Wednesday, March 2, 2011

ဘုရားခေတ်က ကလေးတယောက်၏ မျက်လုံး (ဝေမှူးသွင်)


။ ၁ ။

နာမကျန်းသော ခန္ဓာကိုယ်မှာ
လွတ်လပ်ရေး ကျောက်တိုင်တတိုင် စိုက်ထူဖို့၊
သွေးကြောအပိုတွေကို ဖျက်ဆီးပစ်ဖို့၊
မိန်းမတယောက်နဲ့
လိင်ဆက်ဆံမှု အနုပညာအကြောင်းပြောဖို့၊
ဒီတိုင်းပြည်က
သတ္တိနည်းသူနဲ့ ဉာဏ်နည်းသူများဖတ်ဖို့ ...
ဒီကဗျာကို ရည်ရွယ်လိုက်ပါရဲ့။

။ ၂ ။ 

ရိုင်းပြတဲ့ခေါ်သံနဲ့
ခေတ်ရဲ့ပညာရှိကြီးများ ခင်ဗျား ...
ဂျင်းရှပ်ကို သိပါသလား။
ဆိုဖီရဲ့ ကမ္ဘာကို ဖတ်ဖူးပါလား၊
ဒါလီရဲ့ အရည်ပျော်နေတဲ့ နာရီတွေကို
ကြည့်ဖူးပါသလား။
လမ်းပေါ်မှာ ဆာလောင်နေတဲ့ ကလေးတွေနဲ့
မျှော်လင့်ချက်အကြောင်း ဆွေးနွေးဖူးပါသလား။


တတိယ ကမ္ဘာ
တတိယ လှိုင်း
တတိယ လိင်
အိုး ... ငါတို့ဟာ ယဉ်ကျေးမှုစစ်ပွဲမှာ
မရှုမလှ ရှုံးနိမ့်ခဲ့ပါပြီ။
ဒီနေ့ရဲ့ကောက်ကွေ့တဲ့ မြစ်ကမ်းဘေး
ငါ ထိုင်ငေးနေမိတယ်။

အရင်တုန်းက လူငယ်တွေဟာ
ဆံပင်ရှည်နဲ့၊ တက်တူးနဲ့၊
ရော့ခ်အင်ရိုးလ်နဲ့ ...
အခု လူငယ်တွေက
ဟစ်ဟော့နဲ့၊ စိတ်ကြွဆေးနဲ့၊
ဆံပင်ရောင်စုံနဲ့ ...
တူတာတခုက
တော်လှန်ရေးကို သူတို့မေ့နေခဲ့ကြတယ်။

ဆင်ခြင်တုံတရားဟာ
လျှာပြတ်နေတဲ့ ဂီတမှာ
အရိုးပေါ် အရေတင်ပဲ။
နားလေးနေသော အဖိုးအိုပဲ။

။ ၃ ။ 

ငါတို့မျိုးဆက်ရဲ့
ပါရမီရှင်များ
သူရဲကောင်းများ
အမည်နာမများ
ဝင်းဖေ တဲ့
မောင်ချောနွယ် တဲ့
ခင်ဝမ်း တဲ့
တင်မိုး တဲ့
ဖော်ဝေး တဲ့
မင်းကိုနိုင် တဲ့
ထူးအိမ်သင် တဲ့
လှသန်း တဲ့
ရွှေဘုန်းလူ တဲ့
မိုးသီးဇွန် တဲ့
ပိုင်သ တဲ့....။
ရက်စက်သော နှလုံးသားတွေနဲ့၊
စစ်ဖိနပ်သံများနဲ့၊
ထောင်နံရံပေါ်က ပဲ့တင်သံနဲ့၊
အမှန်တရားဟာလည်း
လွယ်လွယ်လေးပဲ စုတ်ပြဲသွားခဲ့တယ်။

စာသင်ခန်းထဲက မိန်းကလေးတွေလည်း
နိုက်ကလပ်များဆီ ထွက်ခွာသွားကြပေါ့။
ချာတိတ်တွေ
ချဲထီရောင်းသူရောင်း
ဘောလုံးပွဲ လောင်းသူလောင်း၊
သံဃာတော် တချို့က
ဇိမ်ခန်းမှာ စီးကရက်ခဲနေရဲ့။

ဒီလိုအခြေအနေတွေမှာ
ငါက ကဗျာရေးလိုက်
ခဲပြားတွေကို မီးရှို့လိုက်
ကမ္ဘာကြီးကို အမဲလိုက်,လိုက်
ဖြစ်တည်မှု ပဓာနဝါဒကို အရသာခံလိုက် ...

ခေတ်ကြီးကလည်း
အပြောင်းအလဲ မြန်လွန်းတယ်။
မနေ့တုန်းက ဝန်ကြီးချုပ်ဟာ
ဒီနေ့တော့ ၁၀၉၊ ၁၁၀။
၂၆ နှစ်လုံးလုံး ပြည်သူတွေကို
ခပ်တည်တည် လိမ်ညာခဲ့သူကြီးလည်း
ရန်ကုန်မြစ်ထဲမှာ နိဂုံးချုပ်ခဲ့ပြီ။
မျက်စိတမှိတ်
လျှပ်တပြက်မှာပဲ
အရာရာဟာ လူသားဆန်စွာ ကျဆုံးခဲ့ပြီ။

။ ၄ ။

သူရဲကောင်းတိုင်းဟာ
ရိုးသားမှုရှိလိမ့်မယ်လို့ ငါယုံတယ်။
မရိုးသားသူဆိုတာ
ဘယ်တော့မှ သူရဲကောင်း မဟုတ်ဘူး။

ပွင့်လင်းလွတ်လပ်တဲ့ လူ့ဘောင်ကို
ထူထောင်ရမယ်။
ပညာရှင်တွေအခန်းကဏ္ဍဟာ
ကြီးကျယ်ခမ်းနားရမယ်။
ဖျက်ဆီးခံထားရတဲ့ ပညာရေးစနစ်ကို
ပြန်တည်ဆောက်ရမယ်။
သွေးစွန်းခဲ့သော သမိုင်းစာမျက်နှာတွေအတွက်
ကျောင်းသား သမဂ္ဂအလံကို
ငါတို့ ဦးညွှတ်ကြရမယ်။

ဘရာဇီးဟာ
ဘောလုံးသမားတွေ ထုတ်လုပ်တယ်။
ဗင်နီဇွဲလားဟာ
ကိုယ်ဟန်ပြမယ်တွေ ထုတ်လုပ်တယ်။
ငါတို့ကရော
ဘာတွေကို ဘယ်လိုထုတ်လုပ်ပြီး
ခမ်းနားတဲ့လူ့အဖွဲ့အစည်းဆီ ချီတက်ကြမလဲ။

။ ၅ ။ 

ကိုလံဘီယာ ကုတ်ကင်းဘုရင် ကားလို့စ်က
ကုတ်ကင်းဟာ တတိယနိုင်ငံများအတွက်
အဏုမြူဗုံးတဲ့၊
ရုရှားအာဏာရှင် ခရူးရှက်က
နိုင်ငံရေးဆိုတာ
အညစ်ပတ်ဆုံး မီးဖိုချောင်ပဲတဲ့၊
အကြမ်းဖက်သမား အိုစမာဘင်လာဒင်က
မြင့်မြတ်သော ဘာသာရေးစစ်ပွဲကို
ဆင်နွဲရမယ် တဲ့။
အားလုံးဟာ ကိုယ့်အမှန်တရားနဲ့ကိုယ်
လှပနေတာပဲ။

ရန်ကုန်ဟာ ဘဂ္ဂဒက်လို
အဆောက်အအုံတွေ မပျက်စီးတာကလွဲရင်
ကျန်တဲ့ ပျက်စီးမှုမှာ
ဘယ်သူမှ လိုက်မမီတော့ဘူး။

အာရှဂုဏ်ဆောင် ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်
အမျိုးသမီးတယောက်နဲ့
ငရဲသားတွေမွေးမြူထားတဲ့ စစ်တပ်ဟာ
ကြည့်လို့တော့ ကောင်းနေပါပြီ။

။ ၆ ။ 

နိုင်ငံတကာ အရေးအခင်းများ၊
အပေါစား ကျော်ကြားမှုများ၊
မအောင်မြင်သော အာဏာသိမ်းပွဲများ၊
နန်းကျဘုရင်လို စိတ်ဓာတ်များ၊
တူညီဝတ်စုံနှင့် လူပြိန်းများ ...
သင်တို့သွေးသားဟာ
ကြေးစားဆန်လှချည်းလား။

ဟိုး အဝေးကြီးဆီမှာ
အမြင့်ပျံငှက်တကောင်၊
မီးလောင်နေတဲ့ အရေပြားပေါ်
မွေးထားတဲ့ ဒဏ်ရာတခု၊
သွေးဆာနေသော ဓားမြှောင်တချောင်း၊
သေနတ်ပြောင်းတွေကို
မကြာခဏ ချောင်းကြည့်တတ်တဲ့ မျက်လုံးတလုံး၊
ကဗျာဆရာလုပ်ဖို့
အားလုံးကို ကြက်ခြေခတ်ထားသူတယောက် ...
သူ့မှာ စိတ်ဓာတ်ကလွဲလို့
ကျန်တာ ဘာမှမရှိဘူး။
ပြီးတော့
အကြောက်လွန်နေတဲ့ ပြည်သူတွေကို အားမရဘူး။

ဘယ်လိုဖြစ်ဖြစ်
မုန်တိုင်းတွေကို ငါချစ်မိပေါ့။

။ ၇ ။ 

ရန်လိုနေသော အနုပညာနဲ့
ဘုရားသခင်ရဲ့ဟန်ဆောင်မှုနဲ့
သွေးပြန်ကြောထဲက အနီရောင်မိန်းမတယောက်နဲ့
အာခေါင်ကို မီးမြှိုက်ထားသော ကဗျာတွေနဲ့
ငါ့ခေတ်ကို
ငါ ပြဋ္ဌာန်းရမယ်။

လရောင်မှာပွင့်တဲ့ ပန်းတွေလား
ဆူးချုံကြားက နေ့စွဲတွေလား။

နောင်အခါ
ယုံကြည်မှုအသားတံဆိပ်နဲ့ ငါ့မျက်နှာကို
လူငယ်တွေက
တီရှပ်မှာ ရိုက်နှိပ်ဝတ်ဆင်ကြပါစေ။

။ ၈ ။ 

ထူးဆန်းသော လိပ်ပြာတကောင်
အနက်ရောင်သွေးစက်များ
အစဉ်အလာအခက်အခဲတွေ
ကြယ်ရောင်၊ လရောင်တချို့နဲ့
လူသားဟာ
နှစ်ကာလတို့ကို ဖြတ်ကျော်လာခဲ့ပါပြီ။

ကိုးကွယ်မှုများစွာ
အယူအဆများစွာ
မုန်းတီးခြင်းများစွာ ... မှ
တနေ့တော့ ဖြစ်လာမှာပါ ... အထိ
ငါက တင်ဆက်နေမိတယ်။

ဖြစ်နိုင်မယ်ဆို
မြန်မာနိုင်ငံမြေပုံကို
ငါ ပြန်ပြင်ချင်တယ်။
မန်ချက်စတာယူနိုက်တက်အသင်းမှာ
နည်းပြလုပ်ချင်တယ်။
ယက်ဖ်တူရှင်ကို နဲ့
လက်ဆွဲနှုတ်ဆက်ချင်တယ်။
နီကိုးကစ်မင်းရဲ့ လိင်ဆန္ဒအတွက်
တညလောက် အဖြည့်ခံဖြစ်ချင်တယ်။

ထစ်ချုန်းနေတဲ့ မနက်ဖြန်တွေမှာ
ခေတ်ကို ဦးဆောင်သော ကဗျာများနဲ့
ကမ္ဘာမြို့ကြီးတွေကို ကြေငြာလိုက်ပါရဲ့။
အပျော်တမ်း ဖဲကစားဖို့ ...
အပျော်တမ်းငရဲသွားဖို့ ...
အပျော်တမ်း တော်လှန်ရေးလုပ်ဖို့ ...။

။ ၉ ။ 

အလို - ဟိုမှာ
ဘုရားခေတ်က
ကလေးတယောက်လို မျက်လုံးနဲ့
သူတို့ ငါ့ကို ချောင်းကြည့်နေကြလေပြီ။ ။

ဝေမှူးသွင်

(ဒီကဗျာကို လက်ျာသုဒ္ဒရ နာမည်နဲ့ ၂၀၀၄ ခုနှစ်တုန်းက ကဗျာဆရာတွေဖြစ်တဲ့ လှသန်း၊ ဝင်းမြင့်၊ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၊ နှင်းဝတ်ရည်သောင်းတို့ လေးယောက်ကို လက်ဆောင်ပေးဖူးကြောင်း ကျွန်တော့်ဒိုင်ယာရီထဲမှာ မှတ်တမ်းရှိတယ်။)

ဘုရားခေတ်က ကလေးတယောက်၏ မျက်လုံး ... ခရစ်နှစ် ၂၀၀၁ ခုနှစ်ကနေ၂၀၀၄ အထိ သုံးနှစ်ကျော် အချိန်ယူပြီး ရေးခဲ့ရတဲ့ ကဗျာ


No comments: