အဲတော့ဒီမှာ သူတို့ကိုအရင်က နိုင်ငံရေးအရကော၊ စီးပွားရေးအရကော ထောက်ခံခဲ့တဲ့ အမေရိကန်ကလည်း ချီလီအစိုးရကို ဘယ်လိုသဘောထားလာပါသလဲ ခင်ဗျ။
“အမေရိကန်ဘက်ကလည်း ဒီမိုကရက်တွေအာဏာရတဲ့အချိန်မှာ စစ်အစိုးရတခုကို ထောက်ခံဖို့ အခြေအနေက ပိုခက်ခဲလာပါတယ်။ လူ့အခွင့်အရေးကိစ္စတွေက ရှေ့တန်းရောက်လာတယ်၊ ချီလီမှာဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူတွေက ကျယ်ကျယ်ပြန့်ပြန့် သိနေကြပြီဆိုတော့ အမေရိကန်အစိုးရအနေနဲ့ ချီလီအစိုးရကို ထောက်ခံတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထောက်ခံတာပဲဆိုတာမျိုး မှတ်ယူလာကြတော့ အမေရိကန်တို့အနေနဲ့ ချီလီအစိုးရကို ဆက်မထောက်ခံကြတော့ပါဘူး”
ဒေါက်တာ မာဆီးလာရီးရို့စ် ပါ။ တခါ စစ်အစိုးရခေါင်းဆောင်ပိုင်းအတွင်းမှာလည်း ၁၉၈၈ လူထုဆန္ဒခံယူပွဲ ပြီးကတည်းက တသားတည်း မညီတော့အခြေအနေကို ဖြစ်လာတယ်လို့ သိရပါတယ်။
စစ်ဘက်အရပ်ဘက် ဆက်ဆံရေးဆိုင်ရာ လေ့လာသုံးသပ်သူ မစ္စတာ ဖီလီပီ အောကာရိုကို မေးကြည့်တော့ …
“ဟုတ်ပါတယ်။ ဒီအချိန်မှာတော့ သူတို့ကြားထဲမှာ အပြင်ကမြင်နေကြသလိုမျိုး တသားတည်းဆိုတဲ့ ညီညွတ်မှုမျိုး မရှိတော့ပါဘူး။ ပီနိုးရှေးနဲ့ထပ်တူ အတူရှိနေတယ်ဆိုတာထက် ဖွဲ့စည်းပုံကိုဆက်ထိမ်းသွားမယ်ဆိုတာမျိုးနဲ့ သူတို့အတွက် ရေရှည်မှာ ဘာတွေကြုံလာရနိုင်တဲ့အပေါ်မှာ စဉ်းစားလာတာမျိုးကို ပိုလုပ်လာကြပါတယ်။
ဒါ့အပြင် လူထုဆန္ဒခံယူပွဲ မတိုင်မီကကိုပဲ စစ်အုပ်စုဝင်တွေကြားမှာ သဘောတူညီမှုတခုကို လုပ်ခဲ့ရပါတယ်။ အဲဒါကဘာလဲဆိုတော့ တခုခုကို ဆုံးဖြတ်ချက်ချတော့မယ်ဆိုရင် ထောက်ခံသူ အနည်းအများကိုမကြည့်ဘဲ အားလုံးသဘောတူအောင် ညှိနှိုင်းပြီး ဆုံးဖြတ်ချက်ချတဲ့ ကွန်စန်းဆက်နည်းကို ပြောင်းသုံးလာပါတယ်။ ဒါက သူတို့ကြားထဲမှာ တဘောတည်းမရှိတော့ဘူးဆိုတာ ပြတာပါပဲ”
ဒီနေရာမှာ စစ်အစိုးရ၊ အတိုက်အခံနဲ့ လက်ယာပါတီတွေရဲ့ ကိုယ်စားလှယ်တွေကြား ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဖို့ ဆွေးနွေးနိုင်ချက်တွေက ၁၉၈၀ ဖွဲ့စည်းပုံအခြေခံဥပဒေကို အများအပြား ပြင်နိုင်ခဲ့တဲ့ အခြေအနေတော့ မရှိပါဘူး။ ဘာတွေရခဲ့တဲ့အထိတော့ ဖြစ်ခဲ့ပါသလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဥပဒေပညာရှင် မစ္စတာ လူးကပ်စ်ဆီရာယာက …
“အဲဒီညှိတဲ့လုပ်ငန်းစဉ်တွေကနေ ထွက်လာတဲ့ရလဒ်ကတော့ ဖွဲ့စည်းပုံကိုပြင်လို့ ပိုလွယ်လာမယ့် သဘောတူညီမှုတွေ ရလာတာပါ။ အရင် ၁၉၈၀ ဖွဲ့စည်းပုံအခြေခံဥပဒေက လုံးဝ မပြင်ဆင်လို့ရအောင် တကယ့်ကိုတင်းကျပ်ထားတာပါ။ ဒီ ၁၉၈၈ နဲ့ ၈၉ ကြားမှာ အဲဒီဖွဲ့စည်းပုံဥပဒေတွေထဲက ပြင်လို့မရအောင် သိပ်ကိုတင်းကျပ်ထားတဲ့အချက်တွေ လျော့လာတယ်။
လူ့အခွင့်အရေးတွေကို အာမခံတဲ့သဘောတူညီချက်တွေ ရလာတယ်။ နောက် ရှေ့အနာဂတ်မှာ အတိုက်အခံတို့ ပြင်ဆင်တာလွယ်ကူအောင် လုပ်ပေးတဲ့ပြင်ဆင်မှုတွေ အဲဒီအချိန်က သဘောတူညီမှုရကြဖို့အတွက် အရေးကြီးခဲ့ပါတယ်”
၁၉၈၉ ဒီဇင်ဘာမှာတော့ ရွေးကောက်ပွဲလုပ်ရပါပြီ။ အဲဒီ ၁၉၇၃ ကတည်းက မရှိလာခဲ့တဲ့ ရွေးကောက်ပွဲမှာ ကွန်စာတာဆီရွန် တပ်ပေါင်းစုက သမ္မတလောင်း တာထွစ်ဆီရိုဟယ်ဝင် တယောက် သမ္မတအဖြစ် အောင်ပွဲခံခဲ့ပါပြီ။
ချီလီမှာ လူ့အခွင့်အရေးတွေ ရလာတယ်။ မီဒီယာ လွတ်လပ်ခွင့်တွေ ရလာတယ်။ အရင်က ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို အမှန်တရားဖော်ထုတ်ရေးကော်မရှင်ကို ဖွဲ့ပြီးတော့ စုံစမ်းလာနိုင်ပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံ ဥပဒေမှာ စစ်တပ်က လွှမ်းမိုးထားတာကို မဖျက်သိမ်းနိုင်သေးသလို ဗိုလ်ချုပ်ကြီး ပီနိုရှေးကလည်း ကာကွယ်ရေးဦးစီးချုပ်နေရာမှာ ရှိနေဆဲပါပဲ။ ဒါပေမယ့် သူကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက အရေးယူမှုတခုလုပ်ဖို့ သူ့ကိုပေးမသိဘဲ စောင့်ဆိုင်းနေခဲ့ပါပြီ။
၁၉၉၈ သူ အင်္ဂလန်နိုင်ငံကို ဆေးကုအထွက်မှာတော့ စပိန်တရားသူကြီးကထုတ်တဲ့ ဖမ်းဝရမ်းနဲ့ အင်္ဂလန် ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးလိုက်ပါတော့တယ်။ လူ့အခွင့်အရေး ချိုးဖောက်သူတွေကို လူ့အခွင့်အရေး လေးစားတဲ့ နိုင်ငံတွေက အရေးမယူဘဲ မနေသင့်ဘူးဆိုတဲ့ ခံယူချက် သဘောထားကိုကိုင်စွဲတဲ့ စပိန်တရားသူကြီးတယောက်က ပီနိုရှေးကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ တရားစွဲဖို့ထုတ်လိုက်တဲ့ ဝရမ်းပါ။
ဒီအရေးကြောင့် အင်္ဂလန်မှာ သူ ထိန်းသိမ်းခံရပြီးတော့ ၂၀၀၀ ခုနှစ် မှာတော့ ချီလီနိုင်ငံကို ပြန်လွှဲပြောင်းပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး ပီနိုရှေးတယောက် နောက်ဆုံးတော့ သူ မှန်းဆမထားတာတွေ ဖြစ်လာခဲ့ပါပြီ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment