Saturday, February 12, 2011

“ကိုစံရှင် နှင့် ကိုယ့်သေတွင်း ကိုယ်တူးသူများ” (ဂျော်ဒီး)


“ဂျီးဒေါ်ရေ … ဂျီးဒေါ် … … … …”

“ဟယ် … တူမလေး ဆွဲမိ။ မြို့ကို ဈေးဝယ် တက်လာတာလား …။ စပါးတွေရော ရိတ်လို့၊ သိမ်းလို့ ပြီးပြီလား”

“ပြောချင်ပါဘူး ဂျီးဒေါ်ရယ်။ ပြီးခဲ့တဲ့လကရွာတဲ့ အခါလွန်မိုးကြောင့် လယ်တွေ ရိတ်ရင်းတန်းလန်း ကောက်ဆိုင်ပုံမှာ မိုးမိတာပေါ့။ မိုးမိတော့ စပါးတွေအစိုပေါက်ပြီး ပျက်စီးတယ်။ အလိုလိုမှ စိုက်ပျိုး စရိတ်တွေကကြီးပြီး ရတဲ့စပါးဈေးနဲ့ မကာမိတဲ့ကြားထဲ။ ခုလို စပါးတွေအစိုပေါက်ပြီး ဝါကုန်တော့ ဈေးနှိမ်ခံရဦးမယ်။ နောက်ပြီး နိုင်ငံခြားကို ဆန်စပါးတင်ပို့ခွင့် တဦးတည်းရထားတဲ့ ဟို ဦးပိုင် ဆိုတဲ့လူကြီးက ဈေးကွက်ကို ထိန်းချုပ်ထားလို့တဲ့ ကျုပ်တို့ လယ်သမားတွေ စပါးဈေးကောင်းမရတာ ဆိုလား”


“ဟဲ့ နင်တို့ လယ်သမားတွေကလည်း ဝီရိယ နည်းတာကိုး။ စောစောစီးစီး မိုးလွတ်အောင် လုပ်ထားပါတဲ့လား။ ဒါကြောင့် သေငနာ ကုမ္ပဏီပိုင်ရှင် လွှတ်တော်အမတ်ကြီးက ပြောတာ”

“ဘာတဲ့တုံးးးး”

“လယ်သမားတွေက အလုပ်လုပ်ချိန် နည်းနေတယ်၊ တသီးလောက်စိုက်ပြီး ကျေနပ်နေလို့ ဆင်းရဲနေတာ တဲ့။ ဒါကြောင့် လယ်သမားဘဝမြှင့်တင်ရေး စီမံကိန်းတွေဆွဲပြီး လွှတ်တော်ထဲမှာ အဆို နုနုလေးတွေ တင်ဦးမတဲ့။ ဘာတဲ့ … လယ်လုပ်သူတိုင်း လယ်ကူလီဖြစ်ရေး စီမံကိန်းဆိုလား။ ပထမဦးဆုံး အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေးမူနဲ့ လယ်တွေကို မလိမ့်တပတ် သိမ်းမယ်။ နောက် … တနှစ်ကို ၁၀ သီး စားနိုင်အောင် လယ်သမားတွေကို ကျွဲလို နွားလို ခိုင်းပစ်မယ် … တဲ့။ လေ ဒီ အို မှာ အိမ်သာဗျူး ဆိုလား ပြောသွားတာလေ”

“အမယ်လေး ဂျီးဒေါ်ရယ်။ ဘယ်ကလာ ကျုပ်တို့လယ်သမားတွေ ဝီရိယနည်းရမှာတုန်း။ ကိုယ့်လယ်မြေမှာ ကိုယ်တွက်ခြေကိုက်မယ့်သီးနှံသာ လွတ်လွတ်လပ်လပ် စိုက်ခွင့်ရမယ်ဆိုရင် တသီး မကဘူး လေးငါး ဆယ်သီး စိုက်ရလဲ ဘာအရေးတုန်းတော့။ ခုတော့ နွေစပါးက တွက်ခြေမကိုက်လို့ ပဲလေး နှမ်းလေး စိုက်မယ်ကြံရင် ဟိုး … သိကြားမင်းဆီကလာတဲ့ ညွှန်ကြားချက်အတိုင်း တွက်ခြေ ကိုက်ကိုက်၊ မကိုက်ကိုက် စီမံကိန်းသီးနှံပဲ စိုက်ရမတဲ့။ စီမံကိန်း သီးနှံမစိုက်ရင် လယ်သိမ်းမယ် ခြိမ်းခြောက်တာက တမျိုး။ ပဲခင်းလေး ကြဲထားတုန်း ဆည်ရေတွေ ဖောက်ချပြီး ရေလွှမ်းပစ်ခံရတာက တမျိုး။ ကျုပ်တို့ လယ်သမားတွေ ဘယ်သူ့ အဖေခေါ်ရမှန်းကို မသိပါဘူး တော်”

ထိုစဉ် သာဂိ ရောက်လာပြီး …

“အံမယ် … မိဆွဲမိ … ၊ ညည်းက ဘယ်သူ့ အဖေခေါ်ချင်နေသတုန်း။ မိဘမျက်နှာ အိုးမဲသုတ်မလို့လား”

“ဟယ် … မောင်ကြီး သာဂိပါလား။ ကျန်းမာရေး မကောင်းဘူးလား။ ပိန်လိန်နေလိုက်တာ။ ဟိုဟိုဒီဒီ ရောဂါတွေ များလား”

“ဖွဟဲ့ … လွဲပါစေ … ၊ ဖယ်ပါစေ။ ပိန်လိန်နေရတာက တို့ပြည်သူတွေ အစစအရာရာ ချွေတာ စားသောက် နေရလို့ဟေ့……။ ဗမာပြည်မှာ စားစရာမရှိတဲ့ လူတန်းစားနဲ့ ထားစရာမရှိတဲ့ လူတန်းစား ၂ ရပ်ပဲ ရှိတယ် ဆိုတာ နင် မသိဘူးလား”

“ကဲ … ကဲ … ဒီမောင်နှမတွေ တွေ့တာနဲ့ ရန်ဖြစ်တော့တာပဲ။ လာ … ထိုင်ကြ။ ရေနွေးကြမ်း ပလိန်းလေး သောက်။ အမြည်းတော့ မရှိဘူး”

“ဟင် … ဂျီးဒေါ် ရယ် …၊ ရေနွေးကြမ်းတောင် လဘက်ခြောက်မပါတဲ့ ပလိန်းပါလားဗျ”

“အေးလေ … တို့ပြည်သူတွေ အစစအရာရာ ခြိုးခြံချွေတာနိုင်မှ ခေတ်မီတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီ မြန်မြန်ရောက်မယ် မဟုတ်လား”

“ဟုတ်ပါ့ …၊ ဟုတ်ပါ … ဂျီးဒေါ်။ ဒါမှ … မြေးတော်လေး စိတ်ကြိုက် ဘောလုံးအသင်းတွေ ထောင်နိုင်မယ်။ သမီးတော်တွေနဲ့ မာမီကွိုင်တို့ စိန်တွေ၊ သံပုရာတွေ ဝယ်ချင်သလို ဝယ်နိုင်မယ်။ ဂျိုကုပ် တို့၊ ဂျိုထောင် တို့ တိုက်တွေ ကားတွေ ထားစရာမရှိအောင်ကို ပေါများကြွယ်ဝမယ်။ သူတို့ရဲ့ အပေါင်းပါ လေပွတို့ ဂေါ်ဂေါ်တို့လို အရှေ့ပြင် အနောက်ပြင် သူဌေးကြီးတွေ လေယာဉ်ပျံတွေ ဒုံးပျံတွေ ဝယ်နိုင်မယ်။ အို … … … ပြည်သူအပေါင်းတို့ … ချွေတာကြလော့ … ငတ်သေသည်အထိ ချွေတာကြလော့ … သွပ် သွပ် … သွပ်……”

“မောင်ကြီးသာဂိရယ် … ကြားရသမျှတော့ သူတို့တွေက ချမ်းသာပြီး ကျုပ်တို့ပြည်သူတွေကတော့ မွဲသထက် မွဲနေပါလားတော် … …။ အဲဒါ ဟို … ကိုစံရှင် ဆိုတဲ့ လူကြီးက ပိတ်ဆို့ထားလို့ ဆိုလား။ ဟိုနေ့က ရွာလူကြီးက အစည်းအဝေးမှာ ပြောသွားသတော့ …”

“ဘာ … ကိုစံရှင်လဲ။ မိဆွဲမိရယ် … အဲ့သကြောင့် နင့်ကို သတင်းလေး … ဘာလေး … နားထောင်လို့ ပြောတာ။ စံရှင် ဆိုတာ လူမဟုတ်ဖူးဟဲ့ …။ ဘိုလို ပြောတာ။ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့ထားတာကို ပြောတာ။ အဲ့ဒီ စံရှင်ကြီးကြောင့် တိုင်းသူပြည်သားတွေ ဆင်းရဲနေတာပါလို့ ဒင်းတို့က အသံကောင်းဟစ်နေတာ … သိလား”

“အော် … သိပါဘူးတော်။ စံရှင် … စံရှင် ဆိုတော့ လူနာမည်လားလို့ … အဟိ”

“အေး … လုပ်ပါဦးဟဲ့ … သာဂိရဲ့ … ။ ငါလည်း အဲ့ဒါ မသိလို့။ နင်ပြောသလို ဗဟုသုတရအောင် ဂျာနယ်တွေ ဖတ်တော့လည်း ဟို … ဒီမိုကလက်တက်တက် အင်အားစုက လွှတ်တော်အမတ်မင်းတွေကလည်း အဲဒီ စံရှင်ကြီးကိုပဲ ဖွင့်ပေးဖို့ တောင်းဆိုနေပါလား”

“အဲ့ဒါပြောတာပေါ့ ဂျီးဒေါ် …။ သူတို့ကို သူတို့ ဒီမိုကလက်တက်တက် အင်အားစု ဆိုပြီး ပြည်သူ့မဲတွေ ယူထားပြီး စစ်အစိုးရရဲ့ အလိုလိုက်။ စီးပွားရေးပိတ်ဆို့ထားလို့ ပြည်သူတွေ ဆင်းရဲနေသယောင်ယောင် လိုက်ပြောနေကြတာ ပြည်သူကိုသစ္စာဖောက်တာပဲဗျ။ တကယ် စီးပွားရေးပိတ်ဆို့တာတွေ ဖွင့်စေချင်ရင် အလွယ်လေးပါဗျာ။ အော်ဟစ်တောင်းဆိုနေစရာကို မလိုဘူး”

“ဟေ … ဘယ်လို လုပ်ရမှာတဲ့လဲ”

“မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်မယ်။ တိုင်းရင်းသားတွေ၊ အတိုက်အခံ အင်အားစုတွေနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်မယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်မလုပ်တော့ဘူးဆိုရင် … ဘယ်သူမှ ပိတ်ဆို့နေတော့မှာ မဟုတ်ဘူးဗျ။ မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံချင် လွန်းလို့မှ သားရေတမြားမြားကိုကျလို့”

“မောင်ကြီး သာဂိ … လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာ ကျုပ်တို့လယ်တွေ မတရား သိမ်းခံရတာမျိုးလား။ ရွာမှာ တအိမ်တယောက် လမ်းဖောက်ဖို့ မလိုက်မနေရ အတင်းခေါ်တာမျိုးလား။ ခုတလော ဟိုစစ်မှုထမ်းရမယ်ဆိုလား ဘာဆိုလား။ အဲ့ဒါမျိုးတွေ မပါချင်ရင် ပိုက်ဆံပေးရမယ်ဆိုလား ရွာလူကြီးက ပြောနေတာ။ အဲဒီလို အာဏာပြပြီး အနိုင်ကျင့်တာမျိုးတွေ ပေါ့နော်”

“ဒါပေါ့ … ငါ့ညီမ ဆွဲမိတောင် မနည်းတိုးတက်လာဘီ။ တကယ်တော့ ကမ္ဘာ့မြင်ကွင်းမှာ သိပ်ရုပ်ပျက်ဆင်းပျက် နိုင်အောင် ဆိုးသွမ်းနေတဲ့အစိုးရမို့ နိုင်ငံတကာက စီးပွားရေးပိတ်ဆို့ထားတယ်။ ဒါပေမယ့် ဒင်းတို့က နည်းမျိုးစုံနဲ့ တိုင်းပြည် သယံဇာတတွေကို ထုတ်ရောင်းစားတယ်။ ရသမျှကို တိုင်းပြည်အတွက်မသုံးဘဲ သူတို့အိတ်ထဲပဲ ထည့်ပြီး ချမ်းသာနေတာ။ ထားစရာကို မရှိအောင် ချမ်းသာနေတာက ဒင်းတို့နဲ့ အပေါင်းပါတွေ။ ကျနော်တို့ တိုင်းသူပြည်သားတွေမှာ အရိုးအရင်းကိုက်ဖို့မပြောနဲ့ အနံ့တောင် မရှူရလို့ ခုလို စားစရမရှိအောင်ကို ဆင်းရဲတွင်းနက်နေတာပါဗျာ။

အဲ့ဒီတော့ စီးပွားရေးပိတ်ဆို့ထားတာတွေ ရုပ်သိမ်းပေးလိုက်လည်း တိုင်းသူပြည်သားတွေ ခံစားရဖို့ဝေးစွ။ ဒင်းတို့ ပုလင်းတူ ဘူးဆို့တွေပဲ ချမ်းသာပြီးရင်း ချမ်းသာမယ်။ တိုင်းသူပြည်သားတွေအပေါ် ထင်သလို ပိုနှိပ်စက်လာမယ်။ ပြည်တွင်းမှာတင်မကတော့ပဲ ကမ္ဘာကြီးရဲ့ ခေါင်းပေါ်တောင်တက်ပြီး ကတုံးပေါ်ထိပ်ကွက် လုပ်လာလိမ့်မယ်ဗျ။ နောက်ပြီး စနစ်တကျ စီမံခန့်ခွဲတာတွေ မရှိဘဲ တိုင်းပြည်ပိုင်ဘဏ္ဍာတွေကို နွားငတ်ရေကျ အဆင့်ဆင့် ခြစားကြရင်း နောက်ဆုံးတော့ ကျုပ်တို့ ပြည်သူတွေပဲ မွဲသထက်မွဲနေဦးမှာပါပဲ”

“အင်းလေ … သူတို့နဲ့ အပေါင်းပါတွေပဲ ဆန်စပါးတွေ နိုင်ငံခြားကို ထုတ်ရောင်းခွင့်တွေ ယူထား။ ဈေးကွက်ကို အပိုင်စီးထားပြီး စပါးဈေးကို ပြည်တွင်းမှာ နှိမ်ဝယ်နေတော့ ကျုပ်တို့လယ်သမားတွေ သေအောင် လုပ်နေတာတောင် ဆင်းရဲနေတာကိုး။ ဒါနဲ့များ ကိုစံရှင်က ပိတ်ထားသလေး ဘာလေးနဲ့”

“အေးပါဟယ် … ခုမှပဲ သိတော့တယ်။ စံရှင် ဆိုတာ ဘိုလိုပြောမှန်း မသိဘူးလေ။ လူနာမည် အောက်မေ့လို့ … … ဟိ”

“ဒါဆိုရင်တော့ … ဂျီးဒေါ်တို့ကို ဘကြီးဆူးကြမ်းဆီ သင်တန်းတက်ခိုင်းမှပဲဗျ ဟီး ဟီး။ သူက အမေကြီးကန်မှာ ရေကူးရင်းဆိုလား မိုးပေါ်ကကျလာတဲ့ ဘိုလို စကားလုံး ဆန်းဆန်းတွေကို တိုက်ရိုက် ကူးသုံးနိုင်ပြီး ဂုရုကြီးတဆူလိုလို လုပ်နေတာ။ ဒီလောက်တော့ အပျော့ပဲ”

ထိုစဉ် အဖိုးကြီးတဦး မိမွေးတိုင်း ဖမွေးတိုင်း ဝတ်စုံကို ဝတ်စုံပြည့်ဝတ်ဆင်လျှက် တူရွင်းပြား တလက်ကို ကိုင်ကာ အော်ဟစ်ပြေးလွှားလာသည်ကို တွေ့လိုက်ရသည်။

“ဟဲ့ … ပလုပ်တုပ်။ ဘကြီး ဆူးကြမ်းပါလား၊ အသက် ရှည်အုံးမယ်ဟေ့။ ပြောရင်းဆိုရင်း ရောက်လာပြီ။ ဟင် … ဘယ်လို ဖြစ်လာတာတုန်း။ မြင်မကောင်း ရှုမကောင်း။ မျက်နှာပြောင်ရုံတင်မက တကိုယ်လုံး ပြောင်နေပါလား သာဂိရဲ့။ ဆွဲကြ လွဲကြပါဦး”

ဆွဲမိကလည်း မျက်နှာကို လက်ဝါးနဲ့ အသားကုန်အုပ်ရင်း …

“ဘုရား … ဘုရား။ ဘကြီး ဆူးကြမ်း ဖောက်ပြန်နေလိုက်တာ စိတ် … စိတ် …”

သာဂိကတော့ “နေပစေဗျာ။ ဆွဲနိုင်တော့ဘူး။ သူ့သွားဆွဲရင် ဟို စာရေးဆရာကြီးတယောက်လို ငရုပ်သီးနဲ့ ရောထောင်းခံရတဲ့ ကြက်သွန်ဖြစ်ရပါပေါ့ဆိုပြီး ငိုနေရဦးမယ်။ ခွေးတွေပဲ ဝိုင်းဆွဲပါလိမ့်မယ်။ လွှတ်ထားလိုက်”

ဘကြီး ဆူးကြမ်းက လမ်းလည်ခေါင်တွင် ငုတ်တုပ်ထိုင်ချလိုက်ရင်း မြေကြီးကို တူရွင်းပြားနဲ့ တူးဆွလျက် ပါးစပ်မှလည်း တတွတ်တွတ် ရွတ်နေရှာသည်။

“ဖိုရမ်။ အင်စတီကျူးရှင်း။ ပါရာဒိုင်း၊ ပဒိုင်းသီး။ ဒိုင်မင်းရှင်း။ ဒိုင်းနမိုက်။ ကြီကြိ ကြကြ။ ၂၀၀၈ ဖွတ်စီးပုံ အချဉ်ခံ ဦးပတေး အားအလေးကော အပေါ့ပါ ပြုပါ၏။ စင်ပြိုင်ဖိုရမ်အသစ် မလို။ ဖွတ်ဖိုရမ် အဟောင်းအစုတ်များ လုံလုံလောက်လောက် ရှိပြီးဖြစ်ကြောင်းးးး ဟောင်းး ဟောင်းးး”

“ဟဲ့ … သာဂိ။ ဘကြီး ဆူးကြမ်း တူးနေပြီနော်။ ဘာတွေ တူးနေတာလဲ။ ပြီးတော့ သူ ဘာတွေပြောနေတာလဲ။ စံရှင် လိုဘို စကားလုံးတွေလား။ ဒို့ လိုက်မှတ်သားဖို့ ဘုတ်အုပ်တွေ ယူလိုက်ရတော့မလား”

“မိုးပေါ်က စကားလုံးတွေကုန်သွားလို့ မြေကြီးထဲက လူနားမလည်မယ့် စကားလုံးအသစ်တွေ ရှာနေတာ ထင်ပါရဲ့ဗျာ ဟီးဟီး”

“အော် … သိပါဘူး။ အသက်ကြီးလာလို့ ကိုယ့်သေတွင်း ကိုယ်တူးနေတာလားလို့”

ထိုစဉ် ရပ်ကွက်ထဲမှ ခွေးများ တကောင်ပြီးတကောင် ရောက်လာပြီး ထိုးဟောင်ကြလေသဖြင့် ဘကြီးဆူးကြမ်းတယောက် တူရွင်းပြားကြီးကို လွှတ်ချကာ ကိုယ်တုံးလုံး ပြေးလေသတည်း။ ။

သရုပ်ဖော် - ကာတွန်း စောငို

No comments: