Wednesday, January 12, 2011

ချစ်သော ရဲဘော်များ ပြည်သူများ နှင့် မဟာမိတ်များ - ၅

ည ၁၁ နာရီ ကျော်သွားပါပြီ။ ကိုမြင့်ဆွေက “အခြေအနေ ထူးတယ်။ ကျနော် အိမ်ပြန်မယ်။ ပြဿနာမရှိဘူးနော် လှမ်းခေါ်မယ်” ဆိုပြီး ကုန်းကုန်း ကုန်းကုန်းနဲ့ ပြန်သွားပါတယ်။ သူ့အိမ်က အနီးဆုံးပဲ။ ဒါတောင် ဘောလုံးကွင်း တဝက်စာကျော်ကျော် ဝေးသေးတယ်။ ဘာသံမှ မကြားတော့ပါ။ နာရီဝက်လောက် အကြာမှာတော့ အသံတသံ ထွက်လာတယ်။

“ဗကြည်ရေ … ဗကြည်ရေ” ဆိုတဲ့ အသံ။

ကျနော်က အနားမှာ တယောက်နဲ့တယောက် ထပ်အိပ်နေကြတဲ့ ကုလားပုံကြီးထဲက တယောက်ကို လက်နဲ့ ကုတ်ပြီး

“ခင်ဗျားတို့ရွာမှာ ဗကြည်ဆိုတာရှိလား”

လို့ မေးရပါတယ်။

“မရှိဘူး အကို”

ဆိုပြီး ပြန်အိပ်သွားပါတယ်။

တအောင့်လောက်ရှိတော့ ‘ခေါ်သံ’ ထပ်ကြားရပါတယ်။ ဦးထွန်းအောင်က ...

“ကိုမြင့်ဆွေအသံနဲ့ တူတယ်။ သေချာအောင် ကျနော် သွားကြည့်လိုက်မယ်။ အန္တရာယ် မရှိဘူးဆိုမှ လှမ်းခေါ်လိုက်မယ်”

ပြောပြီး ထွက်သွားပြန်ပါတယ်။ တာဝန်ယူစိတ် အင်မတန်ကြီးသော ကရင်ကြီးပါ။ သို့သော် ခေါ်သံလည်းမကြား။ လူလည်း ပြန်ပေါ်မလာ။

ကျနော်က သာနေတဲ့လ၊ မြင်နေရတဲ့ သံလွင်မြစ်ကြီးကိုကြည့်ပြီး အန္တရာယ်တွေကြားကနေ အိမ်နဲ့ (အထူးသဖြင့်) အဖေ့ကို သတိရနေမိတယ်။ စောင်မပါ ဘာမပါနဲ့ လူကလည်း အေးလှပြီ။ ခဏနေတော့ ...

“ကိုသိန်းဝင်းရေ … ကိုသိန်းဝင်းရေ”

ဆိုတဲ့ ခေါ်သံ ကြားလိုက်ရတယ်။ ဒါနဲ့ အားမနာနိုင်သေးဘဲ ခုနက ကုလားကိုပဲ ...

“ခင်ဗျားတို့ရွာမှာ ကိုသိန်းဝင်းဆိုတာ ရှိလား”

လို့ မေးရပြန်တယ်။ ကုလားက ...

“မရှိပါဘူးဗျာ”

လို့ပြောပြီး တဖက်စောင်းအိပ်သွားပါတယ်။ အိပ်ရေးပျက်လို့ နည်းနည်း ကျွဲမြီးတိုသွားပုံပဲ။

မကြာလိုက်ပါဘူး။ ဦးထွန်းအောင်နဲ့ ကိုမြင့်ဆွေတို့ရဲ့ ရှေ့ဆင့် နောက်ဆင့် ခေါ်သံထွက်လာပြန်တယ်။

“ညီလေးရေ … ညီလေးရေ”

ဆိုတဲ့ခေါ်သံ။ သူ့ဘက်လှည့်လာဦးတော့မှာပဲဆိုတာတွက်ပြီး ခုန ကုလားက ဦးနှင့်အောင် ...

“ကျနော်တို့ရွာမှာ ကိုညီလေး ဆိုတာလဲ မရှိဘူးဗျ”

လို့ ရေပိတ်စကားပြောတာ ခံလိုက်ရပါသေးတယ်။ ကျနော်က ...

“ဟုတ်လား။ ကိုညီလေး ဆိုတာ ကျနော်ပဲ။ သွားပြီဗျို့” လို့ နှုတ်ဆက်စကား ပြောခဲ့ပါတယ်။

ဒီနေရာမှာ နည်းနည်းရှင်းပြဖို့ လိုပါလိမ့်မယ်။ ကျွန်တော်က ဝရမ်းပြေးဆိုတော့ ရောက်တဲ့အရပ် တွေ့တဲ့လူကို နာမည် တမျိုးနဲ့ ဆက်ဆံပါတယ်။ ‘ကိုသိန်းဝင်း’ ဆိုတာကလည်း ဦးထွန်းအောင်နဲ့တွေ့မှ ခေါ်စေတဲ့နာမည်ပါ။ သူကလည်း ‘ညီလေး’ လို့ပဲ တလျှောက်လုံး ခေါ်လာတော့ ကိုယ့်နာမည်ကို မေ့နေပါတယ်။ စိတ်မောနေတာရယ်၊ အိပ်ချင်မူးတူးရယ်၊ အအေးဒဏ်ကြောင့် လူက ထုံနေတာရယ် စတာတွေလည်း ပါပါလိမ့်မယ်။

‘ပေါ်တာ’ကိစ္စဖြစ်သွားပုံကိုလည်း ရှင်းပြရပါဦးမယ်။ ရွာထဲက ကာလသား ကုလား ၃ ယောက် တခြားရွာ သွားလည်ရာက မူးပြန်လာတယ်။ ရွာအဝင်မှာ ဆဲဆိုဆူပူလာရာက ထုံးစံအတိုင်း စစ်တပ် ပေါ်တာလာဆွဲပြန်ပြီ ထင်ပြီး ရွာပျက်မတတ် ဖြစ်သွားတာပါ။

ဒီရွာမှာပဲ နောက်ထပ် တရက် နှစ်ရက်နေ ထောက်လှမ်းပြီး ဦးထွန်းအောင်က ရွှေဂွန်းဘက် တက်မယ်လို့ ပြောပါတယ်။ ကျနော်ကလည်း စိတ်လောနေသူဖြစ်လို့ ချက်ချင်း သဘောတူလိုက်ပါတယ်။

သင်္ဘောတစီးပေါ်တက်ပြီး သံလွင်ကို ဆန်တက်ခဲ့ကြပါတော့တယ်။ ဘာပြဿနာမှ မရှိ။ ဒါပေမယ့် စစ်တပ်တွေ အဆင်းအတက်တွေ များတယ်ဆိုတဲ့သတင်းက လက်တွေ့ဖြစ်လာတယ်။ ရွှေဂွန်းမြို့လေး အနေအထားကလည်း ထူးခြားနေပါတယ်။ မြို့ပတ်လည် ကျင်းတွေ၊ ညှောင့်တွေ၊ သစ်တွေ၊ ဝါးတွေ ခြံကာထားတာ တွေ့ရတယ်။ လျှောက်ရင်း လျှောက်ရင်းက ကရင် ပြောက်ကျားဒေသတွေကြား ခြေချမိပြီဆိုတာ သိလာရတယ်။

ကရင်တပ်သားတွေနဲ့ ရွာထဲဖြစ်ဖြစ် လမ်းပေါ်မှာဖြစ်ဖြစ် မကြာခဏ ဆုံတွေ့နေရပါတယ်။ ခဏခဏလည်း အစစ်အဆေး အမေးအမြန်းခံရပါတယ်။

ရွာတရွာမှာ စတည်းချပြီး (ဖထီး) ဦးထွန်းအောင်က သူ့သား ကရင်တပ်ခွဲမှူးသတင်း စုံစမ်းပါတယ်။ သူ့သားက ဒီရွာသူနဲ့ အိမ်ထောင်ကျပြီး ဒီရွာမှာနေတာ ဖြစ်တယ်။ သူ့ချွေးမ မကြာမီကပဲဆုံးသွားလို့ သားဖြစ်သူက စိတ်လေ၊ တပ်က ခွင့်ယူပြီး လျှောက်သွားနေတယ်လို့ သိရတယ်။ ၂ ရက်လောက်ကြာတော့ ဦးထွန်းအောင် ရောက်နေတယ်ကြားပြီး သူ့သား ပေါက်လာပါတယ်။ မူးလိုက်တာလည်း ထောင်လို့။ (တို့သားအဖနဲ့တော့ ကွာလိုက်တာ)

ဆက်လက်ဖော်ပြပါမည်။


No comments: