Saturday, September 18, 2010

တိုင်းရင်းသားနယ်မြေအများစုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်

ပြီးခဲ့တဲ့ သောကြာနေ့ကတွေ့ရတဲ့ အပတ်စဉ်ထုတ် စာစောင်များနှင့် အစိုးရထုတ် သတင်းစာများရောင်းချတဲ့ ရန်ကုန်မြို့က စာအုပ်ဆိုင်တဆိုင် (ဓာတ်ပုံ - အေပီ)

တိုင်းရင်းသား ပြည်နယ် ၅ ပြည်နယ်မှာရှိတဲ့ မြို့နယ် ၄ ခုနဲ့ ကျေးရွာ အုပ်စု ၃၀၀ နီးပါးမှာ ရွေးကောက်ပွဲ ကျင်းပပေးမှာမဟုတ်ဘူးလို့ နအဖ ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာလ ၁၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။

ကချင်၊ ကယား၊ ကရင်၊ ရှမ်း၊ မွန် ပြည်နယ်တို့အတွင်းမှ ကျေးရွာအုပ်စုများနဲ့ ရှမ်းပြည်နယ်အတွင်းရှိ ပန်ဆန်း၊ နားဖန်း၊ ပန်ဝိုင်၊ မိုင်းမော ၄ မြို့နယ်မှာ လုံးဝ ကျင်းပမည်မဟုတ်ကြောင်း စစ်အစိုးရ သတင်းစာများမှာ ဖော်ပြထားပါတယ်။

အဲဒီ ၄ မြို့နယ်ဟာ ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင်ပါဝင်ပြီး ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းတွင် မြို့နယ် ၆ မြို့နယ် ပါဝင်ပါတယ်။

ပြည်နယ် ၅ ခုအနက် ရှမ်းပြည်နယ်တွင် အထက်ပါ ၄ မြို့နယ်အပြင် စုစုပေါင်း ၁၂ မြို့နယ်၊ ကချင်ပြည်နယ်တွင် ၉ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၇ မြို့နယ်၊ ကယားပြည်နယ်တွင် ၂ မြို့နယ်နှင့် မွန်ပြည်နယ်ရှိ ဘီလင်း၊ ကျိုက်ထို ၂ မြို့နယ် တို့မှ ကျေးရွာအုပ်စု ၂၈၆ အုပ်စုတို့တွင် ရွေးကောက်ပွဲကျင်းပမှာမဟုတ်ဘူးလို့ နအဖ ရွေးကောက်ပွဲ ကော်မရှင်ကြေညာချက်က ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပခြင်းမပြုတဲ့ နယ်မြေအများစုဟာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အခြေစိုက်ရာ ဒေသများဖြစ်ပြီး ဒီကြေညာချက်ကြောင့် လူဦးရေ နှစ်သန်းကျော်လောက် မဲပေးပိုင်ခွင့် ဆုံးရှုံးသွားတယ်လို့ အမည်မဖော်လိုတဲ့ ရှမ်းခေါင်းဆောင်တဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

No comments: