Thursday, September 30, 2010

အစိုးရအထက်က အစိုးရ၊ ဖွဲ့စည်းပုံအထက်က စစ်ကောင်စီ (ရဲဘော်ဖိုးသံချောင်း)

စစ်အုပ်စုရဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ ဥပဒေထဲမှာ လူပြောသိပ်မများကြတဲ့ ပုန်းလျှိုးကွယ်လျှိုး အာဏာပိုင်အဖွဲ့တဖွဲ့ ရှိနေပါတယ်။ အဲဒီအုပ်စုဟာ အမှောင်ထဲမှာ ချောင်ကုပ်နေတာဖြစ်သလို ဒီဖွဲ့စည်းပုံဥပဒေထဲမှာ သူ့အတွက် သီးခြားအခန်း၊ ပုဒ်မရယ် လို့ ဖော်ပြမထားဘဲ သမ္မတဆိုတာရယ်၊ တပ်တော်ရဲ့အခန်းဆိုတာရယ်တို့နဲ့ ရောထွေး ဖော်ပြထားတာကိုတွေ့ရ ပါတယ်။

အဲဒါကတော့ အခန်း(၅) အုပ်ချုပ်ရေးဆိုတာကနေ စပြီးဖော်ပြထားတဲ့ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဆိုတာပါပဲ။

ဒီကောင်စီမှာ ပါမယ့်လူတွေက နိုင်ငံတော် သမ္မတ၊ ဒုတိယ သမ္မတ (နှစ်ယောက်)၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးနဲ့ နယ်စပ်ရေးရာဌာန ဝန်ကြီး ဆိုတာတွေ ဖြစ်ပါတယ်။

အဲဒီနေရာတွေကို ဘယ်သူတွေကရမယ်ဆိုတာ အထူးတွက်နေဖို့ မလိုပါဘူး။ သာမန် လူတောင်မှန်းလို့ရတဲ့ ရာထူးဌာနန္တရတွေ ဖြစ်ပါတယ်။ ဒီအထဲက ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၊ နယ်စပ်ဒေသ ဝန်ကြီးဌာန ဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးဆိုတာတွေကို လွှတ်တော်ကရွေးချယ်ခွင့် မရှိပါဘူး။ စစ်အုပ်စု ထိပ်သီးတွေက စိတ်ကြိုက်ရွေးမှာဖြစ်တယ်လို့ တိတိလင်းလင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါတယ်။ သူတို့ အယုံကြည် အစိတ်ချရဆုံး၊ စစ်အုပ်စုအတွင်းဆုံး က လူတွေပဲဖြစ်မယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဒါကြောင့် ဒီကောင်စီဟာ သူတို့ရဲ့စစ်တပ်ကလူတွေနဲ့ ဗိုလ်ချုပ်ထွက်တွေချည့် ပါဝင်မယ့် ကောင်စီဖြစ်တာမို့ စစ်ကောင်စီလို့ ခေါ်တာ အသင့်တော်ဆုံးပါပဲ။

ဒါ့အပြင် ဒီကောင်စီကြီးရဲ့တာဝန်ဝတ္တရားဆိုတာတွေမှာ စစ်ရေးနဲ့ အုပ်ချုပ်ရေး တာဝန်တွေက အဓိကဖြစ်နေတယ်ဆိုတဲ့ အချက်ကိုလည်း သတိပြုသင့်ပါတယ်။ ဒါပေမယ့် ထုံးစံအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ထဲမှာတော့ မရှင်း-မရှင်း ရေးထားတာပါ။

“ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်၎င်း၊ ဥပဒေတစ်ရပ်ရပ်အရသော်၎င်း ပေးအပ်လာသည့် တာဝန် ဝတ္တရားများကို ထမ်းဆောင်ရန်လို့” ရေးထားတာပါ။ အဲဒီလိုတာဝန်တွေမပေးအပ်ရင် ဘာအလုပ်မှမရှိတဲ့ကောင်စီလို့ အဓိပ္ပာယ် ထွက်သလားဆိုတာ စဉ်းစားစရာပါ။

ပြန်စဉ်းစားလိုက်ရင် မယ်မယ်ရရ၊ တိတိကျကျ မရှိသေးတဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့လို့ ဖြစ်နေပါတယ်။ အဲဒီလိုတော့ မဖြစ်နိုင်ဘူး ထင်ပါတယ်။ ဗိုလ်သန်းရွှေတို့ ဘာရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာကို စူးစမ်းလေ့လာသင့်ပါတယ်။

အခန်း(၇)၊ တပ်မတော်ဆိုတဲ့အခန်းမှာကျတော့ ဒီစစ်ကောင်စီရဲ့ လုပ်ပိုင်ခွင့် တချို့ကို စတွေ့လာရပါတယ်။ ဒီကောင်စီဟာ ဝန်ကြီးအဖွဲ့မလုပ်နိုင်တဲ့ အလုပ်တွေကိုလုပ်မယ့်အဖွဲ့လို့ ယူဆစရာတွေပါ။ ဥပမာအားဖြင့် “နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အဆိုပြု ထောက်ခံချက်ဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန် ပေးရမည်။”

နောက်တခါ အခန်း(၁၁) အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ ဆိုတဲ့ အခန်းမှာတော့ “နိုင်ငံတော်သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့အာဏာတည်သည့် အမိန့်ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်” လို့ ပါပါတယ်။

ဒီအချက်ကိုကြည့်ရင် ဒီစစ်ကောင်စီဟာ ဝန်ကြီးအဖွဲ့ထက် အာဏာရှိနေတာ ထင်ရှားပါတယ်။ သမ္မတရဲ့ လက်ရုံးတပ်လို ဖြစ်နေပါတယ်။ ဒီလက်ရုံးတပ်ဟာ လွှတ်တော်နဲ့ သမ္မတအကြား (တကယ်လို့များ) ကွဲလွဲမှုရှိနေရင် သမ္မတဘက်က အားဖြည့်ပေးမယ့် အာဏာပိုင်အဖွဲ့တခုလို ရပ်တည်နေမှာဖြစ်ပါတယ်။

ဒါ့အပြင် ပုဒ်မ ၄၁၂-၄၁၃ အရဆိုရင် ဒီစစ်ကောင်စီဟာ သမ္မတနဲ့ပေါင်းပြီး အာဏာသိမ်းနိုင်တဲ့ အာဏာပိုင်အဖွဲ့ ဖြစ်နေတယ်ဆိုတာကို တွေ့ရပါတယ်။ သမ္မတဆိုသူအဖို့ “လူဆိုးတွေနဲ့မောင်တိုင်ပင် လုပ်ချင်ရင်” ဒီစစ်ကောင်စီနဲ့ပဲ တိုင်ပင်မယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

နိုင်ငံတော်ထဲက နိုင်ငံတော်၊ ကက်ဘိနက်(ဝန်ကြီးအဖွဲ့) အထက်က ကက်ဘိနက်။ စစ်အုပ်စုအတွင်းစည်းလို့ ဆိုရင် မမှားပါဘူး။ ဒီစစ်ကောင်စီရဲ့လက္ခဏာကို ပိုပေါ်လွင်စေတဲ့ နောက်တချက်က ပုဒ်မ ၄၁၂ မှာပါတဲ့ “နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်နိုင်ခြင်းမရှိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီချုပ်၊ ကာကွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးတို့နှင့်ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီ ထုတ်ပြန်ကြေညာနိုင်သည်”ဆိုတာ ဖြစ်ပါတယ်။

ဒါဟာ အတွင်းစည်းထဲက အတွင်းစည်းကို ထပ်ဖော်ပြလိုက်တာပဲလို့ဆိုရင် မမှားပါဘူး။

တကယ်ကျတော့ ဒီစစ်ကောင်စီဟာ တိုင်းပြည်ကို ရာသက်ပန် စစ်ကျွန်ဖြစ်အောင် အာမခံထားတဲ့ အာဏာပိုင် အဖွဲ့အစည်းတခုသာ ဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံထဲမှာ ဒီစစ်ကောင်စီကို ဘယ်သူက ဘယ်လိုဖျက်သိမ်းနိုင်တယ်၊ ပြောင်းလဲနိုင်တယ်ဆိုတဲ့ အချက်တွေ လုံးဝ မပါပါဘူး။ သမ္မတဆိုတဲ့လူက စိတ်ကြိုက် သူ့လူတွေနဲ့ချည်း ဖွဲ့စည်းထားမယ့် အားလုံးရဲ့ အထက်ဆုံးက အာဏာပိုင် အဖွဲ့သာ ဖြစ်ပါတယ်။

သူတို့ဟာ သမ္မတဆိုသူ၊ ဒါမှမဟုတ် သမ္မတဆိုသူရဲ့ နောက်ကွယ်ကရှိသူ (ဒါလည်း မဖြစ်နိုင်ဘူး မပြောနိုင်ပါဘူး) အယုံဆုံးလူတွေဖြစ်နေတယ် ဆိုတဲ့အဓိပ္ပာယ်က သူတို့ဟာ အဲဒီနံပတ်ဝမ်းရဲ့ အမိန့်ကို တသွေမတိမ်း လိုက်နာမယ်လို့ အယုံကြည်ရဆုံးလူတွေ ဖြစ်တယ်ဆိုတာပါပဲ။

၂၀၁၀ ရွေးကောက်ပွဲက တင်မြှောက်မယ့် လွှတ်တော်ကြီးနဲ့ အစိုးရအဖွဲ့ဆိုတာတွေ ရှိနေပါလျက်နဲ့ ဘာကြောင့်မို့ ဒီလို အရိပ်မည်းကြီးတခု ဖန်တီးထားရတာလဲ။ ကမ္ဘာပေါ်မှာ အာဏာသိမ်းခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ တရားဝင် ထည့်သွင်းပြဋ္ဌာန်းထားတဲ့ တခုတည်းသောနိုင်ငံက တခုတည်းသောအစိုးရရဲ့ တဦးတည်းသော အာဏာရှင်ကြီးအဖို့ ဒီလို လူယုံတွေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ရာ၊ ပြည်သူတွေကို ဖိနှိပ်ရာမှာ ဒီလိုစစ်ကောင်စီတခု လိုလို့ဖြစ်ပါတယ်။

တချို့လူတွေပြောကြသလို “စည်းကမ်းရှိတဲ့ ဒီမိုကရေစီရဲ့ပြယုဂ်” ဖြစ်တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံထဲက ဒီလိုအချက်မျိုးကို တဖြည်းဖြည်းချင်း ပြောင်းလဲယူလို့ရမယ်လို့ တကယ်ထင်ပါသလား။ ကိုယ်က တဖြည်းဖြည်းချင်းပြောင်းလဲဖို့ စဉ်းစားနေတုန်း သူက တမုဟုတ်ချင်း အာဏာသိမ်းခွင့်ရှိအောင် လုပ်ထားတယ်ဆိုတာ မေ့လို့ မဖြစ်ပါဘူး။

အာဏာသိမ်းတယ်ဆိုတာကို ထမင်းစားရေသောက်လို သဘောထားတဲ့စစ်အုပ်စု အပေါ် အကုန်ပုံလို့ယုံတယ်ဆိုတာဟာ သမိုင်းသင်ခန်းစာကို ကျောခိုင်းရာကျပါတယ်။

လာမယ့်ရွေးကောက်ပွဲဟာ အဲဒီဖွဲ့စည်းပုံအခြေခံဥပဒေကို အကောင်အထည်ဖော်ဖို့ ဓားစာခံရွေးတာလို့ဆိုရင် မမှားပါဘူး။ ။

No comments: