‘မြန်မာလူမျိုးက နှစ်ယောက်ရှိရင် နှစ်ဂိုဏ်း ကွဲတယ်။ သုံးယောက်ရှိရင် သုံးဂိုဏ်း ကွဲတယ်။ ဘယ်တော့မှ မညီညွတ်ဘူး။ ဒါကြောင့် မတိုးတက်တာ’ နိုင်ငံရေးအလုပ်ကို မနှစ်မြို့တဲ့ လူစားများရဲ့ပါးစပ်က အမြဲတမ်း ကြားရလေ့ရှိတဲ့စကား ဖြစ်တယ်။
မြန်မာမှာ မကွဲတာမရှိတဲ့
သူတို့စကား ခိုင်မာစေဖို့အတွက် ကွန်မြူနစ်တွေလည်း ကွဲတယ်။ ပြည်သူ့ရဲဘော်လည်း ကွဲတယ်။ ဆိုရှယ်လစ်လည်း ကွဲတယ်။ ဖဆပလလည်း ကွဲတယ်။ ပထစလည်း ကွဲတယ်။ အဲဒီမတိုင်ခင်က ဂျီစီဘီအေလည်း ကွဲ၊ သခင်တွေလည်း ကွဲ၊ မကွဲဖူးတဲ့ အဖွဲ့အစည်း တခုမှကို မြန်မာပြည်မှာ မရှိဘူးလို့ ဆက်ပြောချင်ပြောပါလိမ့်ဦးမယ်။
ဘယ်သူတွေက အဲဒီလို ပြောကြတာလဲလို့ ကြည့်လိုက်ရင် အများစုဟာ ဘယ်ခေတ်ဘယ်အခါမှာမှ အများအရေးကို ပါဝင်ဆောင်ရွက်လေ့မရှိဘဲ ကိုယ့်အရေး ကိုယ့်မိသားစုအရေး တခုတည်းကိုသာ အလေးထား လုပ်ဆောင်လေ့ရှိသူတွေ ဖြစ်တယ်ဆိုတာ တွေ့ရလိမ့်မယ်။
သက်သက်ရမယ်ရှာတာ
တကယ်တော့ ဒီလူတွေဟာ အများအကျိုး၊ ရပ်ကျိုးရွာကျိုး သူတို့ မလုပ်တာကို ခုခံကာကွယ်ဖို့အတွက် သက်သက်မဲ့ ရမယ်ရှာပြီး ပြောကြတာ ဖြစ်တယ်။ လူ့လောကမှာ ရုပ်ချင်းခွဲမရအောင်တူတယ် ဆိုတာသာရှိပြီး စိတ်သဘောထားချင်း တထပ်တည်း တသားတည်းကျအောင် တူတယ်ဆိုတာ မရှိဘူး။ ဒါ သဘာဝတရား ဖြစ်တယ်။ ရုပ်ချင်းတူတဲ့ အမြွှာချင်းတောင်မှ စိတ်ချင်း အတော်တူပေမယ့် အားလုံး တသားတည်းကျအောင် တူတာတော့ မဟုတ်ဘူး။ မတူတဲ့ နေရာတွေလည်း ရှိသေးတယ်။ မိဘနဲ့သားသမီးလည်း အလားတူပဲ။ စရိုက်မတူတာတွေ ရှိသလို အကြိုက်မတူတာတွေလည်း ရှိတယ်။ ဒါဟာ လူ့လောကရဲ့ ဖြစ်ရိုးဖြစ်စဉ် သဘာဝပဲ။
စစ်မဖြစ်ဖူးတဲ့ နိုင်ငံမရှိ
မြန်မာလူမျိုးတွေမှ သူများထက် ထူးပြီးကွဲကြတာ မဟုတ်ဘူး။ မညီမညွတ်ဖြစ်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ ရှိသမျှ နိုင်ငံတိုင်း၊ လူမျိုးတိုင်း မကွဲဖူးတဲ့နိုင်ငံ၊ စစ်မဖြစ်ဖူးတဲ့နိုင်ငံ တခုမှမရှိပါဘူး။ တိုးတက်ထွန်းကားနေတဲ့ နိုင်ငံကြီးတွေမှာလည်း အယူအဆ မတူကွဲပြားကြလို့ သူ့ပါတီကိုယ့်ပါတီ ဆိုပြီး သီးခြား ခွဲထောင်ထားကြတာပဲ။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အာဏာရပါတီကြီး ဖြစ်ခဲ့တဲ့ အယ်လ်ဒီပီပါတီ ဆိုရင် ပါတီတခုတည်းမှာကို သီးခြားအုပ်စုကွဲတွေ တဒါဇင်လောက် တရားဝင် တည်ရှိနေတာ ဖြစ်တယ်။
လူလားမမြောက်သေးလို့
ကွဲကြ၊ ပြဲကြတယ် ဆိုတာက အယူအဆချင်း၊ ယုံကြည်ချက်ချင်း မတူလို့ မဟုတ်ဘူး။ ဦးနှောက် လူလားမမြောက်သေးလို့နဲ့ နိုင်ငံရေး မရင့်ကျက်သေးလို့ ဖြစ်တာ။ လူလားမြောက် ရင့်ကျက်ပြီဆိုရင် အမြင်အယူအဆ မတူတာဟာ လူ့သဘာဝပဲလို့ နားလည်ပြီး သည်းခံနိုင်တယ်။ အတူတွဲပြီး လုပ်နိုင်ကိုင်နိုင်တယ်။ လူ့ဘုံ လူ့လောကဆိုတာ မတူတဲ့လူတွေ အတူတွဲပြီး မတူတဲ့ အတွေးအခေါ် အယူအဆတွေကို တဦးချင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြကိုင်ကြရင်းက တဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့တာ ဖြစ်တယ်။
ထင်းစည်း ဥပမာ
တသွေးတသားတည်း ပေါင်းစည်းညီညွတ်တယ်။ ရေကိုသားလို့ အကြားမထင်သလို ပေါင်းစပ်တယ် ဆိုတာတွေက စကားအဖြစ်ပြောတာ သက်သက်ပဲ။ ထင်းစည်းတစည်းလို စည်းလုံးညီညွတ်တယ်ဆိုတဲ့ ပုံဆောင်စကားကမှ လူ့လောကမှာ သဘာဝကျစွာ ဖြစ်နိုင်တဲ့ ပေါင်းစည်း ညီညွတ်ရေး ဖြစ်တယ်။
ထင်းစည်း တစည်းမှာ အမျိုးအစားမတူတဲ့ အတိုအရှည် မညီတဲ့ ထင်းချောင်းတွေကို ကြိုးတချောင်းနဲ့ စုပြီး စည်းထားလိုက်တာ ဖြစ်တယ်။ ပေါင်းစည်းထားတဲ့အတွက် လိုရာအရပ်ရောက်အောင် သက်သက်သာသာ လွယ်လွယ်ကူကူနဲ့ သယ်ပိုးသွားနိုင်တယ်။ အလွယ်တကူ ကျိုးပဲ့မသွားဘူး။
ဘုံအကျိုးစီးပွားအတွက်
လူ့လောက ဆိုတာလည်း အတူတူပဲ။ အသွေးအရောင်၊ အမျိုးအနွယ် မတူကွဲပြားခြားနားတဲ့ လူအများအပြားဟာ တူညီတဲ့ ပန်းတိုင်တခုကို ရောက်ဖို့အတွက် ဘုံအကျိုးစီးပွားဆိုတဲ့ ကြိုးနဲ့စုစည်းပြီး ခရီးသွားနေတာ ဖြစ်တယ်။ တူညီတဲ့ ပန်းတိုင်ဆိုတာကတော့ အေးချမ်းသာယာပြီး လူတိုင်းလူတိုင်း မတောင့်မတ၊ မကြောင့်မကြ လွတ်လွတ်လပ်လပ် နေထိုင်နိုင်တဲ့ သာယာရွှေပြည် ဖြစ်ပါတယ်။
အဲဒီ သာယာရွှေပြည်ကိုရောက်ရင် လူမျိုးမရွေး ဘာသာမရွေး အသားရောင်မရွေး လူသားအားလုံး ခံစားရမှာဆိုတော့ ကိုယ်လည်းခံစားရမယ်။ သူလည်း ခံစားရမယ်ပေါ့။ အဲဒီလို ခံစားချင်စိတ်က ဘုံအကျိုးစီးပွား ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက ညီညွတ်ရေးဆိုတာ တူညီတဲ့ ဘုံအကျိုးစီးပွား တခုအတွက် ပူးတွဲနေထိုင် လုပ်ကိုင်ဆောင်ရွက်ခြင်း ဖြစ်တယ်။
ဒီမိုကရေစီကျင့်စဉ်
ဘုံအကျိုးစီးပွားတူရင် တွဲလုပ်တယ်။ မတူရင် တွဲမလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာလုပ်တယ်။ ဒါ သဘာဝပဲ။ ဘာမှမထူးဆန်းဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်ကကိုယ်ကြိုက်တဲ့ လမ်းက သွားသလို၊ သူလည်း သူကြိုက်တဲ့လမ်းက သွားပါစေ။ ဒါ လူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ်မြတ်နိုးသလို သူလည်း သူ့အခွင့်အရေးကို တန်ဖိုးထားမှာပဲ။ ဒါကို နားလည် သဘောပေါက်ပြီး သူ့အခွင့်အရေးကို တန်ဖိုးထား လေးစားတာ။ သူ့အခွင့်အရေး၊ သူ့စိတ်ကြိုက် အသုံးချတာကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးတာဟာ ဒီမိုကရေစီကျင့်စဉ် ဖြစ်တယ်။
လူသုံးမျိုး
ဒီလိုပြောတဲ့အတွက် အားလုံးဟာ မိတ်ဆွေဖြစ်တယ်။ ရန်သူမရှိဘူးလို့ ပြောတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းအတွင်း လူကောင်း၊ လူဆိုး၊ လူယုတ်မာ ဆိုတာကတော့ ဘယ်ခေတ် ဘယ်အခါမဆို ရှိနေတာပဲ ဖြစ်တယ်။ လူကောင်းကို မိတ်ဆွေအဖြစ် သဘောထားရမယ် ဆိုတာကတော့ ပြောစရာမလိုဘူး။ လူတိုင်းသိတယ်။ လူဆိုးကျတော့ ခွဲခြားစဉ်းစားစရာ ရှိတယ်။
တချို့က အရက်သေစာ သောက်စားမူးယစ်တဲ့သူ၊ လောင်းကစား အလွန်အကျွံလုပ်သူကို လူဆိုးလို့ ခေါ်တယ်။ သူ့ဟာသူ ကြိုက်လို့ စွဲလို့ သောက်တယ်။ လောင်းကစားတယ်။ ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူးဆိုတဲ့ သူမျိုးကိုတော့ မိတ်ဆွေအဖြစ် မပေါင်းသင်းချင်ရင်တောင် ရန်သူအဖြစ် သဘောထားပြီး ရှောင်ဖယ်နေစရာတော့ မလိုဘူး ထင်ပါတယ်။
အမှားကိုမြင်လို့ ပြုပြင်ရင်
သူတို့အမှားကိုသိလို့ နောင်တ တရားရ ပြုပြင်တယ်ဆိုရင် ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ရမယ်။ ပြုပြင်ပေါင်းသင်းသင့်သူကို ပေါင်းသင်းနိုင်တယ်။ ရှေးခေတ်ရှေးအခါက နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြဂိုဏ်းကြီးတောင် နောက်ဆုံးကျတော့ ဖက်ဆစ်တော်လှန်ရေးကြီးထဲ ပါဝင်လာပြီး တိုင်းပြည်ရဲ့ အဖိုးတန် သားကောင်း သမီးကောင်းတွေ ဖြစ်လာခဲ့ကြတဲ့ သာဓက ရှိပါတယ်။
ငတေမာပြီးရော
တချို့ကျတော့ သောက်စားမူးယစ် မရှိဘူး။ လောင်းကစား မလုပ်ဘူး။ ဓားပြလည်း မတိုက်ဘူး။ ဒါပေမယ့် ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့စိတ်နဲ့ တရွာလုံး ငတ်ပြီးသေချင်သေ ငါ့စပါးကျီထဲက စပါးတွေတော့ ထုတ်ရောင်းမပေးနိုင်ဘူးဆိုပြီး လူတွေတယောက်ပြီး တယောက် သေသွားတာကို ငုတ်တုတ်ထိုင်ကြည့်နေနိုင်တယ်။
တချို့က နိုင်တုန်းဖိထောင်းထားမယ် ဆိုတဲ့စိတ်နဲ့ အားနည်းသူတွေကို နိုင်ထက်စီးနင်း ညှဉ်းပန်း နှိပ်စက်တတ်တယ်။ တချို့ကျတော့ မသိနားမလည်သူတွေကို လိမ်ညာလှည့်စားပြီး ကိုယ်ကောင်းစားဖို့ ဂုတ်သွေး စုပ်တတ်တယ်။ တချို့က သူတော်ကောင်း ဟန်ဆောင်ပြီး လူမသိအောင် မတော်မတရား အလုပ်တွေ လုပ်တတ်တယ်။
မောရုံသာ အဖတ်တင်
ဒီလူစားမျိုးတွေကိုတော့ လူဆိုးဓားပြထက်တောင် ကြောက်စရာကောင်းလို့ လူယုတ်မာဆိုတဲ့ စကားလုံးနဲ့ပဲ ထိုက်တန်တယ်။ ဘယ်တော့ ဘယ်အခါမှ အပေါင်းအသင်း မလုပ်အပ်သူတွေ ဖြစ်တယ်။ ရန်သူအဖြစ် ပြတ်ပြတ်သားသား သတ်မှတ်ပြီး ခေါင်းမဖော်နိုင်အောင် ရှုတ်ချပစ်ရမယ်။ အားနာနေလို့ မဖြစ်ဘူး။ ညှာတာထောက်ထားဖို့ မတန်ဘူး။ လူယုတ်မာတွေက မေတ္တာတရားကို ဘယ်တော့မှ တန်ဖိုးထားတာ မဟုတ်ဘူး။ တရားဟောနေရင် မောရုံသာ အဖတ်တင်ပါလိမ့်မယ်။
http://www.news-eleven.com/ မှ ကူးယူဖော်ပြပါတယ်။
No comments:
Post a Comment