Saturday, April 16, 2011

ဒုက္ခကို ပျားရည်ဆမ်း၍ - ၄ (မောင်လွမ်းဏီ)

“ထိုင်းနိုင်ငံသူ နိုင်ငံသားတွေရဲ့အမြင်မှာက မြန်မာတွေဟာ သူတို့နိုင်ငံမှာ တရားမဝင် လာအလုပ်လုပ်ကိုင် နေထိုင်သူတွေ၊ နိမ့်ကျတဲ့အလုပ်တွေ၊ ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေ၊ အန္တရာယ်များတဲ့ အလုပ်တွေ၊ သူတို့လူမျိုးတွေ မလုပ်တော့တဲ့အလုပ်မျိုးတွေကို လုပ်ကိုင်ကြသူတွေလို လှေနံဓားထစ် အရိုးစွဲအောင် မှတ်ချက်ပြုထားကြတာ မဟုတ်လား။ ရွံရှာစရာကောင်းတဲ့လူတွေလို့ အမြင်မသက်ရောက်သေးတာတခုပဲ ကျန်ပါတယ် …”

အာအက်ဖ်အေ သောတရှင်များ ခင်ဗျား။

ထိုင်းနိုင်ငံမှာ လာရောက် အလုပ်လုပ်နေတဲ့ အိမ်နားနီးချင်းနိုင်ငံတွေက ရွှေ့ပြောင်း အလုပ်သမားတွေမှာ ကူးစက်ရောဂါရှိသူတွေ တော်တော်များများ ရောက်လာနေတာကြောင့် မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံ နယ်စပ်တွေနဲ့နီးတဲ့နေရာတွေက ကျန်းမာရေး ဝန်ထမ်းတွေကို စစ်ဆေး ကြပ်မတ်မှုတွေ ဖိဖိစီးစီးဆောင်ရွက်ဖို့ ထိုင်းကျန်းမာရေး အရာရှိတွေက သတိပေးပြောဆိုလိုက်တဲ့ သတင်းတခုကို ကြားသိလိုက်မယ်ထင်ပါတယ်။

လွန်ခဲ့တဲ့နှစ်များအတွင်း ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားပေါင်း နှစ်သန်းကျော်ရှိတဲ့ အနက် နှစ်သောင်းကျော်မှာ ငှက်ဖျား၊ ဝက်သက်နဲ့ တီဘီ ရောဂါတွေရှိနေတာကို တွေ့ရတယ်လို့ ထိုင်း ကူးစက်ရောဂါ ကာကွယ်ရေးဆိုင်ရာ လေ့လာရေးဌာနကလည်း ထုတ်ပြန်ထားချက်ကိုလည်း ကိုးကား ဖော်ပြထားပါသေးတယ်။


ဒါပေမယ့် ထိုင်း-မြန်မာနယ်စပ်တွေဖြစ်တဲ့ မြဝတီ မဲဆောက်၊ ဘုရားသုံးဆူ စံခပူရီ၊ တာချီလိတ် မယ်ဆိုင်၊ ကော့သောင်း ရနောင်းအပြင် ချင်းမိုင်၊ ချင်းရိုင်နဲ့ မဟာချိုင်၊ ဖန်င၊ ဖူးခက်တို့မှာ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ ၂ သိန်းကျော်ရှိနေပေမယ့် ဘယ်လိုလုပ်ငန်းခွင်တွေမှာ ဖြစ်ဖြစ် ဘယ်မြန်မာ အလုပ်သမားတွေကိုမှ ကျန်းမာရေးဆေးစစ်ပြီး အလုပ်ခန့်တာ ခိုင်းတာ မရှိပါဘူး။ ထိုင်းလုပ်ငန်းရှင်တွေက အလုပ်သမားရှားပါးမှုကို ဈေးပေါပေါနဲ့ ရတဲ့နည်းနဲ့ အသုံးပြုနေတာပါပဲ။

ဘယ်လုပ်ငန်းခွင်က အလုပ်သမားတွေဖြစ်ဖြစ် ကျန်းမာရေးပြဿနာကြုံရင် ကိုယ့်အိပ်စိုက် နည်းလမ်းနဲ့ ဖြေရှင်းကြရသလို အိမ်ဖော်လုပ်ငန်း၊ ရေ၊ လှေနဲ့ ငါးလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ တောင်ယာ လုပ်ငန်းခွင်က အလုပ်သမားမိသားစုတွေဟာ ကျန်းမာရေးထိခိုက်ခဲ့ရင် ဆေးရုံ ဆေးခန်းဆိုတာဝေးလို့ ဆေးမီးတိုနဲ့ အပ်ပုံးဆရာတောင် မမျှော်လင့်နိုင်တဲ့ အနေအထားပါ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကြုံသလို ဖြေရှင်းကြရပြီး တာဝန်ယူပေးတဲ့သူ မရှိသလောက်လို့ ဆိုရမှာပါပဲ။

ဆိုလိုချင်တာကတော့ အခြေခံအားဖြင့် ကူးစက်ရောဂါတွေကို စစ်ဆေးပြီးအလုပ် အကိုင်ခန့်တာ မရှိဘူးဆိုတာကို ပြောချင်တာပါ။ သို့ပေမယ့် စက်ရုံအလုပ်ရုံတွေမှာ လုပ်ကိုင်ကြတဲ့သူတွေအနေနဲ့ကတော့ ဝပ်ပါမစ်လုပ်ကြရတဲ့အချိန်အခါမှာ ကျန်းမာရေးဌာနဖြစ်တဲ့ ဆေးရုံတွေမှာ သွေးစစ် ဆေးစစ်ပြီးမှ ဝပ်ပါမစ် လုပ်လို့ရတာဆိုတော့ မလွဲမသွေ ဆေးစစ်ကြရတယ်ဆိုပါတော့။ ဒါပေမယ့် ဝပ်ပါမစ်လုပ်သူကလည်း ၁၀၀ မှာ ၃ ရာခိုင်နှုန်းသာရှိတော့ ကျန်းမာရေးနဲ့ပတ်သက်တာတွေ အလေးအနက်မရှိတာ ထင်ရှားတယ်လို့ ဆိုရမှာပါ။

နောက်တချက်ကတော့ ထိုင်း-မြန်မာ နှစ်နိုင်ငံ နားလည်မှုစာချွန်နဲ့ ဆောင်ရွက်လုပ်ကိုင်နေတဲ့ ယာယီပတ်စပို့စ် ကိုင်ဆောင်လုပ်ကိုင်ကြတဲ့ကိစ္စမှာလည်း သွေးစစ် ဆေးစစ်ပြီးမှ ထုတ်ပေးတာ မဟုတ်ပါဘူး။ ကိုယ်စားလှယ် ပွဲစားတွေနဲ့ပဲ လုပ်ကိုင်ကြတာပါ။ ဒီတော့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား လောကမှာ ကျန်းမာရေးဆေးစစ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုဟာ မရှိသလောက်လို့ပဲ ဆိုရမှာပေါ့။

ဒီလို ရွှေ့ပြောင်း မြန်မာအလုပ်သမားလောကမှာ ကူးစက်ရောဂါတွေ အသေအချာကို ပါလာမှာပါပဲ။ ထိုင်း-မြန်မာနယ်စပ် ကော့သောင်း ရနောင်းနဲ့ ဖန်င၊ ဖူးခက်လို ဒေသတွေမှာ ငှက်ဖျားရောဂါမရှိကြပေမယ့် မြဝတီ မဲဆောက်၊ ဘီဘီ ၁၄ မယ့်ဆရင်း၊ မယ်အော မယ်ဟောင်ဆောင်၊ တာချီလိတ် မဲဆိုင် နယ်နိမိတ် ထိစပ်ဒေသတွေမှာတော့ ငှက်ဖျားရောဂါဝေဒနာကို ခံစားကြရသူတွေ များပါတယ်။ ဒေသအားလုံးကို ခြုံကြည့်ရင် တီဘီရောဂါကတော့ နေရာတိုင်းမှာရှိနေတယ်လို့ သတ်မှတ်လို့ရပါတယ်။

ဒီလို တွေ့ရှိချက်တွေအရ ထိုင်းပြည်သူတွေရဲ့ စိုးရိမ်ချက်ကလည်း ပိုမြင့်မားလာတာလို့ ဆိုနိုင်ပါတယ်။ ကရင်ပဲဖြစ်ဖြစ် မွန်ပဲဖြစ်ဖြစ်၊ ရှမ်းပဲဖြစ်ဖြစ်၊ ဗမာပဲဖြစ်ဖြစ် ထိုင်းလူမျိုးတွေအနေနဲ့ကတော့ အားလုံးကို မြန်မာတွေလို့ပဲ သတ်မှတ်တာကိုး။ စက်ရုံ အလုပ်ရုံ တန်းလျားမှာနေကြတဲ့ အလုပ်သမားတွေ အနေနဲ့ ထိုင်းအလုပ်ရှင်တွေနဲ့ ပြဿနာမရှိပေမယ့် ထိုင်းရပ်ရွာတွေထဲမှာ နေထိုင်လုပ်ကိုင်နေကြတဲ့ မြန်မာ အလုပ်သမား မိသားစုတွေအနေနဲ့တော့ ထိုင်းလူထုရဲ့ သင်္ကာမကင်းဖြစ်တာကို အကြီးအကျယ် ခံကြရပါတယ်။

သာမန် ချောင်းဆိုးရင်သော်လည်းကောင်း၊ သာမန် ဖျားနာရင်သော်လည်းကောင်း သူတို့ထင်တာက တီဘီနဲ့ ငှက်ဖျားရောဂါ ဝေဒနာသည်တွေ၊ ကူးစက်ရောဂါရှိသူတွေလို့ ထင်ကြေးပေး သတ်မှတ်ကြတာ ဆိုပါတော့။ သူတို့နိုင်ငံရဲ့ ကျန်းမာရေး အသိပညာမြှင့်တင်မှု၊ ပညာပေးမှုတွေနဲ့ စောင့်ရှောက်မှုတွေက ကျယ်ပြန့်မြင့်မားတာကြောင့်လည်း ပါပါလိမ့်မယ်။

ထိုင်းနိုင်ငံသူ နိုင်ငံသားတွေရဲ့အမြင်မှာက မြန်မာတွေဟာ သူတို့နိုင်ငံမှာ တရားမဝင် လာအလုပ်လုပ်ကိုင် နေထိုင်သူတွေ၊ နိမ့်ကျတဲ့အလုပ်တွေ၊ ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေ၊ အန္တရာယ်များတဲ့ အလုပ်တွေ၊ သူတို့လူမျိုးတွေ မလုပ်တော့တဲ့အလုပ်မျိုးတွေကို လုပ်ကိုင်ကြသူတွေလို လှေနံဓားထစ် အရိုးစွဲအောင် မှတ်ချက်ပြုထားကြတာ မဟုတ်လား။

ရွံရှာစရာကောင်းတဲ့လူတွေလို့ အမြင်မသက်ရောက်သေးတာတခုပဲ ကျန်ပါတယ်။ တလောကပဲ မြန်မာတိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေ ခိုလှုံတဲ့ ထိုင်းရွာတွေမှာ ကျေးရွာသားတွေက မြန်မာ ဒုက္ခသည်တွေမှာ ကူးစက်ရောဂါတွေ ပါလာတာမို့ မြန်မြန်ပြန်ပို့ဖို့ ထိုင်းအာဏာပိုင်တွေကို တိုက်တွန်းတာ။ ရွာနဲ့ဝေးတဲ့နေရာမှာ နေထိုင်ခိုင်းတာတွေကြောင့် မြန်မာစစ်ပြေးဒုက္ခသည်တွေမှာ အတိဒုက္ခ ပိုရောက်တဲ့အကြောင်း ကျွန်တော် တင်ပြခဲ့ပါသေးတယ်။

မြန်မာပြည်သား အမျိုးသား အမျိုးသမီး HIV/AIDS ဝေဒနာသည်လေးတွေကတော့ ထိုင်းနိုင်ငံ တနံတလျားမှာ ဘယ်လို ဒုက္ခတွေနဲ့ ဘယ်လို ကူးခတ်နေတယ်ဆိုတာ မှောင်မဲသိပ်သည်းလွန်းတော့ လူတိုင်း မမြင်တွေ့နိုင်ကြပါဘူး။ တကယ်လို့ မြင်ရတဲ့မြင်ကွင်းတွေကို ပုံဖော်ကြည့်ရင်တော့ ဒုက္ခကို နက်နက်ရှိုင်းရှိုင်း ရှာတွေ့နိုင်ပေမယ့် ပျားရည်မြစ်ကိုတော့ ရှာဖွေမတွေ့နိုင်တာ သေချာလှပါတယ်။

နားဆင်တဲ့အတွက် ကျေးဇူးတင်ပါတယ်။


မောင်လွမ်းဏီ
၂၂- ၂- ၂၀၁၁

သရုပ်ဖော်ပန်းချီ - မောင်မောင်တင်

လွတ်လပ်တဲ့ အာရှအသံ (RFA) မှ ပြန်လည် ကူးယူဖော်ပြပါတယ်။ 
 

No comments: