ငယ်မူငယ်သွေးပြန်ကြ
ရန်ကုန်မှာရှိတဲ့ စီနီယာ ကျောင်းသားဟောင်းကြီးတွေ လာဖြစ်အောင် လာဖို့လည်း တိုက်တွန်းပေးပါဦးလို့ ပြောကြတယ်။ အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ်ကျော်ကြီးတွေ ပြန်ဆုံတွေ့ကြတဲ့အခါ ငယ်မူငယ်သွေးတွေ ပြန်ပြီး တယောက်နဲ့ တယောက် စကြနောက်ကြ ငယ်ကျိုးငယ်နာတွေဖော်ကြ လုပ်တာတွေကြည့်ပြီး ကြည်နူးရလွန်းလို့ပါလို့လည်း ပြောကြတယ်။
ဟုတ်ပါတယ်။ ငယ်ပေါင်းတွေ ဆုံတဲ့အခါ ဘယ်သူမဆို ပျော်ကြတာပါပဲ။ ရန်ကုန်မှာနေကြတဲ့ အတန်းတူ သူငယ်ချင်း သုံးလေးယောက်ဆုံပြီး တခါတလေ လာကြတဲ့အခါ အားလုံး ဝမ်းသာပျော်ရွှင်ကြတယ်။ ဒီအသက် ဒီအရွယ်မှာ ကိုယ့်ကို မင်းနဲ့ငါနဲ့ ပြောသံကြားရတာလောက် ပီတိဖြစ်ရတာ ဘာမှမရှိပါဘူး။ အင်မတန် ကြည်နူးစရာ ကောင်းတယ်။
အန်ကယ်ကြီးနဲ့ ဘဘ
နာမည်ကို 'ဦး ကို မောင်' မပါဘဲ နာမည်အရင်းအတိုင်း ခေါ်သံမကြားရတာ နှစ်ပေါင်း လေးငါးဆယ်လောက် ရှိပြီဆိုတော့ ဒီလို အခေါ်ခံရတာ အင်မတန် ဝမ်းသာကျေနပ်ရတယ်။ အားလုံးအသက်တွေက ခုနစ်ဆယ်တန်းတွေဆိုတော့ အန်ကယ်ကြီးတို့၊ ဘဘတို့ဆိုတဲ့ ခေါ်သံတွေပဲ နေ့တိုင်း ကြားနေရတာ မဟုတ်လား။
နောက်ပြီးတော့ ကိုယ့်ကို မင်းတလုံးငါတလုံးနဲ့ ပြောသံနားထောင်ရတာလည်း အင်မတန် အရသာရှိပါတယ်။ လဖုန်း ကျောင်းသားဟောင်းတွေထဲမှာ ကျွန်တော်တို့က ဒုတိယအကြီးဆုံး ကျောင်းသားဟောင်းကြီးတွေ ဖြစ်နေကြပြီလေ။ ကျွန်တော်တို့ထက် တတန်း ပိုရှေ့ရောက်တဲ့ ကျောင်းသားဟောင်းတွေက သုံး၊ လေးယောက်လောက်ပဲ ကျန်တော့တာကိုး။ ဒီတော့လည်း ဘဘ အခေါ်ခံရတာ သဘာဝကျပါတယ်။
စာရေးဆရာဖြစ်ရတာ ကျေနပ်စရာ
ကန်တော့ခံ ဆရာတွေထဲမှာလည်း ကျွန်တော်တို့ ကန်တော့ရမယ့် ဆရာဖြစ်ခဲ့သူဆိုလို့ ဆရာဦးမြသောင်း တယောက်တည်း ကျန်ပါတော့တယ်။ ဒါကြောင့် တွေ့ချင် ကန်တော့ချင်ပေမယ့် ကျန်းမာရေး မကောင်းသူဆိုတော့ တကြိမ်တခါမှ ကန်တော့ပွဲကိုအရောက်သွားပြီး မကန်တော့နိုင်ခဲ့ဘူး။ အဝေးကပဲ စိတ်နဲ့မှန်းပြီး ကန်တော့ရတယ်။ သွားနိုင်လာနိုင်တဲ့သူတွေကိုတော့ တိုက်တွန်း နှိုးဆော်ပေးပါတယ်။ ကျေနပ်စရာကောင်းတာလေး တခုကတော့ မိခင်ကျောင်းတော်ကြီးနဲ့ ဆရာများကို စာနဲ့ ကန်တော့ပန်းဆင်နိုင်တာ ဖြစ်တယ်။ စာရေးဆရာဖြစ်ရတာ ဒီအချက်တချက်နဲ့ပဲ ကျေနပ်စရာ ကောင်းနေပါပြီ။
စေတနာရိုက်
ကျွန်တော်တို့ခေတ် ကျောင်းသားတိုင်းမှာ 'မိခင်ကျောင်းတော်'ဆိုတဲ့ အစွဲအလမ်း အင်မတန် ကြီးကြပါတယ်။ ကိုယ့်ကျောင်းကိုယ် သိပ်ပြီး ချစ်ကြ၊ ဂုဏ်ယူကြတယ်။ ဆရာတွေကိုလည်း ချစ်ခင်လေးစားမှု ရှိကြတယ်။
ရိုက်လည်း ချစ်ကြတာပဲ။ အသက်ကြီးလာတဲ့အခါဆိုရင် အရိုက်သန်တဲ့ဆရာကို ပိုပြီးတောင် သတိရ တမ်းတလေ့ရှိတယ်။ စေတနာရိုက် ဖြစ်တာကိုး။
အခုခေတ်လို ကျူရှင်ဆရာဆိုတာလည်း မရှိဘူးလေ။ စာသိပ်အားနည်းတဲ့ ကျောင်းသားဆိုရင် ဆရာတွေက စာမေးပွဲနီးတဲ့အခါ အိမ်ခေါ်ပြီး သင်ပေးလေ့ရှိတယ်။ ဘာ ကျူရှင်ခမှ ယူတာ မဟုတ်တဲ့အပြင် မုန့်ချိန်တန်မုန့်၊ ထမင်းချိန်တန် ထမင်းကျွေးပြီး သင်ကြတာ။
စေတနာဆရာနဲ့ ကျူရှင်ဆရာ
နယ်က ဆရာ၊ ဆရာမတွေဆိုရင် ကျောင်းနဲ့သုံးလေးမိုင်ဝေးတဲ့ ရွာတွေက လာတက်ရတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို စာမေးပွဲနီးတဲ့အခါ တလကိုးသီတင်းကို အိမ်မှာ ညအိပ်ညနေ ခေါ်ထားပြီး သင်ပေးကြတယ်။ ကျူရှင်ခတို့၊ ထမင်းဖိုးတို့ယူ တာ မဟုတ်ဘူး။ အဲဒီတော့ ကျောင်းသားတွေက မချစ်ဘဲ၊ မလေးစားဘဲ ဘယ်နေတော့မှာလဲ။ ကျောင်းသား တင်မကဘူး။ ကျောင်းသားမိဘတွေကပါ ချစ်ခင် ကြည်ညိုကြတယ်။
အခုခေတ်ရောက်တော့ မြို့တကာ နယ်တကာမှာ ကျူရှင်တွေ ခေတ်စားလာကြတယ်။ ကျောင်းသားတွေက ကျောင်းထက် ကျူရှင်ကိုပိုပြီး အားကိုးကြတယ်။ ဒီတော့ ကျောင်းချစ်စိတ်၊ ဆရာချစ်စိတ်တွေ လျော့နည်းသွားတယ်။ ကျောင်းသားရဲ့အိမ်ကို ဆရာခေါ်ပြီး ဝိုင်းလုပ်သင်တဲ့ခေတ် ရောက်လာတော့ ဆရာအပေါ်မှာ လုံးဝ အရိုသေ တန်သွားတော့တယ်။
ကျူရှင်က ဖျက်ဆီးလိုက်တာ
ကျောင်းသားက ဆရာကို မကြိုက်ရင် ဖြုတ်ပစ်ပြီး ချက်ချင်း နောက်တယောက် ငှားတယ်။ အဲဒီတော့ ဆရာက ကျောင်းသားကို မျက်နှာချိုသွေးပြီး ချော့သင်ရတယ်။ ကျောင်းသားတင် မဟုတ်သေးဘူး။ ကျောင်းသား အဖေကိုပါ မျက်နှာချိုသွေးရတာ။ အဲဒီလို ဆရာမျိုးတွေ များသထက်များလာတော့ ကျောင်းသားတွေက ဆရာကို ရိုသေလေးစားတဲ့စိတ် ဘယ်လိုလုပ် ရှိတော့မှာလဲ။
ကျူရှင်တွေ ခေတ်စားလာကတည်းက ကျောင်းသူ ကျောင်းသားတွေမှာ ကျောင်းချစ်စိတ်၊ ဆရာချစ်စိတ် ကွယ်ပျောက်သွားရတာ ဖြစ်တယ်။ 'မိခင်ကျောင်းတော်' ဆိုတဲ့ အသုံးအနှုန်းမျိုး ဒီခေတ် ကျောင်းသားတွေကြားမှာ မရှိတော့ဘူး။ မြန်မာလိုရော၊ အင်္ဂလိပ်လို အသုံးပါ ပျောက်ကွယ်သွားပြီ။ ဒီခေတ် ဘွဲ့ရတဲ့အရွယ် အများစုဟာ 'Alma Mata' ဆိုတဲ့စကား ကြားတောင် မကြားဖူးကြတော့ဘူး။ အားလုံးကို ကျူရှင်က ဖျက်ဆီးပစ်လိုက်တယ်။
အမေလို ဆရာမကြီးတွေ
ကျွန်တော်တို့တုန်းကတော့ နည်းနည်းပဲရှိတဲ့ မြန်မာလူမျိုး ဆရာ၊ ဆရာမတွေ မဆိုထားနဲ့ အမြဲတမ်း အိနြေ္ဒ သိက္ခာကြီးတွေနဲ့ နေလေ့ရှိပြီး ပြုံးခဲ၊ ရယ်ခဲတဲ့ မျက်နှာဖြူ ဖာသာကြီးတွေနဲ့ ဘရာသာတွေကိုတောင် ချစ်ခင်လေးစားကြတယ်။ ဒီနေ့အထိ အမှတ်ရနေဆဲ ဖြစ်တယ်။
ငယ်ငယ် ကလေးဘဝက သင်ခဲ့ရတဲ့ ဆရာမကြီး ဒေါ်လှရင်၊ ဆရာမကြီး ဒေါ်လှမေနဲ့ တီချာရို့စ်မေရီတို့ဆိုရင် အမေလိုကို ချစ်ခင်ခဲ့ကြတာ ဖြစ်တယ်။ အလယ်တန်းတွေမှာ သင်ခဲ့ရတဲ့ ဆရာ ဦးထင်ပေါ်၊ ဆရာဦးတင်ဦး၊ ဆရာ စိန်၊ ဆရာဝီ၊ ဆရာဦးအောင်စိန်၊ ဆရာဦးမြင့်ထွန်း၊ ဆရာဦးမြသောင်း တို့ဆိုရင်လည်း တဦးချင်းစီရဲ့ ထူးခြားချက်ကလေးတွေကို ဒီအသက်အရွယ် ရောက်တဲ့ထိ မှတ်မိနေပါသေးတယ်။
နိဗ္ဗာန်ဆော်တွေ
ဒီလို မှတ်မိနေတဲ့ ကျေးဇူးတရားတွေကို တနှစ်တကြိမ် ကျင်းပတဲ့ ဆရာကန်တော့ပွဲတွေက ပြန်လည် ဆန်းသစ်အောင် နှိုးဆော်ပေးတာဖြစ်တဲ့အတွက် အင်မတန် မွန်မြတ်လှပါတယ်။ ကမကထပြု ဆော်သြကြသူတွေဟာလည်း ကျေးဇူးတင်ထိုက်သူတွေ ဖြစ်တယ်။ တပည့်တွေကို ကျေးဇူးတရား မမေ့ကြဖို့ နှိုးဆော်ပေးတဲ့ နိဗ္ဗာန်ဆော်တွေ ဖြစ်သလို၊ ဘဝရဲ့ နောက်ဆုံးဆည်းဆာချိန်ကို ရောက်ရှိနေကြပြီဖြစ်တဲ့ ဆရာကြီး၊ ဆရာမ ကြီးတွေကို ပီတိဆိုတဲ့ အသက်ရှည်ဆေး တိုက်ကျွေးပေးတဲ့ သမားတော်တွေလို့လည်း ဆိုနိုင်ပါတယ်။
ချမ်းသာမှုဆိုတာ
စိတ်၏ ချမ်းသာခြင်းသည်သာ အစစ်အမှန်ဆုံး ချမ်းသာခြင်း ဖြစ်တယ်။ မိမိရဲ့ ဆောင်ရွက်မှုလေးတခုကြောင့် လူတဖက်သား ပျော်ရွှင်ကြည်နူးနေတာကို မြင်ရတဲ့အခါ ဖြစ်ပေါ်လာတဲ့ ရင်တွင်းက ပျော်ရွှင်ကြည်နူးမှုဟာ ဘယ်လိုမှ ရေးပြလို့ မရနိုင်တဲ့ ချမ်းသာပီတိ ဖြစ်တယ်။ တခြား နိုင်ငံသားတွေ ခံစားဖူးချင်မှ ခံစားဖူးလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ ဆရာ၊ ဆရာမဟောင်းကြီးတွေကို ခေါင်းဖြူထိပ်ပြောင် တပည့်ဟောင်းကြီးတွေက မြေမှာဝပ်စင်းပြီး ဦးခိုက်ပူဇော်တာမျိုးက ကမ္ဘာမှာ မြန်မာနိုင်ငံ တခုတည်းသာရှိလို့ ဖြစ်တယ်။ သူများနိုင်ငံတွေမှာက 'ဆရာများနေ့' ရောက်တဲ့အခါ ပို့စ်ကဒ်လေးပို့တာလောက်သာ ရှိတတ်ကြတာ ဖြစ်တယ်။ အဲဒါကြောင့်လည်း မြန်မာပြည်မှာ လူလာဖြစ်ရတာကို ဝမ်းသာတယ်။ ပီတိကို မျှဝေပေးကြသူများကိုလည်း ကျေးဇူးတင်တယ်။
http://www.news-eleven.com/ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment