Saturday, October 2, 2010

မထောက်ခံထိုက်တဲ့ ရွေးကောက်ပွဲ (ဝင်းတင်)

မြန်မာပြည်မှာ ကျင်းပဖို့နီးကပ်နေပြီဖြစ်တဲ့ ရွေးကောက်ပွဲကို လွတ်လပ်မျှတရေး သေချာအောင်လုပ်ဖို့ တကမ္ဘာလုံး အစွမ်းကုန် နိုးနိုးကြားကြား လက်တွေ့ လုပ်ဆောင်ရမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နဗီးပီလေးက မကြာသေးမီက ပြောကြားခဲ့ပါတယ်။

ဒီရွေးကောက်ပွဲဟာ မြန်မာပြည်အတွက် ဖြေရှင်းနည်းမဟုတ်ပါဘဲနဲ့ ကျနော်တို့ တိုင်းပြည်အတွက် အရေးကြီးသလိုလို၊ စောင့်ပြီးကြည့်နေဖို့ ထိုတ်တန်တဲ့ ရွေးကောက်ပွဲပါလို့ အလေးပေးထားတဲ့ ဒီလို သုံးသပ်ချက်မျိုးကို ကျနော်တို့ စိတ်ပျက်ပါတယ်။

နိုဝင်ဘာ ၇ ရက်မှာ ကျင်းပဖို့ စီစဉ်ရေးဆွဲထားတဲ့ ဒီရွေးကောက်ပွဲဟာ ကျနော်တို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ကို ရာသက်ပန်ဖြစ်အောင်ဖန်တီးဖို့ ရေးဆွဲထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ မြန်မာပြည်မှာ စစ်တပ် အုပ်စိုးမှုကို တရားဝင်ဖြစ်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲလွန် ကာလမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ အသက်ဝင်လာမှာ ဖြစ်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်ရဲ့ အမိန့်အောက်က တာဝန်ထမ်းဆဲ စစ်ဗိုလ်ချုပ်တွေနဲ့ အငြိမ်းစား စစ်ဗိုလ်ချုပ်တွေက ဘုရားစူး အရပ်သားအစိုးရကို ဖွဲ့စည်းမှာပါ။ အဲဒီနောက် မြန်မာပြည်သူတွေဟာ စစ်တပ်ရဲ့ကျေးကျွန်တွေ ဖြစ်ရတော့မှာပါ။

ကျနော်တို့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားမဟာမိတ်တွေက စစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံ ငြင်းပယ်ထားပြီး ရွေးကောက်ပွဲ ကို သပိတ်မှောက်ဖို့ ဆုံးဖြတ်ထားပါတယ်။ မြန်မာပြည် ဒီမိုကရေစီရေး ရည်မှန်းချက်တွေကို စွန့်လွှတ်ရေးကို ကျနော်တို့ ငြင်းပယ်ပါတယ်။ စစ်တပ်ကိုလည်း ရွေးကောက်ပွဲကို တရားဝင်အောင် လုပ်ခွင့်ပြုရေးကိုလည်း ကျနော်တို့ ငြင်းပယ်ပါတယ်။

သန်းပေါင်းများစွာသော မြန်မာပြည်သူတွေက ကျနော်တို့ရဲ့ရပ်တည်ချက်ကို ထောက်ခံတဲ့အတိုင်း နိုင်ငံတကာ အနေနဲ့လည်း စစ်အစိုးရရဲ့ရည်ရွယ်ချက်တွေကို ကျနော်တို့ နားလည်သလို ရှင်းရှင်းလင်းလင်း သဘောပေါက်ပြီး စစ်အစိုးရကို တဖက်သတ်ကျပြီး ဒီမိုကရေစီကျင့်စဉ်နဲ့ဆန့်ကျင်တဲ့ လုပ်ငန်းစဉ်တွေကို ရပ်သွားအောင် ဖိအားပေးမယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ပါတယ်။

ခုထိတော့ ကုလသမဂ္ဂက စစ်အစိုးရကို တောင်းဆိုခဲ့တာက ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ပါဝင်သင့်သူအားလုံး ပါဝင်ပြီး၊ လွတ်လပ်မျှတရေး အာမခံဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခုတော့ အရေးပါတဲ့ အသုံးအနှုန်းဖြစ်တဲ့ “အားလုံးပါဝင်သော” ဆိုတဲ့ စကားစုဟာ အံ့အားသင့် ရလောက်အောင်ပဲ သူတို့ရဲ့ထုတ်ပြန်ချက်တွေနဲ့ မိန့်ခွန်းတွေထဲကနေ ဖယ်ထုတ်ထားပါတယ်။

“အစွမ်းကုန် နိုးနိုးကြားကြား” လက်တွေ့လုပ်ဆောင်ဖို့ တကမ္ဘာလုံးကို မစ္စပီလေးက တိုက်တွန်းခဲ့ပေမယ့် စီရင်ဆုံးဖြတ်ဖို့ အတွက် ရွေးကောက်ပွဲရက်တိုင်အောင် စောင့်နေဖို့မလိုပါဘူး။ စစ်အစိုးရက တာဝန်ပေးခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ထည့်ထားတဲ့ စစ်တပ်ကို သစ္စာခံသူတွေက ကိုယ်စားလှယ်လောင်း အများအပြားကို တရားမဝင်ဘူးဆိုပြီး တဖက်သတ် ဆုံးဖြတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲဥပဒေတွေနဲ့ နည်းဥပဒေတွေဟာလည်း နိုင်ငံရေးပါတီတွေအပေါ်မှာ အလွန်အကျွံ ကန့်သတ် ချုပ်ချယ်ထားပါတယ်။ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရွေးကောက်ပွဲမှာ ဝင်ခွင့်မပြုသလို ပါတီဝင်လည်း ဖြစ်ခွင့်မပေးပါဘူး။

စစ်အစိုးရ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေက အရပ်ဝတ်လဲလိုက်ကြပါပြီ။ လူအမြောက်အမြားနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကြီးကိုလည်း နိုင်ငံရေးပါတီ အဖြစ် အသွင်ပြောင်းလိုက်ကြပါပြီ။ ပြီးတော့ နိုင်ငံတော် ဘဏ္ဍာတွေ၊ အရင်းအနှီးတွေ၊ ရန်ပုံငွေတွေနဲ့ ခြိမ်းခြောက်မှုတွေကို သုံးပြီး မဲဆွယ်စည်းရုံး နေပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ဟာလည်း သူတို့ကိုယ်တိုင်ပြဌာန်းတဲ့ စည်းမျဉ်း စည်းကမ်းတွေကို အရှက်မရှိ ချိုးဖောက်ပြီး ဝန်ကြီးချုပ်ရဲ့ပါတီနဲ့ စစ်တပ်ဘက်ပင်းတဲ့ ပါတီတွေကို မျက်နှာသာပေးနေပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး မျှတပါရဲ့လားဆိုတာကို ရွေးကောက်ပွဲနေ့အထိ နိုင်ငံတကာ အသိုက်အဝန်းက စောင့်ပြီး ကြည့်နေဖို့ တကယ်ပဲ လိုအပ်ပါသလား။

အကြောင်းမလှချင်တော့ ဥရောပတိုင်းပြည်တချို့က စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်နေရုံတင်မက ထောက်ခံနေလိုက်ပါသေးတယ်။ ကျနော်တို့နဲ့တွေ့တဲ့ အခါမှာ ရွေးကောက်ပွဲသာလျှင် တခုတည်းသော ပြိုင်ပွဲဖြစ်တယ်လို့ သူတို့ ယုံကြည်ကြောင်းပြောပြီး ကျနော်တို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ပါဝင်ဆင်နွှဲသင့်တယ်လို့ တိုက်တွန်းပါတယ်။

စစ်အစိုးရကို တရားဝင်ဖြစ်အောင် မလုပ်တဲ့အကြောင်းကို အကျိုးအကြောင်း ကျနော်တို့က ရှင်းပြလိုက်တဲ့အခါ ခုကျတော့ ဒီ့ပြင်ပုဂ္ဂိုလ်တွေဘက် လှည့်သွားပြီး အဲဒီလူတွေကို စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကစားပွဲထဲ ဝင်သွားအောင် ကူညီပါတော့တယ်။

စစ်အစိုးရဘက်ကိုပင်းတဲ့ ပညာရှင်တွေနဲ့ အခွင့်အရေးသမားတွေကို ဥရောပဘက် ခရီးထွက်ခွင့်ပြုပြီး စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို ကြော်ငြာပြီး သူတို့ကြိုက်တဲ့ ပါတီကို ထောက်ခံအောင်လုပ်ဖို့ အကူအညီတွေ ပေးလိုက်တဲ့အထိ လွန်လွန်းလာပါတယ်။

ဒီမိုကရက်တစ်ပါတီတချို့ကို ဥရောပထောက်ခံမှုရှိတယ်ဆိုပေမယ့် ရွေးကောက်ပွဲမှာ အနိုင်ရနိုင်ခြေ နည်းလွန်းပါတယ်။ မဲဆွယ်စည်းရုံး လှုပ်ရှားသူတွေ အပေါ် တိုးမြှင့်တင်းကျပ်မှုတွေ တနေ့ထက်တနေ့ ပိုထင်ရှားလာပါပြီ။ အမျိုးသား လွှတ်တော်နဲ့ ပြည်နယ် တိုင်းပါလီမန်တွေမှာ လိမ်လည်ခြိမ်းခြောက်မှုတွေသုံးပြီး နေရာအပိုင်စီးဖို့ စစ်အစိုးရက ပိုင်းဖြတ်ထားပြီးသားပါ။

ပါလီမန်မှာ စစ်တပ်အတွက် နေရာ ၂၅ ရာခိုင်နှုန်း (လေးပုံတပုံ) နေရာဖယ်ထား ပြီးသား ဖြစ်ပါတယ်။ ကိုယ်စားလှယ်အားလုံးနီးပါးကို စစ်တပ်က ထိန်းချုပ်မယ် ဆိုတာလည်း ထင်ရှားသထက် ထင်ရှားနေပါတယ်။ ကံကောင်း ထောက်မလို့ အရွေးခံရတဲ့ ကိုယ်စားလှယ်တွေဟာလည်း အပြောင်းအလဲ လုပ်နိုင်လောက်အောင် အာဏာရှိမှာ မဟုတ်ပါဘူး။ လွှတ်တော်ဟာလည်း အစိုးရဖွဲဖို့ အာဏာမရှိပါဘူး။ စစ်တပ်အရေးနဲ့ပတ်သက်လို့ ဥပဒေပြုနိုင်တဲ့အာဏာ မရှိပါဘူး။ သမ္မတရဲ့ ခန့်အပ်ဆုံးဖြတ်ချက်တွေနဲ့ ဘဏ္ဍာရေး အဆုံးအဖြတ်တွေကို ကန့်ကွက်ပိုင်ခွင့် မရှိပါဘူး။

ရွေးကောက်ပွဲမဟုတ်ဘူးဆိုရင် ဖြေရှင်းနည်းက ဘာဖြစ်မလဲလို့ တစုံတယောက်က မေးကောင်းမေးပါလိမ့်မယ်။ အဲဒါအတွက်အဖြေကတော့ ကျနော်တို့ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့တဲ့အတိုင်း တွေ့ဆုံဆွေးနွေးရေးပါပဲ။

စစ်တပ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေအကြား အနှစ်သာရရှိတဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးတာဟာ မြန်မာပြည်က ပြဿနာတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းဖို့ တခုတည်းသော နည်းလမ်းပါ။

စစ်တပ်က စကားပြောဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာ အသိုက်အဝန်းက အလေးအနက်ထားပြီး အားကောင်း ထိရောက်တဲ့ ဖိအားပေးမယ်ဆိုရင်၊ ပြင်ပဖိအားနဲ့ ပြည်တွင်းက ငြိမ်းချမ်းစွာခုခံတော်လှန်မှု ပေါင်းစပ်ခြင်းအားဖြင့် စစ်အစိုးရကို စားပွဲဝိုင်းဆီလာအောင် တွန်းအားပေးနိုင်မှာပါ။

ဥရောပက ကျနော်တို့ရဲ့ မိတ်ဆွေတွေအနေနဲ့ ရွေးကောက်ပွဲကနေ တစုံတရာ ထွက်လာမယ်ဆိုတဲ့ ဖြစ်နိုင်ခြေမရှိတဲ့ အိပ်မက်တွေကို စွန့်လွှတ်ပြီး တွေ့ဆုံဆွေးနွေးမှုစတင်ရေး ရည်မှန်းချက်နဲ့ စစ်အစိုးရအပေါ် အလေးအနက် အရေးယူမှု စတင်ဖို့ ကျနော် ဆန္ဒပြုပါတယ်။ မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်နိုင်ရေးအတွက် ကုလသမဂ္ဂ ကော်မရှင် ဖွဲ့စည်းနိုင်ရေး စတင်လုပ်ဆောင်သင့်ပါပြီ။

(ဦးဝင်းတင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တည်ထောင်ရာမှာပါဝင်ခဲ့ပြီး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်ကနေ ၂ဝဝ၈ ခုနှစ်အထိ နိုင်ငံရေးအကျဉ်းသား ဖြစ်ပါတယ်။)

(နယူးယော့တိုင်းမ်စ် သတင်းစာပါ ဦးဝင်းတင်ရဲ့ သတင်းဆောင်းပါးကို ဒီဗွီဘီ အသံလွှင့်ဌာနမှ ကူးယူဖော်ပြပါတယ်)


No comments: