်းဖို့ မြန်မာအစိုးရဘက်က တောင်းဆိုတာကို UWSA ခေါ် ၀တပ်ဖွဲ့ကတော့ တစုံတရာ အကြောင်းပြန်တာ မရှိသေးပါဘူး။ လောလောဆယ်မှာ ရုပ်သင့်၊ မရုပ်သင့် အကြောင်းပြန်ဖို့အတွက် သူတို့ပါတီအတွင်းမှာ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ၀တပ်မှူးတယောက်က ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်က စစ်ရေး နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇော ကတော့ တပ်တွေ ရုပ်သိမ်းခိုင်းတဲ့အပေါ်မှာ အခုလို သုံးသပ်ပါတယ်။

“အခုဟာကတော့ မြန်မာစစ်တပ်အနေနဲ့ ဖြတ်လေးဖြတ် ပုံစံနဲ့ ပိတ်ချင်တဲ့သဘော ဖြစ်ကောင်းဖြစ်နိုင် တာပေါ့နော်။ နောက်တခုကတော့ တခြား ညီနောင်တပ်ဖွဲ့တွေ၊ ငြိမ်းချမ်းရေး ယူမထားသေးတဲ့ တပ်ဖွဲ့မျိုးတွေ၊ အခြား အဖွဲ့တွေနဲ့ ဆက်စပ်ပြီးတော့ သူတို့ဒေသထဲမှာ၊ သူတို့အစိုးရဒေသထဲမှာ လာပြီးတော့ လူထုကို စည်းရုံးတဲ့ဟာမျိုး ဖြစ်လာမှာစိုးရိမ်ပုံရတယ်။ အဲဒါကြောင့်လဲ ဒါမျိုးတွေ ဖြစ်လာတာပေါ့ဗျာ။”
အခုအခါမှာ မိုးရာသီဝင်လာပြီဖြစ်တာကြောင့် မြန်မာစစ်တပ်ဘက်က ထိုးစစ်ဆင်တိုက်ခိုက်မယ့် အနေအထား မရှိသေးကြောင်း နဲ့ ဒီလိုတပ်ဆုတ်ဖို့ တောင်းဆိုထားတဲ့ နယ်မြေတွေဟာ အပစ်အခတ် ရပ်စဲစဉ်ကာလက စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်က တပ်စွဲခွင့်ပေးထားခဲ့တဲ့ နယ်မြေတွေ ပါဝင်တယ်လို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသမှာ အခြေစိုက်တဲ့ ၀နဲ့ မိုင်းလား တပ်ဖွဲ့တွေဟာ ၁၉၈၉ ခုနှစ်မှာ မြန်မာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့တာဖြစ်ပြီး ၂၀၀၉ ခုနှစ်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖွဲ့ရေး တောင်းဆိုချက်ကြောင့် အစိုးရနဲ့ တင်းမာမှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။ ၀တပ်ဖွဲ့ဘက်ကတော့ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ အသစ်တက်လာမယ့် အစိုးရနဲ့ မပြေလည်တဲ့ ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းသွားမယ်လို့ ကမ်းလှမ်းခဲ့ပေမဲ့ ဒီကနေ့အထိတော့ တစုံတရာ တုံ့ပြန်တယ်ဆိုတာ မကြားသိရသေးပါဘူး။

တချိန်တည်းမှာတော့ ပြည်သူ့စစ်ဖွဲ့စည်းရေးကို လက်မခံတဲ့ ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း တပ်မဟာ (၁) ကို မြန်မာအစိုးရတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ မတ်လကတည်းကစတင်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ ဒီရက်ပိုင်းတွေအတွင်းမှာ တိုက်ပွဲဖြစ်တာတွေ ငြိမ်သက်နေပေမဲ့ ဒေသခံပြည်သူတွေအပေါ် စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေး ဖောက်ဖျက်မှုတွေကတော့ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ရထားလမ်းအတွက် မြန်မာ-တရုတ် လက်မှတ်ထိုး
ကိုဝိုင်း | ကြာသပတေးနေ့၊ ဧပြီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၂၂ နာရီ ၃၆ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းပါ မူဆယ်-လားရှိုး ရထားလမ်းပိုင်းကို ၃ နှစ်အတွင်း အပြီးတည်ဆောက်မည်ဟု မြန်မာ-တရုတ် အစိုးရများအကြား ဗုဒ္ဓဟူးနေ့တွင် သဘောတူညီလိုက်သည်။

ကမ္ဘာ့အရှေ့အလယ်ပိုင်း အာရပ်ဒေသမှ ရေနံနှင့် ရခိုင်ကမ်းလွန် သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ တင်သွင်းရန် ရည်ရွယ်တည်ဆောက်မည့် ကျောက်ဖြူ-မူဆယ် ပိုက်လိုင်းတလျှောက် ရထားလမ်းစီမံကိန်း၏ ပထမအဆင့်ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာ၌ ကြာသပတေးနေ့တွင် ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနနှင့် တရုတ်အစိုးရပိုင် China Railway Engineering Corporation အကြား “မူဆယ်-ကျောက်ဖြူ ရထားလမ်းပို့ဆောင်ရေးစနစ် စီမံကိန်း” ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးပွဲကို နေပြည်တော်၌ ဗုဒ္ဓဟူးနေ့တွင် ပြုလုပ်ခဲ့ရာ၊ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဒုဥက္ကဋ္ဌဖြစ်သူ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး တက်ရောက်ခဲ့သည်။

China Railway Engineering Corporation ကုမ္ပဏီ ဥက္ကဋ္ဌ မစ္စတာ Li Chang Jin ဦးဆောင်သည့် အဖွဲ့အပြင် မြန်မာအစိုးရ ပြည်ထောင်စု ဝန်ကြီးများနှင့် ရှေ့နေချုပ်လည်း တက်ရောက်ကြသည်။

လက်ရှိအစိုးရ မြန်မာ့မီးရထား ဦးဆောင်ညွှန်ကြားရေးမှူး ဦးသိန်းဆွေနှင့် တရုတ်ကုမ္ပဏီ ကိုယ်စားလှယ် မစ္စတာ Zhao Deyi တို့က စာချုပ်များကို လက်မှတ်ရေးထိုးကြခြင်း ဖြစ်သည်။

မူဆယ်-လားရှိုး ရထားလမ်းအရှည် မိုင် ၈ဝ ခန့်၊ တံတား ၄၁ စင်း၊ ဥမင်လိုဏ် ၃၆ ခု၊ ဘူတာ ၇ ခု တည်ဆောက်မည်ဖြစ်ပြီး၊ တည်ဆောက်ချိန် ၃ နှစ် ခန့်မှန်းထားကြောင်း သတင်းစာက ဆိုသည်။

စီမံကိန်းကုန်ကျငွေကို ယခင် စစ်အစိုးရက တရားဝင် ကြေညာခဲ့ခြင်း မရှိသော်လည်း တရုတ်အစိုးရပိုင် CNPC ကုမ္ပဏီနှင့် မြန်မာ့ရေနံနှင့် သဘောဝလုပ်ငန်းတို့ အစုပိုင်သည့် ရေနံပိုက်လိုင်း တည်ဆောက်ရေးအတွက်ပင် အမေရိကန်ဒေါ်လာ သန်း ၁၅ဝဝ ခန့်ကျော် ကုန်ကျမည်ဟု ရွှေဂတ်စ် လှုပ်ရှားမှု ရခိုင်အဖွဲ့က ထုတ်ပြန်ထားသည်။

တရုတ် လောင်စာပိုက်လိုင်းကုမ္ပဏီ China Petroleum Pipeline Bureau (CPP) က တာဝန်ယူ တည်ဆောက်မည်ဖြစ်ပြီး မဒေးကျွန်းမှ စတင်မည့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကို ဖြတ်ကာ တရုတ်နိုင်ငံသို့ မူဆယ်မှ ဝင်ရောက်မည်။

“ပိုက်လိုင်းက ရှမ်းပြည်မြောက်ပိုင်းက လားရှိုး-မူဆယ်ကားလမ်းရဲ့ အရှေ့ဘက်အတိုင်း ဆင်းလာပြီး၊ ၁ဝ၅ မိုင်နားကနေ ဝမ်တိန်မြို့ဘက်၊ ကြူကုတ်-ပန်ဆန်းနဲ့ မူဆယ်မြို့ကြားကနေဝင်မှာ။ ရထားလမ်းက ရွှေလီအထိ ရောက်မယ်” ဟု တရုတ်-မြန်မာနယ်စပ် အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက မဇ္ဈိမကို ပြောသည်။

ပိုက်လိုင်းဖြတ်မည့် ရှမ်းပြည်မြောက်ပိုင်း လားရှိုးမှ တရုတ်နယ်စပ်ဆင်းသည့် လမ်းကြောပေါ်တွင် ကိုးကန့် လက်နက်ကိုင်တပ်နှင့် ကချင်လွတ်မြောက်ရေးတပ် KIA တပ်မဟာ ၄ တို့ အခြေစိုက် လှုပ်ရှားနေသော်လည်း တရုတ်အစိုးရနှင့် ဆက်ဆံရေး ပျက်မည်ကို လိုလားကြမည် မဟုတ်ဟု သူက သုံးသပ်သည်။

ရခိုင်ပြည်နယ်ဘက်တွင် ပိုက်လိုင်းဖြတ်မည့်လမ်းနှင့် မလွတ်ကင်းသည့် မြေယာများကို သိမ်းဆည်းရာ၌ နစ်နာသူများ ရှိသော်လည်း ရမ်းဗြဲကျွန်း ဖွံ့ဖြိုးလာမည်ကိုမူ ကြိုဆိုသည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP ဥက္ကဋ္ဌ ဒေါက်တာဦးအေးမောင်က ပြောသည်။

“ဒါပေမဲ့ ကျောက်ဖြူမှာ ရခိုင်လူထု ပျောက်ပြီးမှ မန္တလေးလိုဟာမျိုးပေါ့ဗျာ၊ တရုတ်မြို့ကြီး ဖြစ်သွားပြီးရင် ရခိုင်တွေက တောင်ကုတ်လို ဂျိုင့်တွေ၊ တောင်တွေကြားကို ရောက်သွားပြီး လုပ်စားရမဲ့ ကိုင်စားရမဲ့ ဖြစ်သွားမှာကို ကျနော်တို့ ကြောက်ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

ကျောက်ဖြူမြို့နှင့် မဒေးကျွန်းတို့၌ ရေနက်ဆိပ်ကမ်း၊ ရေနံသိုလှောင်ကန်စခန်း၊ သဘာဝဓာတ်ငွေ့ သိုလှောင်ရေးစခန်း၊ ဓာတ်ငွေ့သန့်စင်စက်ရုံ စသည့် တည်ဆောက်ရေး လုပ်ငန်းများ ပါဝင်ပြီး ကိုရီးယားပိုင် ဒေဝူးကုမ္ပဏီနှင့် တရုတ်ကုမ္ပဏီများက စတင်နေပြီဖြစ်သည်။ ၂ဝ၁၃ ခုနှစ်တွင် စီမံကိန်း အပြီးသတ်မည်ဟု တရားဝင် သတင်းများက ဆိုသည်။

အစိုးရအသစ်၏ အထူးစီမံကိန်းများ အကောင်အထည်ဖော်ရေးအဖွဲ့ ဥက္ကဋ္ဌ သမ္မတဦးသိန်းစိန်ကလည်း “တပ်မတော် အစိုးရ” လက်ထက်က မပြီးပြတ်ခဲ့သည့် လုပ်ငန်းများကို ၂ နှစ်၊ ၃ နှစ်အတွင်း ပြီးပြတ်စေရန် ဆောင်ရွက်ရမည်ဟု ပြောဆိုထားသည်။

တရုတ်နယ်စပ် မူဆယ်ဘက်တွင်မူ ရထားလမ်းသစ်နှင့် ပတ်သက်၍ ထူးခြားမှု မရှိသော်လည်း သံမဏိပိုက်လုံးရှည်များ ၁ဝ ဘီးကားများဖြင့် မြန်မာဘက် တင်ဆောင်နေသည်ကို ယခင်လမှစ၍ သတိထားမိသည်ဟု ဦးအောင်ကျော်ဇောက ပြောသည်။

Have you signed and show support in Burma Signature with Burmese people and Daw Aung San Suu Kyi?
အွန်လိုင်းပေါ်တွင် လက်မှတ်ထိုးနိုင်သည့် ဖောင် ( မိုးမခက တဆင့်)

https://spreadsheets.google.com/spreadsheet/viewform?formkey=dDFSblM2aVB5Y0lMbkwwc05BM2Z1Mmc6MQ

No comments: