ဒီအချိန်အထိ ဘဇူကာသမား လက်နက်ချသွားတာ ကျနော် မသိသေး။ ဆိုက်ကားဆရာက လေယာဉ်ကွင်းလိုက်ပို့စဉ် လမ်းမှာပြောတဲ့ စကားတခွန်းကြောင့် အနည်းငယ် တုန်လှုပ်ရပါသေးတယ်။ ခုတလော လေယာဉ်ကွင်းဂိတ်မှာ ခရီးသည်တွေကို အတော်စစ်ဆေးတယ် တဲ့။ သင်္ဘောဆိပ်မှာလည်း ကြုံခဲ့ရပြီ။
‘အကိုကတော့ အစစ်အဆေးခံရမှာ မဟုတ်ပါဘူး။ ခရီးသည်နားခန်းထဲ တိုက်ရိုက်ရောက်သွားမှာပါ’ တဲ့။ ကျနော် နားမလည်။
ဖြစ်ပုံက ဆိုက်ကားသမားနဲ့ တာဝါ(Tower)ပေါ်ရှိ ဆက်သွယ်ရေးသမားက စီးပွားဖက်ဖြစ်နေတာကိုး။ တာဝါပေါ်မှလူက လက်မှတ် အလွယ်တကူ ဝယ်ပေးနိုင်သူ။ ဆိုက်ကားသမားက ခရီးသည်ရှာခဲ့ဖို့ပဲ။ ကျနော့်ကို တာဝါပေါ် တင်ပေးခဲ့ပါတယ်။ ဘေးပတ်ဝန်းကျင်နဲ့ ခပ်လှမ်းလှမ်းကို ရှင်းရှင်းမြင်နေရတယ်။ တချက်တချက် ဆက်သွယ်ရေးစက်ကနေ တခြားလေယာဉ်ကွင်းတွေက သတင်းပို့သံတွေလည်း ကြားနေရတယ်။
သူက နားကြပ်ကြီးနဲ့ အလုပ်ရှုပ်နေရာက လေယာဉ်လက်မှတ်ကို လှမ်းပေးပါတယ်။ ပြီးတော့ …
“ထိုင်သာစောင့်နေ၊ လေယာဉ်က နာရီဝက်နဲ့ ရောက်ဦးမှာမဟုတ်သေးဘူး အကို” တဲ့။
ဘာဆက်လုပ်ရမှန်းမသိသေးတော့ ရင်တဖိုဖိုနဲ့ပဲ ထိုင်နေရပါတယ်။
ခဏနေတော့ နားကြပ်ကြီးဖြုတ်ပြီး ကျနော့်ဘေးလာထိုင်ကာ စကားစမြည် ပြောတယ်။ အင်မတန် သဘောကောင်းပါတယ်။ ဓာတ်ဘူးထဲက ကော်ဖီတောင် ထုတ်တိုက်လိုက်သေးတယ်။ ကျနော့်ထက် အသက်ကြီးသော်လည်း အကို ခေါ်ပါတယ်။ အားနာတတ်ပုံလည်း ပေါက်ရဲ့။ သူပြောတဲ့ ရခိုင်သံကို နားလည်ရဲ့လားမေးလို့ ခေါင်းညိတ်လိုက်ရတယ်။
သူ့နေရာ သူသွားထိုင်လို့ ခဏအကြာ လေယာဉ်ပျံသံ ကြားရပြီ။ နောက်တော့ လေယာဉ်ပျံ ထိုးဆင်းလာပြီး ငြိမ်သွားကာ တံခါးပေါက်ကြီးပွင့်လာပြီး ခရီးသည်တွေ ဆင်းလာကြပါတယ်။
“ရပြီ အကို ဆင်းတော့။ ဒီဘက် လှေကားကဆင်း။ ဧည့်ခန်းထဲတန်း ရောက်သွားလိမ့်မယ်” တဲ့။
ကျနော်က “ကျေးဇူးပဲဗျာ” လို့ပြောပြီး အိနြေ္ဒရရ ဆင်းလာခဲ့ပါတယ်။ ဘာမှ ထူးထူးခြားခြား ဖော်ပြချက်မရှိ။ မျက်စိကစားကြည့်လိုက်တော့ တံခါးပေါက်မှာ လူ ၄-၅ ယောက်ရပ်နေကြတာ တွေ့ရတယ်။ ကျနော်လာစဉ်က ဒီလူတွေ ဒီနေရာမှာ မရှိ။ မကောင်းဆိုးဝါးတွေ ပါကလား။
(၄) အလယ်ပိုင်း ၁ဝ၈ (စစ်ဒေသ) သို့ တိုးဝင်ခြင်း
ကျနော် ရန်ကုန် ပြန်ရောက်လာပြီး မကြာမီ ရဲဘော်လှဝင်းနဲ့ ပြန်ဆက်မိတယ်။ ကျွန်းပြန်တွေ၊ လူဟောင်းတွေကို ဆက်ပြီး ရှောင်ထားလိုက်တယ်။ မယုံလို့ မဟုတ်။ မကောင်းဆိုးဝါးတွေ မျက်ခြည်ပြတ်သွားအောင်ပါ။
အရင် မတွဲဖူးသေးတဲ့သူတွေကို မှီခိုပါတယ်။ ရဲဘော်လှဝင်းနဲ့တွေ့တော့ သူနဲ့တွဲထွက်လာတဲ့ ရဲဘော်ရဲမြင့်တယောက် တောတိုးငှက်ဖျားမိပြီး မြစ်ဝကျွန်းပေါ်မြို့တမြို့မှာ ကွယ်လွန်သွားကြောင်း သိလိုက်ရတယ်။
သူလည်း မူဆယ်ဘက်အထိ ရောက်သေးတယ်။ တရုတ်ပြည်ဘက်ကမ်း လှမ်းမြင်နေရပြီး ဘယ်လိုကူးရမှန်း မသိ၊ ရွှေလီမြစ်ဘေးထိုင်ပြီး သစ်တုံးတတုံးလောက် ဖက်ပြီးကူးဖို့အထိ စိတ်ကူးမိသေးတယ်။ ရေက မကူးတတ်။ ရေကလည်းကြီးနေလို့ ပြန်လာရတယ်ပြောလို့ မချင့်မရဲဖြစ်လိုက်ရသေးတယ်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment