အရှိန်နဲ့ လှိမ့်တက်လာတဲ့ ဧရာမ လှိုင်းလုံးကြီးတွေက မော်တော်ကားတွေ လူနေအိမ်တွေ သင်္ဘောကြီးတွေကို ဝါးမြိုသွားပုံ၊ လှိုင်းလုံးကြီးတွေကြားမှာ ကားတွေ အိမ်တွေ မျောပါသွားနေပုံ ရေပြန်ကျသွားတဲ့အခါမှာ အပျက်အစီးတွေဟာ လှိုင်းနဲ့အတူ ပင်လယ်ထဲ မျောပါသွားပုံတွေကို ရုပ်မြင်သံကြားက ထုတ်လွှင့်ပြသပါတယ်။
ငလျင်ကြီးရဲ့ပြင်းအားက ၈ ဒဿမ ၉ ရစ်တာစကေး ရှိပြီး ဂျပန်ကမ်းရိုးတန်းအလွန် ကီလိုမီတာ ၁၃၀ အကျယ်အဝန်းကို ဗဟိုပြု လှုပ်ခါသွားတာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ သုတေသန လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။
ဂျပန်ဝန်ကြီးချုပ် နာတိုကမ်က ငလျင်ကြီးရဲ့ ပြင်းအားကို အခုလို ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။
ဂျပန်ပြည်သူပြည်သားတွေ ရုပ်မြင်သံကြားပေါ်မှာ မြင်တွေ့ခဲ့ရသလို ရေဒီယိုက ကြားရသလိုပဲ ဒီကနေ့ ၂ နာရီနဲ့ ၄၆ မိနစ်မှာ ပြင်းအား ၈ ဒဿမ ၉ ရှိတဲ့ လှုပ်သွားပါတယ်လို့ ဝန်ကြီးချုပ်က အတည်ပြုပြောကြားပါတယ်။
တိုကျိုမြို့က အဆောက်အဦတွေ တုန်ခါသွားပြီး အင်အားပြင်းတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ဆက်တိုက်လှုပ်ခါသွားတယ်လို့ သိရပါတယ်။
ငလျင်ဒဏ်ကြောင့် လူ ၉၀ ကျော် သေဆုံးသွားပါတယ်။ ပျက်စီးဆုံးရှုံးမှုပမာဏကို ခန့်မှန်းပြောဆိုလို့ မရသေးပေမယ့် လူ ၁၀၀ နီးပါးလိုက်ပါလာတဲ့ သင်္ဘောကြီးတစီး ဆူနာမီလှိုင်းနဲ့အတူ မျောပါသွားတယ်လို့ ယူဆရပြီး သင်္ဘောပေါ်မှာ လိုက်ပါသွားသူတွေရဲ့ ကံကြမ္မာကိုတော့ မသိရသေးပါဘူး။
ဆန်ဒိုင်း ကမ်းရိုးတန်းမြို့ကြီးနဲ့ မြို့ပတ်ဝန်းကျင်တဝိုက်က လယ်ခင်းတွေအားလုံးဟာ ဆူနာမီလှိုင်း ရိုက်ခက်လို့ ရေမြုတ်နေပါတယ်။ နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်လှုပ်ခါနေပြီး နေရာအနှံ့မှာ မီးလောင်မှုတွေ ဖြစ်နေပါတယ်။
ဖူကုရှီမားရှိ နျူးကလီးယား စက်ရုံမှာ လေအေးပေးစနစ် အလုပ်မလုပ်တော့အတွက် အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
နောက် နျူးကလီးယားစက်ရုံဖြစ်တဲ့ မီယာကြီး နျူးကလီးယားစက်ရုံမှာ မီးလောင်နေတယ်လို့သိရပြီး နျူးကလီးယား စိမ့်ယိုမှု မတွေ့ရသေးဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။
အမေရိကန်နိုင်ငံနဲ့ တချို့နေရာတွေနဲ့ တောင်အမေရိကနိုင်ငံတွေ အပါအဝင် ပစ္စိဖိတ်သမုဒ္ဒရာ ကမ်းရိုးတန်း တလျောက်လုံးလိုလိုမှာ ဆူနာမီ သတိပေးနိုးဆော်ချက်တွေ ထုတ်ပြန်ထားပါတယ်။
ငလျင်ရဲ့အရှိန်ကြောင့် တချို့လှိုင်းလုံးကြီးတွေဟာ ပစ္စိဖိတ်ပင်လယ်က ကျွန်းတချို့ထက်ပိုပြီး မြင့်နိုင်တယ်လို့ ဂျနီဗာအခြေစိုက် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က ဆိုပါတယ်။
စောစောပိုင်းက ဝင်လာတဲ့ သတင်းတွေအရ ကိုးရီးယားကျွန်းနဲ့ တိုင်ဝမ်မှာ လှိုင်းအနီးငယ်ထန်တာနဲ့ ကြုံခဲ့ရပြီး နောက်ပိုင်းမှာ ဆူနာမီ သတိပေးချက်တွေ ရုတ်သိမ်းခဲ့ပါတယ်။
ဂျပန်နိုင်ငံမှာ လောလောဆယ် လူ ၃၀၀ ခန့်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိခဲ့တယ်လို့ သတင်းရပေမယ့် ပျက်စီးဆုံးရှုံးမှုနဲ့ အသေအပျောက်ကို ခန့်မှန်းလို့ မရနိုင်သေးပါဘူး။
သတင်း - ဘီဘီစီ
Photos : AP
No comments:
Post a Comment