Monday, March 7, 2011

ပရော်ဖက်ရှင်နယ်လ် (ဂျူး)

မနေ့က နံနက်ပိုင်းတွင် ကျမအင်တာဗျူးတခု လက်ခံ ဖြေဆိုခဲ့ပါသည်။ နာမည်ကြီးသော၊ သိက္ခာရှိသော ဂျာနယ်တစောင်မှ သတင်းထောက် အမျိုးသမီးလေးက ကျွန်မအား ကြိုတင်ရက်ချိန်းယူ၍ လာရောက် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မတ်လ ၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်သည့်အတွက် ကျွန်မထံမှ အမျိုးသမီးတွေနှင့် ပတ်သက်သည့် အမြင်တခုခုကို သိချင်ပါသည်ဟု သူမက ပြောပါသည်။

တကယ်တော့ ကျွန်မ အင်တာဗျူးနှင့် ခပ်ဝေးဝေးမှာ ရောက်နေခဲ့သည်မှာ ကြာပါပြီ။ အချိန်မပေးနိုင်တာကြောင့်လည်း ဟုတ်သည်။

အင်တာဗျူးအတွက်ပေးလိုက်ရသည့် ကျွန်မ၏ အချိန်၊ ကျွန်မ စိုက်ထုတ်ရသည့် ဦးနှောက်အလုပ်၊ နောက်ပြီး အင်တာဗျူးလုပ်သည့် မီဒီယာအပေါ် ကျွန်မ၏အသိအမှတ်ပြုမှုနှင့် လေးစားမှု၊ စသည် စသည် ကျွန်မဘက်က လိုက်လျောမှုတွေအတွက် ကျွန်မက သူတို့ထံမှ အပြန်အလှန် လေးစားမှုအဖြစ် တန်ဖိုးတခုခု ပေးအပ်ပါရန် တောင်းဆိုသည့်အခါ ကျွန်မကို သူတို့ မလိုက်လျောနိုင်တာက များတာမို့ အစကတည်းက ပြတ်ပြတ်သားသားပြောပြီး ရှောင်ထားခဲ့သောကြောင့်လည်း ဟုတ်သည်။


ထိုသတင်းထောက်အမျိုးသမီးလေးက ကျွန်မ ပေးမည့်အချိန်နှင့် ဦးနှောက်အလုပ်အတွက် တန်ဖိုးတခု ထားပါသည်ဟု သဘောတူလိုက်သဖြင့် ကျွန်မ လက်ခံလိုက်ခြင်းဖြစ်ပါသည်။

ကျွန်မ အလုပ်တိုက်ခန်းသို့ရောက်သည့်အခါ သတင်းထောက် အမျိုးသမီးကလေးက ငွေစက္ကူ ထည့်ထားသော စာအိတ်တအိတ်ကို ကျွန်မအား အရင်ဆုံး ကမ်းပေးလာသည်။ ထိုအပြုအမူကြောင့် ဘာမှ စကား စ မပြောမီ ထိုငွေကိစ္စကို အရင်ဆုံးရှင်းပြမှဖြစ်မည်ဟု ခံစားလိုက်ရသည်။

“ကျွန်မက အင်တာဗျူးအတွက် တန်ဖိုးတစ်ခုခုတောင်းဆိုတာကို ကြားရတဲ့အခါ စိတ်ထဲမှာ အနှောင့်အယှက် ဖြစ်မသွားဘူးလား”

ကျွန်မမေးလိုက်မိ၏။ သူမကလည်း ပွင့်ပွင့်လင်းလင်းပဲ ဖြေ၏။

“အမှန်အတိုင်း ပြောရရင်တော့ စိတ်ထဲမှာ တမျိုးကြီး ခံစားလိုက်ရပါတယ်။ ဆရာမကို ငွေစကားပြောသူအဖြစ် ကျွန်မ မမြင်ချင်ဘူးလေ”

“ကျွန်မ လိုချင်တာ ငွေဆိုတဲ့အရာ မဟုတ်ဘူး။ ကျွန်မအပေါ် ဒါမှမဟုတ် ကျွန်မလိုပဲ အင်တာဗျူးလုပ်ဖို့ အချိန်ပေးလိုက်တဲ့ ပရော်ဖက်ရှင်နယ်လ်တွေအပေါ် မေးခွန်းတွေမေးလာမဲ့ မီဒီယာရဲ့ လေးစား အသိအမှတ်ပြုမှုပဲ။ ဒါကြောင့် ကျွန်မက ငွေကြေးပမာဏ သတ်မှတ်မထားတာပေါ့။ ကျွန်မရဲ့ စာရေးဆရာဘဝ ပထမဆုံးသော အင်တာဗျူးအတွက် အဲဒီမဂ္ဂဇင်းက ကျွန်မကို ကျွန်မရဲ့ ပုံတူပန်းချီကားတချပ်နဲ့ ကချင်လုံချည်တထည် လက်ဆောင်ပေးတယ်။ ကျွန်မ ကောင်းကောင်း မှတ်မိနေတယ်။ ကျွန်မ အဲဒီမဂ္ဂဇင်းကိုရော စီစဉ်ပေးတဲ့ အယ်ဒီတာကိုရော ကျေးဇူးတင်လိုက်တာ အခုအချိန်ထိ မမေ့တော့ဘူး”။

ကျွန်မ သူမကို လေးလေးစားစား ရှင်းပြပါသည်။ သူမ ခေါင်းညိတ်၏။ ကျွန်မ၏စားပွဲပေါ်မှာ ဟိုနေ့ကတည်းက ရှိနေသော မယ်လမင်း ကော်ဖီခွက်ကလေးကို ကျွန်မ လက်နှင့်ထိကိုင်လိုက်သည်။

“ကျွန်မကို အင်တာဗျူးလုပ်ချင်တဲ့ ဂျာနယ်၊ မဂ္ဂဇင်းကပေးမယ့် ပစ္စည်းဟာ ဟောဒီလို ခွက်ကလေးတလုံး ဖြစ်ချင်လည်း ဖြစ်လိမ့်မယ်၊ ငွေသုံးထောင်လည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မထားတဲ့ လေးစားမှုကို သူက အပြန်အလှန် လေးစားခြင်းနဲ့ အသိအမှတ်ပြုလိုက်တာမို့ ကျွန်မက ကျေနပ်မိမယ်”။

ထို့နောက်မှ ကျွန်မ သတိရသွားသည်။ ရှင်းအောင်မေးမှဖြစ်မည် ဟု ဆုံးဖြတ်လိုက်သည်။

“နောက်ပြီး ကျွန်မ တခုသိချင်တယ်။ အခုပေးတဲ့ ငွေကို နည်းတယ် များတယ်မပြောမီ၊ အဲဒီငွေက ဂျာနယ်တိုက်က ပေးလိုက်တာ ဟုတ်ရဲ့လား ကျွန်မသိချင်တယ်”

သူမ နည်းနည်း တွန့်ဆုတ်သွားသည်။ ထိုအခါ ကျွန်မကပဲ ပြောလိုက်သည်။

“ကျွန်မကို ရှင်တို့ဂျာနယ်က သတင်းထောက်တွေ မေးခွန်းတွေ မေးဖို့တောင်းဆိုတာ ဒီတခါနဲ့ပါဆိုရင် လေးကြိမ်မြောက် လို့ ထင်တယ်။ အရင်သုံးကြိမ်တုန်းက ကျွန်မ တောင်းဆိုတာကို မလိုက်လျောနိုင်လို့ ပျက်ပျက်သွားတာ”

“အယ်ဒီတာတွေကို အဲဒီကိစ္စ မပြောရသေးဘူး။ သူတို့မှာ အင်တာဗျူးအတွက် အမေးခံရသူကို တခုခုပေးတဲ့ ထုံးစံ မရှိဘူး ဆရာမ၊ ဒါကြောင့် ကျွန်မက စိုက်ပြီးပေးတာပါ” သူမ က အမှန်အတိုင်း ဖွင့်ပြောပါသည်။

ထိုအခါ ကျွန်မ ထိုစာအိတ်ကို သူမဘက်သို့ ပြန်တိုးကပ်ပေးလိုက်မိသည်။ ဂျာနယ်က သူမအား အသွားအပြန် ခရီးအတွက် အငှားကားခ ပေးချင်မှပေးလိုက်လိမ့်မည်။ သူမက အိတ်စိုက်ပြီး အငှားကားခ ပေးနေရတာ ဖြစ်မည်။ ကျွန်မ သတင်းထောက် အမျိုးသမီးလေးထံမှ ဘာမှ မလိုချင်။ ဂျာနယ်တိုက်က ပေးအပ်သော တခုခုကိုသာ လိုချင်ပါသည်။ ထို့ကြောင့် ကျွန်မမှာ ပြောပြစရာတခု ရှိလာပြန်ပြီ ဟု ခံစားလိုက်ရသည်။

“တခါတုန်းက ရှင်တို့ဂျာနယ်အတွက်ပဲ အင်တာဗျူးတခုလုပ်ဖို့ စီစဉ်ဖူးသေးတယ်။ အဲဒီတုန်းက အင်တာဗျူး လုပ်မယ့်သူက ကျွန်မက အစ်မရင်းလို ချစ်ခင်ရတဲ့ အမျိုးသမီး အယ်ဒီတာပါ။ ကျွန်မတို့ ဓာတ်ပုံတွေတောင် ပျော်ပျော်ရွှင်ရွှင် ရိုက်ပြီးကြပြီ။ စကားပြောဖို့ ကဖေးဆိုင်လေးတခုကို ရွေးပြီးကြပြီ။ နောက်တော့မှ ကျွန်မပြောတဲ့ တန်ဖိုးတခုအတွက် ပျက်သွားတာ။ အဲဒီတုန်းက သူက ကျွန်မကို ပြောတယ်လေ။ သူတို့ဂျာနယ်ကတော့ အမေးခံရတဲ့လူကို ဉာဏ်ပူဇော်ခပေးတဲ့မူ မရှိဘူးတဲ့။ ဒီတော့ ဂျူးအတွက် တို့က စိုက်ပြီးပေးမယ်လေ။ ဒါဆိုရင် ဂျူးအတွက် အဆင်ပြေမယ်။ တို့အတွက်လည်း အဆင်ပြေမယ် တဲ့။ ဒါပေမဲ့ အဲဒါကို ကျွန်မ လက်မခံခဲ့ဘူး။ အစ်မရယ် ကျွန်မ အစ်မဆီကပေးမယ့် လက်ဆောင်ကို လက်မခံပါရစေနဲ့ လို့ ငြင်းလိုက်ပါတယ်”

ကျွန်မစကားကြောင့် အမျိုးသမီးလေး အနည်းငယ် တွေသွားသည်။ စိုးရိမ်သွားပုံလည်း ရပါသည်။

“အဲဒီ အမဆီက ကျွန်မ လက်ဆောင်ပစ္စည်းတွေ ယူနေကျပါ။ ကျွန်မမွေးနေ့အတွက် မွေးနေ့လက်ဆောင်တွေ နှစ်တိုင်း ရဖူးတယ်။ သူနိုင်ငံခြား သို့မဟုတ် ပြည်တွင်းခရီးက ပြန်လာတဲ့အခါတိုင်း ကျွန်မအတွက် လက်ဆောင်တွေ ဝယ်ပေးနေကျ၊ ကျွန်မကလည်း နိုင်ငံခြားကပြန်လာရင် အစ်မအတွက် တခုခု သတိတရ ဝယ်နေကျ။ လက်ဆောင်ပေးခြင်း လက်ခံခြင်းဟာ ကျွန်မတို့ နှစ်ယောက်ကြားမှာ အထူးအဆန်း မဟုတ်ဘူး။ ကျွန်မတို့ ချစ်ချစ်ခင်ခင်ပြုမူနေကျ အပြုအမူပါ။ ဒါပေမယ့် အဲဒီနေ့က အစ်မကပေးမယ့် လက်ဆောင်ကို ကျွန်မငြင်းလိုက်လို့ အင်တာဗျူး ပျက်သွားတယ်”

သူမက ကျွန်မကို တော်တော်ကြောင်သည့် မိန်းမဟု ထင်သွားမလား။ တော်တော် လက်ပေါက်ကပ်သည့် မိန်းမဟု ထင်သွားမလား မသိပါ။ စိတ်တော့ နည်းနည်းပျက်သွားပုံပဲ။

“ဒီတော့ ရှင့်ရဲ့ အယ်ဒီတာတွေကို ဒီအကြောင်း ပြောပြပြီး အင်တာဗျူးမေးဖို့ချဉ်းကပ်ခံရတဲ့ ကျွန်မတို့လို လူမျိုးတွေ အတွက် တင်ပြပေးမလား။ အဲဒါဆိုရင် အခု ကျွန်မတို့ စကားပြောလို့ရပြီ”

အမျိုးသမီးလေး မျက်နှာကြည်လင်သွားသည်။

ကျွန်မမှာ နောက်ထပ်တခု ပြောစရာရှိသေးသည်။

“ကျွန်မလည်း ဂျာနယ်တခုလုပ်နေတာမို့ ဂျာနယ်တိုက်တခုရဲ့ အခက်အခဲတွေကို သိသင့်သလောက် ကျွန်မ သိပါတယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ်လ် စာရေးဆရာ ကာတွန်းဆရာတွေရဲ့ဘက်ကို ကျွန်မ လေးစား အသိအမှတ်ပြုတယ်။ သူတို့ စိုက်ထုတ်လိုက်ရတဲ့ ဦးနှောက်၊ အချိန်၊ ဉာဏ်ရည် အဲဒါတွေအတွက် ကျွန်မတို့က လေးစားရမယ်လေ။ သူတို့က ကျွန်မတို့အတွက် စေတနာနဲ့ အချိန်နဲ့ ဦးနှောက်အင်အား စိုက်ထုတ်မှုနဲ့ စာမူလက်ရာတွေ ဖန်တီးပြီး ပေးလိုက်ကြပြီ။ အကြောင်းတခုခုကြောင့် ပျက်ကွက်သွားတဲ့အခါ စာမူခ မပေးကြတော့ဘူးလား။ အဲဒီ ပုဂ္ဂိုလ်တွေကို ကျွန်မက စာမူခပေးပါတယ်”

ထို့နောက် ကျွန်မတို့ အင်တာဗျူးကို ဆောင်ရွက်ပါသည်။ အင်တာဗျူးအပြီးမှာ ကျွန်မကို သူမက ဓာတ်ပုံရိုက်ပါရစေဟု ခွင့်တောင်းလာသည်။ ကျွန်မ၏ နောက်ဆုံးထုတ်ဝေသော စာအုပ်ရှိလျှင် ထိုစာအုပ်နှင့်အတူ ဓာတ်ပုံရိုက်ချင်ပါသည် တဲ့။

ကောင်းပြီ၊ ကျွန်မ လောလောလတ်လတ် ထုတ်ဝေထားသော “အရောင်များနှင့် ကစားခြင်း” စာအုပ်ကို စားပွဲပေါ် တင်ထားပြီး ဓာတ်ပုံရိုက်ကြ၏။ သူမ ပြန်တော့ ကျွန်မက ထိုစာအုပ်ကို လက်မှတ်ထိုးလျက် သူမအတွက် လက်ဆောင်ပေးလိုက်ပါသည်။

သူမ ပြန်သွားတော့ ကျွန်မ စာဆက်ရေးဖို့ ကြိုးစားသည်။ ကျွန်မ၏ ရေးလက်စ စာမူအတွက် စိတ်အလျင်မှာ ပျက်သွားပြီ။ တော်တော်နှင့် ပြန်အာရုံစိုက်မရပါ။ တနာရီလောက်ကြာတော့ ကျွန်မ လက်လျှော့လိုက်ကာ စာအုပ်စင်မှ Harper's မဂ္ဂဇင်း တစောင်ကို ထုတ်ယူပြီး စာဖတ်ရသည်။ ထို့နောက် စာ ဆက်ရေးသည်။ ရေးလက်စစာမူကို မကြိုက်သဖြင့် ကိုယ့်ဟာကိုယ် ပယ်ပစ်လိုက်သည်။ နောက်တပုဒ်ရေးဖို့ ကြိုးစားရ၏။

ပထမဆုံးတော့ Professional ဟူသော စကားလုံးကို စာရွက်ပေါ်မှာ ချရေးလိုက်သည်။
ပရော်ဖက်ရှင်နယ်လ် ဟူသော စကားလုံးအကြောင်း ပြောကြတော့မည်ဆိုလျှင် ကျွန်မတို့မှာ အငြင်းပွားစရာတွေ ရှိလာနိုင်ပါသည်။ ပရော်ဖက်ရှင်နယ်လ်ကို ကြေးစားဟု အဓိပ္ပာယ်ပြန်ဆိုသူတွေလည်း ရှိသည်။ ဘာသာရပ်တခုခုမှာ ကျွမ်းကျင်တတ်မြောက်ပြီး ထိုကျွမ်းကျင်မှုဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဟု အဓိပ္ပာယ်ပြန်ဆိုသူတွေလည်း ရှိသည်။ ကျွန်မ ဘယ်လို တင်ပြမှုဟန်မျိုးဖြင့် ရေးရပါ့မလဲ။

ထို့နောက် ပရော်ဖက်ရှင်နယ်လ် ဟူသော အသုံးအနှုန်းနှင့် ဆက်စပ်ပြီး ကျွန်မ ခေါင်းထဲမှာရောက်လာသော စကားလုံးများကို ချရေးလိုက်တာက ပိုပြီး အလုပ်ဖြစ်မည်ဟု တွက်သည်။ ထို့နောက် ကျွန်မ ပရော်ဖက်ရှင်နယ်လ်နှင့် ဆက်စပ်သမျှ အာရုံထဲရောက်လာသမျှ စကားလုံးတွေကို ချရေးလိုက်ပါသည်။ ခုနစ်လုံး ရသည့်အချိန်တွင် ကိုမြင့်ဇော် ရောက်လာသည်။

သူက ကျွန်မနှင့် ပတ်သက်နေသော နေရာနှစ်မျိုးစလုံးမှာ ကျွန်မ၏ အယ်ဒီတာဖြစ်သည်။ တခုက ကျွန်မတို့၏ ဂျာနယ်၊ နောက်တခုက ကျွန်မ၏ စာပေတိုက်။ ဒါက လူတိုင်းသိထားသည့် သူ့တာဝန်ဖြစ်၏။ ဘယ်သူမှသိမထားသည့် သူ့တာဝန်တခု ရှိသေးသည်။ သူက တခါတခါ ရယ်မောလျက် ကျွန်တော် အခု အစ်မရဲ့ ပီအေ ဖြစ်မှန်းမသိ ဖြစ်နေပြီ ဟု ညည်းညူတတ်သည်။ ထိုစကားလုံးကို ကျွန်မ မကြိုက်နိုင်သော်လည်း ကျွန်မ ဝန်ခံလိုက်ရ၏။ ဟုတ်တယ်။ Personal Assistance ပဲ။

သူ ရောက်ရောက်ချင်း သူပို့ထားသည့် စာအုပ်တွေ၏ စာအုပ်ဖိုးငွေကို ကျွန်မအား ပေးသည်။ ကျွန်မက စာအုပ်ဖိုးတွေကို သူ့ဆိုင်နှင့်သူ သီးသန့်ဖြစ်အောင် ခွဲခြားထပ်လျက်သားရေကွင်းတွေဖြင့် စီးနှောင်နေခိုက် သူက သင်ပုန်းဖြူပေါ်တွင် ကျွန်မ မှတ်ထားသော အကြောင်းအရာများကို ဖတ်နေသည်။ ထို့နောက် ကျွန်မတို့ နောက်ဆုံးထုတ်ဝေခဲ့သော စာအုပ်နှင့် ပတ်သက်သည့် အခြေအနေ၊ စာရင်းဇယားတို့ အကြောင်း ပြောကြသည်။ ထို့နောက် ကျွန်မက ပရော်ဖက်ရှင်နယ်လ်နှင့် ပတ်သက်၍ ဦးနှောက်စားနေချိန်တွင် သူက အရင်နေ့က ကျွန်မတို့ချန်ထားခဲ့သော ဖွင့်လက်စ စာအုပ်ဘူးများ၊ ရှုပ်ပွနေသော စာရွက်စာတမ်းများကို ရှင်းစရာရှိတာ ရှင်း၊ ထပ်စရာရှိတာကို သေသေသပ်သပ်ဖြစ်အောင် ထပ်နေ၏။ စားပွဲမှာထိုင်ပြီး စာရေးနေမိသော ကျွန်မ အားနာသွားသည်။

“ကျွန်မ အဲဒါတွေကို ရှင်းဖို့စဉ်းစားနေတာ ကြာပြီ၊၊ ဘယ်ကနေ စ ရမှန်းမသိလို့”

သူ ပြုံးရုံပြုံးလျက် ဘာမှမပြောပါ။

အခန်းတခုလုံး နည်းနည်း ကြည့်ကောင်းသွားတော့မှ သူ့စားပွဲတွင် သူဝင်ထိုင်ကာ ဆရာ မောင်စူးစမ်း၏ စာမူ ကွန်ပျူတာပရုဖ်ကို ဖတ်ပါသည်။

“ရပါတယ် ကိုမြင့်ဇော် ကျွန်မ ညကျတော့ ဖတ်လိုက်ပါမယ်။ ညက တညလုံး အယ်ဒီတာအဖွဲ့ မအိပ်ကြရဘူးမဟုတ်လား၊ နားလေ”

“အိပ်ရပါတယ်အစ်မ ညက နှစ်နာရီလောက်မှာ အိပ်ကြပြီး မနက် ငါးနာရီမှ ထ စာရေးကြတာပါ”

သူ့မျက်လုံးတွေ နည်းနည်းနီနေသည်ဟု ကျွန်မထင်သည်။ သို့သော် ကျွန်မ ဘာမှမပြောတော့ဘဲ ရေးလက်စစာကိုသာ အာရုံစိုက်လိုက်သည်။ ပရော်ဖက်ရှင်နယ်လ်တယောက်မှာ အာရုံစူးစိုက်နစ်ဝင်မှုလည်း လိုတာပဲ။ ထို့ကြောင့် ကျွန်မ ရေးလက်စတွင် နောက်ထပ် စာလုံးတခု ထပ်ဖြည့်လိုက်သည်။ Commitment ... ...

Commitment နှင့်ပတ်သက်ပြီး စာပုဒ်အချို့ကို ရေးနေချိန်တွင် ကျွန်မအာရုံထဲမှာ မနက်က အင်တာဗျူးအကြောင်း ရောက်သွားပြန်၏။ အိတ်ဒ်စ် AIDS နှင့်ပတ်သက်သည့် သူမ၏ မေးခွန်း။

ကျွန်မလို ရသစာရေးဆရာမက ဘာဖြစ်လို့ အိတ်ဒ်စ်နဲ့ဆိုင်သော လုပ်ငန်းတချို့ကို ဝင်လုပ်ပါသလဲတဲ့။
ကျွန်မပတ်ဝန်းကျင်မှာ ကျွန်မ မျက်ကွယ်ပြုလို့မရအောင် ဒီပြဿနာတွေကို ထပ်ခါထပ်ခါ မြင်တွေ့လာတဲ့အခါ ကျွန်မ အလိုအလျောက် ဒီအပေါ်မှာ အာရုံစူးစိုက် နစ်မြုပ်မိသွားတာပါပဲ။

ကျွန်မ ရိုးစင်းစွာပင် ဖြေခဲ့သည်။

ညနေသုံးနာရီခွဲလောက်ရောက်တော့ ကျွန်မအနည်း အိပ်ချင်မူးတူးဖြစ်လာသည်။ ကော်ဖီတခွက်လောက် သောက်ရရင် ကောင်းမှာပဲ။ ကျွန်မတို့ဆီမှာ ကော်ဖီမှုန့်တော့ ရှိပါရဲ့။ နို့မှုန့် မရှိ။ အို ဘလက်ကော်ဖီဆို ပိုတောင်ကောင်းသေးတယ်။ သူလည်း ကော်ဖီသောက်ချင်နေမှာပဲ။

ကျွန်မ သူ့ကို ကော်ဖီသောက်မလားဟု မေးရန် သတိရသွားသဖြင့် လှမ်းကြည့်လိုက်တော့ သူတချက် မျက်လုံး စင်းကျသွားတာ မြင်လိုက်ရ၏။ ကျွန်မ အနည်းငယ် ပြုံးမိသွားသည်။

“ကိုမြင့်ဇော် ဟိုတနေ့က ကျွန်မရှေ့မှာ ကိုလှဦးတို့ကို ဆူလိုက်တဲ့ကိစ္စ ကျွန်မ သိချင်တယ်၊ ကျွန်မကို ပြောမလား” သူ ကျွန်မကို လှမ်းကြည့်သည်။

“ဘယ်နေ့ကလဲ အစ်မ”

“တနင်္လာနေ့က”

သူ တချက် ပြန်စဉ်းစားသည်။

“ဟာ မဟုတ်ပါဘူး၊ ကျွန်တော် သူတို့ကို မဆူပါဘူး”

“အဲဒီပြဿနာ ဘယ်သူက စတာလဲ။ မင်းတို့ နောက်ကို အဲဒီလို ဘယ်တော့မှ မလုပ်နဲ့ဆိုတဲ့ စကားတွေ ကျွန်မ ကြားလိုက်တယ်။”

“ဟာ မဟုတ်ဘူး။ ကျွန်တော် အဲဒီနေ့က ဒေါသထွက်တာ မှန်တယ်။ ဒါပေမယ့် ကျွန်တော့် အယ်ဒီတာတွေကို မဟုတ်ဘူး။ ရုံးအဖွဲ့က လူတယောက်ကို ဒေါသထွက်တာ။ နေ့လည်နှစ်နာရီမှာ ကျွန်တော် ရေးပေးစရာရှိတာတွေ ကျွန်တော်ရေးပြီးခဲ့ပြီ။ စာဖောင်လည်း ဖွဲ့ပြီးပြီ။ ကျွန်တော် ခဏအောက်ဆင်းပြီး ထမင်းသွားစားတယ်။ မင်းတို့လည်း ခဏနားတော့လို့ ပြောခဲ့တယ်။ ကျွန်တော် ပြန်တက်သွားတော့ လှဦးတို့ ကြမ်းပြင်ပေါ်မှာထိုင်ပြီး စာရွက်တွေတထပ်ကြီးနဲ့ အလုပ်တွေ လုပ်နေတုန်း။ တနင်္ဂနွေတညလုံး သူတို့ရော ကျွန်တော်ရော တမှေးမှ မအိပ်ရလို့ သူတို့ကို ခဏနားခိုင်းတာ သူ့တို့က သူတို့အလုပ်ပြီးသွားရက်နဲ့ မနားဘဲ သူများလုပ်ရမယ့်အလုပ်တွေကိုပါ တာဝန်ယူပြီး လုပ်နေတယ်။ တကယ်လုပ်ရမယ့်သူဘယ်ရောက်နေလဲလို့ သွားကြည့်တော့ အဲဒီတယောက်က ကွန်ပျူတာမှာ ဗွီစီဒီထိုင်ကြည့်နေတယ်။ အဲဒီမှာ ကျွန်တော် ဒေါသတွေ ပေါက်ကွဲတာပဲ။

ဒါနဲ့ ရုံးအဖွဲ့က တာဝန်ခံခေါ်ပြီး ကျွန်တော်ပြလိုက်တယ်။ ခင်ဗျား မြင်လား၊ ခင်ဗျားလူကို ခင်ဗျား ကြည့်ပြော။ ကျွန်တော့ကောင်လေးတွေ ညက တညလုံး မအိပ်ရသေးဘူး။ အခုထိလည်း သူတို့ အလုပ်ပြီးသွားတာတောင် မနားရသေးဘူး။ ခင်ဗျားလူလုပ်ရမယ့် အလုပ်တွေကို ထိုင်လုပ်နေရတယ်။ ခင်ဗျားပြောမှာလား မပြောဘူးလား။ ခင်ဗျားမပြောရင် ကျွန်တော်ပြောမယ် လို့။ အဲဒီတော့မှ သူက သူ့လူကို သွားပြောတယ်။ သူ့လူက ဘာပြောလဲသိလား။ လှဦးတို့က သူတို့ဟာသူတို့ လုပ်ပေးမယ်။ နေပါစေလို့ပြောလို့ သူ လုပ်မပေးတာပါတဲ့။ အစ်မ စဉ်းစားကြည့် ကျွန်တော် ဘယ်လောက် ဒေါသထွက်ရမလဲလို့။

“ကျွန်တော် သူ့အလုပ် ကိုယ့်အလုပ် မခွဲခြားဘဲ ကိုယ်တတ်နိုင်သမျှလုပ်သွားဖို့ ကျွန်တော့် အယ်ဒီတာတွေကို အမြဲသတိပေးထားမိတယ်။ မှန်တယ်။ ဒါပေမယ့် အဲဒါက တဖက်လူ အချောင်ခိုဖို့ မဟုတ်ဘူး။ ဒီနေရာမှာတော့ တရေးမှ မအိပ်ရတဲ့ ကျွန်တော့်လူတွေဘက်ကို ကျွန်တော် လိုက်ရမှာပဲ။ ကိုယ့်တာဝန် ကိုယ်သိတတ်ဖို့ မကောင်းဘူးလား။ ရပါတယ် ပြောတာနဲ့ နေရက်သတဲ့လား။ လှဦးတို့ကိုလည်း ကျွန်တော် တော်တော် စိတ်ဆိုးတယ်။ မင်းတို့ အဲဒီလိုသာ ဆက်လုပ်ရင် သေသွားလိမ့်မယ်လို့ အော်ပြောမိတယ်။ အဲဒီအရှိန်က အစ်မနဲ့တွေ့တဲ့အချိန်အထိ မသေသေးဘူးလေ။ ဒါကြောင့် အစ်မရှေ့ မှာလည်း ဘာမှ မပြောချင်။ သူတို့လည်း နေ့လည်စာတောင်မှ ဘာမှမစားရသေးလို့ တခုခု ကျွေးချင်တာနဲ့ အစ်မ ရှေ့ကနေ ခေါ်ထုတ်သွားတာ။ သူ့တာဝန် ကိုယ့်တာဝန်လို့ ခွဲခြားတွယ်ကပ်တယ်လို့ အစ်မတို့ ကျွန်တော့်ကို အပြစ်တင်လာမယ်၊ ဆူလာမယ်ဆိုရင် ကျွန်တော့်ဘက်က ပြောစရာစကားက တခွန်းပဲရှိတယ် အစ်မ”

ထိုစကားကို ကျွန်မ သိချင်စိတ်ပေါ်သွားသည်။

“ဘာစကားလဲ”

“အစ်မက ကျွန်တော့်ကို အပြစ်မတင်သေးဘူး ကျွန်တော် ပြောစရာမလိုသေးဘူးလေ”

“မဟုတ်ဘူး။ ကျွန်မတစ်ယောက်တည်းကတော့ ဒါကို အပြစ်တင်စရာလို့ မယူဆပါဘူး။ ကျန်တဲ့လူကြီးတွေက အပြစ်တင်ချင်တင်ဖို့ပါပဲ။ ဒါလည်း ကျွန်မတော့ မထင်ဘူး။ ဒါပေမယ့် ကိုမြင့်ဇော် ပြောလာမယ်ဆိုတဲ့ စကားတခွန်းကို ကျွန်မ စိတ်ဝင်စားတယ်၊ ပြော”

သူ ခဏ စဉ်းစားပြီး ဖြေ၏။

“ကျွန်တော်က သူတို့လေးယောက်ရဲ့ အထက်က အယ်ဒီတာအဖြစ် အဆိုးအကောင်းအားလုံးကို တာဝန်ယူနေရတယ်။ သူတို့မှားတာရှိရင် ကျွန်တော် သူတို့ကို ထောက်ပြပြီး ပြုပြင်မယ်။ သူတို့မှန်နေရက်နဲ့ ခံနေရတာတွေ့ရင် သူတို့ဘက်ကနေ ကျွန်တော်ရပ်ပြီး ရင်ဆိုင်ပေးမယ်။ သူတို့ကို ကျွန်တော် ကာကွယ်ပေးရမယ်။ အဲဒါ ကျွန်တော့်တာဝန်ထဲမှာ ပါတယ်။ အခု စောစောက ပြဿနာမျိုးမှာ ကျွန်တော် သူတို့ကိုကာကွယ်မပေးနိုင်ဘူးဆိုရင် ကျွန်တော် သူတို့အထက်မှာရှိနေစရာ ဘယ်မှာလိုလို့လဲ။ ဒီတော့ ကျွန်တော့်ကို သူတို့နဲ့အဆင့်တူအောင် ပြန်သာ ချပေးလိုက်တော့။ အဲဒီစကား ကျွန်တော် ပြောမယ်”

ကျွန်မကိုပြောရင်း သူ့စိတ်တွေ ဒေါသဖြင့် နည်းနည်း လှုပ်ခတ်နေဆဲဟု ကျွန်မ ခံစားရသည်။ ကျွန်မ သူ့ကို တခုခု ပြောဖို့လိုတာတော့ သိ၏။ ဘာပြောရမှန်းသာ မသိခြင်းဖြစ်သည်။ နေဦး လောလောဆယ်တော့ ကျွန်မ၏ ပရော်ဖက်ရှင်နယ်လ် စာမူကြမ်းအတွက် နောက်ထပ်စကားလုံး တခု ရသွားပြီ။ ထိုစကားလုံးမှာ တာဝန်ယူမှု (Responsibility) ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်မ ထိုစကားလုံးကို ချရေးလိုက်သည်။

“ကျွန်မ ကိုမြင့်ဇော်ကို ဘာမှအပြစ်မတင်ဘူး။ ဘယ်သူမှလည်း အပြစ်တင်မှာ မဟုတ်ဘူး။ ကျွန်မ ကတိပေးတယ်။ ကဲ အခု ကျွန်မသိချင်တာတစ်ခု ရှိနေတယ်။ မောင်စူးစမ်း ခဏထားပြီး ဒါလေးကို ဖြေစမ်းပါဦး”
ကျွန်မ စာရွက်လွတ်တစ်ခုပေါ်မှာ Professional ဟူသော စကားလုံးကို ရေးချလိုက်၏။

“ဟောဒီမှာ၊ ဒီစကားလုံးကို ကြားလိုက်မြင်လိုက်ရတဲ့အခါ ကိုမြင့်ဇော်ရဲ့ ခေါင်းထဲမှာပေါ်လာတဲ့ သူနဲ့ ဆက်စပ်နေတဲ့ စကားလုံးတွေကို စာရွက်မှာ တစ်ခုချင်း ရေးချပေး”

ထိုစာရွက်ကို ကျွန်မ သူ့စားပွဲပေါ် တင်ပေးလိုက်သည်။

သူ တစ်ချက်ငုံ့ကြည့်ပြီး အသံထွက်ရယ်မောပါသည်။

“အစ်မနော် ကျွန်တော်ခေါင်းရှုပ်နေပါတယ်ဆိုမှ ဦးနှောက်ပိုခြောက်အောင် လာလုပ်နေပြန်ပြီ”

“လုပ်ပါ ရေးစမ်းပါ။ ကျွန်မ ဒီမှာ စကားလုံးတွေ ချရေးနေတာ ခုနစ်လုံး အဲ ရှစ်လုံးရပြီ။ ကိုမြင့်ဇော်ဆီက ထပ်လိုချင်လို့”

သူ ကျွန်မကို မျက်မှောင်ကြုတ်ပြုံးကြည့်သည်။

“အစ်မ အခု ဘာအကြောင်း ရေးနေတာလဲ”

“ပရော်ဖက်ရှင်နယ်လ်အကြောင်း”

သူရယ်ပြန်သည်။ ထို့နောက် ခေါင်းတချက်ယမ်းကာ စာရွက်ပေါ်က စာလုံးလေးကို စူးစူးစိုက်စိုက် ကြည့်နေသေး၏။ တော်တော်ကြာတော့မှ ကျွန်မဘက်သို့ လှမ်းကြည့်သည်။

“အစ်မရေးထားတဲ့ စာလုံးတွေ ကျွန်တော့်ကို ပြမလား”

“မပြဘူး”

“အိုကေ”

သူ လက်လျှော့သွား၏။ ထို့နောက် စာရွက်ကို ကျွန်မအား ပြန်ပေးပါသည်။

“အစ်မရေးလိုက်၊ ကျွန်တော် ပြောမယ်လေ”

ကောင်းပြီ။ သည်လောက်တော့ ကျွန်မ အလိုက်သိသင့်သည်။

“အိုကေ ပြော”

ကျွန်မ စာရွက်နှင့်ခဲတံကို ပြန်ယူလိုက်သည်။

“ပထမဆုံး စရေးရမယ့်စာလုံးက Vision.....ပရော်ဖက်ရှင်နယ်လ် ဆိုတော့ ဒီလူတယောက်မှာ အမြင်လည်း ရှိရမှာပေါ့ အစ်မရယ်၊ နော်”

ကျွန်မ ပြုံးလျက် သူပြောသည့်စကားလုံးအတိုင်း Vision ဟု ရေးလိုက်ပါသည်။ ပြီးတော့ သူ့ကို ပြန်ကြည့်လိုက်သည်။ သူက နောက်တလုံး ထက်ပြောသည်။

“ဒုတိယစကားလုံးက Determinded... သူက သူ့စိတ်ကို ပိုင်ပိုင်နိုင်နိုင်သိပြီးသား။ သူ ဘာကိုလိုချင်တယ်။ ဘာပေးချင်တယ် ဆိုတာလည်း ဆုံးဖြတ်ပြီးသား။ စိတ်ကို ဒီတခုထဲမှာ အာရုံ စူးစိုက်ပြီးသား ဖြစ်ရမယ် မဟုတ်လား”

ကျွန်မ ဘာမှမပြောဘဲ ရေးချလိုက်သည်။

“နောက်တလုံးက Designing ways forward ဖြစ်မယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ သူ ဆက်လက်ဆောင်ရွက်မယ့် ဒီအလုပ်မှာ ရှေ့ဆက်ဖို့ခြေလှမ်းတွေ၊ အဆင်ပြေမယ့်နည်းလမ်းတွေကို ပုံဖော်ရမှာမို့ပဲ”

“အိုကေ”

လူငယ်တယောက်ရဲ့ အမြင်ဆိုတော့ ကျွန်မထက်ပိုပြီး ရှေ့ရောက်ရမှာပေါ့ဟု ကျွန်မ ပြုံးမိပါသည်။

“နောက်တခုက Compromise ပေါ့။ လုပ်ငန်းမှာ အပေးအယူတွေ အလျှော့အတင်းတွေလည်း ရှိမှာပဲ မဟုတ်လား”

“သိပ်ဟုတ်တာပေါ့”

ကျွန်မ ခေါင်းညိတ်လိုက်သည်။ ကျွန်မ ရေးတုန်းက မပါခဲ့သော စကားလုံးတွေပဲဟု သတိထားမိ၏။ ကျွန်မကို ခပ်စိမ်းစိမ်း မဂ္ဂဇင်းတစောင်၊ ဂျာနယ်တစောင်က စာမူတပုဒ်တောင်းခံရလို့ ရေးပေးတိုင်း အယ်ဒီတာကို ကျွန်မ ပြောလေ့ရှိသည်မှာ “စာမူကို စိတ်တိုင်းမကျရင် ပြောနော်။ အားနာပြီးမထည့်နဲ့ ကျွန်မ တခြားတခု ရေးပေးမယ်” ဆိုသည့် စကား။

အေးလေ။ ကျွန်မ သည်စကားလုံးကိုတော့ ခေါင်းထဲက ထွက်လာခဲ့မိဖို့ကောင်းတာပေါ့ ဟု ကိုယ့်ကိုယ်ကို အပြစ်တင်လိုက်မိသည်။

“နောက်တခု အရေးကြီးတာက Stand on Principle ... ကိုယ်ချမှတ်တဲ့ မူဝါဒ ခံယူချက်ပေါ်မှာ ကိုယ် မြဲမြဲရပ်တည်နိုင်ရမှာပေါ့”

ဟုတ်တယ်။ ကျွန်မက ထိုအမြင်ကို ဘာစကားလုံးနှင့် ချရေးဖော်ပြထားခဲ့မိပါလိမ့်။ ရေးတော့ ရေးခဲ့သည်။ နေဦး ပြီးမှ ကျွန်မ၏ စာရွက်ကို ပြန်ကြည့်မည်။

“နောက်တစ်ခုက Efficiency... ကိုယ်ကိုယ်တိုင် အနေနဲ့ရော ကိုယ့်လုပ်ငန်းခွင်အနေနဲ့ရော ကိုယ် ဘယ်လောက်အထိ စွမ်းဆောင်ရည်ရှိသလဲ ဘယ်လောက်ထိ ထိရောက်အောင် လုပ်ပေးနိုင်သလဲဆိုတာ သိရမယ်။ ကိုယ့်စွမ်းဆောင်နိုင်ရည်ကို ပိုပြီး မြင့်အောင် အကျိုးရှိအောင် အမြဲကြိုးစားနေရမယ်”

မှန်ပါသည်။ ကျွန်မ Efficiency ဟု ရေးလိုက်သည်။ ကျွန်မရေးချသည့် စကားလုံးထဲမှာ သူပြောသည့် စွမ်းဆောင်ရည်နှင့် အလားသဏ္ဍာန်တူသော စကားလုံးပါရဲ့လားဟု စိတ်ပူသွားသည်။ ပါတာပေါ့။ ကျွန်မက ရိုးစင်းသော စကားလုံးကို သုံးထားခဲ့သည်။ Qualified တဲ့။

“ဒီလို စွမ်းဆောင်ရည်ရှိအောင် ကိုယ့်ကိုယ်ကိုရော လုပ်ငန်းခွင်ကိုရော စီမံအုပ်ချုပ်နိုင်ရမှာမို့ Management လည်း ပါရမယ်။ ဆိုတော့ အဲဒီ စကားလုံးထည့်ရဦးမှာပေါ့နော် အစ်မ၊”

“အို ကိုမြင့်ဇော် ထည့်ချင်တဲ့ စကားလုံးကိုပြောပေါ့။ ကျွန်မ လိုက်ရေးမှာပေါ့”

သူ မျက်မှောင်ကြုတ်ပြီး စဉ်းစားသည်။ ထို့နောက် ပြုံးသည်။

“အိုကေ ထည့်မယ် Managing ပေါ့။ ကျွန်တော်သာဆိုရင်တော့ စီမံအုပ်ချုပ်မှုကို နားလည်အောင် ကြိုးစားကြည့်မိမှာပဲ”

မဆိုးလှပါ။ တော်တော်လေးတော့ ရုပ်လုံးပေါ်လာပြီ။ ထိုအချိန်မှာ တယ်လီဖုန်းမြည်လာသည်။ ကျွန်မ သွားကိုင်ဖို့ ပြင်ဆင်ဆဲ သူက ဖျက်ခနဲ ထရပ်လိုက်ပြီးဖြစ်သည်။

“နေနေ အစ်မ ကျွန်တော် ကိုင်လိုက်မယ်”

“စာအုပ်မှာတာဆိုရင် နက်ဖြန်ကျမှ လာပို့မယ်လို့ ပြောနော်”

ကျွန်မတို့ ညနေ လေးနာရီခွဲတွင် သွားစရာတခုရှိနေသောကြောင့် တကြောင်း၊ သည်ကနေ့အဖို့ နှစ်ကြိမ်တိတိ စာအုပ်တွေ သွားပို့ခဲ့ရပြီးပြီမို့တစ်ကြောင်း သူ့ကို ကျွန်မ သတိလှမ်းပေးလိုက်ရပါသည်။
ကျွန်မထင်သည့်အတိုင်း စာအုပ်အမှာ ဖြစ်သည်။

“ဟုတ်ကဲ့ခင်ဗျာ၊ မနက်ဖြန်မနက်မှ လာပို့လို့ရမလား။ ဟုတ်ကဲ့ ကျေးဇူတင်ပါတယ်”

သူပြန်ရောက်လာပြီး စားပွဲမှာ ဝင်ထိုင်လိုက်သည်။

“ပါရမီက အမုန်းကြောင့်ဖြစ်သော စစ်ပွဲများ တဲ့၊ ဇေယျာကို သွားပို့ခိုင်းနော် အစ်မ ကျွန်တော် မနက်ဖြန် ကိုပိုပိုဆီ သွားရမယ်”

“ဟုတ်ကဲ့ပါ။ ဆက်ပြောပါဦး ကျန်သေးလား”

သူ တချက်ပြန်စဉ်းစားသည်။

“ကျန်သေးတယ်။ နောက်တခုက ကိုယ့်ရလဒ်ကို အဲ ရလဒ်ဆိုတာက ကိုယ်ရနေတဲ့ အဆင့်အတန်းကို အချိန်နဲ့ အားထုတ်မှုတွေနဲ့ ပြန်တိုင်းတာကြည့်တာ လိုအပ်တယ်။ Result တခုကိုတော့ ရရမယ် အစ်မရယ်။ အောင်မြင်တာလည်း ရှိမယ်။ ဆုတ်ယုတ်တာလည်း ရှိမယ်ပေါ့။ အဲဒီလို ရလဒ်ကို ပြန်ချင့်ချိန်ဖို့လိုမယ်”

“အဲဒါက Assessment ပေါ့ ဟုတ်လား”

“ဟုတ်တယ်။ Assessment ...နောက်တခုက ဘယ်လောက် ကျွမ်းကျင်တဲ့ ပရော်ဖက်ရှင်နယ်လ်ပဲဖြစ်ဖြစ် အသိုင်းအဝိုင်း လိုတယ်။ အဲဒီ သူ့ယုံကြည်ချက်နဲ့ အလုပ်ပေါ်မှာ သူနဲ့တူတဲ့ အစုအစည်းလေးတခု၊ အဝန်းအဝိုင်းလေးတခုရှိလာရမယ်”

ကျွန်မ ဘာစကားလုံးချရေးရမလဲ။

Community....လား။ မဟုတ်သေးဘူး။

Society......မဟုတ်သေးဘူး။

Organization....လား။ မဟုတ်သေးပါဘူးလေ။

သူ့ကိုပဲ စကားလုံးရွေးခိုင်းဖို့ ကျွန်မ စဉ်းစားနေဆဲ သူက နောက်တခွန်း ထပ်ပြောသည်။

“နောက်ဆုံးတခုနော် နောက်ဆုံးတခု။ တော်ပြီ အဲဒါ ပြီးရင် ကျွန်တော့ အလုပ်ကို ကျွန်တော် ပြန်လုပ်တော့မယ် ရမလား အစ်မ”

“အော် ရရမှာပေါ့”

သူက နောက်ဆုံးစကားလုံးတလုံးကို ပြောလိုက်သည်။

“မျှဝေမှု”

ကောင်းတယ်။ လိုအပ်တယ် ဟု ကျွန်မ ထောက်ခံလိုက်သည်။

“ကိုယ့်ရဲ့နားလည်မှုတွေ ကိုယ်ရရှိမှုတွေကို အများနဲ့အတူ မျှဝေခံစားဖို့ အရေးကြီးတယ်။”

ကျွန်မ သိသည်။ ဒါက သူ့လုပ်ငန်းခွင် အတွေ့အကြုံပေါ်က ရလာသည့် ကောက်ချက်ဖြစ်သည်။ ကျွန်မ ခေါင်းတချက်ညိတ်ကာ Sharing ဟု ချရေးလိုက်သည်။ ထို့နောက် သူပြောသည့် စကားတခုလုံးကို ခြုံငုံမိစေမည့် စကားလုံး ဖြစ်အောင် အကားအစုလေးတခု ရေးလိုက်သည်။ Sharing, understanding and achievements....

“အိုကေ Good”

ထို့နောက် ကျွန်မ၏စာရွက်ကို ကျွန်မ ပြန်ကြည့်လိုက်သည်။

“ကျွန်မရေးထားတာတွေ သိချင်လား”

“သိချင်တယ်”

ကျွန်မ ဖတ်ပြလိုက်သည်။

“ကျွန်မက ကိုမြင့်ဇော်ထက် ပျင်းတယ် ထင်တယ်။ ကျွန်မ စကားလုံးတွေက မစူးရှဘူး။ မခြုံငုံမိဘူး။ နားထောင်.....Qualified, Faith, Commitment, Ethics, Reason..."

ထို့နောက် သူရောက်လာမှ ထပ်ရသော စကားလုံး တခု။

“Responsibility”

သူက ပြုံးလျက် သူ့စားပွဲပေါ်က စာရွက်ထပ်ကို ကောက်ကိုင်လိုက်သည်။ ထိုအချိန်မှာ သူ့မျက်လုံးက သူ့စားပွဲပေါ်မှာ မနက်က ကျွန်မထိုင်ရင်း တင်ထားမိခဲ့သော သတင်းထောက်မလေး၏ လိပ်စာကဒ်ပြားကို မြင်သွားကာ ကောက်ကိုင်ကြည့်သည်။

“အစ်မဆီ မြန်မာတိုင်းမ်က တယောက်ယောက် လာသွားတာလား”

“ဟုတ်တယ်။ ခပ်ငယ်ငယ်ပဲ။ အေးလေ။ ကျွန်မ စပ်စပ်စုစုနဲ့ သူ့အသက်ကို မေးလိုက်သေးတယ်။ ကိုမြင့်ဇော်နဲ့ ရွယ်တူပဲ သိလား။ နှစ်ဆယ့်ရှစ်နှစ် တဲ့”

သူတို့နှစ်ယောက်၏ အရွယ်တုန်းက ကျွန်မ ဘာဖြစ်နေခဲ့ပြီလဲဟု ပြန်တွေးကြည့်လို၍ ကျွန်မ မွေးသက္ကရာဇ်ကို နှစ်ဆယ့်ရှစ်နှစ်နှင့် ပြန်ပေါင်းကြည့်မိသည်။ အဲဒီခုနှစ်မှာ ကျွန်မ ဆေးခန်းနှစ်ခုနှင့်။ ဆရာဝန်ဖြစ်ကာစ၊ ကျွန်မ မိခင် ဆုံးပြီးကာစ၊ အောင်မြင်သည့်စာရေးဆရာ မဖြစ်သေးသည့်ကာလ။ လုံးချင်းဝတ္ထုတောင် မထွက်ရသေး။ ဆေးခန်းကလည်း သိပ်မအောင်မြင်သေး။

အေးလေ။ ဒါကအရေးမကြီးပါဘူး။ အခုလောလောဆယ်တော့ စာဆက်ရေးလိုက်အုံးမှ။

“အစ်မက ပရော်ဖက်ရှင်နယ်လ်ပဲ။ အစ်မ ရေးထားတဲ့ စကားလုံးတွေပဲထည့်ပေါ့။ ကျွန်တော့် စကားလုံးတွေ မေ့လိုက်။ ကျွန်တော်က ပရော်ဖက်ရှင်နယ်လ် မဟုတ်ဘူးလေ။”

ကျွန်မ သူ့ကို မျက်မှောင်ကြုတ်ပြုံးလျက် ကြည့်မိသည်။

“အို ဘယ့်နှယ် ပရော်ဖက်ရှင်နယ်လ် မဟုတ်ရမလဲ။ ရှင်က အယ်ဒီတာလေ အယ်ဒီတာအလုပ်က ကိုမြင့်ဇော်ရဲ့ ပရော်ဖက်ရှင်နယ်လ် ပေါ့”

ထို့နောက် ကျွန်မတို့ စကားပြတ်သွားတာ အကြာကြီး။ သူလည်း သူ့အလုပ်ထဲမှာနစ်။ ကျွန်မလည်း ကျွန်မအလုပ်ထဲမှာ နစ်။ ညနေ လေးနာရီခွဲဖို့ ငါးမိနစ်လိုတော့မှ သူက ကျွန်မအား အချိန်နီးနေပြီကို သတိပေးသည်။ ထိုအခါ ကျွန်မရေးလက်စ စာကိုချလျက် အပြင်ပြန်ထွက်ရန် ပစ္စည်းတွေကို သိမ်းဆည်းရပါသည်။ အဲသည်ကနေ တခါတည်း အိမ်ပြန်ရတော့မှာမို့ ဖြစ်သည်။

သူ့စကားလုံးများနှင့် ကျွန်မ၏စကားလုံးများကို ချရေးထားသည့် စာရွက်နှစ်ရွက်ကို ကောက်ကိုင် ခေါက်သိမ်းရင်း တစ်ခေါက် ပြန်ဖတ်ကြည့်လိုက်သည်။ နေဦး တခုခုလိုနေသေးသလိုပဲ။

“ကိုမြင့်ဇော်၊ ပရော်ဖက်ရှင်နယ်လ်မှာ ငွေ ဆိုတဲ့စကားလုံး ထည့်ဖို့ မလိုဘူးလား”

“အဲ”

သူလည်း သူ့အိတ်ထဲသို့ စာရွက်တွေထည့်နေရင်းက ကျွန်မကို ပြန်ကြည့်သည်။

“လိုတာပေါ့ အစ်မရဲ့”

“နှစ်ယောက်လုံး မေ့နေကြတယ်နော်”

“ထည့်လိုက်ပေါ့ အစ်မရယ်”

ကျွန်မ ခဲတံကို သိမ်းပြီးနေပြီ။ ထို့ကြောင့် ည အိမ်ပြန်ရောက်တော့မှပဲ ဖြည့်ထည့်လိုက်ပါတော့မည် ဟု ဆုံးဖြတ်လိုက်သည်။ သည်စကားလုံးက ပရော်ဖက်ရှင်နယ်လ်မှာ နောက်ဆုံး ဖြစ်မလား။ ရှေ့ဆုံးဖြစ်မလား ဟု အတွေးပိုလိုက်သေး၏။

ကျွန်မတို့ တံခါးတွေလိုက်ပိတ်နေသည့် အချိန်ကျမှ နောက်ဆုံးပဲ ဖြစ်မည်ဟု ကျွန်မ ဆုံးဖြတ်လိုက်သည်။
ကျွန်မတို့နှစ်ယောက်လုံး၏ အာရုံထဲသို့ နောက်ဆုံးမှ ဝင်ရောက်လာသော စကားလုံးဖြစ်သည် မဟုတ်လား။

( ဗြူတီ မဂ္ဂဇင်း ၂၀၀၃ ဧပြီ)



No comments: