ကြေညာချက်တွေ ဝေကြ
၂၀၁၀ နိုဝင်ဘာ ၇ ရက်မှာ ရွေးကောက်ပွဲလုပ်မယ်လို့ အစိုးရက ကြေညာပြီး ပါတီတွေ ဖွဲ့စည်းတည်ထောင်ခွင့် ပေးလိုက်တဲ့အခါမှာ တနိုင်ငံလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ အသွေးအရောင်တူသူတွေ စုပေါင်းပြီး ပါတီ ထောင်ကြတယ်။ တိုင်းရင်းသားလူမျိုးစုတွေကလည်း သူတို့ဒေသ သူတို့လူမျိုးကို အခြေခံပြီး ပါတီ ထောင်ကြတယ်။ အဲဒီနောက်တော့ ထုံးစံအတိုင်း မဲဆွယ်စည်းရုံးလှုပ်ရှားမှုတွေ လုပ်ကြတယ်။ အများအားဖြင့်တော့ ကြေညာချက်တွေရိုက်ပြီး ရပ်ကွက်ထဲလိုက်ဝေကြတယ်။ လူစုလူဝေးနဲ့ တရားပွဲတွေ ဘာတွေ သိပ်မလုပ်နိုင်ကြဘူး။ ပါတီတွေအတွက်ကောင်းသွားတာက ဂျာနယ်တွေ တရာ့လေးငါးဆယ်လောက် ရှိနေတာဖြစ်တယ်။
ဂျာနယ်တွေ တာဝန်ကျေ
ဂျာနယ်တွေက ပါတီတွေနဲ့အမတ်လောင်းတွေအကြောင်း ပြည်သူလူထုသိအောင် အမျိုးမျိုးသတင်းပေးကြတယ်။ လူငယ်ဂျာနယ်သမားတွေ တာဝန်ကျေကြတယ်။ ကျေးဇူးတင်စရာ သိပ်ကောင်းတယ်။ ဂျာနယ်တွေက မျှမျှတတဖြစ်အောင် ကြိုးစားကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကျော် ပါတီစုံခေတ်ကလို မလိုတဲ့ ပါတီအဖွဲ့အစည်းကို နည်းလမ်းမျိုးစုံသုံးပြီး အပုပ်ချတာမျိုး ကင်းရှင်းကြတယ်။ ပုပ်လို့ပေါ်လာတဲ့ပါတီနဲ့ လူပုဂ္ဂိုလ်တွေကိုတောင် ဖုံးဖုံးဖိဖိနဲ့ သက်သက်ညှာညှာ ရေးကြတာ တွေ့ရတယ်။
စည်းရုံးရေးဆိုတာ နားမလည်ကြ
သတင်းသမားတစ်ယောက်အနေနဲ့ စောင့်ကြည့်လေ့လာရင် ဘာသွားတွေ့ရလဲဆိုတော့ နိုင်ငံရေးပါတီတွေနဲ့ အမတ်လောင်းတွေအားလုံး မဲဆွယ်တာပဲ လုပ်တတ်ပြီး စည်းရုံးရေးမလုပ်နိုင်ကြဘူးဆိုတဲ့ အားနည်းချက် ဖြစ်တယ်။ တော်တော်များများက စည်းရုံးရေးဆိုတာကို နားမလည်ကြတာ။ ကြေညာချက် စာရွက်စာတမ်းတွေ ဝေတာနဲ့ တရားဟောတယ်ဆိုတာက မဲဆွယ်တာပဲ။ စည်းရုံးတာ မဟုတ်ဘူး။
စည်းရုံးတယ်ဆိုတာက ရွေးကောက်ပွဲတပွဲအတွက် တပွဲထိုးလုပ်တာ မဟုတ်ဘူး။ ကိုယ့်ပါတီကို နှစ်နှစ်ကာကာ ယုံကြည်ထောက်ခံတဲ့ အမာခံပါတီဝင်တွေဖြစ်အောင် လုပ်ရတာ ဖြစ်တယ်။ ကိုယ့်ပါတီရဲ့ မူဝါဒလမ်းစဉ်တွေကို ကြေကြေညက်ညက် နားလည်ပြီး ပူးပေါင်းပါဝင် ဆောင်ရွက်လိုသူတွေ ဖြစ်လာအောင် လုပ်ရတာဖြစ်တယ်။
အမာခံမဟုတ်ဘူး
မဲဆွယ်စဉ်ကာလမှာ ရွေးကောက်ပွဲနိုင်ရင် ဘာလုပ်ပေးပါမယ်ဆိုတဲ့ ကြေညာချက်ကိုသဘောကျပြီး မဲထည့်တဲ့ မဲဆန္ဒရှင်ဆိုတာက ကိုယ့်အတွက် စိတ်ချရတဲ့အမာခံအဖြစ် ယူဆလို့မရဘူး။ နောက်တယောက်က ကိုယ့်ထက်သာအောင် လုပ်ပေးပါမယ်ပြောရင် ပြောတဲ့ဘက်ကိုပါသွားမှာပဲ။
ဒါမှမဟုတ် ရှေး ဖဆပလခေတ်က ပျူစောထီးတွေလို သေနတ်ပြပြီး ခြောက်ရင်လည်း ကြောက်လို့ပါသွားမှာပဲ။ ဘယ်လိုအန္တရာယ်မျိုးမဆိုရင်ဆိုင်ပြီး ကိုယ်ယုံကြည်တဲ့ပါတီဘက်က ရပ်တည်မယ်ဆိုတာက ပါတီရဲ့ မူဝါဒလမ်းစဉ်ကို နှစ်နှစ်ကာကာ ယုံကြည်လို့ဝင်လာတဲ့ ပါတီဝင်တွေသာဖြစ်တယ်။
အမည်မခံဘဲထည့်ဝင်
အဲဒီလို ပါတီဝင်မျိုး များများရအောင် စည်းရုံးနိုင်တာကို စည်းရုံးရေးကောင်းတယ်လို့ ခေါ်တယ်။ သူတို့က မူဝါဒကို ယုံကြည်တဲ့အတွက် ဝင်ကြေးတို့ လစဉ်ကြေးတို့ပေးပြီး ဝင်လာကြတယ်။ အခွင့်အရေးလိုချင်လို့ ဝင်ကြတာမဟုတ်ဘူး။ ကိုယ့်အိတ်ထဲက ပိုက်ဆံထုတ်ပြီး ဝင်လာကြတာ။ အနောက်နိုင်ငံတွေမှာ 'Paid Member' လို့ ခေါ်တဲ့ အဲဒီလို ပါတီဝင်မျိုးတွေကိုမှ အမာခံလို့ သတ်မှတ်နိုင်တယ်။
ပါတီရန်ပုံငွေလိုတယ်ဆိုရင်လည်း သူတို့က ဝိုင်းရှာပေးကြတယ်။ နိုင်ငံရေးခေတ်မှာ နိုင်ငံရေးပါတီတွေဟာ ဒီနည်းနဲ့ပဲ ရပ်တည်ကြတယ်။ ပါတီက စည်းရုံးရေးကောင်းရင် ကောင်းသလောက် ရန်ပုံငွေ တောင့်တောင့်တင်းတင်း ရှိလာတယ်။ သူဌေးသူကြွယ်တွေကလည်း မူကြိုက်လို့ဖြစ်ဖြစ်၊ လူကြိုက်လို့ဖြစ်ဖြစ် အလုံးအရင်းနဲ့ ထည့်ဝင်လေ့ရှိတယ်။ အကျိုးလိုလို့ ညောင်ရေလောင်းသူတွေရှိသလို မူ ဒါမှမဟုတ် လူကို ကြိုက်လို့ အမည်မခံဘဲ ထည့်ဝင်လှူဒါန်းသူတွေလည်း ရှိပါတယ်။
လူထုက မဏ္ဍိုင်
စည်းရုံးရေးလုပ်တယ်ဆိုတာ ကိုယ့်မူဝါဒလမ်းစဉ်ကို လူတွေသိအောင်ချပြပြီး လူထုထောက်ခံမှု များသထက် များအောင် လုပ်ခြင်း ဖြစ်တယ်။ လူထုထောက်ခံမှု အပြည့်အဝ အခိုင်အမာရရှိတဲ့ပါတီ ဒါမှမဟုတ် လူပုဂ္ဂိုလ်ဟာ ရှင်သန်ရပ်တည်မှုအတွက် ဘာမှပူစရာမလိုဘူး။ အမာခံပါတီဝင်တွေနဲ့ လူထုက ကျောရိုးမဏ္ဍိုင်အဖြစ် နောက်က အမြဲထောက်ခံ ရပ်တည်ပေးမှာ ဖြစ်တယ်။
အရေးကြီးဆုံးအချက်က ကိုယ်ကိုင်စွဲတဲ့ မူဝါဒလမ်းစဉ်တွေဟာ လူထုရဲ့လိုအပ်ချက်နဲ့ အမြဲတမ်း တထပ်တည်းကျနေဖို့ပဲ ဖြစ်တယ်။ ဆန္ဒစွဲအားကြီးပြီး ခြေလှမ်းက ရှေ့ကိုသိပ်ကျွံနေလို့မဖြစ်သလို နှေးကွေးထုံထိုင်းပြီး လူထုရဲ့နောက်မြီး ဆွဲလုပ်နေလို့လည်း မဖြစ်ဘူး။ လူထုနဲ့အမြဲတမ်း တသားတည်း ရှိနေရမယ်။
တသွေး၊ တသံ၊ တမိန့်
ဒီတကြိမ်ရွေးကောက်ပွဲမှာတော့ စည်းရုံးရေးသဘော နားမလည်ရုံသာ မဟုတ်သေးဘူး။ တော်တော်များများက မူဝါဒလမ်းစဉ်ဆိုတာတောင် ဘာမှန်းမသိကြတာ တွေ့ရတယ်။ ဒါလည်း သူတို့ကိုအပြစ်မတင်ပါဘူး။
ပြည်သူက ရှေ့အများကြီးရောက်
တပ်မတော်အစိုးရက ဒီမိုကရေစီလမ်းကိုသွားမယ်ဆိုပြီး ပါတီတွေထောင်ခွင့် ပေး၊ ရွေးကောက်ပွဲကျင်းပပေး လုပ်ခဲ့ပေမယ့် ထူထောင်လိုက်တဲ့ နိုင်ငံရေးပါတီတွေကိုယ်တိုင်က နိုင်ငံရေးဆိုတာ ဘာမှန်းသိပ်သိကြသေးတာ မဟုတ်ဘူး။ အားလုံးသော ပါတီတွေက ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေးဆိုတဲ့ ယေဘုယျမူဝါဒကိုသာ ပြောနိုင်ကြတယ်။
ဘယ်လို ဒီမိုကရေစီလဲ၊ ဘယ်ပုံစံနဲ့ ဈေးကွက်စီးပွားရေးလဲ ဆိုတဲ့ တိကျရေရာတဲ့ လမ်းစဉ်မျိုးချပြနိုင်တာ မရှိပါဘူး။ ဒီနေ့ မဲဆန္ဒရှင်ပြည်သူလူထုက နိုင်ငံရေးပါတီတွေထက်ရှေ့ကို အများကြီးရောက်နေတယ်။ ဒီမိုကရေစီဆိုတာ ဘယ်လိုဒီမိုကရေစီမျိုးလဲ ယိုးဒယား ဒီမိုကရေစီမျိုးလား၊ အရှေ့အလယ်ပိုင်းက ဘုရင်တွေနဲ့ စော်ဘွားတွေရဲ့ ဒီမိုကရေစီမျိုးလားဆိုတာ အတိအကျ သိချင်ကြတယ်။
ယေဘုယျနဲ့ မလုံလောက်
ဈေးကွက်စီးပွားရေးမှာလည်း ဂျပန်တို့၊ အမေရိကန်တို့က ပုံစံလား၊ တရုတ်က ဈေးကွက်စီးပွားရေး ပုံစံလား၊ ဗီယက်နမ် ပုံစံလားဆိုတာ ရေရေရာရာ သိချင်ကြတယ်။
http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment