Monday, October 11, 2010

မုန်တိုင်းကိုဆန်၍ ပင်လယ်ကိုဖြတ်သောအခါ (၅၄)

ရထားရပ်သွားသည်နှင့် စစ်သားများက ကျနော့်ကို ရထားအောက်ဆွဲချပြီး ဝိုင်းရိုက်ကြပါတော့သည်။ ကျနော့်ခေါင်း နောက်စေ့ကို ဒုတ်ခနဲ ထိပြီး ခေါင်းမှာ ပူခနဲ ဖြစ်သွားသည်။ ကျနော် စိုက်ကျသွားပါသည်။ ကျနော် ဘာမျှ သတိမရာတော့ ပါ။ ဘယ်လောက်ကြာသည်လည်း မသိပါ။

“ဟေ့ကောင်၊ ထ … ထ”

ဆိုသော အသံကြားရပြီးနောက် ကျနော် ကုန်းထပါသည်။ ကျနော် နှာခေါင်းထဲ ကရော၊ ပါးစပ်ထဲကရော သွေးတွေ တရဟောစီးကျနေသည်။ နောက်တချက် ထပ်ရိုက်ခံရသည်။ နောက်ထပ် သတိလစ်သွားပြန်သည်။

ကျနော် သတိပြန်ရချိန်တွင် ကျနော် ရထားတွဲပေါ်ရောက်နေပြီး ခွေခွေလေး ဖြစ်နေသည်။ လက်ကို နောက်ပြန်ကြိုးတုပ်ထားသည်။ ကျနော့်တကိုယ်လုံး သွေးတွေနှင့်ရွှဲနေသည်။ ရထားသည် ဆက်သွားနေသည်။ နာရီဝက်နီးပါးလောက် အကြာတွင် သံဖြူဇရပ်ဘူတာသို့ရောက်ပြီး ရထားဆိုက်သည်။

ဘူတာရုံတွင်ရှိသော ခရီးသည်များက “တကျွန်းပြန်” “တကျွန်းပြန်” ဆိုပြီး ကျနော့်ကို ဝိုင်းအုံကြည့်ကြပါသည်။ သွေးတွေနှင့်တကိုယ်လုံး လူးနေသော ကျနော့်ကို အမျိုးသမီးများက တွေ့သွားသောအခါ သူတို့လန့်သွားကြပြီး ချက်ချင်းပင် ကပျာကယာ ပြန်လှည့်သွားကြသည်။

ကျနော့်ကို ရထားတွဲ ပေါ်မှတွဲချပြီး စစ်ကားတစီးပေါ်သို့တင်သည်။ ခဏအကြာတွင် သံဖြူဇရပ် ခလရ ၃၀ တပ်ရင်းထဲသို့ ကားမောင်းဝင်သွားသည်။ တပ်ရင်းထဲရောက်သည်နှင့် တပ်ရင်း ကင်းရုံသို့ခေါ်သွားသည်။ စစ်သား အချုပ်ခန်းထဲသို့ သွင်းလိုက်သည်။

ကျနော် မူးနေသည်။ ယိမ်းယိုင်ဝင်သွားသည်။ အချုပ်ခန်းထဲတွင် အချုပ်ကျနေသော စစ်သားများက ကျနော့်ကို ဝိုင်းပြီး ထိုးကြိတ်ကြပြန်သည်။ လွန်ခဲ့သော အချိန်ပိုင်းကလေးကမှ ရိုက်နှက်ထိုးကြိတ်ခံရမှုကြောင့် ကွဲပြဲပြီး သွေးထွက်သံယိုဖြစ်ခဲ့ရသည်။

ယခု သွေးထွက်ရပ်သွားပြီး အခု နောက်ထပ်တဖန် အချုပ်ခန်းထဲရောက်မှ စစ်သားများက ထပ်ပြီး ဝိုင်းရိုက်၊ ထိုးကြိတ်ကြပြန် သည့်အတွက် သွေးတွေ ထပ်ထွက်ပြန်ပါသည်။ ကျနော် ခွေလဲကျသွားသည်။ ခြေထောက်နှင့် ဝိုင်းကန်ကြပြန်သည်။ တဖန် ကျနော် သတိမေ့သွားပြန်သည်။

ကျနော် ပြန်သတိရလာသည့်အချိန်တွင် ကင်းမှူးလုပ်သည့် ၂ ရစ်နှင့်စစ်သားက ကျနော့်ကို ထုတ်သတ်ချင်သည်မှာ လက်ယားနေပါသည်။ ဆဲဆိုလိုက်တာကလည်း မအေ၊ နှမ မိုးမွှန်နေပါသည်။ ပြီးတော့မှ သူက ပြောသည်။

“ဟေ့ကောင် … မင်းအချုပ်ခန်းထဲကို မဝင်နဲ့၊ မင်းနဲ့ အချုပ်ခန်းနဲ့ မတန်ဘူး”

“အဲဒီ ဖိနပ်တွေချွတ်တဲ့ ဖိနပ်ချွတ်မှာ မင်း အိပ်”

“ဒီဖိနပ်ချွတ်နေရာမှာပဲ မင်းနဲ့တန်တယ်”

ကျနော့်ကို လက်ပြန်ကြိုးတုပ်ထားရာမှ ကြိုးဖြေပြီး ရှေ့တွင်လက်ကိုပြောင်း၍ ချည်သည်။ ပြီးတော့မှ ကင်းမှူးက ကျနော့်ပါးကို တအားလွဲရိုက်လိုက်သည်။ အချုပ်ခန်းထဲ အဝကို ဆောင့်ကန်သွင်းသည်။ ကျနော် ခေါင်းမူးလှပါသည်။ လှ၍အိပ်ချင်သည်။

ကျနော့်ကို အိပ်ခိုင်းသည့်နေရာမှ ဖိနပ်ချွတ်၊ ဖိနပ်တွေချွတ်ထားသည့်နေရာ။ ကျနော်ခဏလေး လှဲချင်သည်။ မဟန်နိုင်တော့ပါ။ ဖိနပ်တွေချွတ်ထားသည့် ဖိနပ်ပုံပေါ်တွင် ကျနော်လှဲအိပ်လိုက်သည်။ ဘယ်ဘက်နှင့် ညာဘက်ကိုသာ စောင်း၍ အိပ်ရသည်။ ပက်လက်အိပ်၍ မရပါ။ ကျနော်ခေါင်းနောက်စေ့ တည့်တည့်တွင် အရိုက်ခံရသည့် ဒဏ်ရာကြောင့် နောက်စေ့ကွဲပြီး ပက်လက်အိပ်၍ မရပါ။

ကျနော်သည် ခေါင်းအလွန်ကိုက်ပြီး မောပန်းနွမ်းချိနေသည်။ ကျနော့်ခေါင်းထဲတွင် သွေးတွေခဲပြီး အတောင့်လိုက်ဖြစ်နေသည်။ သွေးခဲများကို ကလော်ထုတ်ရသည်။ မူးဝေမောပန်းနေသည်။ သည့်အတွက် ခွေခွေကလေး မှိန်းပြီးနေရသည်။

ဆက်လက်ဖော်ပြပါမည်။


No comments: