ကချင်ပြည်နယ် မိုးညှင်းနဲ့ ဟိုပန်မြို့မှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ဆက်ဆံရေးရုံးတွေကို မြန်မာ နအဖ အစိုးရတပ်တွေက အခုညမှပဲ ဝိုင်းထားကြပါတယ်။
ဟိုပင်မြို့ရုံးမှာရှိတဲ့ ဆက်ဆံရေးအရာရှိ ဗိုလ်ကြီးခေါင်လွန်းနဲ့ ရဲဘော် ၂ ဦးကို လည်း နအဖတပ်က ဖမ်းသွားတယ်လို့ ကချင်လွတ်လပ်ရေး တပ်မတော် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ဘီဘီစီကို အတည်ပြုပြောပါတယ်။
KIA ကလည်း တန်ပြန်တဲ့အနေနဲ့ ညသန်းခေါင်လောက်မှာ လဂျားယံမှာရှိတဲ့ မြန်မာတပ်စခန်းစုကို ဝိုင်းထားတယ်လို့ ဒေသခံတဦးအပြောအရ သိရပါတယ်။
ဘယ်လိုပုံစံ ဝိုင်းထားသလဲဆိုတာကို ဗိုလ်မှူးချုပ်ဂွမ်မော်ကို မေးကြည့်ရာမှာတော့ သူ့တပ်တွေက အရင်ကတည်းက အဲဒီ ဝန်းကျင်မှာ တပ်ချထားပြီးသားလို့ပဲ ပြောပါတယ်။
လဂျားယံမှာ မြန်မာ နအဖတပ်အပြင် မြန်မာအစိုးရဘက်က ရဲ၊ စသုံးလုံးနဲ့ လဝက ရုံးတွေလည်း ရှိပါတယ်။
မြန်မာ နအဖတပ်က ဘာကြောင့်ဝိုင်းထားတယ်ဆိုတာ မသိရသေးဘူးလို့ ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
ဒါကြောင့် လဂျားယံမှာရှိတဲ့ မြန်မာတပ်ကတဆင့် ဖြေရှင်းချက်တောင်းနေတယ် လို့လည်း သူက ပြောပါတယ်။
တချိန်တည်းမှာပဲ ဒီမနက် ၂ နာရီကျော်ကျော်လောက်မှာ မြန်မာ နအဖ စစ်တပ်ဘက်ကနေ တရုတ်-မြန်မာနယ်စပ်အနီးက လွယ်ဂျယ်ဘက်ဆီကို တပ်အင်အားတိုးချဲ့ဖို့ စစ်ကား ၃ စီးလည်းသွားနေတယ်လို့ ဒေသခံတဦးက ဘီဘီစီကို ပြောပါတယ်။
KIO က မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ်ကိစ္စ လက်မခံတဲ့နောက်ပိုင်းမှာ မြန်မာအစိုးရနဲ့ KIO ကြား တင်းမာမှုတွေ ပြင်းထန်လာပြီး အခုဖြစ်ရပ်ကတော့ အရှိန်မြင့်လာတဲ့သဘော တွေ့ရပါတယ်။
နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ပွားလာလေမလားဆိုတာကတော့ မြန်မာ နအဖ အစိုးရဘက်က ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်၊ KIA ဘက်ကတော့ စပြီးတော့ မပစ်ခတ်ဘူးလို့ ဗိုလ်မှူးချုပ်ဂွမ်မော်က ဘီဘီစီကို ပြောပါတယ်။
သတင်း - ဘီဘီစီ၊ ဓာတ်ပုံ - အေပီ
No comments:
Post a Comment